အခန်း ၁၇
Vol. 2 Ch. 17
အပိုင်း (၁၇) ဓားနန်းတော် သခင်လေး ကျန့်ချန်ရှင်း။
“ညီမလေးချိုင်ရှောင်... ဟိုလူတွေက ပထမအဆင့် သိုင်းသမားတွေ မဟုတ်ဘူးလား။ ဘာလို့များ ဒီလောက်တောင် ပင်ပင်ပန်းပန်း မ နေကြရတာလဲ”
ရှောင်ပေါင် အံ့သြနေမိသည်။ သူ့အမြင်အရ ပထမအဆင့် သိုင်းသမား ဆိုသည်မှာ သာမန်လူထက် ခွန်အားအများကြီး သာလွန်ရမည် မဟုတ်ပါလား။
“လေယင်နန်းဆောင်ဆိုတာ လောကရဲ့ ရှေးရိုးရာ ဂိုဏ်းကြီးခြောက်ခုထဲက တစ်ခုလေ ကိုကိုရဲ့” ယွင်ချိုင်ရှောင်က တိုးတိုးလေး ရှင်းပြသည်။ သူမ၏ အသံလေးမှာ စမ်းချောင်းရေစီးသံလို သာယာလွန်းသောကြောင့် အရှေ့တွင် တန်းစီနေသူ အများအပြားက လှည့်ကြည့်ကြ၏။
“ဒီနေရာက ဂိုဏ်းခွဲလေးတစ်ခု ဆိုပေမဲ့ လာတဲ့လူတွေကလည်း အပြင်လောကမှာတော့ ပါရမီရှင်တွေ ချည်းပါပဲ။ ဒါပေမဲ့ ဒီကျောက်တုံးမ စစ်ဆေးမှုက လာသမျှလူရဲ့ ၉၀% လောက်ကို ပယ်ချပစ်လိုက်မှာ။ ကျန်တဲ့ ၁၀% လောက်ပဲ အောင်မြင်ပြီး အပြင်စည်း ဂိုဏ်းသား ဖြစ်ခွင့် ရကြမှာ”
ယွင်ချိုင်ရှောင်က သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။ “အပြင်စည်း ဂိုဏ်းသား ဖြစ်ခွင့်ရရင်တောင် ဂိုဏ်းက ဆရာတွေ လာသင်ပေးမှာ မဟုတ်ဘူး။ လေယင် မြို့တော် ထဲမှာ နေခွင့်ရမယ်၊ ဝိညာဉ်စွမ်းအင် ပေါတဲ့ နေရာမှာ ကျင့်ကြံခွင့် ရမယ်၊ ဒါပဲ ရှိတာ။ တတိယအဆင့် မရောက်မချင်း ဘယ်ဆရာမှ လာသင်ပေးမှာ မဟုတ်ဘူး။ ဒီအဆင့် ရောက်ဖို့ ကြိုးစားရင်းနဲ့ နောက်ထပ် ၉၀% လောက် ထပ်ပြုတ်ကျန်ခဲ့အုံးမှာ။”
ရှောင်ပေါင် နားထောင်ရင်း မျက်လုံး ပြူးသွားရသည်။ လေယင်နန်းဆောင် ဆိုသည်မှာ တကယ့်ကို ရက်စက်သည့် နေရာပါလား။ လူရာချီ လာဖြေလျှင် ၁ ယောက်လောက်သာ အောင်မြင်မည့် သဘောပင်။ ထို့ကြောင့်လည်း ဂိုဏ်းကြီး ခြောက်ခုထဲ ဝင်ခွင့်ရသည်က လူတိုင်း၏ အိပ်မက် ဖြစ်နေခြင်းပင်။
ထိုစဉ် လူအုပ်ကြီးဆီမှ “ဝိုး” ဟူသော အာမေဋိတ်သံ ထွက်ပေါ်လာသည်။
ရှောင်ပေါင် လှမ်းကြည့်လိုက်ရာ လူငယ်တစ်ယောက်သည် မျက်နှာကြီး နီရဲနေပြီး ခန္ဓာကိုယ် တုန်ရီနေသော်လည်း ကျောက်တုံးကြီးကို ခေါင်းပေါ်ထိ မြှောက်တင်ထားနိုင်သည်ကို တွေ့လိုက်ရ၏။
“အောင်တယ်” နည်းပြက မျက်လုံးဖွင့်ကြည့်ပြီး လက်ကာပြလိုက်သည်။
လူငယ်သည် အနောက်သို့ လွင့်စဉ်သွားသော်လည်း ကျောက်တုံးကြီးကတော့ ငှက်မွှေးလေး တစ်ချပ်လို ညင်သာစွာ မြေပေါ် ကျသွား၏။
“အောင်ပြီ... ငါ အောင်ပြီဟေ့”
လူငယ်မှာ ဝမ်းသာလွန်း၍ အရူးတစ်ပိုင်း အော်ဟစ်လိုက်သည်။ နည်းပြ၏ အေးစက်စက် အကြည့်ကြောင့် အသံတိတ်သွားသော်လည်း မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကိုတော့ ဖုံးဖိမရပေ။ သူသည် ဘေးနားရှိ ကျောက်တိုင်တစ်ခုပေါ် လက်ဖဝါး တင်လိုက်သည်။
“ဒါ ဘာလုပ်တာလဲ ညီမလေး” ရှောင်ပေါင် မေးလိုက်၏။
“ဝိညာဉ် မှတ်တမ်းတင်တာလေ”
ယွင်ချိုင်ရှောင်က ရှင်းပြသည်။ “လေယင်မြို့တော်ကို အစောင့်အရှောက် ဂါထာစက်ကွင်းကြီးနဲ့ ကာကွယ်ထားတာ။ ဝိညာဉ်မှတ်တမ်း မတင်ထားဘဲ ဝင်သွားရင် အဲ့ဒီ စက်ကွင်းက တိုက်ခိုက်လိမ့်မယ်။ ချက်ချင်း ပြာကျသွားမှာ”
“ကြမ်းလှချည်လား” ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ ဂိုဏ်းကြီး ဆိုတာ ဒီလောက်တော့ ရှိမှာပေါ့လေ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ ရှောင်ပေါင် တစ်နာရီခန့် စောင့်လိုက်ရပြီးနောက် သူ့အရှေ့တွင် လူတစ်ယောက်သာ ကျန်တော့သည်။ တွက်ကြည့်လိုက်တော့ လူပေါင်း ၁၃၀၊ ၁၄၀ ခန့် ဖြေသည်မှာ ၉ ယောက်လောက်သာ အောင်မြင်သည်။ ထိုထဲမှ ၈ ယောက်က မနည်း ကုန်းရုန်းပြီး အောင်ခြင်း ဖြစ်၏။ တစ်ယောက်သာ ပေါ့ပေါ့ပါးပါး အောင်မြင်သွား၏။
“ဒါက ဘာများ ခက်တာမှတ်လို့... ငါတို့ သခင်လေး အတွက်ဆို ထမင်းစား ရေသောက်သလောက် လွယ်ပါတယ်ကွာ။ ဒုတိယ ကျောက်တုံးတောင် မနိုင်တယ်။”
“ဒါပေါ့... ဒီနှစ်အတွက် လူသစ်တန်း ချန်ပီယံက ငါတို့ သခင်လေး ဖြစ်မှာ မြင်ယောင်သေးတယ်”
“သခင်လေးက အားနာလို့သာ ပထမကျောက်တုံး မ တာ။ တကယ်ဆို တတိယ ကျောက်တုံးတောင် ရပါတယ်ကွ” လူအုပ်ကြားထဲမှ မောက်မာသော အသံများ ထွက်ပေါ်လာသည်။
တန်းစီနေသူ အများစုမှာ စိတ်လှုပ်ရှားပြီး ချွေးပြန်နေကြသောကြောင့် ထိုအသံများကို ကြားမြင်ချိန်မှာတော့ စိတ်တိုသွားကြပြီး လှည့်ကြည့်လိုက်ကြ၏။
လူ ၅ ယောက် လျှောက်လာကြသည်။ အလယ်တွင် လူငယ်တစ်ယောက် ပါလာပြီး ကျန် ၅ ယောက်က ဘေးမှ ခြံရံထား၏။ အလယ်လူငယ်သည် လက်ကို နောက်ပစ်ပြီး မိုးပေါ်ထောင်မတတ် မောက်မာသော မျက်နှာထားဖြင့် လျှောက်လာသည်။
“ဟေ... သူ့ရင်ဘတ်က တံဆိပ်ကို ကြည့်လိုက်”
ရှောင်ပေါင့် အနောက်နားရှိ လူတစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။ “ဓားနန်းတော်တံဆိပ်ပဲ။ ဒါ... ဓားနန်းတော်ရဲ့ သခင်လေး ကျန့်ချန်ရှင်းမဟုတ်လား”
“ဟုတ်တယ်... ငါ တစ်ခါ မြင်ဖူးတယ်။ သူပဲ” နောက်တစ်ယောက်က ဝင်ထောက်ခံသည်။
“ဓားနန်းတော် ဟုတ်လား”
နောက်ထပ် လူတစ်ယောက်က နားမလည် ဖြစ်သွားရ၏။ “ဓားနန်းတော် ဆိုတာ လေယင် မြို့တော်ထဲမှာ ရှိတာ မဟုတ်လား။ အဲဒီက သခင်လေးက ဘာကိစ္စ ဒီမှာ လာပြီး ကျောက်တုံး မ နေရတာလဲ”
“မင်းကလည်း... ဂိုဏ်းစည်းမျဉ်းလေကွာ”
ရှင်းပြသူက ဂုဏ်ယူစွာ ပြောလိုက်သည်။ “လေယင်မြို့တော်မှာ နေတဲ့ ဂိုဏ်းသားတွေရဲ့ သားသမီးတွေ ဖြစ်ရင်တောင် အရွယ်ရောက်တာနဲ့ အပြင်ထွက်ရတယ်။ ပြီးမှ ကိုယ့်အရည်အချင်းနဲ့ကိုယ် စာမေးပွဲ ပြန်ဖြေပြီး ဝင်ရတာ။ သခင်လေး ကျန့်ချန်ရှင်း ဆိုပေမဲ့ စည်းမျဉ်းအတိုင်း ဖြေရတာပဲ”
“ဒါဘာများ ဆန်းလို့လဲ” ကျန့်ချန်ရှင်းက အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်၏။
ကျန့်ချန်ရှင်း၏ စကားကြောင့် လူတိုင်း ပါးစပ်ဟသွားကြသည်။ သူများတွေက အသက်ထွက်မတတ် ကြိုးစားနေရသည့်အချိန်မှာ သူကအိမ်ပြန်သလို သဘောထားနေပါရောလား။ ကျန့်ချန်ရှင်းတို့ လူစုသည် တန်းစီနေသော လူအုပ်ကြီးဘေးမှ ဖြတ်ကျော်ပြီး ရှေ့ဆုံးသို့ ရောက်လာကြသည်။
ရှောင်ပေါင်၏ အရှေ့မှ လူငယ် ဝင်ဖြေနေချိန် ဖြစ်သောကြောင့် ယခု ရှောင်ပေါင်က ထိပ်ဆုံး ရောက်နေပြီ ဖြစ်၏။
“ဟေ့လူ... ဖယ်ပေးစမ်းပါ”
ကျန့်ချန်ရှင်း၏ နောက်လိုက် တစ်ယောက်က ပြုံးဖြီးဖြီးဖြင့် ရှောင်ပေါင် ရှေ့တွင် ပိတ်ရပ်လိုက်သည်။ မေးခွန်းပုံစံ မေးသော်လည်း အမူအရာကတော့ အမိန့်ပေးနေသည့် အတိုင်းပင်။
“ဘာလို့ ဖယ်ပေးရမှာလဲ” ရှောင်ပေါင် ကြောင်သွားရသည်။ ငါ တန်းစီနေတာ ကြာပြီလေ။
“ဘာလို့လဲ ဟုတ်လား”
နောက်လိုက်က လှောင်ပြုံး ပြုံးလိုက်ပြီး ကျန့်ချန်ရှင်း၏ ရင်ဘတ်က တံဆိပ်ကို လက်ညှိုးထိုးပြသည်။ “ဓားနန်းတော်... သိလား”
“မသိဘူး” ရှောင်ပေါင် ခေါင်းခါလိုက်၏။ ဓားနန်းတော် ဖြစ်ဖြစ်၊ လှံနန်းတော် ဖြစ်ဖြစ် ငါနဲ့ ဘာဆိုင်လို့လဲ။ ငါ့အလှည့် ရောက်နေပြီဟာကို။
“ဓားနန်းတော် ဆိုတာနဲ့ပဲ စည်းမျဉ်းတွေကို ကျော်လွန်လို့ ရရောလား” ဘေးနားမှ ယွင်ချိုင်ရှောင်က ဝင်ပြောလိုက်သည်။ သူမသည် ပုံမှန်အားဖြင့် အေးဆေး တည်ငြိမ်သူ ဖြစ်သော်လည်း ရှောင်ပေါင်ကို လာထိပါက ငြိမ်မနေတတ်ပေ။
“ဟေ... ဒီအသံက ရင်းနှီးနေသလိုပဲ”
နောက်လိုက်က ယွင်ချိုင်ရှောင်ကို ကြည့်လိုက်သော်လည်း မျက်နှာဖုံး အုပ်ထားသောကြောင့် မမှတ်မိပေ။
ထိုအချိန် ကျန့်ချန်ရှင်းက ရှောင်ပေါင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်... “မိတ်ဆွေ... ဒီနေရာ ရောက်လာဖို့ ဆိုတာ မလွယ်ဘူး။ ရှေးလူကြီးတွေ ပြောသလိုပေါ့... 'တတ်ကျွမ်းသူက လောကကို ကယ်တင်ရမယ်' တဲ့။ ကျုပ် အရင် ဝင်ဖြေပြလိုက်မယ်လေ။ မိတ်ဆွေအတွက်လည်း နမူနာ ယူစရာ ရတာပေါ့။ တကယ်လို့ မိတ်ဆွေ မျက်စိရှင်ရင် ပညာတစ်ခုခု ရသွားမှာပါ... ဘယ်လိုလဲ”
ဝိုး... စကားပြောလိုက်တာ ကြီးကျယ်လိုက်တာ။
သာမန်လူ တစ်ယောက် ပြောလျှင် 'ဘာတွေ လာရောင်းနေတာလဲ' ဟု အပြောခံရမည်ဖြစ်သော်လည်း ပြောလိုက်သူက ဓားနန်းတော် သခင်လေး ဖြစ်နေသောကြောင့် လူတိုင်းက လေးစားသလိုလို ဖြစ်သွားကြ၏။
ယွင်ချိုင်ရှောင် မျက်မှောင်ကြုတ်လိုက်သည်။ သူမ အမြင်မှာတော့ ဓားနန်းတော် ဆိုသည်မှာ ဘာမှ မဟုတ်ပေ။ ပါရမီရှင်ဟု ပြောနေကြသည့် ကျန့်ချန်ရှင်းတောင်မှ သူမနှင့် ယှဉ်လျှင် အများကြီး လိုနေသေးသည်။
သူမ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ် ရှောင်ပေါင်က သူမ လက်ကို အသာ ဆွဲလိုက်၏။
“သြော်... အဲ့လိုလား။ ဒါဆိုလည်း ဓားနန်းတော်က သခင်လေးက အရင် ကြွပါဗျာ။ ကြွပါ... ကြွပါ” ရှောင်ပေါင်က ပြုံးဖြီးဖြီးဖြင့် လမ်းဖယ်ပေးလိုက်သည်။
ယွင်ချိုင်ရှောင် ကြောင်သွားရ၏။ ရှောင်ပေါင်က ဉာဏ်များသည့်သူလေ ဖြစ်၏။ အခု ဘာအကြံ ထုတ်လိုက်ပြန်ပြီလဲ မသိပေ။
တကယ်တမ်းတော့... ရှောင်ပေါင့်၌ မည်သည့်အကြံမှ မရှိပေ။ သူက သိုင်းပညာ အခြေခံ မရှိသူ မဟုတ်ပါလား။ သူများတွေ ဖြေတာ ကျကုန်ကြတော့ သူလည်း ကြောက်နေခြင်းပင်။ ယခု ပါရမီရှင် ဆိုသည့်ကောင် ဝင်ဖြေပြမည် ဆိုတော့... ပညာ ခိုးသင်လို့ ရတာပေါ့ဟု သူတွေးသည်။ ထို့ကြောင့် လမ်းဖယ်ပေးလိုက်ခြင်းပင်။
“ကောင်းပါပြီ”
ကျန့်ချန်ရှင်း ခေါင်းညိတ်ပြီး ဆရာကြီး စတိုင် ဖမ်းလိုက်သည်။ “ကျောက်တုံး မ တာက ခေါင်းပေါ်ထိ ရောက်ဖို့ အရေးကြီးဆုံးပဲ။ လက်မောင်းအား သတ်သတ်နဲ့ မရဘူး။ ခါးအားပါ သုံးမှ ရမှာ။ အဓိက လျှို့ဝှက်ချက်က... လက်မောင်းထဲကို အားပို့ပြီး ခါးနဲ့ မြင်းထိုင်ပုံစံ ကို ပေါင်းစပ်လိုက်ဖို့ပဲ”
“ဝိုး... ဟုတ်သားပဲ”
“ဟုတ်တယ်ဟေ့... တကယ် သိတဲ့သူ ပြောတော့ ထူးခြားတာပဲ။” ဘေးနားက လူတွေ ဝိုင်းပြီး ချီးကျူးလိုက်ကြ၏။