အခန်း ၃၁
Vol. 4 Ch. 31
အပိုင်း (၃၁)
ဤမေးခွန်းက တကယ့်ကို ကောင်းမွန်သည့် မေးခွန်းတစ်ခု ဖြစ်ပေသည်။
ဟုန်ရှောင်ပေါင်သည် ခဏတာ တိတ်ဆိတ်သွားမိ၏။ သူ့အနေနှင့် ယင်းကျိုယို ဆိုသည့် အဘိုးအိုအကြောင်းကို ယွင်ချိုင်ရှောင်အား ထုတ်ဖော်ပြောပြရန် မဖြစ်နိုင်ချေ။ ဤကိစ္စသည် ကြီးမားလွန်းလှပြီး လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် ကိစ္စမျိုး ဖြစ်သည်။ အကယ်၍သာ ပေါက်ကြားသွားပါက သူသည် ရှေးဂိုဏ်းကြီး ခြောက်ခုမှ အကြီးအကဲများ၏ စမ်းသပ်ခံ ကြွက်ဖြူလေးတစ်ကောင် ဖြစ်သွားရပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် သူ့ခမည်းတော်သည်လည်း သူ့ကို ကာကွယ်ပေးနိုင်စွမ်း ရှိမည် မဟုတ်ချေ။ ထို့အပြင် ယင်းကျိုယိုပါ ရောနှောကာ ဒုက္ခရောက်သွားနိုင်သည်။
ဟုန်ရှောင်ပေါင်သည် နေ့စဉ်နေ့တိုင်း အဘိုးအိုကို နောက်ပြောင်နေတတ်သော်လည်း ရင်ထဲတွင်မူ လေးစားမှု ရှိသည်။ လေးစားမှုဆိုသည်မှာ ဟန်ဆောင်ပြနေရမည့် အရာမျိုး မဟုတ်ပေ။
“သိုင်းမကျင့်နိုင်တော့ သဘာဝကျကျပဲ စာအုပ်တွေ အများကြီး ဖတ်ဖြစ်တာပေါ့။ နန်းတော်ထဲမှာ သိုင်းပညာရှင်တွေရော၊ ဆေးဖော်ပညာရှင်တွေရော အများကြီး ရှိတာပဲလေ။”
ဟုန်ရှောင်ပေါင်သည် အကြောင်းပြချက် တစ်ခုကို ဖန်တီးလိုက်သည်။ “ကိုကို့ ခမည်းတော်ရဲ့ စာကြည့်တိုက်ထဲမှာ ရှေးဟောင်း စာအုပ်တွေ အများကြီး ရှိတယ်။ အဲဒါတွေကို ပျင်းပျင်းနဲ့ လျှောက်ဖတ်ရင်း မှတ်သားထားလိုက်တာ။ ဒီနေ့ကျမှ ဒီလို အသုံးဝင်လာမယ်လို့ ထင်မထားမိဘူး။”
ယွင်ချိုင်ရှောင်သည် ခေါင်းတစ်ချက် ညိတ်လိုက်၏။
ဟုန်ရှောင်ပေါင် ပေးသည့် အကြောင်းပြချက်သည် ယုတ္တိမတန်လှသော်လည်း အရေးမကြီးပေ။ ယွင်ချိုင်ရှောင်က ရှောင်ပေါင့်ကို ယုံကြည်သည်။ ပို၍ မှန်ကန်စွာ ပြောရလျှင် သူမသည် ဟုန်ရှောင်ပေါင် ဆိုသည့် လူပုဂ္ဂိုလ်ကို ယုံကြည်ခြင်း ဖြစ်သည်။
ဤလူသားတွင် လျှို့ဝှက်ချက် အနည်းငယ် ရှိနေလျှင်ကော ဘာဖြစ်မည်နည်း။ ဓားတစ်လက်သည် လူကောင်းလက်ထဲ ရောက်လျှင် တရားမျှတမှုကို ဖော်ဆောင်နိုင်ပြီး လူဆိုးလက်ထဲ ရောက်လျှင်တော့ အပြစ်မဲ့သူများ ကို သတ်ဖြတ်ရန်သာ သုံးနိုင်၏။
သူမ၏ အမြင်တွင် ကိုကိုရှောင်ပေါင်၏ ဓားသည် တရားမျှတမှုအတွက် အသုံးပြုမည့် ဓားမျိုးသာ ဖြစ်သည်။ ထိုအချက် တစ်ခုတည်းနှင့်ပင် လုံလောက်ပေပြီ။
လေထုအခြေအနေသည် အနည်းငယ် ထူးဆန်းနေသလို ရှိသော်လည်း ယွင်ချိုင်ရှောင်က ချက်ချင်းပင် ပြုံးလိုက်သည်။
“ကိုကိုရှောင်ပေါင်... တကယ်တော့ ညီမလေး နေတဲ့နေရာက ဒီနေရာနဲ့ သိပ်မဝေးဘူး။ အပြင်စည်း ဂိုဏ်းသားတွေ နေတဲ့နေရာမှာပဲ နေတာ။ ညီမရဲ့ သူငယ်ချင်း ညီအစ်မ နှစ်ယောက်က ကိုကို့အကြောင်း ကြားပြီး တွေ့ချင်နေကြတယ်။”
ဟုန်ရှောင်ပေါင် ဝမ်းသာအားရ ပြောလိုက်၏။ “ကောင်းတာပေါ့။ သူတို့ကို ဒီခေါ်လာခဲ့ပြီး လာဆော့ခိုင်းလိုက်လေ။”
ယွင်ချိုင်ရှောင်က ပြုံးလျက် ပြောလိုက်သည်။ “အင်း... ညီမလည်း ပြန်ပြီး ပစ္စည်းသိမ်းစရာ ရှိသေးတာနဲ့ အတော်ပဲ။”
“ပစ္စည်းသိမ်းမယ် ဟုတ်လား။”
ယွင်ချိုင်ရှောင်က ခေါင်းညိတ်လိုက်၏။ “ဒီကို လာတုန်းက ကိုကို မြင်ခဲ့မှာပေါ့။ လေယင် နန်းဆောင်ရဲ့ အပေါ်ဘက် ကောင်းကင်ယံမှာ လျှပ်စီးတွေ လက်နေတဲ့ နေရာတစ်ခု ရှိတယ်။
အဲဒါက ဂိုဏ်းရဲ့ မြင့်မြတ်နယ်မြေ ဖြစ်တဲ့ လေယင် ရေကန် တည်ရှိရာ နေရာပဲ။ လေယင် ရေကန်က သုံးနှစ်မှ တစ်ကြိမ်ပဲ ပွင့်တယ်။ သာမန်အချိန်တွေမှာ ဂိုဏ်းချုပ် ကိုယ်တိုင်တောင် ဖွင့်လို့ မရဘူး။ ဒီတစ်ခါ ဂိုဏ်းထဲက ထူးချွန်တဲ့ မျိုးဆက်သစ် ဂိုဏ်းသား ၃၀ ကို ရွေးချယ်ပြီး လေယင် ရေကန်မှာ နှစ်ဝက်လောက်ကြာအောင် လေ့ကျင့်ပေးမှာ။ မနက်ဖြန် ခရီးထွက်ရတော့မယ်။”
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ လေယင်ရေကန် ဆိုသည်ကို သူ သိပ်နားမလည်သော်လည်း စွမ်းအားကြီးမည့် နေရာတစ်ခု ဖြစ်မည်ဟုတော့ မှန်းဆမိသည်။
သို့ပေမည့် ယင်းကျိုယိုကတော့ စိတ်လှုပ်ရှားသွားပုံရသည်။ ဟုန်ရှောင်ပေါင်ကို လှမ်းပြောလိုက်၏။ “ဟေ့ကောင်လေး... ဆေးမြစ်တွေ ကောင်းကောင်း စားထားစမ်းပါ။ နောက်ပိုင်း မင်း အဆင့်မြင့်လာတဲ့ တစ်နေ့ကျရင် အဲဒီ လေယင် ရေကန်ဆီ တန်းသွားပြီး လျှပ်စီးအိုင်ကြီး တစ်ခုလုံးကို မြိုချပစ်လိုက်။ အဲဒါမှ တကယ့် အားဆေးကြီးကွ။”
“ဟင်... ဟုတ်လား။”
ဟုန်ရှောင်ပေါင် အံ့အားသင့်သွားမိသည်။ သို့ပေမည့် ယင်းကျိုယိုက ထပ်မပြောတော့ဘဲ ငြိမ်သက်သွားသည်။
ဟုန်ရှောင်ပေါင်သည်လည်း ယွင်ချိုင်ရှောင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ချိုင်ရှောင် ညီမလေး... ကိစ္စတိုင်းမှာ သတိထားနော်။”
နာမည်ကို ကြားလိုက်ရုံဖြင့် လေယင် ရေကန် ဆိုသည့် နေရာသည် အန္တရာယ် များမည့်နေရာမှန်း သိသာလှသည်။ ဂိုဏ်းမှ လူကြီးတွေ ပါသွားမည် ဆိုလျှင်တောင် အရာရာ ချောမွေ့နေမည်တော့ မဟုတ်ချေ။ အန္တရာယ် မရှိလျှင် လေ့ကျင့်ပေးရာ ရောက်မည် မဟုတ်ပေ။
“အင်း... စိတ်ချပါ။”
ယွင်ချိုင်ရှောင် ခေါင်းညိတ်လိုက်သည်။ ချက်ချင်းပင် သူမ လှည့်ထွက်လိုက်၏။ ကိုကိုရှောင်ပေါင်နှင့် မျက်နှာချင်းဆိုင်နေရလျှင် ရင်ခုန်သံတွေ မြန်ဆန်လွန်းနေသည်ဟု သူမ ခံစားရသည်။ အထူးသဖြင့် စောနက ကိစ္စအပြီးတွင် ကိုကိုရှောင်ပေါင်သည် သူမအတွက် ပိုမို အားကိုးချင်စရာ ကောင်းလာခဲ့သည်။
“ညီမလေး သွားတော့မယ်နော်။” ယွင်ချိုင်ရှောင် နှုတ်ဆက်ပြီး ထွက်ခွာသွား၏။
ဟုန်ရှောင်ပေါင်သည် နေရာမှာပင် ရပ်ကျန်ရစ်ခဲ့ပြီး သူမ၏ ကျောပြင်လေးကို ငေးကြည့်နေမိသည်။ တံတွေး တစ်ချက် မြိုချလိုက်မိ၏။ ပြီးနောက် ကိုယ့်ကိုယ်ကိုယ် တရားပြန်ချလိုက်သည်။
‘ဒါ ငါ့ရဲ့ စေ့စပ်ထားသူပဲလေ။ ဘယ်လိုကြည့်ကြည့် အပြစ်မရှိပါဘူး။ ဟုတ်တယ်မလား။’
ယွင်ချိုင်ရှောင် မြင်ကွင်းမှ ပျောက်ကွယ်သွားမှ ဟုန်ရှောင်ပေါင် ဆိုင်ထဲ ပြန်ဝင်လာခဲ့သည်။ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူ့လက်ထဲတွင် ရှိသော ဝိညာဉ်ကျောက်တုံးများကို တွက်ချက်ကြည့်လိုက်၏။
ဆိုင်ဖွင့်တုန်းက ၈၀၀ ကုန်သွားသည်။ လက်ကျန် ၂၀၀ ရှိသည်။ ချန်ယန် ဆီက ဆေးပေါင်းအိုးဖိုး ၆၀ ရလိုက်သည်။ စုစုပေါင်း ၂၆၀ ရှိသည်။ ထို့အပြင် စားပွဲပေါ်က ချောင်ပင်းပေးသွားသည့် တန်ဖိုးကြီးမည့်ပုံ ပေါက်နေသော ရှန်သံဓားကြီး ရှိသေးသည်။ မည်သို့ပင်ဖြစ်စေ ၄၀၀ လောက်တော့ ရှိလောက်သည်။
သူ့အနေနှင့် လက်နက်တွေ၊ ဆေးပေါင်းအိုးတွေ ဝယ်ထည့်ဖို့ အစီအစဉ် မရှိသေးပေ။ ထိုအရာတွေက ဈေးကြီးလွန်းသည်။ ဆိုင်မှာ အလှပြဖို့ ဓားအစုတ်၊ အိုးအစုတ် နည်းနည်းပါးပါးလောက် ဝယ်ထားလျှင် လုံလောက်ပြီ။ ဆိုင်ထဲမှာလည်း မူလတည်းက ကျန်ခဲ့သော ပစ္စည်းတွေ ရှိနေသေး၏။
လိုအပ်တာက သိုင်းကျမ်း အနည်းငယ်နှင့် ကုသရေး ဆေးဝါး အချို့ပင်။
သူ့စိတ်ကူးက ဝိညာဉ်ကျောက်တုံး ၁၀၀ ဖိုးလောက်ပဲ အရင်းအနှီး ထည့်ပြီး ကျန်သည့် အရာအကုန်လုံးကို ဆေးမြစ် ဝယ်စားမည် ဟူ၍ ဖြစ်သည်။ ထိုကမှ အရေးကြီးဆုံး ကိစ္စပင်။
သူ စဉ်းစားနေစဉ်မှာပင် ယင်းကျိုယို၏ ဝိညာဉ် ပေါ်ထွက်လာပြီး ပြောလိုက်သည်။ “ကုသရေး ဆေးဝါးတွေ ဝယ်မနေနဲ့။ ငါ့ဆီမှာ အသင့်လုပ် ဆေးနည်းတွေ ရှိတယ်။ နောက်မှ မင်းကို သင်ပေးမယ်။ ကိုယ့်ဘာသာ ဖော်စပ်လိုက်။ မင်းတို့ ဂိုဏ်းထဲက အမှိုက် ဆေးဝါးတွေထက် အများကြီး ပိုစွမ်းတယ်။”
ဟုန်ရှောင်ပေါင် - “.......”
ရှေးဂိုဏ်းကြီး ခြောက်ခုထဲက လေယင် နန်းဆောင်၏ ဆေးဝါးတွေကို အမှိုက်ဟု ခေါ်ရဲသူမှာ ဤ ‘ငရဲအရှင်’ တစ်ယောက်ပဲ ရှိပေလိမ့်မည်။
သို့ပေမည့် ဟုန်ရှောင်ပေါင် သဘောကျသည်။ ပိုက်ဆံကုန် သက်သာပြီး ဆေးမြစ် ပိုဝယ်၍ ရ၏။
ဟုန်ရှောင်ပေါင်သည် ယင်းကျိုယိုကို သံသယ မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။ “အဘိုး... ဟိုတစ်ခါ အဘိုး ပြောတဲ့... ဆေးမြစ် အာနိသင်ကို အမြင့်ဆုံး ရောက်အောင် လုပ်တဲ့ နည်းလမ်း ဆိုတာ...”
ယင်းကျိုယို ပြောဖူးသည်မှာ ဆေးမြစ်များကို ဤအတိုင်း ဝါးစားခြင်းသည် အာနိသင် ထက်ဝက်ခန့်ကို ဖြုန်းတီးရာ ရောက်သည် ဟူ၍ ဖြစ်သည်။ နည်းလမ်းမှန်ဖြင့် စားသုံးမှသာ တစ်လုံးစားရုံဖြင့် နှစ်လုံးစာ အာနိသင် ရရှိပြီး ထိရောက်မှု ရှိမည်ဟု ဆို၏။
တစ်လုံးစားရုံဖြင့် နှစ်လုံးစာ အာနိသင် ရမည် ဆိုသည်က တွက်ခြေအကိုက်ဆုံး ကိစ္စ ဖြစ်သဖြင့် ဟုန်ရှောင်ပေါင် မမေ့မလျော့ မှတ်ထားခြင်း ဖြစ်သည်။
ယင်းကျိုယိုက ရယ်မောလိုက်၏။ “မင်းကတော့လေ...။”
ယင်းကျိုယိုသည် ပြောဆိုရင်း ဟုန်ရှောင်ပေါင်ကို အပြင်ထွက်ရန် တိုက်တွန်းလိုက်သည်။ အပြင်စည်း ဂိုဏ်းသားများ ပစ္စည်း လဲလှယ်ရာ နေရာဖြစ်သည့် ဘဏ္ဍာတိုက် သို့ သွားရမည်။
ရှောင်ပေါင် မြင်ခဲ့ဖူးသော မိုးမျှော်တိုက် အဆောက်အအုံ အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ကြည့်လိုက်လျှင် နီးသလို ရှိသော်လည်း လမ်းလျှောက်လျှင် အတော်သွားရမည့် ခရီးပင်။
“ဆေးမြစ် အာနိသင်ကို အမြင့်ဆုံး ရောက်စေတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ လောလောဆယ် မင်းအတွက် အလွယ်ကူဆုံး နည်းလမ်းကတော့... ချက်ပြုတ်ခြင်းပဲ။”
ယင်းကျိုယိုက ဆက်ပြောလိုက်သည်။ “ပြောရရင် ဟင်းချက်စားတာပေါ့ကွာ။ တချို့ ဆေးမြစ်တွေက ချက်စားဖို့ မသင့်တော်ဘူး ဆိုရင် လှော်စားလို့ ရတယ်... ပြုတ်စားလို့ ရတယ်... ဒါမှမဟုတ် မင်း ကြိုက်ရင် ပေါင်းစား၊ နှပ်စား... ကြိုက်သလို လုပ်လို့ ရတယ်။”
“ဟင်...”
ကျောက်ပြားခင်း လမ်းမပေါ်တွင် လျှောက်နေသော ဟုန်ရှောင်ပေါင် ခြေခေါက်လဲလုနီးပါး ဖြစ်သွား၏။
“အဘိုးကလည်း... ကျုပ်ကို စားဖိုမှူး ဖြစ်အောင် လုပ်နေတာလား။”
ဟုန်ရှောင်ပေါင် မျက်နှာထား ထူးဆန်းသွားသည်။ ဤအဘိုးကြီးက ယခင်တုန်းက ငရဲအရှင် ဟုတ်ရော ဟုတ်ရဲ့လား။ စားဖိုမှူး ဘုရင်များလား။
“အင်း... ဒီအကြံ မဆိုးဘူးပဲ။ နောင်တစ်ချိန် ငါ ကိုယ်ခန္ဓာ ပြန်ရပြီး လောကကို စိုးမိုးတဲ့ အခါကျရင် မင်းကို ငါ့ရဲ့ တော်ဝင် စားဖိုမှူး ခန့်ပေးမယ်လေ။”
ယင်းကျိုယိုက လေးလေးနက်နက် ပြောလိုက်သည်။
ဟုန်ရှောင်ပေါင် - “.......”
ယခုမှ ဟုန်ရှောင်ပေါင် ကောင်းကောင်း နားလည်သွားသည်။ ရှေးလူကြီးတွေ ပြောသော စကားတစ်ခွန်း ရှိသည် မဟုတ်ပါလား။
‘မင်းရဲ့ ဦးလေးကြီးက ဘယ်တော့မဆို မင်းရဲ့ ဦးလေးကြီးပါပဲ။’ ဆိုသည်ပင်။
အဘိုးရေ... ကျုပ် အရှုံးပေးပါပြီဗျာ။