← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အပိုင်း (၂၅) ငါက ငတုံးမှ မဟုတ်တာ။

“ဟမ့် ..”

ချောင်ပင်းက ဝိုင်တစ်ငုံ သောက်လိုက်ပြီး ကျားဟွမ်ကို စောင်းကြည့်လိုက်၏။

“အပြင်စည်း ဂိုဏ်းသားတွေတင် မကဘူး... အတွင်းစည်း ဂိုဏ်းသားတွေထဲမှာရော ယွင်ချိုင်ရှောင်အပေါ် စိတ်မလှုပ်ရှားတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ။ မင်းလည်း လာမပြောနဲ့... ငါ မယုံဘူး”

ကျားဟွမ်က ခေါင်းညိတ်ပြီး ရယ်မောလိုက်သည်။ “အေးပါကွာ... အပြိုင်အဆိုင် ကြိုးစားကြတာပေါ့။ ငါကတော့ သိပ်မမျှော်လင့်ပါဘူး။ ကံတရားပေါ့”

“ဟုတ်လား... ငါကတော့ ယွင်ချိုင်ရှောင်ကို လေးစားရုံ သတ်သတ်ပါ”

ချောင်ပင်းက အသံတိုးတိုးဖြင့် ပြောလိုက်၏။ စိတ်ထဲမှာတော့ စိတ်ပျက်နေမိသည်။ ယွင်ချိုင်ရှောင်က လှပလွန်းတော့ လိုချင်မိတာ သဘာဝပင်။ သို့ပေမည့် သူ့အဆင့်အတန်းနှင့် ဆိုလျှင် မိုးနှင့်မြေလို ကွာခြားနေသောကြောင့် လက်လှမ်းမမီနိုင်မှန်း သိနေ၏။ အထူးသဖြင့် ဒုတိယ အကြီးအကဲ၏ သား၊ ပါရမီရှင် ယဲ့ကျင်းနင်နှင့် ယှဉ်လိုက်လျှင် သူတို့က ဘာမှ မဟုတ်တော့ချေ။

သူတို့နှစ်ယောက် ငြင်းခုံနေစဉ်... ဘေးတွင် တိတ်တိတ်လေး ထိုင်နေသည့် ကျန်းမောင်က ရုတ်တရက် အသံထွက်လာသည်။ “ယွင်... ယွင်ချိုင်ရှောင်...”

“ဟင် .. ဘယ်မှာလဲ” ကျားဟွမ်နှင့် ချောင်ပင်း နှစ်ယောက်သား ပြိုင်တူ မေးလိုက်ကြ၏။

ကျန်းမောင်က ခဏတာ တိတ်ဆိတ်နေပြီးမှ ပြတင်းပေါက် အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

ကျားဟွမ်နှင့် ချောင်ပင်း နှစ်ယောက်သား လှမ်းကြည့်လိုက်ကြ၏။

ကျောက်ပြားခင်း လမ်းမကျယ်ကြီးပေါ်တွင် အဖြူရောင် ဝတ်စုံလေး ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး လျှောက်လာနေသည်။ ဆံနွယ်ရှည်များ လေအဝှေ့တွင် လွင့်ပျံနေပြီး မျက်နှာလေးက ပန်းပွင့်လေးတစ်ပွင့်လို လှပနေ၏။ သူမသည် ဘေးဘီဝဲယာကို ကြည့်ရင်း တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံရသည်။

ထိုမိန်းကလေး လှည့်ကြည့်လိုက်သောအခါ ကျားဟွမ်နှင့် ချောင်ပင်း နှစ်ယောက်သား အသက်ရှူ ရပ်မတတ် ဖြစ်သွားကြ၏။

“တကယ်ကြီး... ယွင်ချိုင်ရှောင်ပဲ...”

စောနက စိတ်မဝင်စားပါဘူးဆိုပြီး ပြောနေကြသည့် လူနှစ်ယောက် …. ယခုတော့ မျက်တောင်မခတ် တန်းငေးနေကြပြီ ဖြစ်သည်။

ယွင်ချိုင်ရှောင်သည် မျက်မှောင်လေး ကြုတ်ကာ ဟိုကြည့်ဒီကြည့် လုပ်နေပြီးနောက်... သူမ၏ မျက်လုံးများက ဗြမ္မာဦး ကုန်စုံဆိုင် ဆိုင်းဘုတ်ပေါ် ရောက်သွား၏။

သူမက မေးစေ့လေးကို ပွတ်သပ်လိုက်ပြီး ဆိုင်ဘက်သို့ လျှောက်သွားလိုက်သည်။

“ဗြမ္မာဦး ကုန်စုံဆိုင်... ယွင်ချိုင်ရှောင်က အဲ့ဒီဆိုင်ကို သွားတာလား။ ပစ္စည်း ဝယ်မလို့လား” ချောင်ပင်း စဉ်းစားမရ ဖြစ်နေသည်။

ထိုအချိန် ဘေးနားတွင် ထိုင်နေသော ကျားဟွမ်က မတ်တပ်ရပ်လိုက်၏။ အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်လိုက်ပြီး ပြော၏။ “မင်းတို့ ဆက်ပြောနေကြအုံး .. ငါ ရုတ်တရက် သတိရလို့... ပစ္စည်း ဝယ်စရာ လိုနေတာ။ အိမ်ရှေ့က ဆိုင်ဆိုတော့ အဆင်ပြေသားပဲ။ သွားကြည့်လိုက်အုံးမယ်”

ပြောပြောဆိုဆိုနှင့် ကျားဟွမ် တစ်ယောက် အခန်းပြင် ထွက်သွားလေတော့၏။ ခြေလှမ်းတွေကတော့ ဗြမ္မာဦး ကုန်စုံဆိုင်ဆီသို့ ဦးတည်လို့နေသည်။

ချောင်ပင်း တစ်ယောက် သုံးစက္ကန့်လောက် ကြောင်နေပြီးမှ သတိဝင်လာ၏။ “တောက်... ပါးစပ်ကသာ မလိုချင်ဘူး ပြောနေတာ။ လက်တွေ့ကျတော့ အမြန်ဆုံးပဲ”

ချောင်ပင်းလည်း မတ်တပ်ရပ်လိုက်ပြီး ကျန်းမောင်ကို နှုတ်ဆက်ခြင်းပင် မပြုဘဲ အပြင်သို့ ပြေးထွက်သွားသည်။ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေ၏။ “ဘာကွ... လေးစားရုံ သတ်သတ်ပါဆို... ချီးတဲ့မှ”

ကျန်းမောင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ လက်ဖက်ရည် ပူပူလေး သောက်ရင်း ခဏ စဉ်းစားလိုက်သည်။ “အင်း... ငါလည်း ဝယ်စရာ ရှိသလိုလိုပဲ...”

နောက်ဆုံးတော့ သုံးယောက်လုံး ဆိုင်ဘက်သို့ ထွက်လာကြတော့၏။

..........

ဗြမ္မာဦး ကုန်စုံဆိုင် အတွင်း...

ဟုန်ရှောင်ပေါင် တစ်ယောက် အိပ်ငိုက်နေစဉ် တံခါးခေါက်သံကြောင့် လန့်နိုးလာ၏။ “ဒုက္ခပါပဲ... နောက်တစ်ယောက် လာပြီး ပြဿနာ ရှာပြန်ပြီလား”

ဆိုင်မဖွင့်ရသေးခင်တည်းက ပြဿနာတွေ တက်နေတာ စိတ်ညစ်စရာပင်။ သို့ပေမည့် မဖွင့်၍လည်း မရချေ။ ဟုန်ရှောင်ပေါင် တံခါးကြားကနေ ချောင်းကြည့်လိုက်သည်။ ဘာမှ မမြင်ရပေ။

စိတ်မရှည်တော့ဘဲ တံခါး ဆွဲဖွင့်လိုက်သည်။

“ကိုကိုရှောင်ပေါင်...”

တံခါးဝတွင် ရပ်နေသူကို မြင်လိုက်ရချိန်မှာတော့ ဟုန်ရှောင်ပေါင် အံ့သြဝမ်းသာ ဖြစ်သွား၏။ “ချိုင်ရှောင်...”

မထင်မှတ်ဘဲ ယွင်ချိုင်ရှောင် ရောက်လာလိမ့်မည်ဟု တွေးမထားခဲ့ချေ။ စောနက သူမ နေသည့်နေရာ မေးဖို့ မေ့နေခဲ့သောကြောင့် စိတ်ညစ်နေတမိသည်။ ယခုတော့ အတော်ပင်။

“ဝင်... ဝင်ပါ ညီမလေး” ဟုန်ရှောင်ပေါင်က ယွင်ချိုင်ရှောင်ကို ဆိုင်ထဲ ဖိတ်ခေါ်လိုက်၏။

ယွင်ချိုင်ရှောင် ဆိုင်ထဲ ဝင်ကြည့်လိုက်သည်။ မဆိုးလှချေ။ ဤဆိုင်က ကျားဟွမ်တို့ အိမ်က စာကြည့်ဆောင် ထက်တောင် ကျယ်ဝန်းသေးသည်။ ဝိညာဉ်ကျောက်တုံး ၈၀၀ ပေးရတာ တန်ပေသည်။

ဆိုင်ထဲတွင် ကောင်တာ အသီးသီး ခွဲထားသည်။ သိုင်းကျမ်းနှင့် လက်နက် ကောင်တာ၊ ဆေးဝါးနှင့် ဆေးမြစ် ကောင်တာ၊ လူသုံးကုန် ကောင်တာ စသည်ဖြင့် စုံလင်လှ၏။ သို့ပေမည့် ပစ္စည်းတွေကတော့ သိပ်မရှိသေးချေ။

ယွင်ချိုင်ရှောင် လှည့်ပတ်ကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ကိုကိုရှောင်ပေါင်... ဘာလို့ ဒီဆိုင်ကို ငှားလိုက်တာလဲဟင်”

“ဟဲဟဲ... ညီမလေး စဉ်းစားကြည့်လေ”

ဟုန်ရှောင်ပေါင်က ပြုံးလိုက်၏။ “ကိုကိုက အခုမှ စကျင့်ကြံမယ့် လူသစ်လေ။ အဆင့်တက်ဖို့ဆိုရင် အရင်းအမြစ်တွေ အများကြီး လိုတာပေါ့။ ဂိုဏ်းက ပေးတာကိုပဲ ထိုင်စောင့်နေရင် ကြာနေမှာ။ တာဝန် ထမ်းဆောင်ရင်လည်း ပင်ပန်းပြီး ရတာ နည်းတယ်။ အကောင်းဆုံးကတော့ စီးပွားရေး လုပ်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သုံးတာ အမြန်ဆုံးပဲ”

“ဒါပေမဲ့...”

ယွင်ချိုင်ရှောင်က သဘောမတူစွာ ခေါင်းခါလိုက်သည်။ “ဂိုဏ်းထဲမှာ ဘယ်သူမှ ဆိုင်တွေကနေ ပစ္စည်းမဝယ်ကြဘူး။ ယုံကြည်စိတ်ချရတဲ့ ဂိုဏ်းဘဏ္ဍာတိုက်ကနေပဲ တိုက်ရိုက် လဲလှယ်ကြတာ။ အရင်တုန်းက အပြင်ဆိုင်တွေက ဝယ်သုံးပြီး သိုင်းကျင့်ရင်း လမ်းမှားရောက်ကုန်တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးလို့လေ။ ကိုကို့ ဆိုင်မှာ ဘယ်သူက လာဝယ်မှာလဲ”

ယွင်ချိုင်ရှောင် ပြောတာ အမှန်ပင် ဖြစ်၏။ သို့ပေမည့် သူမက ဟုန်ရှောင်ပေါင်၏ အထူးစွမ်းရည်ကို မသိသေးပေ။

ဟုန်ရှောင်ပေါင်က ရယ်မောလိုက်၏။ “ညီမလေးချိုင်ရှောင်က ကိုကို့ကို အထင်သေးတာလား။ ကိုကိုက သိုင်းမကျင့်နိုင်တဲ့ အချိန်တုန်းကတောင် ဒုတိယအဆင့် သိုင်းသမား ယဲ့ကျင်းနင်ကို ဆော့ကစားခဲ့တာ မေ့သွားပြီလား”

“ခစ်... ခစ်...” ယွင်ချိုင်ရှောင် ရယ်မောလိုက်မိသည်။

နန်းတော်ထဲတုန်းက ယဲ့ကျင်းနင် တစ်ယောက် အိမ်သာတက်ရင်း ဒုက္ခရောက်ခဲ့ရသည်ကို သတိရသွားခဲ့၏။ ဟုတ်ပေသည် ... ကိုကိုရှောင်ပေါင်က ဉာဏ်များလွန်းသည်။ သူ မလုပ်နိုင်တာ မရှိပေ။

“ကောင်းပါပြီ... ကိုကို့ သဘောပါပဲ။ ကိုကို့မှာ အစီအစဉ် ရှိမှာပါလေ”

“ဒါပေါ့... ကိုကို က ငတုံးမှ မဟုတ်တာ” ဟုန်ရှောင်ပေါင် ပြုံးလိုက်၏။

နှစ်ယောက်သား ကြည်နူးစွာ စကားပြောရန် ပြင်နေစဉ်မှာပင်...

“အစ်မကြီးယွင်...”

အသံတစ်သံ ကြားလိုက်ရသောကြောင့် နှစ်ယောက်သား လှည့်ကြည့်လိုက်ကြသည်။ ဆိုင်ပေါက်ဝတွင် လူငယ် သုံးဦး ရပ်နေကြသည်။

ကျားဟွမ်၊ ချောင်ပင်းနှင့် ကျန်းမောင် တို့ပင် ဖြစ်သည်။ သူတို့ သုံးယောက်လုံး ယွင်ချိုင်ရှောင်ကို ကြည့်ပြီး ပြုံးဖြီးဖြီး လုပ်နေကြ၏။

“ရှင်တို့က... ဘယ်သူတွေလဲ”

ယွင်ချိုင်ရှောင် နားမလည် ဖြစ်သွားသည်။ မျက်နှာတွေကတော့ ရင်းနှီးသလိုလို ရှိသော်လည်း မည်သူမှန်း မမှတ်မိချေ။

“အာ...” ကျားဟွမ် မျက်နှာပျက်သွား၏။ သူက ယွင်ချိုင်ရှောင်ကို တွေ့တိုင်း နှုတ်ဆက်နေကျ မဟုတ်ပါလား။ ယခုထိ သူ့နာမည်ကို မမှတ်မိသေးဘူးလား။ သို့ပေမည့် မတတ်နိုင်ပေ။ ရှေ့ဆက်တိုးမှ ရပေမည်။

“အစ်မကြီးယွင်... ကျုပ်က ကျားဟွမ် ပါ။ မေ့သွားပြီလားဗျ”

“ကျားဟွမ်...”

ယွင်ချိုင်ရှောင် စဉ်းစားလိုက်သည်။ ခဏကြာမှ... “ဪ... မှတ်မိပြီ။ ရှင်တို့က ဟိုဘက်အိမ်က လူတွေ မလား။ ကျွန်မ ဒီကို သိပ်မလာတော့ မမှတ်မိတာပါ။ ခွင့်လွှတ်ပါ”

“ရပါတယ်... ရပါတယ်...” ကျားဟွမ် ဝမ်းသာသွား၏။ မှတ်မိသည် ဆိုသည်နှင့်တင် ကျေနပ်နေသင့်ပြီ။

ချောင်ပင်းက ဝင်ပြောလိုက်သည်။ “အစ်မကြီးယွင်က ပစ္စည်း လာဝယ်တာလား။ ကျုပ်တို့လည်း ဒီဆိုင် ဖွင့်ပြီဆိုလို့ လာအားပေးတာ”

သူတို့ စကားမဆုံးခင် ဟုန်ရှောင်ပေါင်က ဝင်ပြောလိုက်၏။ “ကြိုဆိုပါတယ်ဗျာ... မိတ်ဆွေတို့ ဘာလိုချင်လို့လဲ။ ပြောသာပြောပါ... လိုချင်တာ အကုန်ရစေရမယ်”

ကျားဟွမ်တို့ သုံးယောက် ဟုန်ရှောင်ပေါင်ကို ကြည့်လိုက်ကြသည်။

ဒီကောင်လေးက ဘာကောင်လဲ။ ငါတို့က ယွင်ချိုင်ရှောင်နဲ့ စကားပြောချင်လို့ လာတာ။ မင်းနဲ့ ပြောချင်တာ မဟုတ်ဘူး။

ထိုသို့ တွေးလိုက်မိသော်လည်း ယွင်ချိုင်ရှောင်၏ ရှေ့မို့ ယဉ်ကျေးဟန် ဆောင်လိုက်ကြ၏။

“အင်း... ငါတို့က ဆေးမြစ် လာကြည့်တာ။ မင်းဆိုင်မှာ ဘာတွေ ရှိလဲ” ကျားဟွမ်က ဟန်လုပ်ပြီး မေးလိုက်၏။

All Chapters