← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အပိုင်း (၃၅) ဒါ... ဒါ ခရမ်းချဉ်သီး ကြက်ဥကြော် မလား။

ဗြမ္မာဦး ကုန်စုံဆိုင်ဒုတိယထပ် မီးဖိုချောင်အတွင်း...

ရှောင်ပေါင်သည် တံတွေး တစ်ချက် မျိုချလိုက်မိသည်။ သူ့ရှေ့က ဒယ်အိုးထဲတွင် ရှိနေသော ခရမ်းချဉ်သီး ကြက်ဥကြော် ဟု ယူဆရသော ဟင်းပွဲကို ကြည့်ပြီး မယုံကြည်နိုင် ဖြစ်နေသည်။

ဤသည်မှာ သူကိုယ်တိုင် ချက်လိုက်သည် ဟုတ်ပါလေစ ဟုပင် သံသယ ဝင်မိ၏။

အနီရောင် တောက်တောက် ငရုတ်သီး အတုံးလေးများက ဆီပူထဲတွင် တဖျစ်ဖျစ် မြည်နေသည်။ အနံ့က စူးရှလှသော်လည်း ချက်ပြီးသွားသည့် အခါတွင်မူ မွှန်ထူခြင်း မရှိတော့ဘဲ ခံတွင်းမြိန်စရာ ကောင်းသော အနံ့အဖြစ် ပြောင်းလဲသွားသည်။

ခရမ်းရောင် ခရမ်းချဉ်သီး အတုံးလေးများကတော့ သလင်းကျောက်တုံးလေးများ အလား ကြည်လင် တောက်ပနေသည်။ အနံ့ကလည်း သင်းပျံ့မွှေးကြိုင်လှ၏။

အထူးခြားဆုံးကတော့ မြစိမ်းရောင် ကြက်ဥများပင်။ ပုံမှန် မဟုတ်သော ကျောက်စိမ်းတုံးလေးများ အလား စိမ်းဖန့်ဖန့် အရောင်လေးများဖြင့် တောက်ပနေသည်။

ဤဟင်းပွဲမှာ အကောင်းဆုံး အရာကတော့... အနံ့ပင် ဖြစ်၏။

ခရမ်းချဉ်သီး၏ မွှေးပျံ့သည့် အနံ့ကို တစ်ချက် ရှူရှိုက်လိုက်ရုံနှင့် ပါးစပ်ထဲ သွားရည်များ ပြည့်လျှံလာစေသည်။ ကြက်ဥကြော် အနံ့ကလည်း ညှီနံ့ လုံးဝ မရဘဲ လတ်ဆတ် သန့်ရှင်းသော ခံစားမှုကို ပေးသည်။ ငရုတ်သီး အကြောင်းကတော့ ပြောစရာ မလိုတော့ပေ။

ရှောင်ပေါင်သည် တူဖြင့် တို့ပြီး လျှာဖျားတွင် ထိကြည့်လိုက်ရာ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သို့ပေမည့် ခဏအကြာတွင် ထုံကျင်မှု ပျောက်ကွယ်သွားပြီး စားချင်စိတ်ကို တဖွားဖွား ဖြစ်ပေါ်စေသော အရသာမျိုး ကျန်ရစ်ခဲ့သည်။

"ဒါ ငါချက်တာ ဟုတ်လို့လား ..."

ရှောင်ပေါင် ကြက်သေ သေနေမိသည်။ တော်ဝင် နန်းတော်ထဲက စားဖိုမှူးတွေ၊ ကမ္ဘာမြေက ကြယ်ငါးပွင့် စားဖိုမှူးတွေတောင် ဤသို့သော လက်ရာမျိုး ထွက်လာပါ့မည်လား။

"ဟဲဟဲ... ဘယ်လိုလဲ ကောင်လေး။ အခုမှ ငါ့ကို အထင်ကြီးသွားပြီလား။"

ယင်းကျိုယို က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ငါ့နည်းလမ်းအတိုင်း ချက်လိုက်တော့ ဆေးမြစ်တွေရဲ့ အာနိသင် မပျောက်ပျက်ရုံတင် မကဘူး... အရသာကလည်း ဘယ်စားဖိုမှူးမှ လိုက်မမီနိုင်တဲ့ အဆင့်ကို ရောက်သွားပြီ မဟုတ်လား။"

ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ ဘာမှ ဆက်ပြောစရာ မလိုတော့ပေ။ တစ်ချက်ကြည့်လိုက်၊ တစ်ချက် ရှူရှိုက်လိုက်ရုံနှင့်တင် ထိုအရာက နတ်သုဒ္ဓါ အဆင့်မီမှန်း သိသာနေပြီ။

ရှောင်ပေါင် သည် စင်ပေါ်မှ တူတစ်စုံ ယူလိုက်ပြီး ကြက်ဥကြော် တစ်ဖတ်ကို အသာညှပ်ယူလိုက်သည်။ ခရမ်းချဉ်သီး အရည်ရွှမ်းရွှမ်းလေးနှင့် ငရုတ်သီး အနှစ်လေးများ ကပ်ပါလာသည်။ ပါးစပ်ထဲ ထည့်လိုက်ပြီး မျက်လုံးမှိတ်ကာ အရသာခံလိုက်သည်။

ခရမ်းချဉ်သီး၏ ချိုချဉ်ပြုံးပြုံး အရသာ၊ ငရုတ်သီး၏ စူးရှသော အစပ်အရသာ နှင့် ကြက်ဥ၏ မွှေးပျံ့သော အရသာတို့ ပေါင်းစပ်သွားသောအခါ...

ရှောင်ပေါင် တစ်ယောက် ကောင်းကင်ဘုံ ရောက်သွားသလို ခံစားလိုက်ရသည်။ စားဖူးသမျှ အရာအားလုံးထက် သာလွန်လွန်းနေ၏။

"ကျွတ်... ကျွတ်... သောက်ရမ်း ကောင်းတာပဲ။"

ရှောင်ပေါင် အော်ဟစ်လိုက်မိသည်။ နောက်ထပ် တစ်လုပ် ထပ်စားရန် ပြင်လိုက်စဉ် အောက်ထပ်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

ရှောင်ပေါင် လက်ကို ရပ်တန့်လိုက်၏။

"ညီမလေး ချိုင်ရှောင် ရောက်လာပြီလား။"

ရှောင်ပေါင် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဒယ်အိုးထဲက ဟင်းပွဲကို တစ်ချက် ပြန်ကြည့်လိုက်သည်။

‘ဒီဟင်းနဲ့မှ ချိုင်ရှောင်ရဲ့ အစာအိမ်ကို မသိမ်းပိုက်နိုင်ရင်... ဒီလောကကြီးမှာ ဘာနဲ့မှ သိမ်းပိုက်လို့ ရတော့မှာ မဟုတ်ဘူး။’

ရှောင်ပေါင် သည် အဝတ်အစားကို သပ်ရပ်အောင် ပြင်လိုက်သည်။ ချောင်းတစ်ချက် ဟန့်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

တံခါးဖွင့်လိုက်သောအခါ... ယွင်ချိုင်ရှောင် အပြင် နောက်ထပ် မိန်းမလှလေး ၂ ဦးကိုပါ တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားခဲ့၏။

ရှောင်ပေါင် က ယွင်ချိုင်ရှောင်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"သူငယ်ချင်းတွေ ပါလာတာလား။"

ယွင်ချိုင်ရှောင် ခေါင်းညိတ်ပြီး မိတ်ဆက်ပေးလိုက်သည်။

ရှောင်ပေါင် က ဖော်ရွေစွာ နှုတ်ဆက်လိုက်၏။ "ကြိုဆိုပါတယ်ဗျာ။ အထဲဝင်ကြလေ။"

ကျန်းမုန်ယွင် က ပြုံးရွှင်စွာ ပြန်လည် နှုတ်ဆက်သော်လည်း ချောင်ဝမ် ကတော့ ခေါင်းညိတ်ရုံသာ ညိတ်ပြသည်။

ရှောင်ပေါင်က သူတို့ ၃ ဦးကို စားပွဲဝိုင်းတွင် ထိုင်ခိုင်းလိုက်၏။

ထိုင်မိသည်နှင့် ကျန်းမုန်ယွင်က စပ်စုလိုက်သည်။

"နေပါအုံး ... ခုနက အိမ်ရှေ့ရောက်တော့ ဒုတိယထပ်က မီးခိုးတွေ ထွက်နေတာ တွေ့တယ်။ ဘာလုပ်နေတာလဲဟင်။ ဆေးဖော်နေတာလား။"

ယွင်ချိုင်ရှောင် နှင့် ချောင်ဝမ် တို့လည်း စိတ်ဝင်စားသွားကြသည်။ တစ်ယောက်က သိချင်စိတ် သတ်သတ် ဖြစ်သော်လည်း နောက်တစ်ယောက်ကတော့ အကဲခတ်ချင်စိတ်ဖြင့် ဖြစ်၏။

ချောင်ဝမ် စိတ်ထဲတွင် တွေးနေသည်။ ‘အပြင်စည်း ဂိုဏ်းသားတွေထဲမှာ ပထမအဆင့် ဆေးဖော်ပညာရှင် ဆိုတာ မရှားဘူး။ ဒါပေမဲ့ တကယ်လို့ သူက ဆေးဖော်ပညာမှာ ပါရမီ ပါတယ် ဆိုရင်တော့... ချိုင်ရှောင် နဲ့ သင့်တော်ကောင်း သင့်တော်နိုင်တယ်။’

သို့ပေမည့် ရှောင်ပေါင် ၏ အဖြေစကားက သူမ၏ မျှော်လင့်ချက်များကို ရိုက်ချိုးပစ်လိုက်သည်။

"ဆေးမဖော်ပါဘူး... ဟင်းချက်နေတာပါ။"

"ဟင်းချက်တယ်..."

ယွင်ချိုင်ရှောင် အံ့သြသွားသည်။ သူမ ထင်ထားခဲ့သည်မှာ ကိုကိုရှောင်ပေါင် ဆိုသည်မှာ တော်ဝင်မင်းသားလေး ဖြစ်ရာ လက်ညှိုးညွှန်ရာ ရေဖြစ်နေသော ဘဝတွင် နေခဲ့ရသူဖြစ်သည်။ မီးဖိုချောင်ထဲ ဝင်ပြီး ဟင်းချက် တတ်လိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

"ကိုကိုက ဟင်းချက်တတ်တယ်လား။"

ဘေးနားက ချောင်ဝမ် မျက်မှောင်ကြုတ်သွားသည်။

‘ယောက်ျားကောင်း ဆိုတာ မီးဖိုချောင်နဲ့ ဝေးရမယ်’ လို့ ဆိုရိုးရှိတယ်။ သူက ယောက်ျားရင့်မာကြီး ဖြစ်ပြီး ဟင်းချက်တာကို ဝါသနာပါနေတယ် ပေါ့လေ။ ချိုင်ရှောင် အတွက် အားကိုးရပါ့မလား။’

ကျန်းမုန်ယွင် ကတော့ ပျော်နေသည်။

"ဟယ်... ဟုတ်လား။ ဘာဟင်းတွေ ချက်တာလဲဟင်။ တို့တွေကို ကျွေးပါလား။"

ရှောင်ပေါင် ရယ်မောလိုက်သည်။ သူ ရည်ရွယ်ထားတာလည်း ထိုအရာပဲလေ။

"ရတာပေါ့... ခဏလေး စောင့်နော်။"

ရှောင်ပေါင် အပေါ်ထပ်သို့ ပြန်တက်သွားသည်။ ပန်းကန်ပြားအကြီး တစ်ချပ်ထဲသို့ ဒယ်အိုးထဲမှ ခရမ်းချဉ်သီး ကြက်ဥကြော်များကို ပြောင်းထည့်လိုက်သည်။

အောက်ထပ်သို့ ပြန်ဆင်းလာချိန်... လှေကားတစ်ဝက်အရောက်တွင်...

အောက်ထပ်၌ မျက်မှောင်ကြုတ်ပြီး ထိုင်နေသော ချောင်ဝမ် နှာခေါင်း လှုပ်သွားသည်။ ချက်ချင်းပင် လှေကားဘက်သို့ လှည့်ကြည့်လိုက်၏။

ယွင်ချိုင်ရှောင် နှင့် ကျန်းမုန်ယွင် တို့လည်း ထိုနည်းလည်းကောင်းပင်။

တစ်စုံတစ်ခုသော အရာက သူတို့ကို ဆွဲဆောင်နေသည်။

‘မွှေးလိုက်တာ...’

သုံးယောက်လုံး စိတ်ထဲတွင် ပြိုင်တူ ရေရွတ်လိုက်မိကြ၏။

"ကိုကို့ လက်ရာက ဒီလောက်တောင် ကောင်းတာလား..." ယွင်ချိုင်ရှောင် တွေးနေမိသည်။

ကျန်းမုန်ယွင် ကတော့ မျှော်လင့်ချက်တွေ ပြည့်ဝနေလေပြီ။ ဗိုက်ထဲမှ တဂွီဂွီ အော်လာသလိုပင်။

ချောင်ဝမ် ပင်လျှင် ရှောင်ပေါင် ကို အမြင်မကြည်သော်လည်း ထွက်ပေါ်လာသော အနံ့ကိုတော့ ငြင်းဆန်နိုင်စွမ်း မရှိ။ချေ ဘာဟင်းလဲ ဆိုတာ သိချင်နေမိ၏။

ရှောင်ပေါင် အောက်ထပ်သို့ ရောက်လာသည်။

မိန်းမလှလေး ၃ ဦးက သူ့လက်ထဲက ပန်းကန်ကို မျက်တောင်မခတ် ကြည့်နေကြသည်ကို မြင်တော့ ကျေနပ်သွားသည်။

‘ဟဲဟဲ... သွားရည်ကျကုန်ပြီ မလား။’

ရှောင်ပေါင် က ပန်းကန်ကို စားပွဲဝိုင်း အလယ်တွင် ချပေးလိုက်သည်။ ယွင်ချိုင်ရှောင်တို့ ၃ ဦး၏ အကြည့်များက ပန်းကန်ပေါ်သို့ ကျရောက်သွားသည်။

ကျောက်စိမ်းတုံးလို ကြည်လင်နေသော ကြက်ဥများ၊ ခရမ်းရောင် သလင်းကျောက်လို တောက်ပနေသော ခရမ်းချဉ်သီးများ၊ မီးတောက်လို ရဲရဲတောက်နေသော ငရုတ်သီးများ...

လှပလွန်းသော အရောင်အဆင်း နှင့် မွှေးပျံ့လွန်းသော အနံ့တို့ ပေါင်းစပ်သွားသောအခါ... မည်သူကမှ စိတ်မထိန်းနိုင်တော့ပေ။ သူတို့ ၃ ဦးစလုံး အကောင်းစား စားသောက်ဖွယ်ရာတွေ စားဖူးကြသည်။ သို့ပေမည့် ဤသို့သော ဟင်းပွဲမျိုးကိုတော့ တစ်ခါမှ မမြင်ဖူး၊ မစားဖူးကြ။

"မွှေးလိုက်တာဟယ်..."

ကျန်းမုန်ယွင် တီးတိုး ရေရွတ်လိုက်သည်။ "ပြီးတော့... အရမ်းလည်း လှတယ်နော်။"

"ဒါ... ဒါ ဘာဟင်းလဲဟင်။" ချောင်ဝမ် မနေနိုင်တော့ဘဲ မေးလိုက်မိ၏။

All Chapters