← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အပိုင်း (၃၆) ခရမ်းချဉ်သီး ကြက်ဥကြော်၏ စွမ်းပကား။

စားပွဲပေါ်ရှိ ဟင်းပွဲသည် အစားအစာ တစ်ခုထက် အနုပညာ လက်ရာတစ်ခုနှင့် ပိုတူနေသည်။ တူဖြင့် တို့ထိလိုက်ရမှာတောင် နှမြောစရာ ကောင်းလွန်းနေသည်။ ကြည့်နေရုံ၊ အနံ့ခံနေရုံနှင့်ပင် အရသာ ခံစားနေရသလို ကျေနပ်စရာ ကောင်းလှသည်။

ယွင်ချိုင်ရှောင်လည်း ကြောင်ငေးနေမိသည်။ ကိုကိုရှောင်ပေါင်က ဤမျှကောင်းမွန်သော ဟင်းပွဲကို ဖန်တီးနိုင်လိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

အမြဲတမ်း အပြစ်ရှာတတ်သည့် ချောင်ဝမ်ပင်လျှင် ယခုတစ်ကြိမ်၌ အပြစ်ရှာစရာ မတွေ့တော့။ သူမ၏ စိတ်ထဲတွင် ယောက်ျားကောင်းတွေ မီးဖိုချောင် မဝင်ရ ဆိုသည့် အယူအဆများ လွင့်ပါးပျောက်ကွယ်သွားပြီ ဖြစ်သည်။

အကယ်၍များ ယောက်ျားတိုင်းက ဤသို့ အရသာရှိသော ဟင်းပွဲမျိုး ချက်ကျွေးနိုင်မည် ဆိုပါက... စားဖိုမှူး လုပ်ခိုင်းလိုက်သည်ကမှ ပိုကောင်းဦးမည်။ သူမကိုယ်တိုင်ပင် မြည်းစမ်းကြည့်ချင်စိတ်ကို မနည်း ထိန်းချုပ်နေရသည်။

"ဒါ... ဒါ ဘာဟင်းလဲဟင်။"

အတန်ကြာမှ ချောင်ဝမ် ခေါင်းမော့လာပြီး တံတွေးမြိုချကာ မေးလိုက်၏။

ယွင်ချိုင်ရှောင် နှင့် ကျန်းမုန်ယွင် တို့လည်း သိချင်နေကြသည်။

ဒီလောက် အရသာရှိပြီး လှပတဲ့ ဟင်းပွဲက ဘာဟင်းလဲ။ တော်ဝင်နန်းတော်က စားဖိုမှူးကြီးတွေ တီထွင်ထားတဲ့ ဟင်းပွဲ အသစ်များလား။ မဟုတ်ရင် ဒီလောက် မွှေးပျံ့ပြီး ကြည့်ကောင်းပါ့မလား။

ရှောင်ပေါင် ရင်ထဲတနေသည်် ကျေနပ်အားရနေသည်။ အစကတည်းက မျက်နှာထား တင်းတင်းနှင့် ချေနေသော ချောင်ဝမ်ကို ကြည့်မရခဲပေ့။ ယခု သူ့လက်ရာကို မြင်ပြီး မျိုသိပ်မရ ဖြစ်နေသည်ကို မြင်ရသည် တော်တော် အရသာ ရှိလို့။

‘ဟမ့် ... ခရမ်းချဉ်သီး ကြက်ဥကြော်တောင် မသိဘူးလား။’

သို့ပေမည့် ရှောင်ပေါင် က မျက်နှာပိုးသတ်လိုက်ပြီး တည်ငြိမ်စွာ ဖြေလိုက်သည်။

"ဒါက ခရမ်းချဉ်သီး ကြက်ဥကြော်လေ။"

စားပွဲဝိုင်းတွင် ထိုင်နေသော မိန်းမလှလေး ၃ ဦးစလုံး ကြောင်အသွားကြသည်။ ဆိုင်ခန်းတစ်ခုလုံး တိတ်ဆိတ် သွားသလိုပင်။

"ဒါ... ဒါက ခရမ်းချဉ်သီး ကြက်ဥကြော် ဟုတ်လား..." အတန်ကြာမှ ချောင်ဝမ်က မယုံကြည်နိုင်သော လေသံဖြင့် မေးလိုက်သည်။

ခရမ်းချဉ်သီး ကြက်ဥကြော် ဆိုတာ ဒီလိုပုံစံမျိုးမှ မဟုတ်တာ။

ကျန်းမုန်ယွင်လည်း သံသယ မျက်လုံးများဖြင့် ကြည့်နေသည်။

ယွင်ချိုင်ရှောင် တစ်ယောက်သာ ဗဟုသုတ ပိုနှံ့စပ်သဖြင့် ခဏတာ စဉ်းစားပြီးနောက် မေးလိုက်၏။ "ဒါ... ဒါက မြစိမ်းရောင် ကြက်ဥနဲ့ ချက်ထားတာလား။"

ယွင်ချိုင်ရှောင်၏ ဖခင်သည် ဂိုဏ်းအကြီးအကဲတစ်ဦး ဖြစ်သဖြင့် သူမသည် ငယ်စဉ်တည်းက အဖိုးတန် ပစ္စည်းများကို မြင်ဖူး၊ စားဖူးသည်။ ကျောက်စိမ်းရောင် တောက်နေသော ကြက်ဥကို မြင်ဖူးသလို ရှိသည်။

"ဟင်..."

ရှောင်ပေါင် အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ ဒါက မြစိမ်းရောင် ကြက်ဥပဲ။ ဒီငရုတ်သီးက ပထမအဆင့် ဆေးမြစ် - မီးတောက် ငရုတ်သီး ၊ ခရမ်းချဉ်သီးက ပထမအဆင့် ဆေးမြစ် - ခရမ်းရောင် ခရမ်းချဉ်သီး လေ။"

"ဒါဆို... ဒီတစ်ပန်းကန်လုံးကို ပထမအဆင့် ဆေးမြစ်တွေချည်းနဲ့ ချက်ထားတာ ပေါ့လေ။" ကျန်းမုန်ယွင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"မှန်တာပေါ့။" ရှောင်ပေါင် ပြုံးလိုက်သည်။

"တော်တော် ဇိမ်ခံတာပဲ..."

ကျန်းမုန်ယွင် ရေရွတ်လိုက်မိသည်။ ဆေးမြစ်တွေကို ဤအတိုင်း ဟင်းချက်စားခြင်းဆိုသည်မှာ တော်ရုံ ဇိမ်ခံရုံနှင့် မရနိုင်ပေ။

ရှောင်ပေါင် က ရယ်မောလိုက်ပြီး သူတို့ကို တိုက်တွန်းလိုက်သည်။ "ကဲပါ... ငေးမနေကြနဲ့တော့။ စားကြလေ။ အေးသွားရင် မကောင်းဘူး။"

ပြောပြောဆိုဆိုနှင့် ရှောင်ပေါင် က အရင်ဆုံး တူကို ကိုင်လိုက်ပြီး တစ်လုပ် ယူစားလိုက်သည်။ ပါးစပ်ထဲ ရောက်သည်နှင့် မျက်လုံးမှိတ်ပြီး အရသာ ခံလိုက်သည်။ မျက်နှာပေါ်တွင် ပေါ်လာသော ကျေနပ်မှု အရိပ်အယောင်များ က မိန်းကလေး ၃ ယောက်ကို ပိုပြီး သွားရည်ကျစေ၏။

သူတို့ ၃ ဦးစလုံး တူကိုယ်စီ ကိုင်လိုက်ကြပြီး ဟင်းဖတ်လေးများကို ညှပ်ယူကာ ပါးစပ်ထဲ ထည့်လိုက်ကြသည်။

တစ်ခဏချင်းမှာပင်... ရင်ထဲအထိ ထိရှသွားစေသော ကျေနပ်မှုမျိုးကို ခံစားလိုက်ရ၏။

"ကောင်းလိုက်တာဟယ်..."

ကျန်းမုန်ယွင် အရင်ဆုံး ချီးကျူးလိုက်သည်။ "အစပ်က စူးရှနေပေမဲ့ လည်ချောင်းမနာဘူး။ လျှာဖျားလေးပဲ ထုံသွားတာ။ ပြီးတော့... အရသာက စွဲမက်စရာ ကောင်းလိုက်တာ။"

ယွင်ချိုင်ရှောင် နှင့် ချောင်ဝမ် တို့လည်း ထိုနည်းလည်းကောင်းပင်။

ဤမျှ အရသာရှိလှသော ခရမ်းချဉ်သီးကြက်ဥကြော်မျိုးကို သူတို့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မစားဖူးခဲ့ကြချေ။ ပုံမှန်ရနေကျဖြစ်သော ညှီနံ့နှင့် ဆီစော်နံ့များ လုံးဝကင်းစင်နေသည်။

ကြက်ဥ၏ လတ်ဆတ်မွှေးပျံ့သော အနံ့နှင့် ခရမ်းချဉ်သီး၏ ချိုချဉ်ဆိမ့်မြိန်သော အရသာတို့မှာ လျှာဖျားထက်တွင် အရည်ပျော်ကျသွားသည့်အလား ခံစားလိုက်ရသည်။ ထို့အပြင် မီးတောက်ငရုတ်သီး၏ စပ်ရှိန်းရှိန်း အရသာက ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသွားစေပြီး လူကို လန်းဆန်းတက်ကြွသွားစေ၏။

ယခုအချိန်တွင်မူ မည်သူကမျှ ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးကောင်း ဟူသည့် အမူအရာများကို ဂရုမစိုက်နိုင်ကြတော့ပေ။ အားလုံးက တူများကို အသွက်ဆုံး လှုပ်ရှားကာ အငမ်းမရ စားသောက်ကြလေရာ၊ လေဆင်နှာမောင်း ဝင်မွှေသွားသည့်အလား ပန်းကန်ထဲရှိ ဟင်းလျာများမှာ မျက်စိတစ်မှိတ်အတွင်းမှာ ပြောင်သလင်းခါသွားသည်။

ရှောင်ပေါင် မျက်လုံး ပြူးသွား၏။

‘ဟာ... ဒီမိန်းကလေးတွေက စားဖိုမှူးကိုတောင် မစောင့်ပါလား။ တော်တော် စားနိုင်ကြတာပဲ။ ငါ့ထက်တောင် ပိုစားနိုင်သေးတယ်။’

သူလည်း အားကျမခံ ဝင်လုစားရသည်။ ဤဟင်းက သူ့အတွက် စွမ်းအင် ဖြည့်တင်းဖို့ အဓိကဖြစ်သည်။ သူတို့ကို ဧည့်ခံသည်က ဒုတိယ အကြောင်းအရင်းပဲ ရှိသည်။

မကြာမီ ပန်းကန်ပြားက ပြောင်သလင်းခါသွားသည်။ မိန်းကလေး ၃ ယောက်ကတော့ အားမရသေးသလို ပန်းကန်ပြားကို ကြည့်ရင်း တပ်မက်နေကြဆဲပင်။ နောက်တစ်ပန်းကန်လောက် ထပ်ရချင်နေပုံ ပေါက်၏။

ရှောင်ပေါင် ကတော့ ခပ်တည်တည်ဖြင့် ထိုင်နေလိုက်သည်။ မမြင်ချင်ယောင် ဆောင်နေလိုက်သည်။

‘တော်ပြီ... ဒီလောက်ဆို တော်ပြီ။ ငါ့ဆေးမြစ်တွေ ကုန်သွားလိမ့်မယ်။’

ကျန်းမုန်ယွင် တစ်ခုခု ပြောရန် ပြင်လိုက်စဉ်...

ရုတ်တရက် ချောင်ဝမ် မျက်နှာထား ပြောင်းလဲသွားပြီး မတ်တပ် ထရပ်လိုက်သည်။ သို့ပေမည့် ….

"ဟင်... ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ တိုးလာသလိုပဲ... အဆင့်တက်ချင်နေပြီလား မသိဘူး။" ချောင်ဝမ် အံ့အားသင့်စွာ ပြောလိုက်သည်။

သူမသည် ပထမအဆင့် - အလယ်အလတ် သို့ ရောက်ရှိပြီးကတည်းက တိုးတက်မှု နှေးကွေးနေခဲ့သည်။ လွန်ခဲ့သည့် ၂ လ လောက်တည်းက စွမ်းအင် တိုးပွားလာခြင်း မရှိတော့ပေ။

သို့သော်ငြား ယခုမူ... ဟင်းတစ်ပွဲ စားပြီးသည်နှင့် ဝိညာဉ်စွမ်းအင်များ တရိပ်ရိပ် တက်လာသည်ကို ခံစားနေရသည်။ ဖြည်းဖြည်းချင်း တိုးတက်လာခြင်း ဖြစ်သော်လည်း သေချာ အာရုံစိုက်လိုက်ပါက သိသာ ထင်ရှားလှသည်။

"အစ်မဝမ်... မျက်နှာကြီး ရဲနေတာပဲ။" ကျန်းမုန်ယွင် အော်ပြောလိုက်သည်။

အားလုံး လှည့်ကြည့်လိုက်ကြသည်။ ဖြူဖွေးနုဖတ်နေသော ချောင်ဝမ်၏ မျက်နှာသည် ယခုအခါ မက်မွန်သီးလေး တစ်လုံးလို ပန်းရောင်သန်းပြီး နီရဲနေသည်။ ချောင်ဝမ် ကိုယ်တိုင်လည်း ခန္ဓာကိုယ် တစ်ခုလုံး ပူရှိန်းရှိန်း ဖြစ်လာသည်ကို ခံစားနေရသည်။ ရေပူစမ်းထဲ ရောက်နေသလိုမျိုးပင်။

‘ဒီဟင်းထဲက ဆေးမြစ်တွေကြောင့်များလား...’

ချောင်ဝမ် သံသယ ဝင်သွားသည်။ သို့ပေမည့် မဖြစ်နိုင်ဟုလည်း တွေးမိပြန်သည်။ သူမကိုယ်တိုင်လည်း ဆေးမြစ်များကို စားဖူးခဲ့သည်။ ဤမျှ ပြင်းထန်သော တုံ့ပြန်မှုမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။

ကျန်းမုန်ယွင် နှင့် ယွင်ချိုင်ရှောင် တို့လည်း နားမလည်စွာ ကြည့်နေကြသည်။

ရှောင်ပေါင် တစ်ယောက်တည်းသာ အကြောင်းရင်းကို သိသည်။ သို့ပေမည့် သူလည်း နည်းနည်းတော့ အံ့သြနေ၏။

‘ငါ့ကတော့ ဒီလောက်ကြီး မတုံ့ပြန်ပါလား။ သူကျမှ ဘာလို့ အဲ့လောက် ဖြစ်သွားရတာလဲ။’

"ဘာလဲ... နားမလည်ဘူးလား။" ယင်းကျိုယို ၏ ဝိညာဉ် ထွက်ပေါ်လာပြီး ရှောင်ပေါင် ကို မေးလိုက်သည်။

"ဘယ်လို ဖြစ်တာလဲ ဆရာအဘိုး။" ရှောင်ပေါင် စိတ်ထဲကနေ လှမ်းမေးလိုက်၏။

"ငါ စီစဉ်ပေးထားတဲ့ ဟင်းချက်နည်းက မင်းရဲ့ တန်လန် ခန္ဓာကိုယ် အတွက် အထူး သီးသန့် လုပ်ထားတာလေ။ မင်းရဲ့ ခန္ဓာကိုယ်က စွမ်းအင် လိုအပ်ချက် များလွန်းတော့ မင်းစားလိုက်ရင် သိပ်မသိသာဘူး။ ဒါပေမဲ့ ဒီကောင်မလေးက သာမန် ခန္ဓာကိုယ်ပဲ ရှိတာ။ ပြီးတော့ အဆင့်ကလည်း နိမ့်သေးတယ်။ ဒီလောက် ဆေးစွမ်းထက်တဲ့ ဟင်းကို စားလိုက်တော့ ချက်ချင်း တုံ့ပြန်တာပေါ့။ ယွင်ချိုင်ရှောင် ကျတော့ အဆင့်မြင့်နေပြီ ဆိုတော့ သိပ်မထူးခြားဘူး။"

ရှောင်ပေါင် သဘောပေါက်သွားသည်။ ယွင်ချိုင်ရှောင်ကို ကြည့်လိုက်တော့ သူမက ပုံမှန်အတိုင်းပင်။ မျက်နှာ မနီ၊ ရင်မတုန်ပေ။ သို့ပေမည့် ချောင်ဝမ် ကတော့ အတော်လေး သိသိသာသာ ဖြစ်နေသည်။

ထိုအချိန် ကျန်းမုန်ယွင် ကလည်း မျက်နှာ အမူအရာ ပြောင်းသွားသည်။ သူမ၏ ပါးပြင်လေးများ ပူနွေးလာသည်ကို ခံစားလိုက်ရပြီး ယွင်ချိုင်ရှောင်ကို လှမ်းမေးလိုက်၏။

"ချိုင်ရှောင်... ငါ့မျက်နှာရော နီနေလားဟင်။"

ယွင်ချိုင်ရှောင် လှမ်းကြည့်ပြီး ရယ်မောလိုက်သည်။ "အင်း... နီနေတယ်။ တကယ် နီနေတာ။"

All Chapters