အခန်း ၁၈
Vol. 2 Ch. 18
အပိုင်း (၁၈) အရှားပါးဆုံး ပါရမီရှင်။
ကျန့်ချန်ရှင်း ပြောလိုက်သော သီအိုရီကို ဘေးလူများက ထောက်ခံနေကြသော်လည်း ရှောင်ပေါင်ကတော့ ခေါင်းကုတ်နေရသည်။
လက်မောင်းထဲ အားပို့ပြီး ခါးနဲ့ ပေါင်းစပ်ရမယ်ဆိုတာ ဘယ်လို လုပ်ရတာလဲ။ စကားလုံးတွေက နားထောင်လို့တော့ ကောင်းပါရဲ့... လက်တွေ့ လုပ်မပြရင် ငါ ဘယ်လို သိမှာလဲ။ စာအုပ်ကြီး ဖတ်ပြနေသလိုပဲ။
သူ တွေဝေနေစဉ်မှာပင် နည်းပြက အော်လိုက်သည်။ “နောက်တစ်ယောက်”
ရှောင်ပေါင်၏ အရှေ့က လူငယ် ဝင်ဖြေသွား၏။ မအောင်မြင်ပေ။ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွား၏။
ထိုအခါမှ ကျန့်ချန်ရှင်းက လည်ပင်းကြွက်သားများကို လှည့်ပတ် လေ့ကျင့်လိုက်ပြီး ခပ်တည်တည်ဖြင့် လျှောက်ထွက်သွားသည်။
“ချန်ရှင်း... ရောက်လာပြီလား”
နည်းပြက မျက်နှာထား တင်းတင်းနှင့် နေခဲ့သမျှ ကျန့်ချန်ရှင်းကို မြင်ချိန်မှာတော့ ပြုံးရိပ်သမ်းသွားသည်။ “ကြိုးစားပါကွ... ဒီနှစ်အတွက် လူသစ်တန်း ဗိုလ်ဆွဲသူက မင်းလက်ထဲမှာ သေချာနေပါပြီ”
“ကျေးဇူးပါ ဆရာဦးလေး”
ကျန့်ချန်ရှင်း ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက်... ပထမ ကျောက်တုံးကို ကျော်ပြီး ဒုတိယမြောက် ကျောက်တုံး (၁,၀၀၀ ပိဿာ) ရှေ့သို့ လျှောက်သွားလိုက်သည်။ လေကို ဝဝ ရှူသွင်းလိုက်၏။
ဝတ်ရုံစများ လေနှင့်အတူ လွင့်ပျံသွားပြီး ဆံပင်များလည်း လွင့်ခါသွားသည်။ ကြည့်ရတာ တစ်မျိုးကြီးလိုပင်။
“ဟေ... ဒါက... ဒါက”
“ကောင်းကင်ဘုံ ... သူက ဒုတိယ ကျောက်တုံးကို မ မလို့လား”
“ငါ ဒီစာမေးပွဲကို လာဖြေတာ ၁၀ ခေါက်လောက် ရှိပြီ။ ဒုတိယ ကျောက်တုံး မ တဲ့လူ တစ်ခါမှ မမြင်ဖူးဘူး”
“ပိဿာ ၁,၀၀၀ ဆိုတာ နည်းတဲ့ အလေးချိန်လား။ ခေါင်းပေါ်ထိ မြှောက်တင်ဖို့ ဆိုတာ ခွန်အား ၂,၀၀၀ လောက် ရှိမှ ရမှာ။ ဓားနန်းတော် သခင်လေးက ဒီလောက်ထိ စွမ်းသလား”
“ဒါက ပထမအဆင့် ထိပ်ဆုံးရဲ့ အစွမ်းပဲ။ ငယ်ငယ်လေးနဲ့ ဒီလောက် စွမ်းတယ် ဆိုတာ တကယ့် ပါရမီရှင်ပဲ” လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
အားလုံးက ကျန့်ချန်ရှင်းကို မျက်တောင်မခတ် ကြည့်နေကြ၏။
“လက်မောင်းထဲ အားစု... ပခုံးဆီ ပြန်ပို့... နဂါးတစ်ကောင်လို အသက်ရှူပြီး... လေမုန်တိုင်းလို လှုပ်ရှားလိုက်...” ကျန့်ချန်ရှင်းက ပါးစပ်မှ မန္တန် ရွတ်သလို ရွတ်ရင်း ကိုယ်ကို ကိုင်းလိုက်သည်။
“ကျား”
အော်ဟစ်သံနှင့် အတူ ကျောက်တုံးကြီး မြေကြီးပေါ်မှ ကြွတက်လာသည်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း မြင့်တက်လာပြီး နောက်ဆုံးတွင်... ခေါင်းပေါ်သို့ ရောက်ရှိသွား၏။။
ဝုန်း …
လူအုပ်ကြီး ပွက်လောရိုက်သွားသည်။ “တကယ်ကြီး မ နိုင်တယ်ဟေ့”
“ပိဿာ ၁,၀၀၀ နော်... တကယ်ကြီး မ လိုက်တာ”
“ဓားနန်းတော်က တကယ်ပဲ ပါရမီရှင်တွေ မွေးထုတ်ပေးနိုင်တာပဲ။ သူ့အစ်ကိုတုန်းကလည်း ကြမ်းတယ်... အခု ညီဖြစ်သူကလည်း ကြမ်းတာပဲ”
“ကောင်းတယ်... မင်းအဖေရဲ့ ခြေရာကို နင်းနိုင်တာပဲ” နည်းပြက ကျေနပ်စွာ ပြောလိုက်ပြီး လက်ဝှေ့ယမ်းကာ ကျောက်တုံးကို ချခိုင်းလိုက်သည်။
“ကျေးဇူးပါ ဆရာဦးလေး”
ကျန့်ချန်ရှင်း အသက်ပြင်းပြင်း ရှူလိုက်ရသည်။ ရင်ဘတ်ကြီး နိမ့်ချည် မြင့်ချည် ဖြစ်နေသော်လည်း အပြုံးမပျက်စေရပေ။ သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝိညာဉ် မှတ်တမ်းတင် ကျောက်တိုင်ပေါ်တွင် လက်တင်လိုက်ပြီးနောက် ရှောင်ပေါင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဘယ်လိုလဲ... သေချာ မြင်လိုက်ရဲ့လား”
“အာ... မြင်... မြင်ပါတယ်” ရှောင်ပေါင် စိတ်လှုပ်ရှားနေသောကြောင့် ယောင်ပြီး ဖြေလိုက်သည်။ မြင်တော့ မြင်လိုက်ပါရဲ့... ဘာတွေ လုပ်သွားမှန်းတော့ သေချာ နားမလည်လိုက်ပေ။
“ကိုကိုရှောင်ပေါင်... စိတ်မပူနဲ့နော်။ ကိုကို လုပ်နိုင်မှာပါ” ယွင်ချိုင်ရှောင်က ဘေးမှ အားပေးလိုက်သည်။ တကယ်တမ်း သူမကိုယ်တိုင်လည်း ရင်တထိတ်ထိတ် ဖြစ်နေရ။
“အင်း... အင်း... ကိုကို လုပ်နိုင်တယ်”
ရှောင်ပေါင် ခေါင်းညိတ်ပြီး ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေ၏။ “ဘယ်ဘက် အစွန်ဆုံး... ဘယ်ဘက် အစွန်ဆုံး... ဘယ်ဘက် အစွန်ဆုံး”
ရှောင်ပေါင်တွင် အလွန်ရှားပါးသော ပါရမီ သို့မဟုတ် အကျင့်ဆိုး တစ်ခု ရှိပေသည်။ သူ တစ်ခုခုကို အာရုံစိုက်လိုက်ပြီ ဆိုလျှင် ပတ်ဝန်းကျင်ကို မေ့လျော့သွားတတ်ခြင်းပင် ဖြစ်၏။ ယခင်က အိမ်သာ ဆောက်တုန်းက ဆိုလျှင်လည်း ၂ ရက်လောက် ထမင်းမစား ရေမသောက် လုပ်ခဲ့ဖူးသည်။ ယခုလည်း ထိုရောဂါ ပြန်ထလာပြီ ဖြစ်သည်။ သူ့စိတ်ထဲတွင် ဘယ်ဘက် အစွန်ဆုံးက အပေါ့ဆုံး... အဲ့ဒါပဲ ရွေးရမယ် ဟု မှတ်သားထားသည်။
သို့ပေမည့် ပြဿနာက... သူက လူအုပ်ဘက်သို့ မျက်နှာမူပြီး ယွင်ချိုင်ရှောင်ကို လှမ်းကြည့်နေခြင်း ဖြစ်၏။
ယွင်ချိုင်ရှောင်က သူ့ကို စိတ်ပူစွာ ကြည့်နေသည်ကို မြင်တော့ စိတ်လှုပ်ရှားပြီး ခေါင်းငုံ့ကာ ဘယ်ဘက် အစွန်ဆုံး ဆီသို့ လျှောက်သွားလိုက်သည်။ သူ မျက်နှာမူထားသည့် ဘက်က ကြည့်လျှင်... သူ့ဘယ်ဘက် အစွန်ဆုံး ဆိုသည်မှာ တတိယမြောက် ကျောက်တုံးကြီး (၁,၅၀၀ ပိဿာ) ဖြစ်နေသည် မဟုတ်ပါလား။
လူအုပ်ကြီး ငြိမ်သက်သွားသည်။
အားလုံးက သူ့ကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြ၏။ နည်းပြနှင့် ကျန့်ချန်ရှင်းတို့ပါ အံ့သြကုန်ကြသည်။
“ဒီကောင်... ရူးသွားတာလား”
“သူက... တတိယ ကျောက်တုံး ရှေ့မှာ သွားရပ်နေပါလား”
“ကိုယ့်သေတွင်း ကိုယ်တူးတာလည်း ဒီလောက် မမိုက်မဲသင့်ဘူးလေ”
ရှောင်ပေါင်ကတော့ ဘာမှ မသိရှာပေ။ ပါးစပ်က ဘယ်ဘက် အစွန်ဆုံး ဟု ရွတ်ရင်း တတိယ ကျောက်တုံးကြီး ရှေ့တွင် ထိုင်ချလိုက်ပြီး လက်ကိုင်ကွင်းကို ဆုပ်ကိုင်လိုက်သည်။
“ကိုကို... အဲ့ဒါ မဟုတ်ဘူးလေ။ အဲ့ဒါ မဟုတ်ဘူး။”
ယွင်ချိုင်ရှောင် ပြာပြာသလဲ အော်ဟစ် သတိပေးလိုက်သည်။ သို့ပေမည့် ရှောင်ပေါင်က အာရုံဝင်စားနေပြီ ဖြစ်သောကြောင့် ဘာမှ မကြားတော့ပေ။
“ဟားဟား... ငါ ဒီကို လာတာ ၇ ခေါက် ရှိပြီ။ တတိယ ကျောက်တုံးကို ကိုင်ရဲတဲ့ကောင် ဒီတစ်ခါပဲ တွေ့ဖူးတယ်”
“မိုးကောင်းကင် ဘယ်လောက်မြင့်လဲ မသိတဲ့ ဖားသူငယ် ဆိုတာ ဒါမျိုးပဲ”
“ဓားနန်းတော် သခင်လေးတောင် ဒုတိယ ကျောက်တုံးပဲ မ တာ။ သူက ဘာကောင်မို့လို့လဲ”
နည်းပြက သဘောကျပြီး ရယ်မောလိုက်သည်။ “ဟားဟား ... ခေတ်လူငယ်တွေက နားလည်ရ ခက်ပါလား။ ခုနက ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာတာ တွေ့လိုက်ရတယ်။ အခုကျတော့... 'ပြိုင်ဘက်ကင်း မိစ္ဆာ' တစ်ကောင် ပေါ်လာတာကို မြင်ရတော့မှာလား... ဟားဟား။”
သူ့လေသံက ချီးကျူးတာ မဟုတ်ဘဲ လှောင်ပြောင်နေမှန်း သိသာလှ၏။
“ဟမ့်... ဒီမိတ်ဆွေက တကယ်ကို ရယ်ရတဲ့သူပဲ”
ကျန့်ချန်ရှင်းက ခေါင်းခါရင်း ပြောလိုက်သည်။ “အစကတော့ သူသာ အောင်ရင် နည်းနည်းပါးပါး သင်ပေးအုံးမလို့ စိတ်ကူးထားတာ။ အခုတော့ မလိုတော့ဘူး ထင်တယ်။ တတိယကျောက်တုံးကိုတောင် မ နိုင်တဲ့ လူစွမ်းကောင်းကြီးပဲဥစ္စာ... ဟားဟား”
လူအုပ်ကြီး ဝိုင်းရယ်လိုက်ကြသည်။
ယွင်ချိုင်ရှောင် တစ်ယောက်သာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရှာ၏။
“ဘယ်ဘက် အစွန်ဆုံး... ငါ လုပ်နိုင်တယ်”
ရှောင်ပေါင် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက ဘာသိုင်းကွက်မှ မတတ်ထားပါပေ။ သိုင်းသီအိုရီတွေလည်း နားမလည်ပေ။ သိသည်မှာ တစ်ခုပဲ ရှိ၏။ အားကုန်သုံးပြီး မ တင်လိုက်ရုံပင် ဖြစ်၏။
ရှောင်ပေါင် ခြေထောက်ကို မြေကြီးထဲ စိုက်ဝင်မတတ် နင်းချလိုက်သည်။ ညာဘက် လက်မောင်းမှ ကြွက်သားများ ဖောင်းကြွလာသည်။
'နည်းနည်းတော့ လေးသားပဲ...' စိတ်ထဲတွင် တွေးလိုက်မိသော်လည်း အရှုံးမပေးပေ။ အားကုန်ထုတ်သုံးလိုက်သည်။
“ကျား” ရှောင်ပေါင် အော်ဟစ်လိုက်၏။
မြေကြီး တစ်ခုလုံး တုန်ခါသွားသလို ခံစားလိုက်ရ၏။ ရှောင်ပေါင်၏ ခြေထောက်များ မြေကြီးထဲ ၂ လက်မခန့် နစ်ဝင်သွားသည်။ ထို့နောက်... ကြီးမား လေးလံလှသော ကျောက်တုံးကြီးသည် လေထဲသို့ မြောက်တက်သွားပြီး ခေါင်းပေါ်သို့ ရောက်ရှိသွားလေတော့၏။
တိတ်ဆိတ်ခြင်း... သုသာန်တစပြင်လို တိတ်ဆိတ်ခြင်းက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။