အခန်း ၃၂
Vol. 4 Ch. 32
အပိုင်း (၃၂) ဘဏ္ဍာတိုက်။
ဤတစ်ခေါက်တွင်တော့ ဟုန်ရှောင်ပေါင်သည် အဘိုးကြီး ယင်းကျိုယို၏ စကားကို ကြားဖြတ်မပြောတော့ဘဲ ဆက်လက် နားထောင်လိုက်သည်။
"မင်း သိရဲ့လား... ဆေးမြစ်တွေကို ဘာလို့ သစ်သားသေတ္တာတွေ၊ ကျောက်သေတ္တာတွေထဲ ထည့်ထားရလဲ ဆိုတာ။ ဆေးမြစ်ထဲက ဝိညာဉ်စွမ်းအင်တွေ လွင့်ပျံမသွားအောင်လို့လေ။ မင်း စားတဲ့အချိန်မှာ အဲဒီ စွမ်းအင် အများစုက လေထဲကို လွင့်ပါးကုန်တာ။ မင်း ဗိုက်ထဲ ရောက်သွားတဲ့ အချိန်ကျရင် လမ်းဘေးက မြက်ပင် စားတာနဲ့ ဘာမှ သိပ်မထူးတော့ဘူး။ အရသာ နည်းနည်း ပိုကောင်းရုံပဲ ရှိမှာ" ယင်းကျိုယိုက စိတ်ရှည်လက်ရှည် ရှင်းပြ၏။
"ဒါပေမဲ့ ချက်ပြုတ်တာ၊ ပေါင်းခံတာ၊ လှော်တာ စတဲ့ နည်းလမ်းတွေ သုံးလိုက်ရင်... အဲဒီ စွမ်းအင်တွေကို အစားအသောက်ထဲမှာ ပိတ်လှောင် ထားလိုက်သလို ဖြစ်သွားတယ်။ မင်း စားလိုက်တဲ့အခါကျမှ အဲဒီ စွမ်းအင်တွေက သွေးကြောတွေ၊ ကိုယ်တွင်းကလီစာတွေထဲကို တိုက်ရိုက် စီးဝင်သွားပြီး အာနိသင် အပြည့်အဝ ပေးနိုင်တာပေါ့"
ဟုန်ရှောင်ပေါင် သဘောပေါက်သွားပြီ ဖြစ်သည်။ ဤနည်းလမ်းက တော်တော်လေး အဓိပ္ပာယ် ရှိပေသည်။ သူ၏ ခြေလှမ်းများကို ပို၍ သွက်လက်လိုက်သည်။ မြန်မြန်ရောက်လေ ကောင်းလေပင် မဟုတ်ပါလော။
လေယင် မြို့တော်သည် အပြင်စည်း ဂိုဏ်းသားများ နေထိုင်ရာ မြို့ဖြစ်သော်လည်း လူဦးရေ တစ်သိန်းကျော် ရှိသဖြင့် စည်ကားသိုက်မြိုက်လှသည်။ လမ်းဘေးဝဲယာတွင် သစ်ပင်ပန်းမန်များကို စနစ်တကျ စိုက်ပျိုးထားသည်။
ခဏအကြာတွင် ဟုန်ရှောင်ပေါင်သည် ဘဏ္ဍာတိုက် ရှေ့သို့ ရောက်ရှိလာသည်။ အဆောက်အအုံသည် သိပ်မကြီးကျယ်လှပေ။ သုံးထပ်သာ မြင့်သည်။ ရှေးဟောင်း ဘုရားကျောင်း ပုံစံမျိုး ဆောက်လုပ်ထားပြီး အပြာရောင် ဆိုင်းဘုတ်ကြီးပေါ်တွင် ဘဏ္ဍာတိုက် ဟူသော အနက်ရောင် စာလုံးကြီးသုံးလုံးကို ရေးထိုးထား၏။
ဤနေရာသည် မြို့လယ်ခေါင် ဖြစ်သဖြင့် လူသွားလူလာ များပြားသည်။ ဘေးနားတွင် စီမံခန့်ခွဲရေးရုံး တစ်ခုလည်း ရှိသည်။
ဟုန်ရှောင်ပေါင် ခဏတာ ရပ်တန့်ကြည့်ရှုပြီးနောက် အတွင်းသို့ ဝင်သွားလိုက်၏။
အတွင်းဘက်တွင် သစ်သားကောင်တာရှည်ကြီး တစ်ခု ရှိသည်။ သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ထိုင်နေ၏။ သူသည် ခေါင်းပင် မမော့ဘဲ အေးစက်စက် မေးလိုက်သည်။
"ဘာလုပ်မလို့လဲ"
ဟုန်ရှောင်ပေါင်က သူ့လေသံကို ဂရုမစိုက်ဘဲ ဆိုင်အတွက် လိုအပ်သော ပစ္စည်းစာရင်းကို ရွတ်ပြလိုက်သည်။ သာမန် အိမ်သုံးပစ္စည်း၊ ဆိုင်သုံးပစ္စည်း များစွာ ပါဝင်၏။
ထိုအခါမှ အမျိုးသားသည် အံ့အားသင့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။ ဟုန်ရှောင်ပေါင်ကို တစ်ချက် အကဲခတ်လိုက်ပြီး ပြုံးစစဖြင့် မေးလိုက်သည်။
"မြို့ထဲက ဆိုင်ခန်းကို ငှားလိုက်တဲ့ သူဆိုတာ... မင်းပဲလား"
ဤမျှ များပြားသော ပစ္စည်းများကို ဝယ်ယူနေခြင်းမှာ ဆိုင်ရှင်အသစ်ပင် ဖြစ်ရပေမည်။
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။
အမျိုးသားက ပြုံးလိုက်ပြီး ပစ္စည်းများကို သွားယူပေးသည်။ လှည့်ထွက်သွားရင်း တီးတိုး ရေရွတ်သွားသည်ကို ဟုန်ရှောင်ပေါင် ကြားလိုက်ရ၏။ "စိတ်ဝင်စားစရာပဲ"
ဟုန်ရှောင်ပေါင် မျက်လုံးလှန် ကြည့်လိုက်မိသည်။ ဟုတ်ပေ၏ ... သူ ဤကမ္ဘာကို ရောက်လာကတည်းက ကြုံတွေ့နေရသည့် အရာအားလုံးက စိတ်ဝင်စားစရာများချည်းသာ ဖြစ်နေပေသည်။
မကြာမီ အမျိုးသား ပြန်ရောက်လာပြီး ပစ္စည်းထုပ်ကြီး တစ်ထုပ်ကို ကောင်တာပေါ် တင်ပေးလိုက်သည်။
"ရော့... ဒီမှာ မင်းမှာထားတာတွေ။ ငါ နောက်ထပ် ပစ္စည်း အပိုတွေပါ ထည့်ပေးလိုက်တယ်။ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၁၀၀ တိတိ ကျတယ်။"
ဟုန်ရှောင်ပေါင် မျက်နှာ ရှုံ့မဲ့သွား၏။
'ဘာလဲဟ... ဈေးကို ကွက်တိဖြစ်အောင် ပစ္စည်းအပိုတွေ ထည့်ရောင်းလိုက်တာလား။ ဒီလို ရောင်းနည်းမျိုးလည်း ရှိသေးတာလား။'
သို့သော်ငြား သူ၏ သတ်မှတ်ငွေကြေးအတွင်း၌သာ ရှိနေသေးသည်ဖြစ်ရာ ဘာမျှ မပြောတော့ချေ။ အမျိုးသားက သူ ပြန်တော့မည်ဟု ထင်နေစဉ် ဟုန်ရှောင်ပေါင်က နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။
"ပထမအဆင့် ဆေးမြစ်တစ်ပင်ကို ဘယ်လောက်လဲဗျ။"
"ဟင်..."
အမျိုးသား ဒုတိယအကြိမ် အံ့သြသွားပြန်သည်။
ပုံမှန်အားဖြင့် မြို့ထဲတွင် ဆိုင်ဖွင့်သည့် သူများက ဆေးမြစ် လာမဝယ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် အရင်းများပြီး အမြတ်နည်းသောကြောင့်ပင်။ ဂိုဏ်းသားများက ဆိုင်တွင် ဝယ်မည့်အစား ဤဘဏ္ဍာတိုက်တွင် တိုက်ရိုက် လာလဲကြသည်။ ဆိုင်ရှင်များ ဆေးမြစ် ရောင်းပါက ရှုံးရန်သာ ရှိ၏။ ယခု ဤကောင်လေးက ဆေးမြစ်ဈေး လာမေးလို့နေလေ၏။
"စိတ်ဝင်စားစရာပဲ..."
အမျိုးသားက တီးတိုး ရေရွတ်လိုက်ပြန်သည်။ ပြီးနောက် ရှင်းပြလိုက်သည်။
"ပထမအဆင့် ဆေးမြစ်တွေက အာနိသင်ပေါ်မူတည်ပြီး ဝိညာဉ်ကျောက်တုံး ၂ တုံး ကနေ ၅ တုံး အထိ ရှိတယ်။ မင်းဘာသာ ကြည့်လိုက်။"
ပြောပြီးသည်နှင့် စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။ မျက်နှာဖုံးတွင် "ပထမအဆင့် ဆေးမြစ်များ စာရင်း" ဟု ရေးထားသည်။
ဟုန်ရှောင်ပေါင် လှန်လှော ကြည့်ရှုလိုက်သည်။ ဆေးမြစ် အမျိုးအစား ပေါင်းစုံ ပါဝင်သည်။ မီးစွမ်းအင်၊ ရေစွမ်းအင် စသည်ဖြင့် စုံလင်လှသည်။ လျှပ်စီးမိုးကြိုးစွမ်းအင် ပါဝင်သော ဆေးမြစ်များမှာမူ မရှိသလောက် ရှားပါးပြီး 'ကုန်ပြီ' ဟု ရေးသားထားသည်။ လေယင် နန်းဆောင်တွင် လျှပ်စီးမိုးကြိုးစွမ်းအင် ဆေးမြစ်များက ရောင်းမလောက်အောင် ဖြစ်နေသည်မှာ မဆန်းပေ။
"ဟေ့ကောင်လေး... ဟိုဟာ မဆိုးဘူး။"
ရုတ်တရက် ဘေးနားက ယင်းကျိုယို အသံထွက်လာသည်။ ဟုန်ရှောင်ပေါင် လှည့်ကြည့်လိုက်တော့ အဘိုးကြီးက စာအုပ်ထဲက ပုံတစ်ပုံကို လက်ညှိုးထိုးပြနေသည်။
"ဘယ်ဟာလဲ အဘိုး။"
"ဟို... မီးတောက် ငရုတ်သီး နဲ့ ခရမ်းရောင် ခရမ်းချဉ်သီးလေ။"
"ဗျာ..."
ဟုန်ရှောင်ပေါင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
‘ငရုတ်သီး နဲ့ ခရမ်းချဉ်သီး... ဒါတွေက ဆေးမြစ်တွေလား။’
သေချာ ကြည့်လိုက်တော့... ဟုတ်နေသည်။ မီးတောက် ငရုတ်သီး - ဝိညာဉ်ကျောက် ၃ တုံး ၊ ခရမ်းရောင် ခရမ်းချဉ်သီး - ဝိညာဉ်ကျောက် ၄ တုံး ဟု ရေးထားသည်။
"ကျုပ်ကို တကယ်ကြီး စားဖိုမှူး လုပ်ခိုင်းတော့မလို့လား..."
ဟုန်ရှောင်ပေါင် ညည်းတွားလိုက်မိသည်။ စိတ်ထဲတွင် ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း လက်တွေ့ ကြုံလာရသောအခါ အနည်းငယ်တော့ ပြောစရာ ဖြစ်လာခဲ့၏။
ယင်းကျိုယိုက မျက်စောင်းထိုးလိုက်သည်။
"နားမလည်ဘဲနဲ့... ဒီအသီးတွေက ဟင်းချက်စားရင် အာနိသင် အကောင်းဆုံး ပေးစွမ်းနိုင်တဲ့ ဆေးမြစ်တွေကွ။ ပထမတန်းစားပဲ။"
"ကောင်းပါပြီဗျာ... ဒါဆိုလည်း အဘိုးသဘော။"
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်ပြီး ကောင်တာက အမျိုးသားကို ပြောလိုက်သည်။ "ကျုပ်... မီးတောက် ငရုတ်သီး နဲ့ ခရမ်းရောင် ခရမ်းချဉ်သီး လိုချင်တယ်။"
"ဘာ..."
အမျိုးသား မျက်လုံး ပြူးသွားသည်။ သူ နားကြားများ မှားလေသည်လား။
ငရုတ်သီး နှင့် ခရမ်းချဉ်သီး... ဤအရာများက အတွင်းစည်း ဂိုဏ်းသားများ စားရန် ဟင်းချက်ရာတွင် သုံးသည့် အရာများပေတည်း။ သာမန် အပြင်စည်း ဂိုဏ်းသားများ ဝယ်စားလေ့ မရှိပေ။ ဤကောင်လေးက ဆိုင်ပေါ်တင်ရောင်းမည်လား ... ကိုယ်တိုင် ချက်စားမည်လား။ ထို့ပြင်... ဆိုင်ဖွင့်မည် ဆိုပြီး ဝယ်သည်က ဤအရာများလား။
မေးခွန်းပေါင်းများစွာ ခေါင်းထဲ ရောက်လာသော်လည်း ဟုန်ရှောင်ပေါင်၏ တည်ငြိမ်သော မျက်နှာထားကြောင့် မမေးဖြစ်တော့ပေ။
"မရှိဘူးလားဗျ။" ဟုန်ရှောင်ပေါင်က မေးလိုက်သည်။
"ရှိ... ရှိတာပေါ့။"
အမျိုးသားက ဆေးဗီရိုထဲ သွားမွှေပြီး ပစ္စည်းများကို ထုတ်ပေးလိုက်သည်။ အနီရောင် တောက်တောက် ငရုတ်သီးကြီး တစ်တောင့် … ငှက်ပျောသီးလောက် ရှိသည်။ အဝေးကနေတောင် အစပ်နံ့ ရနေသဖြင့် ဟုန်ရှောင်ပေါင် နှာချေချင်သလို ဖြစ်သွားသည်။ အခြားတစ်ခုမှာမူ လက်သီးဆုပ် နှစ်ဆုပ်စာခန့် ရှိသော ခရမ်းရောင် ခရမ်းချဉ်သီးကြီးဖြစ်ပြီး အရည်ရွှမ်းပြီး တောက်ပနေသည်။
"စုစုပေါင်း... ဝိညာဉ်ကျောက် ၁၀၀ ကျော်လောက် ကျမယ် ထင်တယ်။"
ဟုန်ရှောင်ပေါင် ပိုက်ဆံရှင်းရန် ပြင်လိုက်စဉ် ယင်းကျိုယိုက ထပ်ပြောလိုက်သည်။
"နေအုံး …. သူ့ကို မေးလိုက်စမ်း။ မြစိမ်းရောင် ကြက်ဥ ရှိလားလို့။"
"ဗျာ... ကြက်ဥ ဟုတ်လား။"