← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အပိုင်း (၂၉) ခင်ဗျားက ကျုပ်ကို ဒုတိယအကြိမ် မွေးဖွားပေးလိုက်တာပါပဲ။

"ဟူး..."

ချောင်ပင်း မျက်လုံးကို မှိတ်ကာ လေးပင်သော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ ပြန်ဖွင့်လိုက်သော အခါတွင်တော့ သူ၏ မျက်လုံးများက တောက်ပနေပြီ ဖြစ်သည်။ သူက ဟုန်ရှောင်ပေါင်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်၏။

"ကောင်းပါပြီ... အစ်ကိုကြီးဟုန်။ ကျုပ်ဓားမော့ ကို စမ်းသုံးကြည့်ပါ့မယ်။ ကျေးဇူးပြုပြီး သင်ပေးပါ"

ဟုန်ရှောင်ပေါင်က ခေါင်းညိတ်လိုက်ပြီး ဆိုင်ထဲမှ ဓားမော့ကြီး တစ်လက်ကို ကမ်းပေးလိုက်သည်။

"မှတ်ထား... ခင်ဗျားရဲ့ စိတ်နေသဘောထားက ကြမ်းတမ်းပြီး ပွင့်လင်းတယ်။ ဒါကြောင့် အသေးစိတ်တွေကို ဂရုစိုက်နေစရာ မလိုဘူး။ စိတ်သွားတိုင်း ကိုယ်ပါ လှုပ်ရှားလိုက်။ ဓားမော့သိုင်း အခြေခံထဲကအတိုင်း အားကုန် လွှဲခုတ်ပစ်လိုက်။ ဘာအပြောင်းအလဲမှ လုပ်နေစရာ မလိုဘူး" ဟုန်ရှောင်ပေါင်က အသံကျယ်ကျယ်ဖြင့် လမ်းညွှန်လိုက်၏။

ချောင်ပင်း ရင်ထဲ တုန်ခါသွားသည်။ "စိတ်သွားတိုင်း ကိုယ်ပါ... အပြောင်းအလဲ လုပ်စရာ မလိုဘူး..."

"အသက်ကို အောင့်ထား... စိတ်အာရုံကို ဓားသွားပေါ် ပို့ထား... ပြီးရင် မျက်လုံးမှိတ်ပြီး ဓားကို ကိုယ့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလို သဘောထားပြီး လွှဲလိုက်စမ်း"

ချောင်ပင်း ခေါင်းညိတ်လိုက်၏။ ဟုန်ရှောင်ပေါင် ပြောသည့်အတိုင်း တသွေမတိမ်း လိုက်လုပ်၏။

"ဓားမော့ဆိုတာ သိုင်းဓားနဲ့ မတူဘူး။ သူက လက်နက်ပေါင်းစုံရဲ့ သတ္တိခဲ ပဲ။ ရှေ့ကို တိုးဝင်မဲ့ သတ္တိ ရှိရမယ်။ ဘယ်အချိန်ဖြစ်ဖြစ် မိုးထိအောင် မြင့်မားတဲ့ စိတ်ဓာတ် ရှိရမယ်။ ဓားမော့သိုင်းဆိုတာ တံခါးကြီးကို ဖွင့်ပြီး လမ်းမကြီးပေါ် လျှောက်သလိုပဲ... ရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေ မလိုဘူး။ ဒါပေမဲ့ စွမ်းအားကတော့ လျော့မသွားစေရဘူး"

ဟုန်ရှောင်ပေါင်၏ အသံက ဟိန်းထွက်နေ၏။ "ဓားမော့သိုင်းရဲ့ နည်းလမ်း ရှစ်သွယ်... ရိုက်၊ ခုတ်၊ ပိုင်း၊ နှက်၊ ဝှေ့၊ ယမ်း၊ ထိုး၊ သိမ်း..."

ဟုန်ရှောင်ပေါင်က ဓားမော့သိုင်း အခြေခံများကို အော်ဟစ် ရွတ်ပြလိုက်သည်။

ချောင်ပင်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွား၏။ ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သလို ခံစားလိုက်ရသည်။ သူသည် ခန္ဓာကိုယ်ထဲမှ နည်းပါးလှသော ဝိညာဉ်စွမ်းအင်များကို လက်ထဲက ဓားမော့ကြီး ဆီသို့ အလျင်အမြန် ပို့လွှတ်လိုက်၏။ ပြီးနောက် ... အားကုန် လွှဲခုတ်လိုက်၏။

ချောင်ပင်း တစ်ယောက် လုံးလုံးလျားလျား စိတ်ပါဝင်စားလာ၏။ သူ၏ရင်ထဲတွင် ယခင်က မရှိဖူးသည့် ရဲရင့်ပြတ်သားမှုမျိုး ပေါ်ပေါက်လာသည်။

တစ်ချက် ခုတ်လိုက်တိုင်း လေတိုးသံများ ဝှီးခနဲ ထွက်ပေါ်လာပြီး သစ်ရွက်ကြွေများကို လှည်းကျင်းပစ်လိုက်သလို အားပါလှ၏။ လက်မောင်းက လက်ညှိုးကို ညွှန်စေသလို... စိတ်ရှိတိုင်း လှုပ်ရှားလို့ ရနေသည်။ ဤစကားလုံးက ယခုအခြေအနေနှင့် ကွက်တိပင် ဖြစ်၏။

ဓားမော့ကြီးက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသလိုပင်။ ဆယ်နှစ်လောက် ကိုင်လာသည့် သိုင်းဓားထက်တောင် ယခုမှ ကိုင်သည့် ဓားမော့က ပိုပြီး လက်ထဲတွင် အံဝင်ခွင်ကျ ဖြစ်နေသည်။

'ငါက တကယ်ပဲ ဓားသိုင်းနဲ့ မလိုက်ဖက်ဘဲ... ဓားမော့သိုင်းနဲ့ လိုက်ဖက်နေတာလား' ချောင်ပင်း ကိုယ်တိုင်တောင် ကြောင်အသွား၏။

ဒီလောက် နှစ်တွေ အကြာကြီး လွဲမှားခဲ့တာလား။ အရာအားလုံးက အလကား ဖြစ်ခဲ့တာလား။ ဒါပေမဲ့ ထူးဆန်းတာက... ဓားမော့ကိုင်လိုက်တာနှင့် ခံစားချက်က ပိုကောင်းလာတာပဲ။

ဟုန်ရှောင်ပေါင်က ဘေးနားမှ စကားလုံး အနည်းငယ်ဖြင့် လမ်းညွှန်ပေးလိုက်ရုံနှင့်တင် သူ၏ လှုပ်ရှားမှုတွေက ချောမွေ့သွားသည်။

တကယ့် ဆရာကြီး ပါလား။

ယခင် သိုင်းဓား လေ့ကျင့်တုန်းကဆိုလျှင် တစ်ကွက်ရဖို့ နေ့မအား ညမအား ကျင့်ခဲ့ရသည်။ ယခုကျတော့ ခဏလေးအတွင်းမှာတင် ကျွမ်းကျင်သလို ခံစားနေရပြီ ဖြစ်၏။ ထိုအရာက မှော်ဝင်နေသလို မြန်လွန်းနေသည်။

ဘေးနားတွင် ရပ်ကြည့်နေသော အိမ်စေအဘိုးကြီးလင်းမှာလည်း သူ့သခင်လေးကို ကြည့်ပြီး မျက်တောင်မခတ်နိုင် ဖြစ်နေ၏။

ရုတ်တရက်... ဟုန်ရှောင်ပေါင်က အော်လိုက်သည်။ "ခုတ်လိုက်စမ်း..."

ဟုန်ရှောင်ပေါင် အသံဆုံးသည်နှင့် တစ်ပြိုင်နက် ချောင်ပင်း၏ မျက်လုံးများ ပွင့်လာ၏။ လက်ကောက်ဝတ်ကို လှည့်ပြီး ဓားမော့ကြီးကို အားကုန် ခုတ်ပိုင်းချလိုက်သည်။

ဝှစ်...

ဓားမော့ကြီး ဝှေ့ယမ်းလိုက်သည့် အရှိန်ကြောင့် လေထုက ကွဲအက်သွားသလို အသံမြည်သွား၏။

ဘုန်း...

လေထု ပေါက်ကွဲသံနှင့်အတူ... ချောင်ပင်း၏ ဓားသွားထိပ်တွင်... ဓားပန်းတစ်ပွင့် ပွင့်အာလာသည်။

ချောင်ပင်း၏ မျက်နှာကြီး နီရဲသွား၏။ တုန်လှုပ်အံ့သြလွန်း၍ အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ သူ... သူ ပထမဆုံးအကြိမ် လေ့ကျင့်တာနှင့်တင် ဓားပန်း တစ်ပွင့် ထိုးနိုင်ခဲ့ပြီ ဖြစ်၏။

သိုင်းဓားတုန်းက ဆယ်နှစ်လောက် ကျင့်မှ ရခဲ့သည့် အရာကို... ယခု ချက်ချင်း ရလိုက်သည်လား။

ဓားပန်း တစ်ပွင့်...။

အဝေးက ကြည့်နေသည့် ကျားဟွမ်တို့နှစ်ယောက်လည်း မျက်လုံးတွေ ပြူးထွက်မတတ် ဖြစ်သွား၏။ ၏

ယွင်ချိုင်ရှောင် လည်း မျက်လုံးလေးတွေ အရောင်တောက်နေသည်။ အံ့သြမှုကို ဖုံးဖိမထားနိုင်ချေ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာနည်း။

ဟုန်ရှောင်ပေါင်ကတော့ ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်ရင်း လက်ဖက်ရည်ခွက်ကို မော့လိုက်၏။ "အင်း... လက်ဖက်ရည်က သောက်လို့ ကောင်းသားပဲ"

"ငါ... ငါ ဓားပန်း ထိုးနိုင်လိုက်တယ်... ပထမဆုံး အကြိမ်မှာတင်..."

ချောင်ပင်း မတ်တပ်ရပ်လျက်သား ရှိနေသည်။ စိတ်လှုပ်ရှားလွန်း၍ လက်ထဲက ဓားမော့ကြီးပင် မြေကြီးပေါ် ပြုတ်ကျသွား၏။ သူ့မျက်ဝန်းအိမ်များ နီရဲလာသည်။ မျက်ရည်များ ဝဲလာ၏။

"အစ်ကိုပင်း... ကြည့်ရတာ အစ်ကိုက အဖေ့ခြေရာ နင်းနိုင်မယ့်သူပဲ။ တကယ်ကို ဓားမော့သိုင်းနဲ့ ပါရမီ ပါတာပဲ။ ပထမဆုံးအကြိမ်မှာတင် ဓားပန်း ပွင့်တယ်ဆိုတာ ရိုးမှ မရိုးတာ"

ကျန်းမောင်က ဝမ်းသာအားရ ဝင်ပြောသည်။ သူက ရိုးသားသူမို့ သူငယ်ချင်းအတွက် တကယ် ဂုဏ်ယူပေးနေခြင်း ဖြစ်၏။

ချောင်ပင်းက ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။

"ဒါ အကန့်အသတ်လို့ ထင်နေတာလား" ရုတ်တရက် ဟုန်ရှောင်ပေါင်၏ အသံ ထွက်ပေါ်လာ၏။

ချောင်ပင်း မော့ကြည့်လိုက်သည်။

"ဓားကို ကောက်ကိုင်လိုက်..." ဟုန်ရှောင်ပေါင်က အမိန့်ပေးလိုက်၏။

ချောင်ပင်း ခဏတာ ကြောင်သွားပြီးနောက် မြေကြီးပေါ်က ဓားကို ကောက်ကိုင်လိုက်သည်။

ယခုအချိန်တွင် ဟုန်ရှောင်ပေါင်အပေါ် သူ၏ ယုံကြည်မှုနှင့် လေးစားမှုက အမြင့်ဆုံးသို့ ရောက်နေပြီ ဖြစ်သည်။ ဟုန်ရှောင်ပေါင် ဘာခိုင်းခိုင်း သူ လုပ်တော့မည်။ သူ့ကို တစ်ခါမှ မကိုင်ဖူးသည့် ဓားမော့ကြီးကို ကိုင်ခိုင်းပြီး ချက်ချင်း ဓားပန်း ပွင့်အောင် လုပ်ပေးနိုင်သည့် လူတစ်ယောက်ကို မယုံလျှင် မည်သူ့ကို ယုံရမည်နည်း။ သူ့အဖေတောင် ဤမျှ မစွမ်းပေ။

"ဓားဆိုတာ လူရဲ့သည်းခြေပဲ။ သည်းခြေက ကြီးရမယ်... စိတ်နှလုံးက မာကျောရမယ်... အရှိန်အဝါက တောင်ကြီးတစ်လုံး လို မားမားမတ်မတ် ရှိပြီး မိုးကောင်းကင်ကို ထိုးဖောက်နိုင်ရမယ်"

ဟုန်ရှောင်ပေါင်က ချောင်ပင်း ဘေးနားတွင် ရပ်ပြီး တစ်လုံးချင်း လေးနက်စွာ ပြောလိုက်၏။ စကားလုံးတိုင်းက ချောင်ပင်း၏ ရင်ထဲ စွဲထင်သွားသည်။

"ဓားက လူဖြစ်ရမယ်... လူက ဓားဖြစ်ရမယ်... လူက ကြောက်ရွံ့ခြင်း ကင်းမဲ့နေရင်... ဓားက မဖြိုခွင်းနိုင်တာ မရှိစေရဘူး... ခုတ်ပိုင်းလိုက်စမ်း..." ဟုန်ရှောင်ပေါင် အော်ဟစ်လိုက်သည်။

"ကျား..." ချောင်ပင်း အော်ဟစ်ပြီး ဓားကို လွှဲလိုက်၏။

ဝှစ်...

လေတိုးသံနှင့်အတူ ဓားပန်း တစ်ပွင့် ပေါ်လာသည်။ ထို့နောက်... မယုံနိုင်စရာ ကောင်းလောက်အောင်ပင်... နောက်ထပ် ဓားပန်း တစ်ပွင့် ထပ်ဆင့် ပေါ်ထွက်လာသည်။

"ဆက်လုပ်... မရပ်နဲ့။ ဓားက လက်ထဲ ရောက်နေပြီဆိုရင် အရာအားလုံးကို အနိုင်ယူနိုင်တဲ့ သတ္တိ ရှိရမယ်" ဟုန်ရှောင်ပေါင်က တွန်းအားပေးလိုက်သည်။

"ဟုတ်ကဲ့..." ချောင်ပင်း အော်ဟစ်လိုက်ပြီး ဓားကို ထပ်လွှဲလိုက်ပြန်၏။

ဘုန်း...

လေထုကို ခွဲလိုက်သလို အသံကြီး ထွက်ပေါ်လာသည်။

ဓားပန်း တစ်ပွင့်... ပြီးတော့ နှစ်ပွင့်...။ ဓားပန်း နှစ်ပွင့် ဆင့်ပြီး ပွင့်သွား၏။

"ဒါ..."

ချောင်ပင်း လက်ထဲမှ ဓား လွတ်ကျသွားပြန်သည်။ သူ ကြက်သေ သေသွား၏။ ဓားပန်း နှစ်ပွင့်တဲ့လား... ဆယ်နှစ်ကျော်ကြာ သိုင်းဓား လေ့ကျင့်ခဲ့တုန်းက အိပ်မက်ထဲမှာသာ မက်ခဲ့ရသည့် အရာ။ မည်သို့မျှ မအောင်မြင်နိုင်ခဲ့သည့် အရာ။

ယခု... အစ်ကိုကြီးဟုန်၏ လမ်းညွှန်မှုအောက်မှာ မိနစ်ပိုင်း အတွင်း အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ ထိုအရာက ရူးချင်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းနေသည်။

ဘေးနားရှိ ကျားဟွမ်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ "ဒါ... ဒါ... ချောင်ပင်းက ပါရမီရှင် ဖြစ်သွားတာလား။ ပထမဆုံး အကြိမ်မှာတင် ဓားပန်း နှစ်ပွင့် ထိုးနိုင်တယ်ဆိုတာ..."

အပြင်စည်း ဂိုဏ်းသားတွေ အများကြီး ရှိပေမည့် ဤသို့ လုပ်နိုင်သည့်လူ ရှားလှသည်။ ကျားဟွမ်နှင့် ကျန်းမောင်တို့ စကားလုံးများ ပျောက်ရှကုန်၏။ အံ့သြမှုက ရုတ်တရက် ဆန်လွန်းနေသည်။

ယွင်ချိုင်ရှောင်လည်း ငေးကြည့်နေမိ၏။ သူမ၏ဖခင်... လေယင်နန်းဆောင်၏ အစောင့်အရှောက်ကြီး ကိုယ်တိုင်တောင် လူတစ်ယောက်ကို ဤမျှ မြန်မြန် တိုးတက်အောင် သင်ပေးနိုင်ပါ့မလား မသေချာပေ။

"အစ်ကိုကြီးဟုန်..."

ရုတ်တရက် ချောင်ပင်း အော်ဟစ်လိုက်သည်။ အသံကျယ်လွန်းသောကြောင့် ဟုန်ရှောင်ပေါင်ပင် လန့်သွား၏။

"အစ်ကိုကြီးဟုန်..."

ချောင်ပင်း၏ မျက်ရည်များ ကျဆင်းလာသည်။ "ကျုပ် .. ချောင်ပင်း... သိုင်းဓားကို ဆယ်နှစ်ကျော် လေ့ကျင့်ခဲ့ပေမဲ့ တိုးတက်မှု မရှိခဲ့ဘူး။ အခု အစ်ကိုကြီးရဲ့ စကားတစ်ခွန်းတည်းနဲ့... ကျုပ်တစ်ခါမှ မထိတွေ့ဖူးတဲ့ ဓားမော့သိုင်းမှာ အောင်မြင်မှု ရခဲ့ပါပြီ"

ချောင်ပင်းက ဟုန်ရှောင်ပေါင်ရှေ့တွင် ဒူးထောက်ချလိုက်၏။ "အစ်ကိုကြီးဟုန်... ခင်ဗျားက ကျုပ်ကို ဒုတိယအကြိမ် မွေးဖွားပေးလိုက်တဲ့ မိဘပါပဲဗျာ..."

All Chapters