အခန်း ၂၃
Vol. 3 Ch. 23
အပိုင်း (၂၃) ဒါမှ တကယ့် ဆရာကြီး။
“မင်း... မင်း ဘယ်လို သိတာလဲ”
ချန်ယန်၏ နှုတ်ခမ်းများ တုန်ယင်နေ၏။ သူ့ကိုယ်သူ မှန်လှချည်ရဲ့ဟု ထင်ထားသမျှ ယခုတော့ ဟုန်ရှောင်ပေါင်၏ အကြည့်အောက်တွင် အဝတ်အစား မပါသလို ဖြစ်သွားခဲ့ရသည်။ ဤကောင်လေးက သူ့ကို ဘီလူးတစ်ကောင်လို ကြည့်နေသည်ဟု ခံစားနေရ၏။
ဟုန်ရှောင်ပေါင်က သူ့ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။ “မီးပြင်းတိုက် ပေါင်းခံနည်း မှာ မီးအပူချိန် ထိန်းချုပ်မှု အပြောင်းအလဲ ၁၂၅ မျိုး ရှိတယ်။ ဆေးလုံး ပေါင်းစပ်ချိန်မှာ ၃၅ မျိုး ရှိတယ်။ ခင်ဗျားက ၂၁ မျိုးပဲ သုံးလိုက်တာ... ၁၄ မျိုးတောင် ကျော်ချလိုက်တယ်။ ဟုတ်တယ်မလား”
ချန်ယန် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ ဘာမှ ပြန်မပြောနိုင်ချေ။
“ပြီးတော့... အသေးစား ရိုးတွင်းခြင်ဆီ ဆေးလုံး ရဲ့ နောက်ဆုံး လိုအပ်ချက်က မိုးနတ်ပန်း ဝတ်ရည် လေ။ ခင်ဗျားက အဲ့ဒါကို ထည့်ရမယ့်အစား ကိုယ့်ဘာသာ သောက်လိုက်တယ် မလား
ရေနဲ့ မီး မတည့်တာကို အတင်းပေါင်းစပ်တယ်။ အရေးကြီးတဲ့ အဆင့်တွေကို ကျော်တယ်။ လိုအပ်တဲ့ ပစ္စည်းကို မထည့်ဘဲ ကိုယ်တိုင် စားပစ်တယ်။ အဲ့ဒါတွေ လုပ်ပြီးမှ ဆေးပေါင်းအိုး ပေါက်ကွဲတာ အိုးညံ့လို့ပါလို့ ပြောရဲသေးတာလား၊
ကျုပ် ပြောမယ်... ခင်ဗျားက ဆေးဖော်နည်း နကန်းတစ်လုံးမှ နားမလည်တဲ့ အသုံးမကျတဲ့လူပဲ။ ကျေနပ်ပြီလား”
ဟုန်ရှောင်ပေါင်က ချန်ယန်၏ အမှား ခြောက်ချက်တိတိကို တစ်ချက်ချင်း ထောက်ပြလိုက်သည်။ တစ်ချက် ထောက်လိုက်တိုင်း ချန်ယန်၏ နှလုံးသားကို ဓားနှင့် မွှန်းလိုက်သလို နာကျင်စေ၏။
နောက်ဆုံးတွင် ချန်ယန် ခေါင်းငိုက်စိုက် ကျသွားသည်။ “ကျေ... ကျေနပ်ပါပြီ... လက်ခံပါပြီ...”
ဟုန်ရှောင်ပေါင် ပြောသမျှ အားလုံး မှန်ကန်နေသည်။ သူက ပထမအဆင့် ဆေးဖော်ပညာရှင်မို့ ဘဝင်မြင့်ပြီး ကြွားဝါခဲ့သမျှ... ယခုတော့ မြောင်းထဲ ရောက်သွားပြီ ဖြစ်၏။ ရှက်လွန်း၍ မြေကြီးထဲ တိုးဝင်သွားချင်စိတ် ပေါက်နေမိ၏။
ဘေးက ကြည့်နေသူတွေက သူ့ဘက် ပါမည်ဟု ထင်ခဲ့မိသည်။ ယခုတော့ သူသာလျှင် လူရယ်စရာ ဖြစ်သွားရပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် ဟုန်ရှောင်ပေါင်အပေါ် လေးစားစိတ်တွေက ရင်ထဲမှာ ပြည့်နှက်လာခဲ့သည်။
ဟုန်ရှောင်ပေါင်က ချန်ယန် လက်ထဲမှ ပြေစာနှင့် မြေကြီးပေါ်က အိုးကွဲစတွေကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ မပြောတော့ဘဲ ဆိုင်ထဲ ဝင်ရန် ပြင်လိုက်၏။
ချန်ယန် ချွေးစေးများ ပြန်လာသည်။ ရှက်လည်းရှက်၊ ကြောက်လည်း ကြောက်သွား၏။ “ကျုပ်... ကျုပ် မိုက်မဲခဲ့မိပါတယ်။ ကိုယ့်အပြစ်ကို မမြင်ဘဲ သူများပစ္စည်းကို အပြစ်ပုံချခဲ့မိတယ်။ ဂိုဏ်းတူ အစ်ကိုကြီးဟုန်... ကျုပ်ကို ခွင့်လွှတ်ပေးပါ၊”
သိုင်းလောကတွင် အသက်အရွယ်ဖြင့် စီနီယာ၊ ဂျူနီယာ မခွဲခြားချေ။ အရည်အချင်းဖြင့်သာ ခွဲခြားသည်။ ဟုန်ရှောင်ပေါင် က သူ့ထက်သာနေမှတော့ အစ်ကိုကြီး ဟု ခေါ်ရတော့မည်။
ဟုန်ရှောင်ပေါင်က မျက်ခုံးပင့်လိုက်သည်။ “ဒါဆို ခင်ဗျားလက်ထဲက ပြေစာက...”
ဗြိ... ဗြိ...
ချန်ယန်က ပြေစာကို ချက်ချင်း ဆွဲဆုတ်လိုက်၏။ မြေကြီးပေါ်က အိုးကွဲစတွေကိုလည်း အမြန် ကောက်သိမ်းလိုက်၏။
“ကောင်းပြီ...”
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ “နောက်ဆိုရင် ဗြမ္မာဦး ကုန်စုံဆိုင် နဲ့ ပတ်သက်ပြီး မကောင်းသတင်း မကြားချင်ဘူး။ နားလည်လား”
“နားလည်ပါပြီ... နားလည်ပါပြီ...” ချန်ယန် ခေါင်းကို ကြက်ဆိတ်သလို ညိတ်လိုက်သည်။ ဒူးတောင် ထောက်ချင်နေပြီ ဖြစ်၏။ ဤကောင်လေးက နတ်ဘုရား ဝင်စားသည်လား မသိပေ။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့အကြောင်း အကုန်သိနေသည်။
ကြောက်စရာ ကောင်းလိုက်တာ။ ဒါမှ တကယ့် ဆရာကြီးပဲ။
ဟုန်ရှောင်ပေါင်က လက်ဝှေ့ယမ်းပြီး ဆိုင်ထဲ ဝင်သွား၏။
“အစ်... အစ်ကိုကြီးဟုန်... နေပါအုံး”
“ဟင်... ဘာကိစ္စလဲ” ဟုန်ရှောင်ပေါင် လှည့်ကြည့်လိုက်သည်။
ချန်ယန်က မျက်နှာကြီး နီရဲနေပြီး ဗလုံးဗထွေးဖြင့် ပြောလိုက်၏။ “ဟို... အစ်ကိုကြီးဟုန်... ကျုပ်ကို ဆေးဖော်နည်းလေး သင်ပေးလို့ ရမလား။ ကျုပ် ကြိုးစားနေတာ တစ်လကျော်ပြီ... အသေးစား ရိုးတွင်းခြင်ဆီ ဆေးလုံး ကို တစ်လုံးမှ အောင်အောင်မြင်မြင် မဖော်နိုင်သေးလို့ပါ”
“ဟာ...” ဘေးက လူတွေ အာမေဍိတ်သံ ထွက်ကုန်ကြသည်။
ပထမအဆင့် ဆေးဖော်ပညာရှင်၊ အပြင်စည်း ဂိုဏ်းသားတွေ၏ ခေါင်းဆောင် တစ်ယောက်က... ဂိုဏ်းထဲဝင်တာ တစ်ရက်ပဲ ရှိသေးသည့် ကောင်လေးကို ဆရာတင်ပြီး ပညာသင်နေသည်တဲ့လား။
ဟုန်ရှောင်ပေါင်ကို ကြည့်သည့် အားလုံး၏ အကြည့်တွေ လုံးဝ ပြောင်းလဲကုန်ကြ၏။
“ဆေးဖော်နည်း သင်ပေးရမယ် ဟုတ်လား...” ဟုန်ရှောင်ပေါင် စဉ်းစားလိုက်သည်။
အဘိုးကြီး ယင်းကျိုယိုက အမှားတွေကိုပဲ ထောက်ပြတာ မဟုတ်ပါလား။ အမှန်ကို မည်သို့ ပြင်ရမည်နည်း မပြောပြချေ။
ဟုန်ရှောင်ပေါင်က လျစ်လျူရှုပြီး ဆက်လျှောက်သွားလိုက်၏။ အိုးကွဲ ပြဿနာ ရှင်းသွားပြီပဲ... ဘာကြောင့် ဆက်သင်ပေးနေရဦးမည်နည်း။
“အစ်ကိုကြီး... နေပါဦး... မသွားပါနဲ့အုံး။”
ဟုန်ရှောင်ပေါင် ဂရုမစိုက်ဘဲ ထွက်သွားသည်ကို မြင်တော့ ချန်ယန် တကယ် ပြာသွားသည်။ ပြေးလိုက်လာပြီး ဟုန်ရှောင်ပေါင်၏ ခြေထောက်ကို ဖက်ထားလိုက်၏။
“အစ်ကိုကြီးရယ်... ကယ်ပါအုံး။ တကယ်လို့ ဒီဆေးလုံးကို မဖော်နိုင်ရင် ကျုပ်ဘဝ သွားပြီဗျ။ အရင်က ပြစ်မှားမိတာတွေကို ခွင့်လွှတ်ပြီး သနားသောအားဖြင့် သင်ပေးပါ၊”
ချန်ယန်က သူ၏အမှားကို ထောက်ပြနိုင်မှတော့ အဖြေကိုလည်း သိမှာ သေချာသည်။ သူက တခြား ဆရာတွေဆီမှာ အကူအညီ တောင်းဖူးပေမည့် မည်သူကျှ မဖြေရှင်းနိုင်ခဲ့ချေ။ ယခု ဟုန်ရှောင်ပေါင်က သူ့အတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်လို့နေသည်။
ချန်ယန်က ပြောရင်းဆိုရင်း ဟုန်ရှောင်ပေါင်၏ အိတ်ကပ်ထဲသို့ ဝိညာဉ်ကျောက် နှစ်တုံး လာထည့်ပေးသည်။
ဝိညာဉ်ကျောက်တုံး။
ဟုန်ရှောင်ပေါင် သတိထားမိလိုက်၏။ စိတ်ထဲတွင် ကျေနပ်သွားသော်လည်း ဟန်မပျက် ဆူပူလိုက်သည်။
“ခင်ဗျားကလည်း... ပထမအဆင့် ဆေးဖော်ပညာရှင် ဖြစ်ပြီး ဒီလို အမှားမျိုး လုပ်ရသလား။ ကျုပ်က အမှားတွေကို ထောက်ပြပြီးပြီလေ... ကိုယ့်ဘာသာ ပြင်လိုက်ရင် ရပြီ မဟုတ်လား”
“အာ...” ချန်ယန် ကြောင်သွားသည်။
ဟုတ်သားပဲ။ အမှားသိလျှင် အမှန်ပြင်လို့ ရပြီပေါ့။ စာအုပ် ပြန်ရှာဖတ်ပြီး ပြင်လိုက်လျှင် ရသည်ပင်။ သို့ပေမည့် ချက်ချင်း မျက်နှာ ပြန်ငယ်သွား၏။
“အစ်ကိုကြီးရယ်... ခုနက အစ်ကိုကြီး ပြောတာ မြန်လွန်းတော့ ကျုပ် လေး၊ ငါးချက်လောက်ပဲ မှတ်မိလိုက်တယ်.. ကျန်တာ မေ့ကုန်လို့ပါ”
ဟုန်ရှောင်ပေါင် ဆွံ့အသွားရ၏။
နောက်ဆုံးတော့ ဟုန်ရှောင်ပေါင် စိတ်မရှည်တော့ဘဲ နောက်တစ်ခေါက် ထပ်ပြောပြလိုက်ရသည်။ ချန်ယန်က စာအုပ်နှင့် ဘောပင်ယူပြီး တစ်လုံးမကျန် လိုက်မှတ်၏။ ထို့အပြင် ဟုန်ရှောင်ပေါင်၏ တိုက်တွန်းမှုကြောင့် ဆိုင်ထဲက ဆေးပေါင်းအိုး အစုတ် သုံးလုံးကို ဝိညာဉ်ကျောက် ၆၀ ပေးပြီး ဝယ်သွားသည်။
ဟုန်ရှောင်ပေါင်က ဆရာကြီး မဟုတ်ပါလား... သူ ညွှန်းသည့် ပစ္စည်းက မကောင်းစရာ ရှိမည် လား။ ချန်ယန်ကတော့ ကျေးဇူးတွေ တင်ပြီး ပျော်ရွှင်စွာ ပြန်သွား၏။
“အစ်ကိုကြီးဟုန်... ကျေးဇူး အများကြီး တင်ပါတယ်။ အရင်က အမှားတွေအတွက် ခွင့်လွှတ်ပေးပါ”
ချန်ယန်က ရိုရိုသေသေ နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ တကယ်တမ်း သူက ဟုန်ရှောင်ပေါင်ထက် ဝါရင့် စီနီယာ ဖြစ်သော်လည်း ဂရုမစိုက်တော့ပေ။ ပညာတတ်သူက ဆရာပင် မဟုတ်ပါလား။
ဘေးမှ ကြည့်နေသူတွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။ တကယ်ကို မယုံနိုင်စရာပင်။ ဇာတ်လမ်းက ပြောင်းပြန် ဖြစ်သွားခဲ့သည်။
ဟုန်ရှောင်ပေါင်ကတော့ ကျေနပ်နေ၏။ ဒီလူက သဘောကောင်းသားပဲ။ ဆေးပေါင်းအိုး အစုတ် သုံးလုံးကို ဝိညာဉ်ကျောက်တုံး ၆၀ နှင့် ဝယ်သွားတယ်။ အမြတ်ကျန်ပြီ။
“နေပါအုံး... ခင်ဗျား အခြေအနေက မကောင်းတော့ဘူးနော်”
ချန်ယန် ထွက်ခွာခါနီးတွင် ဟုန်ရှောင်ပေါင်က လှမ်းပြောလိုက်သည်။ “အသေးစား ရိုးတွင်းခြင်ဆီ ဆေးလုံး က ခဏတာပဲ သက်သာစေမှာ။ ရောဂါကို အမြစ်ပြတ် ကုပေးနိုင်မှာ မဟုတ်ဘူး”
“ဟင်... ကျုပ် မကောင်းတော့ဘူး ဟုတ်လား” ချန်ယန် မျက်နှာ ဖြူရော်သွား၏။
ဟုန်ရှောင်ပေါင် အနားသို့ ပြန်ပြေးလာပြီး အော်ဟစ်တော့သည်။ “အစ်ကိုကြီးဟုန်... ကယ်ပါဦအုံး။ အစ်ကိုကြီးသာ ကယ်နိုင်ရင် ကျုပ် ပိုင်ဆိုင်သမျှ အကုန် ပုံပေးပါ့မယ်”
ဟုန်ရှောင်ပေါင်အပေါ် ယုံကြည်မှု လွန်ကဲနေပြီမို့ ဟုန်ရှောင်ပေါင် ပြောသမျှ တရား ဖြစ်နေပြီ ဖြစ်သည်။ သူ ဤဂိုဏ်းထဲ ဝင်လာသည်မှာ ဤရောဂါ ကုဖို့ပဲ မဟုတ်ပါလား။ ယခု ဟုန်ရှောင်ပေါင်က သိနေသည် ဆိုတော့...
“ပိုင်ဆိုင်သမျှ အကုန် ပုံပေးမယ်...”
ဟုန်ရှောင်ပေါင် မျက်လုံးများ အရောင်တောက်သွား၏။ ‘ဒါဆိုရင် ငါ ဆေးမြစ်တွေ ဘယ်လောက်တောင် စားရမလဲ...’
ဟုန်ရှောင်ပေါင်က ခေါင်းမော့ပြီး လေးနက်စွာ ပြောလိုက်သည်။ “ပြန်သွားပြီး ဆေးဖော်လိုက်... နောက် သုံးရက်နေရင် ပြန်လာခဲ့”