← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အပိုင်း (၂၂) ခင်ဗျားက ဟာသ လာလုပ်နေတာလား။

ယင်းကျိုယိုက ချန်ယန်၏ အမှားများကို စီကာပတ်ကုံး ရှင်းပြနေ၏။ သူ့လေသံက ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း အကြောင်းအရာများက တိကျသေချာလွန်းလှသည်။

ဟုန်ရှောင်ပေါင် ပါးစပ်အဟောင်းသားဖြင့် နားထောင်နေမိ၏။

ဒီအဘိုးကြီးက တကယ်ပဲ ဒီလောက်ထိ စွမ်းတာလား။ လူတစ်ယောက်ကို တစ်ချက်ကြည့်ရုံနဲ့ သိုင်းပညာရော၊ ဆေးဖော်နည်းပါ အကုန်မြင်နေရတယ် ဆိုတော့... ဒါ တကယ်သာ မှန်တယ်ဆိုလျှင် ရှေ့လျှောက် ဆိုင်ဖွင့်စားရတာ အေးဆေးဖြစ်သွားပြီ။ ဘယ်သူမှ လာမရစ်ရဲတော့ဘူး။

“ဘယ်လိုလဲ... တော်တယ်မလား” ယင်းကျိုယိုက ရှင်းပြပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်သည်။

ဟုန်ရှောင်ပေါင်က ချန်ယန်၏ ရှေ့ရောက်နေသောကြောင့် အသံထွက် ပြန်မပြောနိုင်ချေ။ လက်မ ထောင်ပြလိုက်၏။

ချန်ယန်ကတော့ ဟုန်ရှောင်ပေါင် လက်မထောင်ပြသည်ကို မြင်လိုက်ရချိန်တွင် သူ့ကို လှောင်သည်ထင်ပြီး ပို၍ ဒေါသထွက်သွားသည်။

“ဟေ့ကောင်... ဘာ လက်မထောင်ပြနေတာလဲ။ ငါမေးနေတာ ဖြေလေ။ သက်သေအထောက်အထား အကုန်ရှိတယ်နော်။ ဒီနေ့ ငါ့ကို အဖြေတစ်ခု မပေးရင် ဂိုဏ်းကို တိုင်ပစ်မယ်။ မင်းဆိုင် ပိတ်ရရုံမက မင်းကိုပါ ဂိုဏ်းက ထုတ်ပစ်လိမ့်မယ်”

“ဂိုဏ်းထုတ်ပစ်မယ်...” ဟုန်ရှောင်ပေါင် ရယ်ချင်စိတ်ကို ထိန်းလိုက်၏။ သူ့နောက်ခံနှင့်ဆိုလျှင် ဤမျှလောက် အသေးအဖွဲ ကိစ္စလေးက ဘာမှ မဟုတ်ချေ။

သို့ပေမည့် အဘိုးအို ယင်းကျိုယို ပြောတာတွေက မှန်၊ မမှန် စမ်းကြည့်ချင်သေးသည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင်က မျက်နှာထားကို တည်လိုက်ပြီး ဆရာကြီး စတိုင် ဖမ်းလိုက်၏။

ဤအချိန်တွင် ဟန်ဆောင်ကောင်းမှ ဖြစ်မည်။ ထိုမှသာ တစ်ဖက်လူ ကြောက်သွားမှာ ဖြစ်၏။ ဤကိစ္စကို နိုင်နိုင်နင်းနင်း ရှင်းနိုင်လျှင် နောက်ပိုင်း လာမည့် ပြဿနာတွေလည်း အေးဆေး ဖြစ်သွားပေလိမ့်မည်။

ဟုန်ရှောင်ပေါင်က မြေကြီးပေါ်က အိုးကွဲစတွေကို တစ်ချက်ကြည့်လိုက်သည်။ ပြီးမှ ခေါင်းမော့ပြီး ချန်ယန်ကို စိုက်ကြည့်လိုက်၏။

“တကယ်တော့... အိုးကွဲတာ အိုးကြောင့် မဟုတ်ဘူး။”

ဟုန်ရှောင်ပေါင် စကားမဆုံးခင် ချန်ယန်က အော်ပြောလိုက်သည်။ “အခုထိ ခေါင်းမာနေတုန်းလား။ ငါ့မျက်နှာကို ကြည့်လိုက်... မီးလောင်ထားတာ အကွက်လိုက် ဖြစ်နေပြီ။ ငါ့ဘာသာ မီးပုံထဲ ဝင်ထိုင်ထားတယ် ထင်နေလား။ အိုးက ညံ့လို့ ပေါက်ကွဲတာလေ... ငါ့ကို အရူး လာလုပ်မနေနဲ့။ ဒီကိစ္စ ရှင်းရှင်းလင်းလင်း မဖြေရှင်းရင် ဒီနေ့ မင်းနဲ့ငါ မပြီးဘူး”

ဟုန်ရှောင်ပေါင်က လက်ကာပြလိုက်ပြီး အေးဆေးစွာ ပြောလိုက်၏။ “အိုးပေါက်ကွဲတာ အိုးကြောင့် မဟုတ်ဘူး... ခင်ဗျား ဆေးဖော်တာ ညံ့လို့ ဖြစ်တာ”

“ဘာ... ငါက ညံ့တယ် ဟုတ်လား”

ချန်ယန် ဒေါသထွက်လွန်း၍ ရယ်ချင်သလိုတောင် ဖြစ်သွားသည်။ ရှောင်ပေါင်ကို အရူးတစ်ယောက်လို ကြည့်ပြီး အော်ဟစ်လိုက်သည်။

“ငါ ချန်ယန် က သုံးနှစ်သား အရွယ်ကတည်းက ဆေးမြစ် ၅၀၀ ကျော်ကို ခွဲခြားတတ်နေပြီ။ ငါးနှစ်သားမှာ ဆေးဖော်ကူညီသူ ဖြစ်ခဲ့တယ်။ ရှစ်နှစ်သားမှာ ဆေးဖော်ပညာ သင်တန်းသားအဖြစ် အောင်မြင်ခဲ့တာ။ ငါတစ်သက်လုံး ဖော်ခဲ့တဲ့ ဆေးလုံး အရေအတွက်က မင်းစားခဲ့တဲ့ ထမင်းလုတ်ထက်တောင် များသေးတယ်... အဲ့ဒါကို မင်းက ငါ့ကို ဆေးမဖော်တတ်ဘူး ပြောတယ် ဟုတ်လား။ မင်း အိပ်မက် မက်နေတာလား... ငါ့ကို သာမန် အပြင်စည်း ဂိုဏ်းသား မှတ်နေလား”

ဘေးနားက ဝိုင်းကြည့်နေသည့် လူတွေလည်း မျက်မှောင်ကြုတ်သွားကြ၏။

“ချန်ယန်က အပြင်စည်း ဂိုဏ်းသားတွေထဲမှာ ရှားရှားပါးပါး ဆေးဖော်ပညာရှင်ပဲ။ ဒီကောင်လေးက ချန်ယန်ကို ဆေးမဖော်တတ်ဘူးလို့ ပြောရဲတယ်... တော်တော် မိုက်ကန်းတဲ့ကောင်ပဲ”

“မလောပါနဲ့အုံး..” ချန်ယန် ဒေါသပေါက်ကွဲနေသော်လည်း ဟုန်ရှောင်ပေါင်ကတော့ လေပြည်ကလေး တိုက်သလို အေးဆေးပင် ဖြစ်နေ၏။ ရင်ထဲမှာတော့ တုန်နေပြီ ဖြစ်သည်။

အဘိုးကြီးရေ... ခင်ဗျား ပြောတာတွေ တကယ် မှန်ပါစေဗျာ။ လွဲရင်တော့ ကျုပ် သေပြီပဲ။

“ငါ မလောရဘူး ဟုတ်လား...”

ချန်ယန် တစ်ကိုယ်လုံး တုန်ရီနေသည်။ “မင်း ဦးနှောက် ပျက်နေတာလား။ အကြွေးမပေးချင်တာနဲ့ပဲ ငါ့ကို ဆေးမဖော်တတ်ဘူး လာပြောနေတယ်။ ရယ်စရာ ကောင်းလိုက်တာ။ ငါသာ ဆေးမဖော်တတ်ရင် ဒီမြို့ထဲက ထောင်ချီတဲ့ ဂိုဏ်းသားတွေထဲမှာ ဘယ်သူ ဖော်တတ်အုံးမှာလဲ”

ချန်ယန်၏ ဒေါသကို ဂရုမစိုက်ဘဲ ဟုန်ရှောင်ပေါင်က တည်ငြိမ်စွာ မေးလိုက်၏။ “လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ခင်ဗျား အသေးစား ရိုးတွင်းခြင်ဆီ ဆေးလုံး ကို ဖော်စပ်နေတာ မလား”

“ဟင်...” ချန်ယန် ကြောင်သွားသည်။

ဟန်ဆောင်နေလိုက်... ဘယ်အချိန်ထိ ဟန်ဆောင်နိုင်မလဲ ကြည့်ရသေးတာပေါ့...။ ထိုသို့ တွေးနေစဉ် ဟုန်ရှောင်ပေါင်၏ မေးခွန်းက သူ့ကို တုန်လှုပ်သွားစေ၏။

“မင်း... မင်း ဘယ်လို သိတာလဲ”

“အင်း... ဟုတ်ပြီ” ဟုန်ရှောင်ပေါင် ကျေနပ်သွားသည်။ အဘိုးကြီး ယင်းကျိုယိုက တကယ် စွမ်းတာပဲ။

ဟုန်ရှောင်ပေါင် ဆက်ပြောလိုက်၏။ “ပြီးတော့... ပြီးခဲ့တဲ့လ လလယ်လောက်က စပြီး အခုချိန်ထိ အဲ့ဒီဆေးလုံးကို တစ်လုံးမှ အောင်မြင်အောင် မဖော်နိုင်သေးဘူးမလား”

ချန်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “ဒါ... ဒါကိုရော မင်း ဘယ်လို သိတာလဲ”

“ဒါတော့ ပြောပြစရာ မလိုပါဘူး...” ဟုန်ရှောင်ပေါင် ရင်ထဲမှာ ပန်းတွေ ပွင့်သွား၏။ ပျော်လိုက်တာကွာ။

သူက တစ်ဖက်လူ၏ မျက်နှာအမူအရာကို ကြည့်ပြီး အရသာခံနေလိုက်သည်။

ချန်ယန် မျက်နှာပျက်သွား၏။ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ထိတ်လန့်တကြား မေးလိုက်သည်။ “မင်း... မင်း ငါ့ကိုများ ချောင်းကြည့်နေတာလား”

ဒီကောင်လေးက ယောက်ျားချင်း စိတ်ဝင်စားသည့် အခြောက်များလား။ ဒါမှမဟုတ် ချောင်းကြည့်ရတာ ဝါသနာပါတဲ့ ကောင်လား။ မဟုတ်ရင် ငါ့အကြောင်း ဒီလောက် အသေးစိတ် ဘယ်လို သိမှာလဲ။

ချန်ယန် ကြက်သီးထသွားပြီး ဟုန်ရှောင်ပေါင်ကို ကြည့်သည့် အကြည့်တွေ ပြောင်းလဲသွား၏။

“ခင်ဗျား...” ဟုန်ရှောင်ပေါင် ခုန်ကန်ချင်စိတ် ပေါက်သွားသည်။ ကျုပ်လို ယောက်ျားဘသားကို အခြောက်လို့ ထင်နေတာလား။ ခင်ဗျား ဟာသ လာလုပ်နေတာလား။

“စိတ်ထိန်း... စိတ်ထိန်း...”

ဟုန်ရှောင်ပေါင် ဆရာကြီး စတိုင် ပြန်ဖမ်းလိုက်ပြီး ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “အသေးစား ရိုးတွင်းခြင်ဆီ ဆေးလုံး မှာ ဖော်စပ်နည်း ၁၂ မျိုး ရှိတယ်။ ခင်ဗျား သုံးနေတာက မီးပြင်းတိုက် ပေါင်းခံနည်း ... လက်ကွက် ကတော့ ရေစီးတိမ်တိုက် နည်းလမ်း ... ဟုတ်တယ်မလား”

“ဒါ... ဟုတ်တယ်” ချန်ယန် အံ့သြသွားသည်။ အသေးစား ရိုးတွင်းခြင်ဆီ ဆေးလုံး တွင် ဖော်စပ်နည်း သုံးမျိုးပဲ ရှိသည်ဟု သူ သိထားခဲ့၏။ သို့ပေမည့် သူသုံးသည့် နည်းလမ်းနှင့် လက်ကွက်ကတော့ ဟုန်ရှောင်ပေါင် ပြောတာ ကွက်တိ မှန်နေသည်။

ဒီကောင်လေးက ဘယ်လိုလုပ် သိတာလဲ။ သူလည်း ဆေးဖော်ပညာရှင်လား။

“ခင်ဗျား ဘာလို့ မအောင်မြင်လဲ သိလား” ဟုန်ရှောင်ပေါင်က မေးခွန်း ထုတ်လိုက်၏။

“အဲ့ဒါ...” ချန်ယန်၏ သဘောထား ပြောင်းလဲသွားပြီ ဖြစ်သည်။

ဟုန်ရှောင်ပေါင်၏ စကားနည်းနည်းလေးနှင့်တင် သူ့အကြောင်း အကုန်သိနေသည် ဆိုတော့ သာမန် မဟုတ်တော့ချေ။ အကယ်၍ သူ့အမှားကို ထောက်ပြပြီး အောင်မြင်အောင် ကူညီပေးနိုင်လျှင် ဆေးပေါင်းအိုး ကွဲတာလောက်က အရေးမကြီးတော့ပေ။

“ဒါဆို မင်းက ငါ့အမှားကို သိတယ်ပေါ့...”

ဟုန်ရှောင်ပေါင်က ဒေါသသံစွက်ပြီး ဆူပူလိုက်သည်။

“မီးပြင်းတိုက် ပေါင်းခံနည်း ဆိုတာ မီးစွမ်းအင် သဘော ရှိတယ်။ အစွမ်းထက်တဲ့ ဆေးဝါးတွေအတွက် သုံးတာ။ ရေစီးတိမ်တိုက် နည်းလမ်း ဆိုတာ ရေစွမ်းအင် သဘော ရှိတယ်။ နူးညံ့တဲ့ ဆေးဝါးတွေအတွက် သုံးတာ။ ခင်ဗျားက ရေနဲ့ မီးကို ရောပြီး သုံးနေမှတော့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ

ပြီးတော့... မီးပြင်းတိုက် ပေါင်းခံနည်း သုံးမယ်ဆိုရင် အဓိက ဆေးမြစ်က နေမင်းအား ဆေးမြစ် ဖြစ်ရမှာ။ ခင်ဗျားက ရေဝိညာဉ် ဆေးမြစ် ကို သွားသုံးထားတယ်။ ခေါင်းနဲ့ ပန်း တခြားစီ ဖြစ်နေပြီလေ။

ဆေးဖော်ပညာရှင် တစ်ယောက်အနေနဲ့ ဒီလောက် အခြေခံကျတဲ့ အမှားမျိုးကို မှားရသလား

နောက်တစ်ချက်... ရေစီးတိမ်တိုက် နည်းလမ်း ရဲ့ ၂၆ ဆင့်မြောက် လက်ကွက်၊ ဆေးမြစ် ပေါင်းစပ်တဲ့ အချိန်မှာ ၅ စက္ကန့်ပဲ ကြာရမှာကို ခင်ဗျားက ၇ စက္ကန့် ကြာအောင် လုပ်နေတယ်။ ၃၂ ဆင့်မြောက်မှာ ၇ စက္ကန့် ကြာရမှာကို ၅ စက္ကန့်ပဲ လုပ်တယ်။ ပြောင်းပြန်တွေ ဖြစ်ကုန်ပြီလေ။ ဒီလောက် အခြေခံ လက်ကွက်လေးတောင် မှားနေသေးတာလား”

All Chapters