အခန်း ၃၀
Vol. 3 Ch. 30
အပိုင်း (၃၀) တကယ်ကို လိမ္မာတဲ့ ကလေးပဲ။
ချောင်ပင်းလို သိုင်းရူး တစ်ယောက် အဖို့ သိုင်းပညာဆိုတာ ဒုတိယ အသက်ပင် ဖြစ်၏။ သူ့ကို လမ်းမှားဖြစ်သည့် ဓားသိုင်းကနေ လမ်းမှန်ဖြစ်သည့် ဓားမော့သိုင်းဆီ ဆွဲခေါ်ပေးလိုက်သည့် လူတစ်ယောက်ကို ဒုတိယ မိဘဟု ခေါ်တာ မလွန်ပါပေ။
ပြောပြီးသည်နှင့် ချောင်ပင်းသည် ဟုန်ရှောင်ပေါင်ကို သုံးကြိမ်ဆက်တိုက် ဦးညွှတ် ဂါရဝပြုလိုက်သည်။ မည်သူမျှ လာမတားနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ဦးညွှတ်လိုက်ခြင်း ဖြစ်၏။
"ဟင်..." ဟုန်ရှောင်ပေါင် အံ့သြသွားသည်။ ဤကောင်လေးက အတည်ပေါက်ကြီးပါလား။
ဦးညွှတ်ပြီးမှ ချောင်ပင်း မတ်တပ်ပြန်ရပ်လိုက်ပြီး လေးနက်စွာ မေးလိုက်၏။ "ဆရာဟုန်... ကျုပ်ဓားမော့သိုင်းနဲ့ ပါရမီပါတယ်ဆိုတာ ယုံကြည်ပါပြီ။ ဒါပေမဲ့ သိချင်တာလေး တစ်ခု ရှိလို့ပါ။ ကျုပ်ရဲ့ စိတ်နေသဘောထားကို ဆရာ ဘယ်လိုလုပ် တစ်ချက်ကြည့်ရုံနဲ့ သိတာလဲ။"
ဆယ်နှစ်ကျော် လေ့ကျင့်လာသည့် စွဲလမ်းမှုဆိုတော့ မေးခွန်းထုတ်ချင်တာ သဘာဝပင် ဖြစ်၏။
“မင်းနဲ့ ငါ ပဲ ပြောတော့မယ်နော်။”
ဟုန်ရှောင်ပေါင်က ပြုံးလိုက်သည်။ "ရှင်းရှင်းလေးပါ... မင်းရဲ့ စရိုက်က ဓားသိုင်းနဲ့ မကိုက်ညီလို့လေ။ မင်းက စိတ်ဆတ်တယ်၊ ပွင့်လင်းတယ်၊ ချုပ်ချယ်တာကို မကြိုက်ဘူး။ ဟုတ်တယ်မလား"
တကယ်တမ်းကတော့ အဘိုးကြီး ယင်းကျိုယို ပြောပြ၍ သိခြင်း ဖြစ်၏။ သို့ပေမည့် ဟုန်ရှောင်ပေါင်က ဆရာကြီး စတိုင် ဖမ်းရမည် မဟုတ်ပါလား။
ချောင်ပင်း ခေါင်းညိတ်လိုက်သည်။ ဟုန်ရှောင်ပေါင် ပြောသည်မှာ မှန်နေသောကြောင့်ပင်။
"ဒါကြောင့် မင်းနဲ့ ဓားမော့သိုင်းက အလိုက်ဖက်ဆုံး ဖြစ်နေတာ။ ဓားမော့ဆိုတာ လက်နက်တွေရဲ့ သတ္တိခဲ ပဲ။ အရှိန်အဝါကို အဓိက ထားတယ်။ မင်းမှာ အဲ့ဒီ အရှိန်အဝါ ရှိတယ်။ ပြီးတော့ ဓားမော့သိုင်းက အသေးစိတ် သိုင်းကွက်တွေ သိပ်မပါဘူး။ အပြောင်းအလဲ နည်းပြီး စွမ်းအား ပြင်းထန်တယ်။ ဒါက မင်းစရိုက်နဲ့ ကွက်တိပဲ။
ဓားသိုင်းကျတော့ သိမ်မွေ့တယ်၊ စာပေဆန်တယ်။ မင်းနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် တိုးတက်မှု နှေးနေတာပေါ့" ဟုန်ရှောင်ပေါင်က ရေစီးကြောင်းပမာ ရှင်းပြလိုက်၏။
ချောင်ပင်း တစ်ယောက် ကြည်ညိုလေးစားစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ တကယ့် အမြော်အမြင် ရှိသည့် ဆရာကြီးပင်။ ခဏလေး တွေ့လိုက်ရုံနှင့် သူ့ပင်ကိုယ်စရိုက်ကို ဖောက်ထွင်းမြင်နေ၏။ အနှစ်ဆယ်ကျော် လမ်းမှားရောက်နေသည်ကို ချက်ချင်း ပြင်ပေးနိုင်သည်။
ချောင်ပင်း၏ ရင်ထဲတွင် ဟုန်ရှောင်ပေါင်ကို မြစ်ရေကြီးသလို အရှိန်အဟုန်ပြင်းစွာ လေးစားမိသွား၏။
ဘေးနားမှ ကျားဟွမ်နှင့် ကျန်းမောင်တို့လည်း ဘာပြောရမှန်း မသိအောင် ဖြစ်နေကြသည်။ သူတို့ အခန်းထဲမှာတုန်းက ဟုန်ရှောင်ပေါင်ကို အထင်သေးပြီး ပြောခဲ့တာတွေ ပြန်စဉ်းစားမိပြီး ရှက်မိသွားကြသည်။
ဟုန်ရှောင်ပေါင် အပျော်ဆုံး ကိစ္စကတော့... ယွင်ချိုင်ရှောင်၏ စူးစမ်းလိုစိတ် ပြင်းပြနေသည့် မျက်ဝန်းလေးတွေကို မြင်လိုက်ရခြင်း။
ချောင်ပင်း စိတ်ငြိမ်သွားမှ တည်ငြိမ်စွာ ပြောလိုက်၏။ "အစ်ကိုကြီးဟုန်... အစ်ကိုကြီးက ကျုပ်ကို လမ်းမှန် ပို့ပေးခဲ့တယ်။ ဒီကျေးဇူးကို ငွေကြေးနဲ့ ပေးဆပ်ရင် အစ်ကိုကြီးကို စော်ကားရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်... ငယ်စဉ်ကတည်းက ကျုပ်ကိုင်လာတဲ့ ဒီ ရတနာဓား ကို ကျေးဇူးတင် လက်ဆောင်အဖြစ် ပေးပါရစေ"
ပြောပြီးသည်နှင့် အိမ်စေအဘိုးကြီးလင်း၏ လက်ထဲမှ ဓားကို ယူပြီး ဟုန်ရှောင်ပေါင်ကို ကမ်းပေးလိုက်သည်။
"ဟာ..."
ကျန်းမောင် အာမေဍိတ်သံ ထွက်သွား၏။ "ဒါ... ဒါက တတိယအဆင့် လက်နက်လုပ်ပညာရှင် လုပ်ပေးထားတဲ့ ရှန်သံဓား လေ။ ဒါကို ပေးလိုက်မယ် ဟုတ်လား"
ဟုန်ရှောင်ပေါင် ခေါင်းခါလိုက်သည်။ "မင်းရဲ့ ဓားကို ငါက ဘယ်လိုလုပ် ယူရက်မှာလဲ ..."
ပါးစပ်ကသာ ငြင်းနေတာ... မျက်လုံးကတော့ ဓားကို အငမ်းမရ ကြည့်နေ၏။
ရှယ်ပဲဟေ့... ဒီဓားက တော်တော် ဈေးကြီးမယ့်ပုံပဲ။ ရောင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး အများကြီး ရမှာ...
"ယူပါ အစ်ကိုကြီး..."
ချောင်ပင်းက အတင်း ဇွတ်ပေး၏။ သို့နှင့် ဓားကို စားပွဲပေါ် တင်လိုက်ပြီး ... "ဒီဓားက ကျုပ်နဲ့အတူ နှစ်ပေါင်းများစွာ ရှိခဲ့ပေမဲ့ ... အခု ကျုပ်က ဓားမော့လမ်းစဉ်ကို လိုက်တော့မှာဆိုတော့ သူက အပိုဖြစ်သွားပြီ။ အစ်ကိုကြီးကို ပေးလိုက်တာကမှ သူ့တန်ဖိုးကို မပျောက်ပျက်စေမှာပါ။ ကျုပ်အစ်ကိုကြီးရဲ့ မျက်နှာချင်းဆိုင်မှာပဲ နေတာပါ။ နောက်မှ လာလည်ပါအုံးမယ်။"
ပြောပြီးသည်နှင့် ဟုန်ရှောင်ပေါင် ငြင်းချိန် မရအောင် လှည့်ထွက်သွား၏။ ယွင်ချိုင်ရှောင်၏ ရှေ့မှာ မျက်နှာပူစရာတွေ ဖြစ်ခဲ့သမျှ မြန်မြန် ထွက်သွားချင်နေပြီ မဟုတ်ပါလား။
ကျားဟွမ်နှင့် ကျန်းမောင်တို့လည်း ဟုန်ရှောင်ပေါင်ကို လက်သီးဆုပ် နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။ သူတို့ မအပေ.. ယွင်ချိုင်ရှောင်နှင့် ဟုန်ရှောင်ပေါင် ကြားက ဆက်ဆံရေးက သာမန် မဟုတ်မှန်း ရိပ်မိသွားကြပြီ ဖြစ်၏။
လမ်းပေါ် ရောက်သည်နှင့် ချောင်ပင်း တစ်ယောက် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားသည်။ လက်ထဲမှာ ဓားမော့ သော်လည်း ရှိနေသလိုမျိုး လေထဲတွင် ဝှေ့ယမ်းနေသည်။
"ရိုက် .. ခုတ် .. ပိုင်း … နှက်။"
ကျားဟွမ်နှင့် ကျန်းမောင်တို့ ကြည့်ပြီး အံ့သြနေကြသည်။ ပထမဆုံးအကြိမ် လေ့ကျင့်သည်နှင့် ဓားပန်း နှစ်ပွင့် ပွင့်သည်ဆိုခြင်းမှာ ပါရမီရှင် အဆင့်ပင်။ အတွင်းစည်း ဂိုဏ်းသားတွေထဲမှာတောင် ဤသို့သောသူမျိုး ရှားလှ၏။
"ဝှေ့ … ယမ်း … ထိုး .. သိမ်း။"
သာမန် မြို့တွေမှာဆိုလျှင်တော့ ချောင်ပင်းကို အရူးလို့ ထင်ကြမှာ ဖြစ်၏။ သို့ပေမည့် ဤနေရာက သိုင်းသမားတွေ နေသည့် လေယင်မြို့တော်။ လမ်းလယ်ခေါင်မှာ ဉာဏ်အလင်းပွင့် ရပြီး ထအော်တာမျိုးက ရိုးနေပြီ ဖြစ်သည်။ ထို့ကြောင့် လူတွေက အားကျသည့် မျက်လုံးတွေနှင့်သာ ကြည့်နေကြ၏။
"ချောင်ပင်း...လား"
ရုတ်တရက် လှပသော အမျိုးသမီးတစ်ဦး လျှောက်လာပြီး အံ့အားသင့်စွာ ခေါ်လိုက်သည်။ ချောင်ပင်း၏ အစ်မဖြစ်သူ ချောင်ဝမ် ပင်။
ကျားဟွမ်က ဝင်မတားခင်မှာပင် ချောင်ပင်း သတိဝင်လာ၏။ "အစ်မလတ်..."
ချောင်ပင်း ဝမ်းသာအားရ ပြေးသွားသည်။ "အစ်မလတ်ရေ... ကျုပ် ဓားပန်း ပွင့်သွားပြီ။ ဓားပန်း နှစ်ပွင့်တောင် ပွင့်သွားပြီဗျ။ ဟားဟား... အစ်မ ယုံမှာ မဟုတ်ဘူး... နှစ်ပွင့်တောင်နော်"
"ဓားပန်း ဟုတ်လား..."
ချောင်ဝမ် ပြုံးလိုက်၏။ "ဂုဏ်ယူပါတယ် မောင်လေးရယ်။ နောက်ဆုံးတော့ ဒုတိယ ဓားပန်းကို ထိုးနိုင်သွားပြီပေါ့"
"မဟုတ်ဘူး အစ်မရဲ့... သိုင်းဓား မဟုတ်ဘူး။ ဓားမော့... ဓားမော့။"
ချောင်ပင်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ "ကျုပ်လက်နက် ပြောင်းလိုက်ပြီ။ အစ်မ မသိဘူး... ဓားမော့ကမှ ကျုပ်ရဲ့ ဖူးစာဘက် လက်နက်အစစ်ပဲ။ ပထမဆုံး ကိုင်တာနဲ့ ဓားပန်း နှစ်ပွင့် ထိုးနိုင်ခဲ့တယ်ဗျ"
ချောင်ဝမ် နားမလည်တော့ပေ။ မောင်လေးက စိတ်လှုပ်ရှားလွန်းလို့ ရူးသွားသည်လား။ သူမက ကျားဟွမ်တို့ဘက် လှည့်ကြည့်ပြီး မျက်ခုံးပင့်ပြလိုက်၏။
"ဒါ ဘယ်လို ဖြစ်တာလဲ..."
---
ဗြမ္မာဦး ကုန်စုံဆိုင် အတွင်း...
ဟုန်ရှောင်ပေါင် တစ်ယောက် စားပွဲပေါ်က ရှန်သံဓားကို စိုက်ကြည့်ပြီး ရင်ထဲမှာ ကြည်နူးနေမိသည်။ "ဒီ ချောင်ပင်း ကောင်လေးက တကယ် လိမ္မာတာပဲ..."
ပစ္စည်းကို အတင်းထားခဲ့ပြီး ပြန်သွားသည်။ ငြင်းခွင့်တောင် မပေးပေ။ တကယ်ကို လိမ္မာသည့် ကလေးပင်။ လူတိုင်းသာ ချောင်ပင်းလို သဘောကောင်းပြီး လိမ္မာကြလျှင်... လောကကြီးက မည်မျှ သာယာလိုက်မည်နည်း။
ဟုန်ရှောင်ပေါင် တွေးရင်း ပျော်နေမိ၏။
လူတွေ အကုန် ပြန်သွားကြတော့ ဆိုင်ထဲတွင် ဟုန်ရှောင်ပေါင်နှင့် ယွင်ချိုင်ရှောင် နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ယွင်ချိုင်ရှောင်က တံခါးဝမှာ ရပ်ရင်း ပြန်သွားကြသူများကို ငေးကြည့်နေ၏။ အဖြူရောင် ဂါဝန်ရှည်လေး ဝတ်ထားပြီး ခါးမှာ အစိမ်းရောင် ခါးပတ်လေး စည်းထားသည်။ လေတိုးလိုက်တိုင်း ဂါဝန်စလေးများ လွင့်ပျံသွားသည်မှာ ပန်းချီကားတစ်ချပ်အလား လှပလွန်းလှ၏။
သူမက ဟုန်ရှောင်ပေါင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ မျက်နှာပေါ်တွင် အပြုံးနုနုလေး ပေါ်လာ၏။ ဟုန်ရှောင်ပေါင် က အလိုက်တသိပင် ယွင်ချိုင်ရှောင် အနားသို့ လျှောက်သွားလိုက်သည်။
"ကိုကိုရှောင်ပေါင်..."
ယွင်ချိုင်ရှောင်က အပြင်ဘက်က ရွှေရောင် လမ်းမကြီးကို ငေးကြည့်နေသော်လည်း စကားက ဟုန်ရှောင်ပေါင်ကို ပြောနေခြင်း ဖြစ်၏။
"ကိုကို... ဒီလောက် အများကြီး ဘယ်လို သိနေတာလဲဟင်"