← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အပိုင်း (၂၀) ဆိုင်ဖွင့်ပြီး ပိုက်ဆံရှာတာကမှ အဓိကပဲ။

လမ်းတစ်လျှောက်တွင် ယွင်ချိုင်ရှောင်၏ စိတ်ထဲ၌ အတွေးများ ရှုပ်ထွေးနေ၏။

ကိုကိုရှောင်ပေါင်က တကယ်ကြီး တတိယကျောက်တုံးကို မနိုင်ခဲ့သည်လား။ တခြားသူတွေ မသိသော်လည်း သူမကတော့ ကောင်းကောင်း သိသည်။ တတိယကျောက်တုံးကို မနိုင်ခြင်းသည် ပထမအဆင့် သာမန်မဟုတ်၊ ပထမအဆင့် အထွတ်အထိပ်၏ အစွန်းဆုံးနယ်ပယ်ဖြစ်သော အကန့်အသတ်မဲ့နယ်ပယ်သို့ ရောက်ရှိနေပြီဟူသည့် သဘောပင် ဖြစ်၏။ ထိုအရာက တကယ့်ကို ကြောက်စရာကောင်းလွန်းလှသည်။

ကိုကိုရှောင်ပေါင် သိုင်းစကျင့်သည်မှာ ဘယ်လောက်မှ မကြာသေးချေ။ သိုင်းမကျင့်နိုင်သည့် ဘဝမှ ရက်ပိုင်းအတွင်း ဤအဆင့်သို့ ရောက်လာသည်ဆိုတာ ပါရမီရှင်တွေထဲက ပါရမီရှင်မှသာ ဖြစ်နိုင်မည့် ကိစ္စရပ်ပေ။ ဤသို့ တိုးတက်နှုန်းမျိုးက ပါရမီရှင်ဆိုသည့် လူတွေကိုတောင် ထိတ်လန့်သွားစေနိုင်သည့် အနေအထား ဖြစ်၏။

ကိုကိုရှောင်ပေါင်သည် ယခုဆိုလျှင် သိုင်းပညာပိုင်း၌ ယဲ့ကျင်းနင်ထက်တောင် သာလွန်နေပြီဟု ထင်ရသည်။ ဤသို့ တွေးမိလိုက်တိုင်း ယွင်ချိုင်ရှောင်၏ ရင်ခုန်သံတွေ မြန်ဆန်လာပြီး မျက်နှာလေး နီရဲလာမိ၏။ သူမ၏ ရွေးချယ်မှုက တကယ်ကို မှန်ကန်ခဲ့ပြီ ဖြစ်သည်။

အချိန်အတော်ကြာ လျှောက်ပြီးနောက် လူသစ်များ စုဝေးရာ နေရာသို့ ရောက်ရှိလာခဲ့၏။

ယွင်ချိုင်ရှောင်က ဟုန်ရှောင်ပေါင်ကို နှုတ်ဆက်လိုက်သည်။

“ကိုကိုရှောင်ပေါင်... ဒီမှာပဲ အရင် အခြေချနေလိုက်နော်။ ညီမလေး သွားစရာ ရှိသေးလို့။ အားမှ လာရှာမယ်”

ပြောပြီးသည်နှင့် လှည့်ပြေးသွားလေတော့၏။ သူမသည် ဒုတိယအဆင့် ရောက်နေသူမို့ အပြင်စည်းဂိုဏ်းသား ဖြစ်သော်လည်း ဖခင်ဖြစ်သူ ယွင်ရှန့်ရွှမ်၏ နေအိမ်တွင် နေထိုင်ခွင့် ရထားသည်။ လေယင်မြို့တော်ထဲသို့ ရောက်တောင့်ရောက်ခဲပင် ဖြစ်၏။

ဟုန်ရှောင်ပေါင်က ယွင်ချိုင်ရှောင် နေသည့်နေရာကို မေးချင်သော်လည်း ကောင်မလေးက အရိပ်တောင် မမြင်ရအောင် ပျောက်သွားပြီမို့ သက်ပြင်းချလိုက်ရသည်။

“ထားလိုက်ပါတော့... ကိုယ့်အိမ် ကိုယ်ပြန်ရှာတာပေါ့”

သူ ရောက်နေသည်က လေယင်မြို့တော်၏ လမ်းကြားလေးတစ်ခု ဖြစ်၏။ လမ်းကြားဆိုသော်လည်း အတော်လေး စည်ကားသည်။ လူသစ်စုဆောင်းရေးနေရာနှင့် နီးသောကြောင့် ဖြစ်ပေမည်။

လမ်းမကြီးက ကျယ်ဝန်းပြီး ဘေးတစ်ဖက်တစ်ချက်တွင် အိမ်များ စီတန်းနေ၏။ ရှေးဟောင်းပုံစံ အိမ်များ ဖြစ်သော်လည်း သပ်ရပ်လှပသည်။

လူသစ်ဂိုဏ်းသားများအတွက် တစ်ခန်းလျှင် လေးယောက် နေကြရသည်။ တချို့နေရာများတွင် ခြောက်ယောက်၊ ရှစ်ယောက်အထိ စုပြုံနေကြရ၏။ အကြောင်းမှာ အောက်ခြေဂိုဏ်းသားတွေက များလွန်းအား ကြီးသောကြောင့်ပင်။

ပထမအဆင့် ရောက်ကာစ လူသစ်တွေ အကုန်လုံးက အပြင်စည်းဂိုဏ်းသားတွေသာ ဖြစ်ကြသည်။ လူဦးရေ တစ်သိန်းကျော်ကို တစ်ယောက်တစ်ခန်း ပေးထားဖို့ဆိုတာ မဖြစ်နိုင်ချေ။

“ဒုက္ခပဲ...”

ဟုန်ရှောင်ပေါင် မျက်မှောင်ကြုတ်သွား၏။ “လူတွေနဲ့ ရောနေလို့ မဖြစ်ဘူး။ ငါ့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်မှာပေါ့”

သူက သာမန် သိုင်းသမား မဟုတ်ချေ။ ဆာလောင်ဝံပုလွေ . တန်လန် ကိုယ်ခန္ဓာ ပိုင်ရှင် ဖြစ်၏။ သူများတွေ သေလုမတတ် ကျင့်ကြံနေချိန်မှာ သူက စားသောက်ပြီး အဆင့်တက်နေခြင်း ဖြစ်သည်။ သူများတွေ မြင်သွားလျှင် ပြဿနာ တက်သွားနိုင်သည်။

“ဘယ်လို လုပ်ရပါ့...”

ဟုန်ရှောင်ပေါင် စဉ်းစားခန်း ဖွင့်နေစဉ် လက်ကောက်ထဲမှ ယင်းကျိုယို၏ ဝိညာဉ် ထွက်ပေါ်လာပြီး သူ့ဘေးနားတွင် ယှဉ်လျှောက်လာခဲ့သည်။

“လျှို့ဝှက်ချက် ပေါက်ကြားမှာ ကြောက်နေတာလား... ဟိုရှေ့က ဆိုင်ခန်းကို ကြည့်လိုက်စမ်း”

“ဟင်..” ဟုန်ရှောင်ပေါင် လှမ်းကြည့်လိုက်၏။

သာမန်အိမ်များနှင့် မတူသော အဆောက်အအုံတစ်ခုကို တွေ့လိုက်ရသည်။ နှစ်ထပ်ခွဲ အဆောက်အအုံ ဖြစ်ပြီး အပြင်အဆင်လည်း ကွဲပြား၏။ ဂိုဏ်းပိုင် ဆိုင်ခန်းတစ်ခု ဖြစ်ပုံရသည်။ သို့ပေမည့် စီးပွားရေး မကောင်းသောကြောင့် ပိတ်ထားပုံရသည်။

အရှေ့တွင် "ဆိုင်ခန်း ငှားရန်/ရောင်းရန် ရှိသည်" ဟု စာကပ်ထားသည်။ ဝယ်ယူလိုပါက ဝိညာဉ်ကျောက်တုံး ၈၀၀ ကျသင့်မည်ဟု ရေးသားထား၏။

“အဲဒီဆိုင်ကို ဝယ်လိုက်... ပြီးရင် အဲ့ဒီမှာ နေလိုက်။ ဒါဆို အားလုံး အဆင်ပြေသွားပြီ”

ယင်းကျိုယိုက အကြံပေးသည်။ “ပြီးတော့... မင်းက ဆေးမြစ်တွေ အများကြီး စားရအုံးမှာ။ နန်းတော်က ပေးလိုက်တဲ့ ပိုက်ဆံလောက်နဲ့ မလောက်ဘူး။ ကိုယ့်ဘာသာ ရှာမှ ဖြစ်မှာ။ ဆိုင်ဖွင့်ပြီး ငွေရှာ... ငါ ကူညီပေးမယ်။ ဆေးမြစ်ဖိုး ရတာပေါ့”

ယင်းကျိုယိုက ဆက်ပြော၏။ “ပြီးတော့... ငါ မင်းကို ဆေးမြစ် အာနိသင် မြှင့်တင်နည်း သင်ပေးမယ်။ ဒါဆိုရင် အဆင့် နှစ်ဆင့်၊ သုံးဆင့်လောက် တက်ဖို့ မခက်တော့ဘူး”

“ဆေးမြစ် အာနိသင် မြှင့်တင်နည်း ဟုတ်လား... အဲ့ဒါ ဘာကြီးလဲ” ဟုန်ရှောင်ပေါင် စိတ်ဝင်စားသွားသည်။

“ဒါတောင် မသိဘူးလား... တောသားလေး”

ယင်းကျိုယိုက နှာခေါင်းရှုံ့လိုက်၏။ “ခုနက ဟိုကောင်လေး ပြောသလိုပဲ မင်းက တကယ့် တောသားပဲ။ ဟိုတစ်ခါ မင်း စားသလိုမျိုး အစိမ်းလိုက် ဝါးစားတာက ဖြုန်းတီးရာ ရောက်တယ်။ ဆေးမြစ်တွေကို သေချာ ပေါင်းခံ၊ ချက်ပြုတ်၊ ဒါမှမဟုတ် ဆေးလုံး ဖော်စပ်ပြီး စားမှ အာနိသင် အပြည့်အဝ ရမှာကွ

ဒီဆိုင်ကို ဝယ်လိုက်... ပြီးရင် ငါ မင်းကို ဆေးဖော်နည်း၊ လက်နက်လုပ်နည်း သင်ပေးမယ်။ ပိုက်ဆံတွေ အများကြီး ရလာလိမ့်မယ်။ အဲ့ဒီ ပိုက်ဆံနဲ့ ဆေးမြစ်တွေ ဝယ်ပြီး စား... ဒါမှ အဆင့်တက်မှာ”

ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။

ဟုတ်သားပဲ။ ဆေးဖော်ပညာရှင် နှင့် လက်နက်လုပ်ပညာရှင် တွေဆိုတာ သိုင်းလောကမှာ အချမ်းသာဆုံး လူတန်းစားတွေ မဟုတ်ပါလား။ သူတို့လောက် ပိုက်ဆံရလျှင် ဆေးမြစ်ဖိုး ပူစရာ မလိုတော့ချေ။ ထို့အပြင် ဆိုင်ပိုင်ရှင် ဖြစ်သွားလျှင် တစ်ယောက်တည်း နေလို့ရပြီ။ မည်သူမျှ လာနှောင့်ယှက်လို့ မရတော့ပေ။ ခဲတစ်လုံးတည်း နှင့် ငှက်နှစ်ကောင် ပစ်လိုက်သလိုပင်။

“ကောင်းပြီ... ဝယ်မယ်” ဟုန်ရှောင်ပေါင် ဆုံးဖြတ်လိုက်၏။

ဦးလေးယွင် ပေးလိုက်သည့် ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ပါလာသည်မှာ ကံကောင်းသွားသည်။ ၈၀၀ ပေးဝယ်လိုက်လျှင် ၂၀၀ ကျန်ဦးမည်။ အရင်းအနှီး လုပ်၍ ရသေးသည်။

ဟုန်ရှောင်ပေါင်သည် ဆိုင်းဘုတ်တွင် ရေးထားသော လိပ်စာအတိုင်း ထွက်လာခဲ့သည်။ စီမံခန့်ခွဲရေးရုံး သို့ သွားရမည် ဖြစ်၏။ မြို့တော်ဝန်ရုံးကဲ့သို့ နေရာမျိုးပင်။ သို့ပေမည့် အပြင်စည်းဂိုဏ်းသားများ၏ အသေးအဖွဲ ကိစ္စလောက်ကိုသာ တာဝန်ယူပေးသည့် နေရာဖြစ်သည်။

ရုံးက သိပ်တော့ မဝေးလှပေ။ သို့သော်ငြား လူပြတ်သည့် နေရာတွင် ရှိနေ၏။ တောင်စောင်းနားတွင် ကပ်ဆောက်ထားပြီး ဘေးပတ်ဝန်းကျင်၌ အိမ်တွေ သိပ်မရှိချေ။

ဟုန်ရှောင်ပေါင် ရုံးရှေ့ ရောက်ခါနီးတွင်...

“ဟေး... ဒါ ခုနက ကျောက်တုံး မခဲ့တဲ့ ဟုန်ရှောင်ပေါင် မဟုတ်လား” အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

All Chapters