အခန်း ၂၁
Vol. 3 Ch. 21
အပိုင်း (၂၁) ပထမအဆင့် ဆေးဖော်ပညာရှင်။
“ဟင်...”
ဟုန်ရှောင်ပေါင် လှည့်ကြည့်လိုက်ရာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။ မျက်နှာတွင် အပြုံးနုနုဖြင့် ဖြစ်ပြီး ခုနက မှတ်ပုံတင်ဌာန၌ ကြီးကြပ်နေသော နည်းပြပင် ဖြစ်၏။
“ဆရာ... ဘာကိစ္စ ရှိလို့လဲ။ ဒီနေရာကို ဘယ်လို ရောက်လာတာလဲ” ဟုန်ရှောင်ပေါင် အံ့အားသင့်စွာ မေးလိုက်သည်။
နည်းပြက ပြုံးလိုက်၏။ “ငါက မှတ်ပုံတင်ဌာနမှာ အမြဲထိုင်ရတာ မဟုတ်ပါဘူး။ မြို့ထဲက ဌာနအသီးသီးကို အလှည့်ကျ တာဝန်ယူရတာ။ အခု ဒီဘက်က စီမံခန့်ခွဲရေးရုံးကို ရောက်နေတာ။ မင်းက ဘာကိစ္စ ရှိလို့လဲ”
ဟုန်ရှောင်ပေါင်က ရိုးရိုးသားသားပင် ဖြေလိုက်သည်။ “ကျုပ် ဟိုဘက်နားက ဆိုင်ခန်းတစ်ခုကို ငှားချင်လို့ပါ။ စာကပ်ထားတာ တွေ့လို့ လာခဲ့တာ”
“ဆိုင်ခန်း ငှားမလို့...” နည်းပြ အံ့သြသွားသည်။
ဟုန်ရှောင်ပေါင်က ပါရမီရှင် တစ်ယောက်၊ ထို့အပြင် ယွင်မိသားစုနှင့်လည်း ပတ်သက်နေသေး၏။ ရှေ့လျှောက် အလားအလာ ကောင်းမည့် လူငယ်တစ်ယောက်က အဘယ့်ကြောင့် ဆိုင်ဖွင့်ချင်ရတာနည်း။ သိုင်းမကျင့် တော့ဘူးလား။
သို့ပေမည့် သူ ထုတ်မမေးတော့ပေ။ သတိပေးစကားတော့ ပြောလိုက်၏။ “မင်း သေချာ စဉ်းစားနော်။ အဲ့ဒီဆိုင်က စီးပွားရေး မကောင်းဘူး။ တစ်နေ့ကမှ ပိတ်သွားတာ။ အရင်ပိုင်ရှင်က အကြွေးတွေ ပတ်လည်ဝိုင်းပြီး ညတွင်းချင်း ထွက်ပြေးသွားတာကွ”
“သြော်... အဲ့လိုလား” ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။
သို့ပေမည့် သူက စီးပွားရေး လုပ်ဖို့ထက် နေစရာ လိုချင်ခြင်းဖြစ်ပြီး သူ့အစီအစဉ်နှင့်သူ ရှိပြီးသားမို့ ပြဿနာ မရှိချေ။
“ကျေးဇူးပါပဲ ဆရာ။ ဒါပေမဲ့ ကျုပ် ဆုံးဖြတ်ပြီးပါပြီ”
“ကောင်းပြီလေ... လိုက်ခဲ့”
နည်းပြက ဟုန်ရှောင်ပေါင်ကို ရုံးခန်းထဲ ခေါ်သွားသည်။ ရုံးခန်းဆိုသော်လည်း စားပွဲတစ်လုံး၊ ကုလားထိုင် တစ်လုံး နှင့် စာရွက်စာတမ်း အနည်းငယ်သာ ရှိသော တဲအိမ်လေး တစ်လုံးမျှသာ ဖြစ်၏။
မကြာမီ ဟုန်ရှောင်ပေါင်၏ အိတ်ကပ်ထဲမှ ဝိညာဉ်ကျောက် ၈၀၀ လျော့သွားခဲ့ပြီး ခါးချိတ် တံဆိပ်ပြားပေါ်တွင်တော့ ဆိုင်ပိုင်ရှင် ဆိုသော အမှတ်အသားတစ်ခု တိုးလာခဲ့သည်။
ကိစ္စပြီးဆုံးသွားချိန်တွင်တော့ ဟုန်ရှောင်ပေါင်က နည်းပြကို ဝိညာဉ်ကျောက်တုံး အနည်းငယ် ထပ်ပေးလိုက်၏။ လက်ဆောင် သဘောပင်။
နည်းပြကလည်း ပြုံးရွှင်စွာ လက်ခံလိုက်၏။
ကိစ္စပြီးတော့ ဟုန်ရှောင်ပေါင် သူ့ဆိုင်ခန်းလေးဆီ ပြန်လာခဲ့သည်။ အဆောင်ပြန်ဖို့ စိတ်ကူးမရှိတော့ချေ။ ယခု သေချာ ကြည့်လိုက်တော့မှ ဆိုင်နာမည်ကို သတိထားမိသွားသည်။
“ဗြမ္မာဦး ကုန်စုံဆိုင်”
နာမည်ကတော့ မဆိုးလှချေ။ “ကဲ... ဗြမ္မာဦး ကုန်စုံဆိုင်ရေ... ဒီနေ့ကစပြီး ငါ့အတွက် ငွေတွေ အများကြီး ရှာပေးပြီး ဆေးမြစ်တွေ အများကြီး ဝယ်နိုင်အောင် ကူညီပေးပေတော့”
ဟုန်ရှောင်ပေါင် ပြုံးလိုက်ပြီး တံမြက်စည်း လှည်းကာ ဆိုင်ကို သန့်ရှင်းရေး စတင်လုပ်ဆောင်လိုက်၏။
..........
ဟုန်ရှောင်ပေါင် သန့်ရှင်းရေး လုပ်နေစဉ်မှာပင်... ဆိုင်ရှေ့မှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
“ဟေ့ကောင်... တံခါးဖွင့်စမ်း။ မင်း အထဲမှာ ရှိနေတာ ငါသိတယ်နော်။ ဒီနေ့ တံခါး မဖွင့်ရင် ရိုက်ချိုးပြီး ဝင်လာမှာ”
“ဟမ်... ဘာဖြစ်တာလဲ” ဟုန်ရှောင်ပေါင် လန့်ဖျပ်သွား၏။
ခုမှ ဆိုင်ဖွင့်ကာစ ရှိသေးသည်... မည်သူနှင့်မှလည်း ရန်မဖြစ်ဖူးချေ။ အဘယ့်ကြောင့် လာရစ်နေရသနည်း။
ဟုန်ရှောင်ပေါင် တံခါးဖွင့်ကြည့်လိုက်သည်။
ဆိုင်ရှေ့တွင် လူငယ်တစ်ယောက် ရပ်နေ၏။ ဆံပင်ပုံစံက ကမ္ဘာမြေ၏ Afro ဆံပင်ပုံစံနှင့် ဖြစ်နေသည်။ (မျက်လုံးထဲဝင်အောင် ပြောရရင် မန်ယူနိုင်တက် က ဖယ်လိုင်နီဆံပင်မျိုး) မျက်နှာတစ်ခုလုံးလည်း မည်းတူးနေ၏။ ဖက်ရှင် ဆန်းနေခြင်း မဟုတ်လောက်ပေ... မီးလောင်ထားခြင်း ဖြစ်ပေမည်။
“ခင်ဗျား ဘယ်သူလဲ ... ဘာလို့ အော်ဟစ်နေရတာလဲ” ဟုန်ရှောင်ပေါင် မေးလိုက်သည်။
ဘေးပတ်ဝန်းကျင်တွင်လည်း လူတွေ အုံလာကြပြီ ဖြစ်၏။
“ဟင်... ဒီဆိုင်က ပိတ်သွားပြီ မဟုတ်ဘူးလား။ ဘယ်တုန်းက ပြန်ဖွင့်လိုက်တာလဲ”
“မသိပါဘူး... ဆိုင်ရှင်အသစ် ထင်တယ်”
“ဟိုလူက ချန်ယန် မဟုတ်လား။ ယွင်ချိုင်ရှောင်တို့ အဖွဲ့က ဆေးဖော်ပညာရှင် လေ။ အပြင်စည်း ဂိုဏ်းသားတွေ ကြားထဲမှာ နာမည်ကြီးပဲ”
ဟုန်ရှောင်ပေါင်ကို မြင်သည်နှင့် ချန်ယန် ဒေါသပေါက်ကွဲသွားသည်။
“ဟေ့ကောင်... မင်း တံခါးဖွင့်လာပြီပေါ့။ အကြွေးတွေ လာရှင်းစမ်း... ဝိညာဉ်ကျောက်တုံး ၂၀။ တစ်ပြားမှ လျော့လို့ မရဘူး”
ဟုန်ရှောင်ပေါင် ကြောင်သွားသည်။ “ခင်ဗျားကို ကျုပ် သိလို့လား။ ကျုပ်က အခုမှ ဆိုင်ဖွင့်တာ။ ပစ္စည်း တစ်ခုမှတောင် မရောင်းရသေးဘူး”
“ငါ ဂရုမစိုက်ဘူး။ ငါက ဆိုင်ကို ကြည့်ပြီး ပြောတာ... လူကို ကြည့်တာ မဟုတ်ဘူး”
ချန်ယန်က အဝတ်ထုပ်တစ်ထုပ်ကို ပစ်ချလိုက်သည်။ ခွပ်ခနဲ အသံနှင့်အတူ အပိုင်းအစတွေ ပြန့်ကျဲသွား၏။
“ဒီမှာကြည့်... မင်းတို့ဆိုင်က ရောင်းလိုက်တဲ့ အဆင့်မြင့် ဆေးပေါင်းအိုး ဆိုတာလေ။ ဝိညာဉ်ကျောက်တုံး ၂၀ ပေးဝယ်ခဲ့ရတာ။ ဘာတဲ့... အပူဒဏ် ခံနိုင်တယ်၊ ဆေးအောင်မြင်မှုနှုန်း မြင့်တယ်ဆို။ ငါ ယုံပြီး ဝယ်လိုက်တာ... ပထမဆုံး အကြိမ် သုံးလိုက်တာနဲ့ ပေါက်ကွဲထွက်သွားရော …
ကြည့်စမ်း... ငါ့မျက်ခုံးတွေ၊ မုတ်ဆိတ်မွေးတွေ မီးလောင်ကုန်ပြီ။ ငါရှောင်တာ မြန်လို့သာ တော်တော့တယ်။ မဟုတ်ရင် ရုပ်ပျက်ဆင်းပျက် ဖြစ်တော့မယ်။ ငါက ပထမအဆင့် ဆေးဖော်ပညာရှင် ကွ။ ငါ့လိုလူကို ဂျင်းထည့်ရဲတာ မင်း သတ္တိ ရှိလှချည်လား”
ပထမအဆင့် ဆေးဖော်ပညာရှင်။
ဟုန်ရှောင်ပေါင် အံ့သြသွား၏။ အပြင်စည်း ဂိုဏ်းသားထဲမှာ ဆေးဖော်ပညာရှင် ရှိသည်လား။
ချန်ယန်က ဆက်ပြောသည်။ “မင်း ထင်နေတာက …. ငါက အပြင်စည်း ဂိုဏ်းသားမို့လို့ အထင်သေးနေတာလား။ ငါက ဆေးဖော်ပညာရှင်ဖြစ်ပြီးမှ ဒီဂိုဏ်းထဲ ဝင်လာတာကွ။ ဒီကိစ္စကို ဖြေရှင်းမပေးရင် မင်းနဲ့ငါ အပြတ်ပဲ”
ဟုန်ရှောင်ပေါင် နားလည်လိုက်ပြီ ဖြစ်၏။ အပြင်စည်း ဂိုဏ်းသားတွေ ဆိုပေမဲ့ တချို့က အပြင်လောကမှာ ဆရာတစ်ဆူ ဖြစ်ခဲ့ဖူးသူတွေပင် ဖြစ်သည်။ သို့ပေမည့် သူတို့ ဘယ်လောက်တော်တော်... ဒုတိယအဆင့်ထက်တော့ မပိုနိုင်ကြချေ။ သိုင်းပညာ အခြေခံ မရှိလျှင် အဆင့်မြင့် ဆေးဝါးတွေ ဖော်စပ်လို့ မရနိုင်သောကြောင့်ပင်။
“ရှင်းပြီလား...”
ချန်ယန်က လက်ထဲမှ စာရွက်တစ်ရွက်ကို ပစ်ပေးလိုက်သည်။ “ရော့... ဒီမှာ ပြေစာ။ မင်းတို့ဆိုင်က ထုတ်ပေးထားတာ။ ဒီနေ့ ပိုက်ဆံ ပြန်မအမ်းရင် ဂိုဏ်းစည်းကမ်း ထိန်းသိမ်းရေးကို တိုင်ပစ်မယ်”
ဟုန်ရှောင်ပေါင် ဆွံ့အသွား၏။
ဒုက္ခပါပဲ။ ငါ့ လက်ထဲမှာ ဝိညာဉ်ကျောက်တုံး ၂၀၀ ပဲ ကျန်တော့တာ။ ဆေးမြစ် ဝယ်ရဦးမယ်လေ။ အခု ၂၀ လျော်လိုက်ရင်... ဆိုင်ဖွင့်စမှာတင် ရှုံးကုန်တော့မှာပေါ့။ ပြီးတော့ ဒါက ငါ ရောင်းခဲ့တာမှ မဟုတ်တာ။ အရင်လူ ရောင်းသွားသည့် ပြဿနာကို ငါက ဘာလို့ ရှင်းပေးရမှာလဲ။
ဘေးက လူတွေကတော့ သနားသလို ဝိုင်းကြည့်နေကြသည်။
“ဒီကောင်လေး ကံဆိုးတာပဲ... ဆိုင်ဖွင့်ကာစ ရှိသေးတယ် ပြဿနာ တက်ပြီ”
“ချန်ယန်က နည်းနည်းတော့ လွန်လွန်းအားကြီးတယ်။ ဒါပေမဲ့ ဆိုင်ရှင်ကလည်း တာဝန်ယူရမှာပဲလေ”
ထိုအချိန်တွင် ယင်းကျိုယို၏ ဝိညာဉ် ပေါ်ထွက်လာပြီး ချန်ယန်ကို စိုက်ကြည့်လိုက်၏။
“ချန်ယန်... ပထမအဆင့် ဆေးဖော်ပညာရှင်... ပထမအဆင့် အလယ်အလတ် သိုင်းသမား... မဆိုးပါဘူး။ သူ သုံးတဲ့ ဆေးဖော်နည်းက ရေစီးတိမ်တိုက် နည်းလမ်း ပဲ”
ပြီးနောက် မြေကြီးပေါ်က ဆေးပေါင်းအိုး အပိုင်းအစတွေကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
“အိုးညံ့တာ တစ်ခုတည်းကြောင့် ပေါက်ကွဲတာ မဟုတ်ဘူး။ အဓိက အကြောင်းရင်းက... ဆေးဖော်နည်း မှားနေလို့။ ရေစီးတိမ်တိုက် နည်းလမ်းရဲ့ ၂၆ ဆင့်မြောက်နဲ့ ၃၂ ဆင့်မြောက် လက်ကွက်တွေကို ရောထွေးပြီး သုံးလိုက်တာ... မီးအပူချိန် ထိန်းတာလည်း ညံ့တယ်... ဆေးလုံး စုစည်းတဲ့အချိန်မှာလည်း အစီအစဉ် မှားသွားတယ်... ညာဘက်လက်က အားထည့်တာ နည်းလွန်းတယ်...”
ယင်းကျိုယိုက တစ်ချက်ကြည့်ရုံနှင့် အပြစ်အနာအဆာ ပေါင်းစုံကို ထောက်ပြလိုက်၏။