← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အပိုင်း (၂၄) ယွင်ချိုင်ရှောင်မှာ စေ့စပ်ထားသူ ရှိနေပြီ။

ဟုန်ရှောင်ပေါင်၏ စကားကို ကြားသည်နှင့် ချန်ယန် ဝမ်းသာအားရ ဖြစ်သွား၏။

“အစ်ကိုကြီးဟုန်ရဲ့ ကျေးဇူးတရားက ကြီးမားလှပါတယ်။ ကျုပ်အသက်ကို ကယ်တင်ပေးနိုင်မယ်ဆိုရင် နောင်တစ်ချိန် အစ်ကိုကြီး ခိုင်းသမျှ ဓားတောင်ကို တက်ရတက်ရ၊ မီးပင်လယ်ကို ဖြတ်ရဖြတ်ရ... နောက်မတွန့်ပါဘူးဗျာ”

ဟုန်ရှောင်ပေါင်က သူ့ကို ကုပေးမည်ဟု ကတိပေးလိုက်ခြင်းဖြစ်မှန်း ချန်ယန် နားလည်လိုက်သည်။ မှောင်မိုက်နေသော အနာဂတ်တွင် ရောင်နီသန်းလာသလို ခံစားလိုက်ရ၏။ သို့သော်ငြား ဘေးလူတွေ မကြားအောင် တိုးတိုးလေးသာ ပြောခြင်း ဖြစ်သည်။

ဘေးက ကြည့်နေသူတွေကတော့ ဘာတွေ ပြောနေမှန်း မသိဘဲ အံ့သြနေကြဆဲပင်။

ဟုန်ရှောင်ပေါင်က စိတ်မရှည်သလို လက်ကာပြလိုက်၏။ “ကဲ... သွားတော့။ သွားတော့”

“ဟုတ်... ဟုတ်ကဲ့ပါ”

ချန်ယန်က ရိုရိုသေသေ နှုတ်ဆက်ပြီး ဆေးပေါင်းအိုး သုံးလုံးကို ပိုက်ကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။

ကံကြမ္မာ အလိုကျပင်... ဆိုင်အထွက်တွင် ဟုန်ရှောင်ပေါင်၏ ဇနီးလောင်းလေးနှင့် ပက်ပင်းတိုးလေတော့၏။

“ဟယ်... ချန်ယန် ပါလား”

ယွင်ချိုင်ရှောင်က အံ့အားသင့်စွာမေးလိုက်သည်။ “ဆေးပေါင်းအိုး သုံးလုံးကြီး ပိုက်ပြီး ဘာလုပ်နေတာလဲ”

“အာ... အစ်မကြီးချိုင်ရှောင်”

ချန်ယန် မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ အထင်းသား ပေါ်နေဆဲ ဖြစ်၏။ “အစ်မကြီးရေ... မယုံနိုင်စရာပဲ။ ဗြမ္မာဦး ကုန်စုံဆိုင် က ဆိုင်ရှင်အသစ် ပြောင်းသွားပြီ။ အဲ့ဒီ ဆိုင်ရှင်က တကယ် စွမ်းတယ်။ ဆေးဖော်ပညာနဲ့ ပတ်သက်ရင် ဆရာတစ်ဆူပဲ။ စကားနည်းနည်းလောက် ပြောလိုက်တာနဲ့တင် ကျုပ်မှာ ဗဟုသုတတွေ အများကြီး တိုးသွားသလိုပဲ”

“ဟင် .. ဟုတ်လား” ယွင်ချိုင်ရှောင် အနည်းငယ် အံ့သြသွားသည်။

ချန်ယန်ဆိုတာ မာနကြီးသည့်သူ တစ်ယောက် ဖြစ်၏။ သူ့ပါးစပ်က ဤမျှလောက် ချီးကျူးခံရသည် ဆိုလျှင်တော့ သေချာပေါက် ဆေးဖော်ပညာ အဆင့်မနိမ့်တာ သေချာပေသည်။ သို့ပေမည့် ယွင်ချိုင်ရှောင်ဆိုသည်ကလည်း လေယင်နန်းဆောင်၏ ပါရမီရှင် မဟုတ်ပါလား။ စိတ်ဝင်စားရုံ သတ်သတ်သာ ရှိ၏။

သူမက ထွက်သွားရန် ပြင်ရင်း လှမ်းမေးလိုက်သည်။ “နေပါအုံး... အဲ့ဒီ ဆိုင်ရှင်က ဘယ်သူတဲ့လဲ”

“နာမည်က ဟုန်... ဟုန်... အော်... ဟုန်ရှောင်ပေါင် တဲ့ဗျ” ချန်ယန် စဉ်းစားပြီး ပြန်ဖြေလိုက်၏။

“ရှင်... ရှင် ဘာပြောလိုက်တယ်”

ထွက်သွားရန် ပြင်နေသော ယွင်ချိုင်ရှောင် ခြေလှမ်းတုံ့သွားသည်။ “ဘယ်သူ... ဘယ်သူ...”

ချန်ယန်က နာမည်ကို ထပ်ပြောပြလိုက်ပြီး ဟုန်ရှောင်ပေါင်၏ ပုံပန်းသဏ္ဍာန်ကိုပါ ရှင်းပြလိုက်၏။

ယွင်ချိုင်ရှောင် သေချာသွားပြီ ဖြစ်သည်။ ဒါ သူမ၏ ကိုကိုရှောင်ပေါင်ပင်။

“ချိုင်ရှောင် အစ်မကြီး... သူ့ကို သိလို့လား” ချန်ယန် ရိပ်မိသွား၏။

“အင်း... သိတာပေါ့”

ယွင်ချိုင်ရှောင် ပြုံးလိုက်သည်။ “သူက... ကျွန်မနဲ့ စေ့စပ်ထားသူလေ”

ပြောပြီးသည်နှင့် ကိုကိုရှောင်ပေါင် ဆိုင်ဖွင့်ထားတာ သွားကြည့်ဦးမှဟု တွေးရင်း ဆိုင်ထဲသို့ ဝင်သွား၏။

ချန်ယန် တစ်ယောက် ကျောချမ်းသွားသည်။ ချွေးစေးများပင် ပြန်လာ၏။ ကံကောင်းလို့... တော်သေးတာပေါ့။ ဟုန်ရှောင်ပေါင်နှင့် ပြဿနာ အကြီးအကျယ် မဖြစ်လိုက်‌ပေ။ ယွင်ချိုင်ရှောင် ဆိုသည်က အသက် ၁၇ နှစ်ပဲ ရှိသေးသော်လည်း တရားဝင် ဂိုဏ်းသား ဖြစ်နေပြီ ဖြစ်၏။ ထို့အပြင် မိန်းကလေးတွေထဲမှာ ပါရမီအရှိဆုံး ဖြစ်သည်။ ကိုယ်က သတို့သားလောင်းကို သွားပြီး ရန်စမိလျှင် အသက်ရှင်ဖို့ လမ်းစ ရှိပါဦးမည်လား။

သို့ပေမည့် ချက်ချင်းပင် နောက်ထပ် ထိတ်လန့်စရာ သတင်းတစ်ခုကို သဘောပေါက်လိုက်၏။ ဤသတင်းသာ ပေါက်ကြားသွားလျှင် လေယင်နန်းဆောင် တစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။

“ဂိုဏ်းသားအားလုံးရဲ့ အိပ်မက်နတ်သမီးလေး ယွင်ချိုင်ရှောင်မှာ... စေ့စပ်ထားသူ ရှိနေပြီ...”

ဂိုဏ်းထဲက ယွင်ချိုင်ရှောင်ကို ကြိတ်ပြီး ကြွေနေသည့် ကောင်လေးတွေ တစ်ဝက်လောက်တော့ ရင်ကွဲနာကျပြီး သေကုန်ကြတော့မှာပင်။

ထို့အပြင် ... ဂိုဏ်း၏ အစောင့်အရှောက် ယွင်ရှန့်ရွှမ်၏သမီးမှာ စေ့စပ်ထားသူ ရှိသည်ဆိုတာက... သတင်းကြီး ဖြစ်၏။

..........

ချန်ယန် ထွက်သွားပြီးနောက်...

ဟုန်ရှောင်ပေါင် ဆိုင်ခန်းထဲ ပြန်ဝင်လာသည်။ “ဟူး... ပင်ပန်းလိုက်တာ”

ဆရာကြီး စတိုင် ဖမ်းရတာ ထင်သလောက် မလွယ်ကူပါလား။ နေရထိုင်ရတာ ကျပ်တည်းလွန်း၏။

“ဒါနဲ့... အဘိုး … အဘိုးက တကယ် ကြမ်းတာပဲ။ ဒါတွေကို ဘယ်လိုများ ကြည့်လိုက်တာလဲ” ဟုန်ရှောင်ပေါင် က ယင်းကျိုယိုကို မေးလိုက်သည်။

ယင်းကျိုယို၏ ဝိညာဉ်က မထီမဲ့မြင် ပြုံးလိုက်၏။ “ဒါများကွာ... သူ့လက်က အသားမာတွေ၊ ဆေးပေါင်းအိုး အကွဲအစတွေနဲ့ သူ့ခန္ဓာကိုယ် အခြေအနေကို ကြည့်လိုက်ရင် အလိုလို သိသာနေတာပဲ။ မင်းက နုလွန်းပါသေးတယ်”

ဟုန်ရှောင်ပေါင် ဆွံ့အသွားရပြန်၏။

အင်းလေ... ကိုယ်ကမှ မလုပ်တတ်တာ။ သူပြောသမျှ ခေါင်းငုံ့ခံရုံသာ ရှိသည်။

ဟုန်ရှောင်ပေါင် စဉ်းစားလိုက်၏။ ဗြမ္မာဦး ကုန်စုံဆိုင် ဆိုသည့် နာမည်ကို ဆက်သုံး၍ မဖြစ်တော့ချေ။ အရင်ပိုင်ရှင်က နာမည်ပျက်နှင့် ထွက်ပြေးသွားတာ ဖြစ်သည်။ ဤနာမည် ဆက်သုံးနေလျှင် လူတွေက သူ့ကိုပါ အရင်လူနှင့် ပတ်သက်သည်ထင်ပြီး အထင်လွဲကြလိမ့်မည်။

ချန်ယန်လို လူမျိုး နောက်ထပ် ရောက်လာလျှင် ရှင်းရတာ အာပေါက်လိမ့်မည်။ ထို့ကြောင့်... နာမည်ပြောင်းမှ ဖြစ်မည်။

..........

လေယင်နန်းဆောင်...

တောင်တန်းကြီးများ၊ လျှိုမြောင်ကြီးများဖြင့် ဝန်းရံထားပြီး မကြာခဏဆိုသလို ကောင်းကင်မှ မိုးကြိုးများ ပစ်ချလေ့ရှိ၏။ လေယင်မြို့တော်... နေမင်းကြီး တည့်တည့် ရောက်နေချိန်မို့ နေရောင်ခြည်က ကျောက်ပြားခင်း လမ်းမများပေါ်တွင် ရွှေရောင် ဖြာကျနေသည်။

ရှေးဟောင်း အငွေ့အသက်နှင့် ခမ်းနားထည်ဝါမှု ပေါင်းစပ်ထားသော မြို့တော်ကြီးတစ်ခုပင် ဖြစ်၏။ သာမန် မြို့ကြီးများလောက် မစည်ကားသော်လည်း သွားလာ လှုပ်ရှားနေသူ အားလုံးက သိုင်းသမားများ ဖြစ်ကြသောကြောင့် အရှိန်အဝါက ပိုမို ကြီးမားနေ၏။

ဟုန်ရှောင်ပေါင်သည် ဆိုင်ခန်းထဲတွင် ထိုင်ရင်း ကုန်ပစ္စည်း မှာယူဖို့နှင့် ဆိုင်နာမည် ပြောင်းဖို့ စဉ်းစားနေ၏။ ဆိုင်ထဲမှာ ရှိနေသည့် ပစ္စည်းတွေက အစုတ်တွေချည်းသာ ဖြစ်သည်။ ထို့ကြောင့်လည်း အရင်လူ ဒေဝါလီ ခံရတာ မဆန်းပေ။ လူလိမ်မလုပ်ဘဲ သမာအာဇီဝကျကျ ရောင်းမှ ရေရှည်ခံပေမည့်။ ထို့အပြင် အရေးကြီးဆုံးက ဆေးမြစ် ကိစ္စပင်။

သူ ဤနေရာကို လာသည်မှာ ဆိုင်ဖွင့်ဖို့ သတ်သတ် မဟုတ်ချေ။ ဆေးမြစ် စားဖို့ လာခြင်း ဖြစ်သည်။ အခု လက်ထဲတွင် ဝိညာဉ်ကျောက် ၂၆၀ လောက်ပဲ ကျန်တော့၏။ ဤပိုက်ဆံနှင့် ဆေးမြစ် မည်မျှ ဝယ်လို့ ရမည်နည်း မသိချေ။

ဟုန်ရှောင်ပေါင် တွေးတောနေစဉ်... တခြား တစ်နေရာတွင် သူ့အကြောင်း ပြောဆိုနေကြသူများ ရှိနေခဲ့သည်။

..........

လေယင်မြို့တော်...

ဟုန်ရှောင်ပေါင်၏ ဆိုင်ခန်းနှင့် မျက်နှာချင်းဆိုင်... လမ်းတစ်ဖက်ခြမ်းရှိ ရှေးဟောင်း အိမ်ကြီးတစ်လုံးတွင် ဖြစ်၏။

လေယင်နန်းဆောင်သည် အပြင်စည်း ဂိုဏ်းသားများကို အဆောင်များတွင် စုပြုံထားလေ့ ရှိသော်လည်း ငွေကြေးတတ်နိုင်သူများ၊ အဆင့်မြင့်သူများအတွက်တော့ သီးသန့် အိမ်ရာများ စီစဉ်ပေးထားသည်။ ဒီအိမ်ကြီးတွင် ပန်းခြံငယ်လေးတစ်ခု ပါရှိပြီး စာကြည့်ဆောင်လည်း ပါဝင်သည်။

စာကြည့်ဆောင်သည် ကျယ်ဝန်းပြီး စာအုပ်စင်ကြီးများ၊ အလှပန်းအိုးများဖြင့် သပ်ရပ်စွာ ပြင်ဆင်ထားသည်။ အခန်းလယ်တွင် လက်ဖက်ရည်ဝိုင်းလေး တစ်ခု ရှိ၏။ ထိုဝိုင်းတွင် လူငယ် သုံးဦး ထိုင်ပြီး လက်ဖက်ရည် သောက်နေကြသည်။ ပြတင်းပေါက်မှ လှမ်းကြည့်လျှင် ဟုန်ရှောင်ပေါင်၏ ဆိုင်ကို ကောင်းကောင်း မြင်နေရ၏။

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက လက်ဖက်ရည်ခွက်ကို မလိုက်ပြီး တစ်ဖက်လူကို မေးလိုက်သည်။ “ကြားမိသလောက်တော့ မျက်နှာချင်းဆိုင်က ဆိုင်ကို လူသစ်တစ်ယောက် လာဝယ်သွားတယ်ဆို... မင်းတို့ သိကြလား”

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အစိမ်းရောင် ဝတ်စုံနှင့် လူငယ်က ခေါင်းခါလိုက်၏။ “မသိပါဘူးကွာ... ဒါပေမဲ့ မနေ့ကတော့ ဝင်သွားတာ တွေ့လိုက်တယ်။ ကြည့်ရတာ ဆေးဖော်ပညာရှင် ထင်ပါရဲ့။ ချန်ယန်တောင် သူ့ကို လက်မြှောက်သွားတယ် ဆိုပဲ”

“ဟေ... ဟုတ်လား”

ခရမ်းရောင်ဝတ် လူငယ် ကျားဟွမ် အံ့သြသွားသည်။ “ဒါကြောင့်ကိုး... ဝိညာဉ်ကျောက်တုံး ၈၀၀ တောင် ပေးပြီး ဆိုင်ဖွင့်နိုင်တာ။ ဆေးဖော်ပညာရှင် ဖြစ်နေလို့ပဲ”

“ဒါပေမဲ့ ကြာကြာခံမှာ မဟုတ်ပါဘူးကွာ”

အပြာရောင် ဝတ်စုံနှင့် တတိယ လူငယ် ချောင်ပင်းက ဝင်ပြောလိုက်၏။ သူ့လေသံက မနာလိုမှုတွေ ပြည့်နှက်နေ၏။ “ဒီဆိုင်က တစ်နှစ်အတွင်း သုံးခါလောက် ပိုင်ရှင် ပြောင်းနေပြီ။ ဘယ်သူမှ မဝယ်ကြဘူး။ လိုချင်ရင် ဂိုဏ်းကနေ တိုက်ရိုက် လဲလို့ ရနေတာပဲဟာ... ဘာကိစ္စ ဒီဆိုင်အစုတ်မှာ လာဝယ်နေကြမှာလဲ”

သူက လက်ဖက်ရည်ကို မော့သောက်လိုက်ပြီး ဆက်ပြော၏။ “မင်းတို့ ပြောတဲ့ ကောင်က... ဦးနှောက်မရှိတဲ့ ဆေးဖော်ပညာရှင်ပဲ ဖြစ်မှာပါ။ ပိုက်ဆံ ပေါနေလို့ လာဖြုန်းတာ နေမှာပေါ့”

“ချောင်ပင်း ပြောတာလည်း ဟုတ်တာပဲ”

ကျားဟွမ် ခေါင်းညိတ်လိုက်သည်။ “ထားလိုက်ပါတော့ကွာ... ပါရမီကုန်ခမ်းပြီး ဒီမှာ လာသောင်တင်နေတဲ့ ကောင်တွေထဲက တစ်ယောက် ဖြစ်မှာပါ”

ပြီးတော့ စကားလမ်းကြောင်း လွှဲလိုက်၏။ “ဒါနဲ့... အစ်ကိုကြီးယဲ့ကျင်းနင်က အစ်မကြီးယွင်ချိုင်ရှောင်ကို အသေအလဲ လိုက်နေတယ်ဆို... ဟုတ်လား”

“အေးလေ... သူက ဒုတိယ အကြီးအကဲရဲ့ သားဆိုတော့ အဲ့ဒီလောက်တော့ ရှိမှာပေါ့”

ချောင်ပင်းက မဲသိုးသိုး မျက်နှာထားဖြင့် ပြောလိုက်သည်။ “ငါတို့လိုလူတွေအတွက်တော့ ယွင်ချိုင်ရှောင်ဆိုတာ အိပ်မက်ထဲမှာပဲ မှန်းဆလို့ ရတာလေ”

“ဟားဟား... မင်းက ယွင်ချိုင်ရှောင်ကို စိတ်ဝင်စားနေတာလား” ကျားဟွမ်က ရယ်မောပြီး မေးလိုက်၏။

All Chapters