အခန်း ၂၆
Vol. 3 Ch. 26
အပိုင်း (၂၆) လူငယ်... ဘဝင်မမြင့်စမ်းပါနဲ့။
ဤအကောင်တွေ၏ အကြည့်ကို ကြည့်လိုက်သည်နှင့် ဟုန်ရှောင်ပေါင် ချက်ချင်း ရိပ်မိလိုက်၏။
တောက်... ငါက ငတုံးမှ မဟုတ်တာ။ ငါ့မိန်းမကို လာပြီး ပစ်မှားနေမှန်း သိသာလွန်းနေပြီ။ ငါ့ဆိုင်ဖွင့်စမို့လို့သာ သည်းခံနေတာ။ မဟုတ်ရင် ဒီကောင်တွေ သွားကျိုးကုန်ပြီ
စိတ်ထဲတွင် ကြိမ်းဝါးနေသော်လည်း မျက်နှာကတော့ ပြုံးဖြီးဖြီးပင် ဖြစ်သည်။
ဟုန်ရှောင်ပေါင် ဝင်ရောက် နှောင့်ယှက်လိုက်သောကြောင့် ယွင်ချိုင်ရှောင်နှင့် စကားပြောခွင့် မရတော့သည့် ချောင်ပင်းက မကျေမနပ် ဖြစ်သွား၏။ မျက်မှောင်ကြုတ်ကာ ဟုန်ရှောင်ပေါင်ကို စောင်းကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
“ငါ့ရဲ့ ဓားသိုင်းပညာက အခုတလော တစ်နေရာမှာ တစ်ဆို့နေသလို ဖြစ်နေတယ်။ တိုးတက်မှု မရှိတာ ကြာပြီ။ မင်းတို့ဆိုင်မှာ ဓားသိုင်းကျမ်း ကောင်းကောင်း ရှိလား။ ရှိရင် ပြစမ်း”
“ဓားသိုင်းကျမ်း ဟုတ်လား...”
ဟုန်ရှောင်ပေါင် ပြုံးလိုက်၏။ “ရှိတာပေါ့... ဟိုဘက်မှာ အများကြီးပဲ။ လိုက်ခဲ့”
ဟုန်ရှောင်ပေါင်က ကောင်တာတစ်ခုဆီသို့ ခေါ်သွားသည်။ စင်ပေါ်တွင် သိုင်းကျမ်းအဟောင်းလေးတွေ စီထား၏။
ချောင်ပင်းက မျက်မှောင်ကြုတ်ပြီး စာအုပ်တစ်အုပ်ကို ကောက်လှန်ကြည့်လိုက်သည်။ နှစ်မျက်နှာလောက် ဖတ်ပြီးသည်နှင့် စားပွဲပေါ်သို့ ပစ်ချလိုက်၏။
“ဒါ ဘာစာအုပ်လဲ... ဓားသိုင်း အခြေခံ တဲ့လား။ ငါက ပထမအဆင့် သိုင်းသမား ဖြစ်နေပြီကွ။ ဓားသိုင်းမှာ ဆရာတစ်ဆူ ဖြစ်နေပြီ။ ဒီလို ကလေးကစားစရာ စာအုပ်မျိုးကို ငါ့ လာပြနေတာလား။ ဒါတွေက ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဟာတွေပဲ” ချောင်ပင်းက ဟုန်ရှောင်ပေါင်ကို အထင်သေးသလို ကြည့်လိုက်သည်။
ဘေးနားက ယွင်ချိုင်ရှောင်လည်း မျက်မှောင်ကြုတ်လိုက်မိ၏။ ကိုကိုရှောင်ပေါင်၏ ဆိုင်က ယခုမှဖွင့်တာ ဖြစ်သောကြောင့် ပစ္စည်းကောင်းတွေ မရှိသေးတာ ပုံမှန်ပင်။ ဤလူက တမင်သက်သက် ပြဿနာ ရှာနေမှန်း သိသာလွန်းလှ၏။
ကျားဟွမ်လည်း ဝင်ကြည့်ပြီး ခေါင်းခါလိုက်သည်။ “အင်း... နည်းနည်းတော့ အဆင့်နိမ့်လွန်းနေတယ်”
ဟုန်ရှောင်ပေါင်ကတော့ အပြုံးမပျက် ရပ်နေဆဲပင်။ သူ့ဆိုင်က စာအုပ်တွေက အခြေခံအဆင့်တွေဆိုတာ မှန်ပေသည်။ သို့ပေမည့် ချောင်ပင်း ပြောသလို ကလေးကစားစရာ အဆင့်တော့ မဟုတ်ချေ။ တမင်သတ်သတ် ပြဿနာ ရှာနေခြင်းသာ ဖြစ်၏။
ထိုအချိန်တွင် ဟုန်ရှောင်ပေါင်၏ လက်ကောက်ထဲမှ ယင်းကျိုယို၏ ဝိညာဉ် ထွက်ပေါ်လာခဲ့သည်။ ကုလားထိုင် တစ်လုံးပေါ်တွင် ခြေချိတ်ထိုင်ပြီး ချောင်ပင်းတို့ကို အရူးတွေလို ကြည့်ကာ ပြုံးလိုက်၏။ သူ၏ မျက်လုံးများ အရောင်တောက်သွားသည်။
“ဟေ့ကောင်လေး... နားထောင်။ ဒီကောင် ဘာဖြစ်နေလဲဆိုတာ ငါ ပြောပြမယ်...” ယင်းကျိုယိုက ချောင်ပင်း၏ အခြေအနေကို အကုန် ခရေစေ့တွင်းကျ ပြောပြလိုက်၏။
ဟုန်ရှောင်ပေါင် နားထောင်ရင်း မျက်လုံး ပြူးသွားသည်။ ကောင်းကင်ဘုံ ... ဒီလိုတွေတောင် ဖြစ်နေတာလား...
ချောင်ပင်းက ဟုန်ရှောင်ပေါင် ကြောင်နေသည်ကို မြင်တော့ ထပ်ရစ်ရန် ပြင်လိုက်သည်။ သို့ပေမည့် ဟုန်ရှောင်ပေါင်က လက်ကာပြလိုက်ပြီး ဆရာကြီး လေသံဖြင့် ဆုံးမလိုက်၏။
“လူငယ်လေး ... ဘဝင်မမြင့်စမ်းနဲ့။ ကိုယ့်အခြေအနေ ကိုယ်မသိဘဲ အမြင့်ကို လှမ်းချင်တာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးနော်”
“ဘာ... မင်း ဘာပြောလိုက်တယ်”
ချောင်ပင်း ဒေါသထွက်သွားသည်။ ဆိုင်ရှင် အသစ်စက်စက် ကောင်လေးက သူ့ကို ဆရာလုပ်လို့နေသည်။
ဟုန်ရှောင်ပေါင်က အေးအေးဆေးဆေးပင်။
“ကျုပ် ပြောတာ ရှင်းရှင်းလေးပါ။ ခင်ဗျားက အခြေခံ မပိုင်ဘဲ အဆင့်မြင့်တာ လိုချင်နေတာ။ အဲ့ဒါ မကောင်းဘူးလို့ ပြောတာ”
“ဟမ့်... အခြေခံ မပိုင်ဘူး ဟုတ်လား”
ချောင်ပင်းက လှောင်ပြုံး ပြုံးလိုက်၏။ “မင်းဆိုင်က အမှိုက်စာအုပ်တွေကို ရောင်းချင်လို့ ငါ့ကို လာပြီး တရားချနေတာလား။ ငါ့ကို သုံးနှစ်သား ကလေးများ မှတ်နေလား။ အစ်မကြီး ယွင်ချိုင်ရှောင် ရှိနေလို့သာ ငါက လာကြည့်ပေးတာ။ မင်းဆိုင်က ပစ္စည်းတွေက အမှိုက်တွေချည်းပဲ”
ပြီးတော့ ယွင်ချိုင်ရှောင်ဘက်သို့ လှည့်ပြီး မျက်နှာချိုသွေး လိုက်သည်။ “အစ်မကြီးယွင်... ဒီဆိုင်က ဘာမှ သုံးစားမရပါဘူး။ အစ်မကြီး လိုချင်တာ ရှိရင် ကျုပ်တို့နဲ့ လိုက်ခဲ့ပါ။ တခြားဆိုင် ကောင်းကောင်းတွေ အများကြီး ရှိပါတယ်”
ကျားဟွမ်နှင့် ကျန်းမောင်တို့လည်း ယွင်ချိုင်ရှောင်ကို ကြည့်နေကြ၏။
သို့ပေမည့် ယွင်ချိုင်ရှောင်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောချေ။ သူတို့ နည်းနည်းတော့ အံ့သြသွားကြသည်။
တောက်... ငါ့ရှေ့မှာတင် ငါ့မိန်းမကို လာကြောင်နေတယ်ပေါ့လေ။ ဟုန်ရှောင်ပေါင် သည်းမခံနိုင်တော့ပေ။
“ချောင်ပင်း... ဟုတ်လား”
ဟုန်ရှောင်ပေါင်က ချောင်ပင်းကို စိုက်ကြည့်လိုက်၏။ “ခင်ဗျားရဲ့ အခုလို စိတ်ဓာတ်နဲ့ဆိုရင်... ဒီတစ်သက် ဓားပန်း နှစ်ပွင့် ဆင့်ပြီး ထိုးနိုင်မှာ မဟုတ်ဘူး”
ဝုန်း …။
ချောင်ပင်း၏ ခေါင်းထဲ မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားသည်။ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဟုန်ရှောင်ပေါင် ကို ပြူးကြည့်လိုက်၏။ “မင်း... မင်း ဘယ်လို သိတာလဲ”
သူ ယနေ့ ဓားသိုင်းကျမ်း လာရှာရသည့် အကြောင်းရင်းက ထိုကြောင့်ပင် မဟုတ်ပါလား။
သူ့ဓားသိုင်းက တစ်နေရာတွင် တစ်ဆို့နေတာ ကြာလှပြီ ဖြစ်သည်။ ဓားပန်း တစ်ပွင့်သာ ထိုးနိုင်၏။ ဓားပန်း နှစ်ပွင့်၊ သုံးပွင့် ဆင့်ထိုးနိုင်မှ သိုင်းပညာ ပြည့်ဝသည်ဟု ဆရာသမားတွေက ပြောကြသည်... ။ ယခု သူက မည်သို့မှလုပ်မရဖြစ်လို့နေသည်။ ထိုကိစ္စကို မည်သူမှ မသိချေ။ အခန်းဖော်တွေ ဖြစ်သည့် ကျားဟွမ်တို့တောင် မသိပေ။ ထိုအရာကို ဤကောင်လေးက အဘယ်သို့ တန်းသိနေရတာနည်း။
ကျားဟွမ်၊ ကျန်းမောင်နှင့် ယွင်ချိုင်ရှောင်တို့ပါ အံ့သြသွားကြ၏။ ချောင်ပင်း၏ မျက်နှာပျက်သွားပုံကို ကြည့်လျှင် ဟုန်ရှောင်ပေါင် ပြောတာ မှန်နေပုံရသည်။
ဟုန်ရှောင်ပေါင်ကတော့ အေးအေးဆေးဆေးပင်။ “ခင်ဗျား ပုံစံကြည့်ရတာ ဓားပန်း နှစ်ပွင့် ထိုးနိုင်မယ့် ရုပ်မှ မဟုတ်တာ”
“မင်း...”
ချောင်ပင်း ဒေါသထွက်လွန်း၍ မျက်နှာ နီရဲလာ၏။ “ငါက ဓားသိုင်းနဲ့ မိစ္ဆာကောင်တွေ ဘယ်နှစ်ကောင် သတ်ခဲ့လဲ မင်း သိလား”
“သိစရာ မလိုပါဘူး...”
ဟုန်ရှောင်ပေါင်က မျက်လုံးလှန် ကြည့်လိုက်သည်။ “မိစ္ဆာကောင် တစ်ရာ သတ်လည်း... ခင်ဗျားက ဓားပန်း တစ်ပွင့်ပဲ ထိုးနိုင်တာပဲလေ။ ဘာထူးလို့လဲ”
“မင်း...”
ချောင်ပင်း သွေးအန်လုမတတ် ဖြစ်သွား၏။ “ကောင်းပြီ... ငါ မထိုးနိုင်ဘူး ထားလိုက်။ မင်းကရော... မင်းက ထိုးနိုင်လို့လား။ မင်းသာ ဓားပန်း နှစ်ပွင့် ထိုးပြနိုင်ရင် ငါ မင်းကို ဆရာတင်မယ်။ မလုပ်နိုင်ရင်တော့... ဒီနေ့ မင်းဆိုင်ကို ရိုက်ချိုးပစ်မယ်”
ဟုန်ရှောင်ပေါင်က ချောင်ပင်းကို ခေါင်းစောင်းကြည့်လိုက်သည်။ “ကျုပ်က ဓားပန်း တစ်ရာလောက် ထိုးပြနိုင်ရင်တောင်... ခင်ဗျားကတော့ တစ်ပွင့်ပဲ ထိုးနိုင်အုံးမှာပဲလေ... ဘာဆိုင်လို့လဲ”
ချောင်ပင်း ဆွံ့အသွား၏။ “ချီးတဲ့မှ …”