အခန်း ၃၄
Vol. 4 Ch. 34
အပိုင်း (၃၄) ဆရာဘိုးဘိုးရေ ... ကျုပ် ဘယ်လို လုပ်ရပါ့မလဲခင်ဗျာ။
"အဟွတ်... အဟွတ်..."
ယွင်ချိုင်ရှောင် ပျော်ရွှင်နေသည်ကို မြင်သောအခါ ကျန်းမုန်ယွင်သည် မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးပြီး စနောက်လိုက်၏။
"ချိုင်ရှောင် အစ်မကြီး... ဟိုရောက်ရင် ကိုယ့်ချစ်သူဘက်ပဲ ပါမနေနဲ့အုံးနော်။"
"ဘာ ချစ်သူလဲ..."
ယွင်ချိုင်ရှောင်က မျက်စောင်းထိုးကာ ဟောက်လိုက်၏။ ဒေါသထွက်ချင်ယောင် ဆောင်လိုက်သော်လည်း နှုတ်ခမ်းထောင့်မှ အပြုံးကို ဖုံးဖိမထားနိုင်သဖြင့် ကျန်းမုန်ယွင်ကို မျက်စောင်းသာ ထိုးလိုက်မိသည်။
စိတ်ထဲတွင်တော့ တိတ်တဆိတ် တွေးနေမိ၏။
ကိုကိုရှောင်ပေါင်၏ နောက်ခံအဆင့်အတန်းကို သူမ တစ်ခါမျှ ဂရုမပြုခဲ့ဖူးချေ။ သို့ပေမည့် သူ၏ သိုင်းပညာစွမ်းရည်ကိုမူ သူမ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ပြီး ဖြစ်သည်။
ကိုကိုရှောင်ပေါင်သည် တန်ဖိုးကြီးဆေးဝါးများ မှီဝဲကာ သိုင်းအဆင့် တက်လာခဲ့သည်ဟု ဆိုလျှင် စကားအနည်းငယ်မျှ လမ်းညွှန်လိုက်ရုံဖြင့် ချောင်ဘင်းအား ဓားမော့သိုင်းပညာရှင် တစ်ဦးဖြစ်လာအောင်မည်သို့လမ်းညွှန်နိုင်မည်နည်း။ ထို့အပြင် ထိုသို့သော ဆေးဝါးများကို သူ အဘယ်ကြောင့် စောစောစီးစီး မသုံးစွဲခဲ့သနည်း။
ကိုကိုရှောင်ပေါင် မည်ကဲ့သို့ ပြန်လည်ကျန်းမာလာခဲ့သည်ကို အတိအကျ မသိရသော်လည်း သူသည် သိုင်းပညာပါရမီ အထူးထက်မြက်သူ တစ်ဦးဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ သေချာလှသည်။
သူ၏ ပါရမီစွမ်းရည်သည် သူမထက်ပင် သာလွန်နေသေးသည်။ အကြောင်းမှာ ဓားသိုင်းကို နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သူ တစ်ဦးအား စကားအနည်းငယ်မျှ ပြောဆိုလမ်းညွှန်ရုံဖြင့် ဓားမော့သိုင်းပညာရပ်တွင် အောင်မြင်လာစေရန် ဖန်တီးပေးနိုင်စွမ်း သူမ၌ လုံးဝ မရှိသောကြောင့်ပင်။
တွေးရင်းနှင့် ယွင်ချိုင်ရှောင် မတ်တပ်ထရပ်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။ "ကဲ... သွားကြစို့။ အချိန်တန်ပြီ။"
ထို့နောက် မိန်းမလှလေး ၃ ဦးသည် ယွင်ချိုင်ရှောင် ပိုင်ဆိုင်သော်လည်း နေခဲလှသည့် အိမ်ရာမှ ထွက်ခွာလာပြီး ဟုန်ရှောင်ပေါင်၏ ဗြမ္မာဦး ကုန်စုံဆိုင်ဆီသို့ ဦးတည်သွားကြ၏
..........
တစ်ချိန်တည်းမှာပင် ဟုန်ရှောင်ပေါင်သည် ဆိုင်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ပိုနေသော ဝိညာဉ်ကျောက်များကို သေတ္တာထဲ ထည့်သိမ်းလိုက်ပြီး ဝယ်လာသော ပစ္စည်းများကို နေရာချလိုက်သည်။
ပြီးမှ ကုလားထိုင်ပေါ်တွင် ထိုင်ကာ အမောဖြေလိုက်ရသည်။ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုက သိပ်မကောင်းလှပေ။ အခုတလော အဆင့်တက်လာ၍သာ ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။ မဟုတ်ပါက လူနှစ်ယောက်စာခန့် ရှိသော အထုပ်ကြီးများကို သယ်လာနိုင်မည် မဟုတ်ချေ။ အနိုင်နိုင် သယ်လာခဲ့ရသဖြင့် မောပန်းနေလေပြီ။ ထို့အပြင် လမ်းတစ်လျှောက်လုံး လူများက သူ့အား ဝိုင်းကြည့်ခဲ့ကြသည် မဟုတ်ပါလား။
"ညီမလေး ချိုင်ရှောင် က ဘာလို့ မလာသေးတာပါလိမ့်။"
ဟုန်ရှောင်ပေါင် တွေးနေမိသည်။ သို့ပေမည့် ချက်ချင်းပင် ခေါင်းခါလိုက်၏။
"ထားလိုက်ပါတော့... ဟင်းအရင် ချက်နှင့်တာ ပိုကောင်းမယ်။ ဒီနည်းလမ်းက အလုပ်ဖြစ်မဖြစ် စမ်းကြည့်ရတာပေါ့။ တော်ကြာ ညီမလေး ရောက်လာရင် ထမင်းစားချိန်နဲ့ ကွက်တိ ဖြစ်သွားမှာ။"
စကားပုံပင် ရှိသည် မဟုတ်ပါလော။ 'လူတစ်ယောက်၏ နှလုံးသားကို သိမ်းပိုက်ချင်လျှင်... အရင်ဆုံး သူ၏ အစာအိမ်ကို သိမ်းပိုက်ရမည်' ဟူ၍ပင်။
ဟုန်ရှောင်ပေါင် အနေဖြင့် ယွင်ချိုင်ရှောင်၏ နှလုံးသားကို သိမ်းပိုက်နိုင်ခြင်း ရှိမရှိ မသေချာသော်လည်း... ဤနည်းလမ်း သာ အလုပ်ဖြစ်ပါက သူမ၏အစာအိမ်ကို သိမ်းပိုက်ရန် ပြဿနာ မရှိနိုင်တော့ပေ။ အစာအိမ်ကို ရပြီဆိုလျှင် နှလုံးသားဆိုသည်မှာ လက်တစ်ကမ်းတွင်သာ ရှိသည် မဟုတ်ပါလား။
ဟုန်ရှောင်ပေါင်သည် တွေးရင်းနှင့် နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
“ဟေ့ကောင် … လုပ်စရာရှိတာ လုပ်စမ်းပါ။”
နောက်ဆုံးတွင် အနောက်၌ ရပ်နေသော ယင်းကျိုယိုသည် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်မှ ဟုန်ရှောင်ပေါင် သတိဝင်လာပြီး ရှက်ဖြီးဖြီးဖြင့် အပေါ်ထပ်သို့ တက်သွား၏။
ဗြမ္မာဦး ကုန်စုံဆိုင်သည် နှစ်ထပ် ဖြစ်သည်။ အောက်ထပ်သည် ဈေးဆိုင် ဖြစ်ပြီး အပေါ်ထပ်တွင် အိပ်ခန်း၊ မီးဖိုချောင်၊ စာကြည့်ခန်းနှင့် ဆေးဖော်ခန်း၊ လက်နက်လုပ်ခန်းများ ပါဝင်သည်။
ဟုန်ရှောင်ပေါင်သည် မီးဖိုချောင်ထဲသို့ ဝင်လိုက်ပြီး သစ်သားပြတင်းပေါက်ကို ဖွင့်လိုက်၏။ မဟုတ်ပါက ဟင်းချက်သည့်အခါ မီးခိုးမွှန်ပြီး သေသွားနိုင်သည်။ ထို့နောက် မီးမွှေးလိုက်၏။ ထင်းခြောက်တွေက အလုံအလောက် ရှိသည်။ စဉ်းနှီတုံးကို ဆေးကြောပြီးနောက် မီးတောက် ငရုတ်သီး၊ ခရမ်းရောင် ခရမ်းချဉ်သီး နှင့် မြစိမ်းရောင် ကြက်ဥတို့ကို တင်လိုက်၏။
"ဘယ်လို လုပ်ရမလဲ အဘိုး။"
ဟုန်ရှောင်ပေါင်က ခေါင်းမမော့ဘဲ မေးလိုက်၏။ ယင်းကျိုယို ဘေးနားမှာ ရှိနေမှန်း သူသိသည်။
ယင်းကျိုယိုက နှာခေါင်းရှုံ့လိုက်သည်။ ဟုန်ရှောင်ပေါင်၏ လေးစားမှု မရှိသော လေသံကို မကျေနပ်သဖြင့် ဘာမှ ပြန်မပြောပေ။
မကြာမီ ဟုန်ရှောင်ပေါင် သဘောပေါက်သွားပြီး ပြုံးဖြီးဖြီး လုပ်ကာ ပြင်ပြောလိုက်သည်။
"ဆရာဘိုးဘိုး .. ကျုပ် ဘယ်လိုဆက်လုပ်ရမလဲ ခင်ဗျာ။”
ယင်းကျိုယို မျက်လုံးလှန် ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
"မီးတောက် ငရုတ်သီးကို လှီးရမယ်။ အမြန်နှုန်းက အရမ်း မြန်ရမယ်။ ၁၀ စက္ကန့် အတွင်း လှီးပြီး ဒယ်အိုးထဲ ထည့်ရမယ်။"
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ မျက်နှာထား လေးနက်သွား၏။ ဒါက သူ့ရဲ့ သိုင်းကျင့်စဉ် တိုးတက်ဖို့ အရေးကြီးတဲ့ ကိစ္စလေ။ ဆေးစားပြီး အဆင့်တက်တာလည်း ကျင့်ကြံခြင်း တစ်မျိုးပဲ မဟုတ်လား။ ဒါကြောင့် ဘာလုပ်လုပ် သေချာလုပ်ရမယ်။
"ဓားကို ဒီလို ကိုင်..."
ယင်းကျိုယိုက ဘေးမှ နေ၍ ညွှန်ကြားလိုက်သည်။ သူ့လက်ထဲတွင် စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော ဓားတစ်လက်ကို ကိုင်ထားပြီး မီးတောက် ငရုတ်သီး ပုံရိပ်ကို လှီးပြလိုက်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
ဓားသံများ ဆူညံသွားပြီးနောက် မီးတောက် ငရုတ်သီးသည် အတုံးသေးသေးလေးတွေ ဖြစ်သွားသည်ကို ဟုန်ရှောင်ပေါင် တွေ့လိုက်ရသည်။
"မြန်... မြန်လိုက်တာ။"
ဟုန်ရှောင်ပေါင် အာမေဋိတ်သံ ထွက်သွား၏။ သူကတော့ ဤမျှလောက် မြန်မြန် လုပ်နိုင်မည် မဟုတ်ပေ။
"လုပ်စမ်းပါ... ငါ့လောက် မမြန်လည်း ရပါတယ်။ ၁၀ စက္ကန့်လောက် ကျော်သွားရင်လည်း စွမ်းအင် ဆုံးရှုံးမှုက သိပ်မများပါဘူး။ ဒါပေမဲ့ မြန်မြန် လုပ်နိုင်ရင်တော့ မင်းအတွက် ပိုကောင်းတာပေါ့။"
ယင်းကျိုယိုက ပြောလိုက်သည်။
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်ပြီး ဓားကို မလိုက်သည်။ မျက်လုံးကို မှေးကာ စဉ်းနှီတုံးပေါ်က ငရုတ်သီးကို အာရုံစိုက်လိုက်၏။
ဒိုင်း ခနဲ အသံနှင့်အတူ ငရုတ်သီးကို ထက်ခြမ်း ခွဲလိုက်သည်။ ထို့နောက် မရပ်မနားဘဲ တစ်ခြမ်းကို လက်ညှိုးခန့် အတုံးလေးများ တောက်လျှောက် လှီးချလိုက်သည်။ ပြီးတော့ ဓားကို ဝှေ့ယမ်းပြီး ဆီပူအိုးထဲသို့ လှည်း ထည့်လိုက်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ ၈ စက္ကန့်ခန့်သာ ကြာမြင့်၏။
ဟုန်ရှောင်ပေါင် နဖူးပေါ်တွင် ချွေးစို့လာ၏။ စိတ်လှုပ်ရှား၍လား၊ မီးပူ၍လားတော့ မသိချေ။ ထို့နောက် ကျန်သော တစ်ခြမ်းကိုလည်း ထိုနည်းအတိုင်း လုပ်ဆောင်လိုက်ပြန်သည်။
"ခရမ်းရောင် ခရမ်းချဉ်သီးကို ၄ စိတ် စိတ်လိုက်။ ထွက်လာတဲ့ အရည်တွေကိုပါ အိုးထဲ အကုန်ထည့်ပြီး မွှေလိုက်။"
ယင်းကျိုယိုက ညွှန်ကြား၏။
ဟုန်ရှောင်ပေါင် လိုက်လုပ်သည်။ ခရမ်းချဉ်သီးကို ၄ စိတ် စိတ်ပြီး အိုးထဲ ပစ်ထည့်လိုက်သည်။ ဆီပူသံ တရှဲရှဲ မြည်သွားသည်။
"ဟော... အတွင်းသားကလည်း ခရမ်းရောင်ပါလား။"
ဟုန်ရှောင်ပေါင် ရေရွတ်လိုက်သည်။ ထို့နောက် ယင်းကျိုယို မှာထားသည့် အတိုင်း မြစိမ်းရောင် ကြက်ဥများကို အခွံမခွာဘဲ အိုးထဲ ထည့်လိုက်သည်။ အဘိုးကြီး ပြောပြချက်အရ ဤအခွံများမှာ စား၍ရပြီး ကြွပ်ရွနေသည် ဟူ၏။
ဟုန်ရှောင်ပေါင် ကြည့်လိုက်ရာ အစိမ်းရောင် အခွံများသည် အိုးထဲ ရောက်သည်နှင့် အရည်ပျော်သွားပြီး အစိမ်းရောင် အရည်များ ဖြစ်သွားသည်။ အတွင်းမှ အနှစ်နှင့် အကာများကို ယောက်မဖြင့် မွှေလိုက်သည်။ ဟုန်ရှောင်ပေါင်၏ မီးဖိုချောင်ထဲတွင် မီးခိုးများ ဖုံးလွှမ်းနေပြီး အနံ့က စူးရှလှသည်။ မီးတောက် ငရုတ်သီး၏ အစပ်နံ့က တကယ်ကို ပြင်းထန်လွန်းလှသည်။
တစ်ချိန်တည်းမှာပင် အောက်ထပ်သို့ မိန်းမလှ ၃ ဦး ရောက်ရှိလာကြ၏။
လမ်းသွားလမ်းလာများက ယွင်ချိုင်ရှောင်ကို မှတ်မိကြသဖြင့် အံ့သြနေကြသည်။
နောက်ဆုံးတွင် သူတို့ ၃ ဦး ဆိုင်ရှေ့သို့ ရောက်လာကြ၏။
ယွင်ချိုင်ရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒုတိယထပ် ပြတင်းပေါက်မှ မီးခိုးများ ထွက်နေပြီး အစပ်နံ့ကြီး ရနေသောကြောင့်ပင်။