← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အပိုင်း (၂၇) လက်ဗလာဖြင့် ဓားသွားဖမ်းယူခြင်း။

"မင်းလိုကောင်ကများ ဓားသိုင်းအကြောင်း လာပြောချင်သေးတယ်ပေါ့လေ..."

ချောင်ပင်း၏ အမူအရာက ရုတ်ခြည်း တည်ငြိမ်သွား၏။ သူ၏ မျက်ဝန်းအစုံသည် ရေခဲတမျှ အေးစက်သွားပြီး ဟုန်ရှောင်ပေါင်အား သေလူတစ်ယောက်ကို ကြည့်သည့်အလား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ဆေးဖော်စပ်နည်း တောက်တိုမည်ရ တတ်ကျွမ်းရုံနှင့် ပါရမီအသင့်အတင့်ရှိသော ဤကဲ့သို့သော လူငယ်မျိုး ဂိုဏ်းထဲတွင် ဒုနဲ့ဒေးပင်။ သူ ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်လန့်တကြား သေးထွက်ကျသွားမည့် ကောင်မျိုးတွေချည်းသာ ဖြစ်သည်။ သို့ဖြစ်ရာ ဤကောင်လေးအား ပညာအနည်းငယ် ပေးလိုက်ရန် သူ ဆုံးဖြတ် လိုက်သည်။

"ကျား..."

ချောင်ပင်းက ကြုံးဝါးရင်း ဓားနှင့် ထိုးစိုက်လိုက်သည်။ ဓားထိပ်ဖျား တုန်ခါသွားသည်နှင့်အတူ လှပသော ဓားပန်းတစ်ပွင့် ပွင့်အာလာ၏။

လှပလိုက်သည့် ဓားပန်း... သေစေနိုင်လောက်အောင်ပင် ထက်ရှသော ဓားပန်းဖြစ်သည်။ ယခင်ကဆိုလျှင် ဤဓားကွက်ကို မြင်လိုက်ရုံနှင့်ပင် ပြိုင်ဘက်များ ကြောက်လန့်တကြား ဖင်ထိုင်ရက် ကျသွားတတ်ကြသည်။

ချောင်ပင်း၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ခပ်ရေးရေး ပေါ်လာသည်။ ဟုန်ရှောင်ပေါင်ကဲ့သို့ လူမျိုးကို ဓားနှင့် ထိုးရသည်မှာပင် သူ၏ သိက္ခာကျလှသည်ဟု တွေးလိုက်မိသေး၏။

သို့ပေမည့် ... ကြောက်လန့်တကြား ငြိမ်သက်သွားရမည့် ဟုန်ရှောင်ပေါင်က... ရုတ်တရက် လှုပ်ရှားလိုက်သည်။

ဖြောင်း...

လက်ခုပ်တီးလိုက်သကဲ့သို့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ဟုန်ရှောင်ပေါင်၏ လက်ဝါးနှစ်ဖက်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ညှပ်ကဲ့သို့ ပိတ်သွားပြီး ချောင်ပင်း၏ ဓားသွားကို အလယ်မှ တိကျသေချာစွာ ညှပ်ဖမ်းလိုက်လေတော့သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ချောင်ပင်း၏ မျက်နှာကြီး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူ၏ မျက်လုံးထဲတွင် အမှိုက်စလေးလို မြင်ထားသည့် ကောင်လေးက... သူ၏ ဓားကို သက်တောင့်သက်သာ ဖမ်းချုပ်ထားလိုက်ပြီ ဖြစ်၏။

ချောင်ပင်းသည် ဓားကို အတင်းဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့ရာတွင် မရချေ။ ဓားမှာ သံတိုင်ကြား ညပ်နေသကဲ့သို့ တုပ်တုပ်မျှ မလှုပ်ပေ။

မယုံနိုင်စရာပင်။ သူက သူကိုယ်သူ ဓားသိုင်းရူးဟုပင် တင်စားထားသူ မဟုတ်ပါလား။ ပထမအဆင့် သိုင်းသမားများထဲတွင် ထိပ်တန်းအဆင့်ရှိသူ ဖြစ်၏။ ယခုတော့... ဤဆိုင်ရှင်လေး၏ ရှေ့မှောက်တွင် ယှဉ်မရအောင် ရှုံးနိမ့်သွားခဲ့ပြီလား။

ချောင်ပင်း ကြက်သေသေသွားမိသည်။ စကားလုံးများပင် ဆွံ့အပျောက်ရှသွား၏။ သူ မည်သို့ ရှုံးနိမ့်သွားမှန်းပင် မသိလိုက်ပေ။ ဟုန်ရှောင်ပေါင်က ပေါ့ပေါ့ပါးပါးလေး လက်ဝါးရိုက်ဖမ်းလိုက်ရုံနှင့် သူ၏ ဓားချက်က ရပ်တန့် သွားခဲ့သည်။ ကြောက်စရာ ကောင်းလွန်းလှသည်။ အိမ်ခန်းဖော်များထဲတွင် အတော်ဆုံးဖြစ်သည့် ကျားဟွမ် ပင်လျှင် ဤသို့ လုပ်နိုင်မည် မဟုတ်ပေ။

ဘေးနားရှိ ကျားဟွမ်မှာလည်း မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေလေပြီ။ ချောင်ပင်း၏ လက်ရည်ကို သူ အသိဆုံးဖြစ်၏။ ယခု ဟုန်ရှောင်ပေါင်၏ ရှေ့တွင်တော့ ချောင်ပင်းက ကလေးကစားစရာတစ်ခုလို ဖြစ်သွားခဲ့ရပြီလား။

ယွင်ချိုင်ရှောင်ကမူ မျက်ဝန်းလေးများ အရောင်လက်ကာ စိတ်ဝင်တစား ကြည့်နေသည်။ သူမ၏ ကိုကိုရှောင်ပေါင်က အံ့အားသင့်စရာတွေကို တစ်ခုပြီးတစ်ခု လုပ်ပြနေလေသည်။

"မင်း... မင်းက ဒီလောက်တောင် စွမ်းတာလား" ချောင်ပင်းက တုန်ယင်နေသော အသံဖြင့် မေးလိုက်၏။

စောစောက သူ့ကို ဆူပူကြိမ်းမောင်းရဲသည်မှာ အကြောင်းမဲ့ မဟုတ်ပါလား။ တကယ် အစွမ်းရှိသောကြောင့်ပင်။ ချောင်ပင်း၏ ရင်ထဲမှ ဒေါသများ လျော့ကျသွား၏။ အမှိုက်တစ်စက သူ့ကို လာဟောင်လျှင် သည်းခံနိုင်မည် မဟုတ်သော်လည်း... ပညာရှင်တစ်ယောက်၏ ဝေဖန်မှုကိုတော့ သူ လက်ခံနိုင်သည်။

ယွင်ချိုင်ရှောင်၏ ရှေ့တွင်ပင် လက်ခံရဲ၏။

"မင်း... မင်း ဘယ်လို လုပ်လိုက်တာလဲ။ မင်းက ဓားသိုင်းပါရဂူ တစ်ယောက်များလား" ချောင်ပင်းက ထိတ်လန့်တကြား မေးလိုက်သည်။

"မဟုတ်ပါဘူး..."

ဟုန်ရှောင်ပေါင်က ခေါင်းခါလိုက်၏။ မျက်နှာထားက တည်ငြိမ်အေးဆေးနေသော်လည်း မိုးထိအောင် ကြွားလုံးထုတ်လိုက်၏။ "ကျုပ် ဓားသိုင်းပါရဂူ မဟုတ်ဘူး။ ဓားသိုင်းဆိုတာ တစ်ခါမှတောင် မကျင့်ဖူးဘူး။ ဒါကတော့... ကျုပ်ဘာသာ စိတ်ကူးပေါက်ပြီး ထွင်ထားတဲ့ 'လက်ဗလာဖြင့် ဓားသွားဖမ်းယူခြင်း' ဆိုတဲ့ သိုင်းကွက်လေးပါ"

"မဖြစ်နိုင်တာ"

ချောင်ပင်းက မချင့်မရဲ အော်ဟစ်လိုက်သည်။ "မင်း ဘယ်လိုလုပ် ဓားသိုင်း တစ်ခါမှ မကျင့်ဖူးရမှာလဲ။ ငါ … ချောင်ပင်းက ဓားကို ကိုင်လာတာ ဆယ်နှစ်ကျော်ပြီ။ ပထမအဆင့် ထိပ်ဆုံးကို ရောက်လုနီးပါး ဖြစ်နေပြီ။ ဓားသိုင်းကျမ်း ဆယ်အုပ်ကျော် လေ့လာဖူးတယ်။ ဓားသိုင်း တစ်ခါမှ မကျင့်ဖူးတဲ့ လူတစ်ယောက် လက်ထဲမှာ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ"

ချောင်ပင်းမှာ လုံးဝ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်နေမိ၏။

ဘေးလူများလည်း မျက်မှောင်ကြုတ်သွားကြသည်။ ဟုန်ရှောင်ပေါင်က တကယ် မတတ်တာလား... သို့မဟုတ် တမင်သတ်သတ် ချောင်ပင်းကို စိတ်ဓာတ်ကျအောင် လုပ်နေတာလား။

ယွင်ချိုင်ရှောင် တစ်ယောက်တည်းသာ ပြုံးနေ၏။ ကိုကိုရှောင်ပေါင် တကယ် မတတ်ဘူးဆိုသည်ကို သူမ သိနေသည်ကိုး။

"ကျုပ် က ခင်ဗျားကို လိမ်စရာ အကြောင်းရှိလို့လား" ဟုန်ရှောင်ပေါင်က မျက်လုံးလှန်ကာ ကြည့်လိုက်သည်။

"မင်းသာ ဓားသိုင်း မကျင့်ဖူးရင်... ငါ့ဓားကွက်ကို ဘယ်လိုများ ချိုးဖျက်လိုက်တာလဲ"

ချောင်ပင်းက ဇွဲမလျှော့ဘဲ မေးနေဆဲ ဖြစ်၏။ သူသည် ဓားသိုင်းသမားချင်း ရှေ့တွင်ဆိုလျှင် ရှုံးနိမ့်မှုကို လက်ခံနိုင်သော်လည်း သာမန်လူတစ်ယောက်ရှေ့တွင်တော့ အရှုံးမပေးနိုင်ချေ။

"ရှင်းရှင်းလေးပါ..."

ဟုန်ရှောင်ပေါင်က ချောင်ပင်းကို စိုက်ကြည့်ကာ ရှင်းပြ၏။ "ပထမအချက် … မင်းက ဘဝင်မြင့်လွန်းတယ်။ သာမန် တိုက်ကွက်လေးတစ်ကွက်နဲ့ ငါ့ကို နိုင်မယ်လို့ ထင်နေတာကိုက မင်းရဲ့ အမှားပဲ"

ဟုန်ရှောင်ပေါင်၏ လှောင်ပြုံးကြောင့် ချောင်ပင်း၏ မျက်နှာကြီး နီရဲသွားသည်။ ရှက်လွန်း၍ ခေါင်းပင် မဖော်ဝံ့တော့ပေ။ ဟုတ်ပေသည်... သူက တကယ်ပင် တစ်ဖက်လူကို အထင်သေး လျှော့တွက်ခဲ့မိသည်။

"ဒုတိယအချက် .. ဓားသိုင်းဆိုတာ တိကျရမယ်၊ ပေါ့ပါးရမယ်၊ လျင်မြန်ရမယ်။ ဒါပေမဲ့ ခင်ဗျားက ခွန်အားကိုပဲ အဓိက သုံးနေတယ်။ ဓားရဲ့ သဘောသဘာဝကို မေ့လျော့နေတယ်။ ဒါကြောင့် ခင်ဗျားရဲ့ ဓားသိုင်းက အပြင်က ရွှေချထားပြီး အတွင်းက ဝါဂွမ်း ဖြစ်နေတာ။ ကြည့်ကောင်းရုံပဲ ရှိတယ်... အနှစ်မှ မပါတာ။ ဒါကြောင့် ကျုပ် အလွယ်တကူ ဖမ်းချုပ်နိုင်တာပေါ့"

ချောင်ပင်း ကြက်သေ သေနေ၏။ ဆယ်နှစ်လုံးလုံး သွေးချွေးရင်းကာ ကြိုးစားခဲ့ရသည့် သူ၏ ဓားသိုင်းက... တစ်ဖက်လူ၏ ပါးစပ်ဖျားတွင် အသုံးမကျသည့်အရာ ဖြစ်သွားခဲ့သည်။ ပိုဆိုးသည်က... တစ်ဖက်လူ ပြောနေသည်များမှာ အကြောင်းအကျိုး ညီညွတ်နေပြီး သူကိုယ်တိုင်လည်း တကယ် ရှုံးနိမ့်ထားရတော့ ငြင်းဆန်စရာ စကား မရှိတော့ပေ။

ချောင်ပင်း စဉ်းစားခန်း ဝင်နေချိန်မှာပင် ဟုန်ရှောင်ပေါင်က ထပ်မေးလိုက်သည်။ "ပြီးတော့ ခင်ဗျား... အဆင့်တူညီတဲ့ မိစ္ဆာကောင်တွေနဲ့ တိုက်ခိုက်ရင်... အဆင့်တူ လူသားတွေနဲ့ တိုက်တာထက် ဒဏ်ရာပိုရလေ့ ရှိတယ် မလား"

"ဟင်..."

ချောင်ပင်း တစ်ကိုယ်လုံး တုန်ခါသွား၏။ မျက်လုံးများ ပြူးကျယ်သွားပြီး အာမေဍိတ်သံဖြင့် အော်မေးလိုက်သည်။ "မင်း... မင်း ဘယ်လို သိတာလဲ"

မည်သူမှ မသိသည့် သူ၏ လျှို့ဝှက်ချက်။ သူ မိစ္ဆာကောင်များနှင့် တိုက်ခိုက်တိုင်း အမြဲတမ်း အထိနာလေ့ ရှိသည်။ အဘယ့်ကြောင့်ဆိုသည်ကို သူကိုယ်တိုင်ပင် မသိချေ။ ဤအချက်ကို ဆိုင်ရှင်က မည်သို့ သိနေရတာနည်း။

"ဟဲဟဲ..."

ဟုန်ရှောင်ပေါင်က အဓိပ္ပာယ်ပါပါ ရယ်မောလိုက်၏။ "ဒါတင် ဘယ်ကမလဲ... တစ်ခါတုန်းက မြို့ပြင်မှာ ခင်ဗျား သေလုနီးပါး ဖြစ်ခဲ့ဖူးတယ် မလား။ နောက်ဆုံးအချိန်မှာ ကံကောင်းလို့သာ အဲ့ဒီ မိစ္ဆာကောင်ကို သတ်နိုင်ခဲ့တာ။ မဟုတ်ရင် ဒီလောကမှာ ချောင်ပင်းဆိုတဲ့လူ ရှိတော့မှာ မဟုတ်ဘူး"

"မင်း... မင်းက ဘယ်သူလဲ... ငါ့အကြောင်းတွေ ဘာလို့ ဒီလောက် အကုန်သိနေရတာလဲ"

ချောင်ပင်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။ ကျောချမ်းသွား၏။ လူတစ်ယောက်က ကိုယ့်ထက် သိုင်းပိုတော်နေခြင်းက ကြောက်စရာ မကောင်းလှချေ။ သို့သော်ငြား မိမိ၏ အတိတ်က လျှို့ဝှက်ချက်များ၊ အားနည်းချက်များကိုပါ ကွင်းကွင်းကွက်ကွက် သိနေသည့် လူတစ်ယောက်ဆိုလျှင်တော့... သရဲဘီလူးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ထိတ်လန့်စရာ ကောင်းလွန်းနေသည်။

All Chapters