အခန်း ၃၇
Vol. 4 Ch. 37
အပိုင်း (၃၇) အာမခံချက် မရှိပါလား...။
"ဟင်..."
ကျန်းမုန်ယွင် မျက်နှာပျက်သွားသည်။ မျက်နှာကြီး နီရဲလာသဖြင့် ရှက်လွန်း၍ ရေခွက်ကို အမြန် မော့သောက်လိုက်သည်။
"ဒါ ဘယ်လို ဖြစ်တာလဲ..." ဟု မေးရန် ပြင်လိုက်စဉ်...
သူမ၏ ခန္ဓာကိုယ်ထဲတွင် ထူးခြားမှု တစ်ခုကို ခံစားလိုက်ရသည်။ ဝမ်းဗိုက်ထဲမှ နွေးထွေးသော စွမ်းအင် စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခြင်းပင်။
"ဒါ..."
ကျန်းမုန်ယွင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ "ငါ့ရဲ့ ကျင့်ကြံမှုအဆင့် တက်လာသလိုပဲ..."
သူမက ရှောင်ပေါင် ကို လှမ်းကြည့်ပြီး အံ့သြတကြီး မေးလိုက်၏။
"ရှောင်ပေါင် ... ရှင့်ရဲ့ ဟင်းပွဲက တကယ်ပဲ ပထမအဆင့် ဆေးမြစ်တွေနဲ့ လုပ်ထားတာလား။ အာနိသင်က အရမ်း ပြင်းထန်လွန်းတယ်။ ၂ လုပ်၊ ၃ လုပ်လောက် စားလိုက်တာနဲ့တင် စွမ်းအင်တွေ တိုးပွားလာတယ် ဆိုတာ..."
ဘေးနားက ချောင်ဝမ် မျက်လုံးများ အရောင်တောက်သွားသည်။
ဤသည်မှာ တော်ရုံတန်ရုံ ကိစ္စ မဟုတ်ပေ။ ပထမအဆင့် ဆေးဖော်ပညာရှင်များပင်လျှင် ဆေးလုံးကိုသာ ဖော်စပ်နိုင်ကြသည်။ စားသောက်ဖွယ်ရာအဖြစ် ချက်ပြုတ်ပြီး စွမ်းအင်တိုးပွားအောင် လုပ်နိုင်သော ပညာရှင်မျိုး ဆိုသည်မှာ အင်မတန် ရှားပါးလှ၏။
ယွင်ချိုင်ရှောင်လည်း သံသယ မျက်လုံးလေးများဖြင့် ကြည့်နေမိသည်။
‘ကိုကိုရှောင်ပေါင်က ဆေးဖော်နည်း တတ်တယ် ဆိုတာ လက်ခံလို့ ရပေမဲ့... ဒီလောက်ထိ စွမ်းလိမ့်မယ်လို့ ထင်မထားမိဘူး။’
ဆေးဖော်ပညာရှင် တစ်ယောက်က အစားအသောက် ချက်ပြုတ်ပြီး စွမ်းအင်တိုးအောင် လုပ်ဖို့ မလွယ်ကူလှပေ။ ထိုအရာက အာဟာရ ပညာရှင်များ၏ အလုပ်ဖြစ်သည်။
ရှောင်ပေါင် က ချောင်းတစ်ချက် ဟန့်ပြီး ပြုံးဖြီးဖြီးဖြင့် ဖြေရှင်းလိုက်၏။
"ဟုတ်တယ်။ ပထမအဆင့် ဆေးမြစ်တွေနဲ့ ချက်ထားတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျုပ်က ရှေးဟောင်း စာအုပ်တစ်အုပ်ထဲက တွေ့ဖူးတဲ့ ထူးခြားတဲ့ နည်းလမ်းလေး တစ်ခုကို သုံးပြီး ချက်လိုက်တာပါ။ ဒါကြောင့် သာမန် ချက်ပြုတ်နည်းတွေနဲ့ မတူဘဲ အာနိသင် ပိုကောင်းသွားတာ ဖြစ်မယ်။"
"ထူးခြားတဲ့ နည်းလမ်း..."
မိန်းမလှ ၃ ဦးစလုံး အံ့သြသွားကြသည်။
"သြော်... ဒါကြောင့်ကိုး။" ချောင်ဝမ် ခေါင်းညိတ်လိုက်၏။
သာမန်အားဖြင့်ဆိုရသော် ပထမအဆင့် ဆေးမြစ်များသည် ဤမျှ အာနိသင် မပြင်းထန်လှပေ။ အထူးသဖြင့် ပထမအဆင့် (အလယ်အလတ်) သို့ ရောက်ရှိနေပြီဖြစ်သော သူမကဲ့သို့သော သူတစ်ဦးအတွက်မူ ပို၍ပင် အကျိုးသက်ရောက်မှု ရှိမနေသင့်တော့ချေ။
သို့ရာတွင် ရှောင်ပေါင်၏ လျှို့ဝှက်နည်းစနစ်ကြောင့် ဆေးဘက်ဝင်အာနိသင်မှာ အဆပေါင်းများစွာ တိုးပွားသွားခဲ့ပုံရသည်။ ဤအချက်က အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ ပထမအဆင့် ဆေးမြစ်တစ်ပင်ကိုပင် ဤမျှ အစွမ်းထက်လာစေရန် ဖန်တီးနိုင်စွမ်းရှိနေပါက... တတိယအဆင့်နှင့် စတုတ္ထအဆင့် ဆေးမြစ်များသာဆိုလျှင် မည်မျှတိုင်အောင် အစွမ်းထက်မြက်လိုက်မည်နည်း။
ချောင်ဝမ်၏ စိတ်ထဲတွင် ရှောင်ပေါင် အပေါ် ထားရှိသော အစွဲများ တဖြည်းဖြည်း လျော့ပါးသွားသည်။
‘ဒီလူက တော်ဝင်မိသားစုက ဆင်းသက်လာသူ ဆိုတော့ အရင်းအမြစ်တွေ ပေါတယ်။ ပြီးတော့ ဒီလို လျှို့ဝှက်နည်းလမ်းတွေကိုပါ ပိုင်ဆိုင်ထားတယ် ဆိုတော့... ပါရမီ နည်းနည်း နိမ့်ရင်တောင်မှ အနာဂတ်မှာ အလားအလာ ရှိနိုင်တယ်။ ပြီးတော့ ချိုင်ရှောင် ကိုယ်တိုင်ကလည်း သဘောကျနေပုံ ရတယ်။ ဒါဆိုရင် ငါက ဘာလို့ တားနေရအုံးမှာလဲ။’
ကျန်းမုန်ယွင် ကတော့ မျက်လုံးလေးတွေ လင်းလက်နေသည်။
"အရမ်း ကောင်းတာပဲ။ ဒါဆိုရင် ရှင့်ဆိုင်မှာ နေ့တိုင်း လာစားရင် ကျွန်မ အဆင့်တက်တော့မှာပေါ့။"
ရှောင်ပေါင် မျက်နှာ မည်းမှောင်သွား၏။ "ဒါက အဆင့်ချိုးဖျက်ဆေး မှ မဟုတ်တာဟ။ ခဏခဏ စားရင် ခန္ဓာကိုယ်က ယဉ်သွားပြီး ပထမအကြိမ်လောက် ထိရောက်မှု ရှိတော့မှာ မဟုတ်ဘူး။"
သူကိုယ်တိုင်တောင်မှ ဤနည်းလမ်းကို ဆက်သုံးချင်လျှင် ဆေးမြစ် အမျိုးအစားတွေ လှည့်ပြောင်းပြီး သုံးနေရဦးမှာပင်။
"သြော်... နှမြောစရာပဲ။"
ကျန်းမုန်ယွင် သက်ပြင်းချလိုက်သည်။ သို့ပေမည့် လက်ကတော့ မရပ်ပေ။ ကျန်နေတဲ့ ဟင်းဖတ်လေးတွေကို ဆက်စားနေသည်။ စွမ်းအင်တိုးသည်ကို ခဏထား၊ အရသာ ရှိလွန်း၍ကို စားနေရခြင်းဖြစ်သည်။
"တကယ် မထင်မှတ်ထားဘူး။ ကိုကိုရှောင်ပေါင်က ဒီလို လက်ရာမျိုး ရှိလိမ့်မယ်လို့..." ယွင်ချိုင်ရှောင် မျက်နှာလေး ရဲနေ၏
သူမ ထင်ထားခဲ့သည်မှာ ကိုကိုရှောင်ပေါင် ဆိုသည်မှာ တော်ဝင်မင်းသားလေး ဖြစ်ရာ လက်ညှိုးညွှန်ရာ ရေဖြစ်နေသော ဘဝတွင် နေခဲ့ရသူဖြစ်သည်။ ယခုမူ မီးဖိုချောင်ထဲတွင်ပါဆရာတစ်ဆူ ဖြစ်နေပါကောလား။
ရှောင်ပေါင် က ရယ်မောလိုက်သည်။
"ဟဲဟဲ... အပျော်တမ်း လေ့လာထားတာပါ။ ပြောပလောက်တဲ့ အရာ မဟုတ်ပါဘူး။ ညီမလေး ချိုင်ရှောင် ကြိုက်တယ် ဆိုရင်ပဲ ကျေနပ်ပါပြီ။"
"…..." ယွင်ချိုင်ရှောင် မျက်နှာလေး ပိုရဲသွားပြီး ခေါင်းငုံ့ကာ ထမင်းဆက်စားနေလိုက်၏။
ရှောင်ပေါင် ကတော့ ပြုံးဖြီးဖြီးဖြင့် ကျေနပ်နေသည်။ မိန်းကလေးတစ်ဦးအား မည်သို့ ချဉ်းကပ်ရမည်ဟူသည့် ကိစ္စနှင့် ပတ်သက်လာလျှင်မူ သူသည် ဆရာကြီးတစ်ဆူပင် ဖြစ်ပေတော့သည်။
ကျန်းမုန်ယွင် နှင့် ချောင်ဝမ် တို့ကတော့ သူတို့နှစ်ယောက် ကြည်နူးနေတာကို ကြည့်ပြီး မျက်နှာပူနေကြ၏။
ချောင်းဟန့်လိုက်ကြမှ ရှောင်ပေါင် လည်း ဟန်လုပ်ပြီး ထမင်း ဝိုင်းစားလိုက်သည်။
ထမင်းစားပွဲက ပျော်ရွှင်စရာ ကောင်းသော်လည်း ရှောင်ပေါင် စိတ်ထဲတွင်တော့ နည်းနည်း ဝမ်းနည်းနေမိသည်။
‘ဘာလို့လဲ... ချောင်ဝမ် နဲ့ ကျန်းမုန်ယွင် တို့ကျတော့ စွမ်းအင်တက်တာ သိသာနေပြီး... ငါ့ကျတော့ ဘာမှ မထူးခြားသလိုပါလား။ ငါက ကိုယ့်ဟာကိုယ် စားဖို့ ချက်ထားတာလေကွာ...’
"ငါ ပြောပြီးပြီလေ ..."
ယင်းကျိုယို၏ အသံက စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ " မင်းရဲ့ ခန္ဓာကိုယ်က တွင်းနက်ကြီး လိုပဲ... ဒီလောက် ဟင်းပွဲမျိုး ၁၀ ပွဲ စားရင်တောင် အများကြီး ထူးခြားမှာ မဟုတ်ဘူး။ ဒါပေမဲ့ သေချာ အာရုံစိုက်ကြည့်... နည်းနည်းတော့ ပြောင်းလဲမှု ရှိလိမ့်မယ်။ အခု တစ်ကိုယ်လုံး ပူနေသလို မခံစားရဘူးလား။"
ရှောင်ပေါင် သေချာ အာရုံစိုက်လိုက်မှ ခန္ဓာကိုယ်ထဲတွင် အပူငွေ့အနည်းငယ် ရှိနေသည်ကို သတိထား လိုက်မိ၏။
ယင်းကျိုယိုက ဆက်ပြောသည်။
"အဲဒါ စွမ်းအင်တွေ စီးဆင်းပြီး သွေးကြောတွေကို နှိုးဆွပေးနေတာပဲ။ ဖြည်းဖြည်းချင်း ကြိုးစားပေါ့ကွာ။ စားပါများရင် အဆင့်တက်လာမှာပါ။ တန်လန် ခန္ဓာကိုယ် ဆိုတာ ပြိုင်ဘက်ကင်းလောက်အောင် စွမ်းပေမဲ့... အားနည်းချက် ကတော့ အရင်းအမြစ်တွေ တောင်ပုံရာပုံ လိုအပ်တာပဲ။ အစကနေ အဆုံးထိ မင်းက ဖြည့်ဆည်းပေးနေရမှာ။"
ရှောင်ပေါင် သက်ပြင်းချလိုက်သည်။ ဟုတ်ပေသည်။ အစပိုင်းမှာတင် တော်ဝင်နန်းတော်ကတောင် မတတ်နိုင်လောက်အောင် ဆေးမြစ်တွေ လိုအပ်ခဲ့၏။ နောက်ပိုင်း အဆင့်မြင့်လာပါက မည်မျှတောင် လိုအပ်လာမည်နည်း။ တွေးပင် မတွေးရဲချေ။
သို့ပေမည့် ကောင်းကွက်တစ်ခုမှာမူ... သူ့တွင် အဆင့်တက်ရန် ပိတ်ဆို့နေခြင်းမျိး မရှိချေ။ စွမ်းအင် ပြည့်သည်နှင့် တန်း၍ အဆင့်တက်ရုံပင်။
ဘုရားသခင်က တံခါးတစ်ချပ်ကို ပိတ်လိုက်ပါက ပြတင်းပေါက် တစ်ပေါက်တော့ ဖွင့်ပေးစမြဲ မဟုတ်ပါလား ...။
............
ထမင်းစားပြီးနောက် ယွင်ချိုင်ရှောင် နှင့် ချောင်ဝမ် တို့ ပြန်ရန် ပြင်ကြသည်။
ရှောင်ပေါင်က သူတို့ကို တံခါးဝအထိ လိုက်ပို့သည်။ ချောင်ဝမ် နှင့် ကျန်းမုန်ယွင် တို့က အလိုက်တသိပင် ရှေ့ကနေ အရင် ထွက်သွားကြသည်။ ချစ်သူနှစ်ဦး နှုတ်ဆက်ဖို့ အချိန်ပေးသည့် သဘောမျိုးပင်။
ယွင်ချိုင်ရှောင်က ရှောင်ပေါင် ကို ကြည့်လိုက်သည်။
ငယ်ငယ်တုန်းက ခဏတာ အတူကစားခဲ့ဖူးတဲ့ သူငယ်ချင်း... အခုတော့ စေ့စပ်ထားသူ ဖြစ်လာခဲ့ပြီ။ အစပိုင်းတုန်းက သံယောဇဉ် သိပ်မရှိခဲ့သော်လည်း ယခုရက်ပိုင်း အတွင်းမှာတော့ သူ့အပေါ် ထားတဲ့ သံယောဇဉ်က ပိုပြီး နက်ရှိုင်းလာသလို ခံစားရသည်။ အထူးသဖြင့် ဤလူသားဆီမှာ ဆွဲဆောင်မှု တစ်ခုခု ရှိနေသည်။ ဘာမှန်းတော့ သေချာမသိပေ။
ရှောင်ပေါင် က ယွင်ချိုင်ရှောင်၏ လှပသော မျက်နှာလေးကို ငေးကြည့်ရင်း မေးလိုက်၏။ "ပြန်ရောက်တာနဲ့ လေယင် ရေကန်ကို သွားတော့မှာလား။"
"အင်း... ၁၅ ရက် ကြာလိမ့်မယ်။" ယွင်ချိုင်ရှောင်က ခေါင်းညိတ်လိုက်သည်။
"ဂရုစိုက်နော်... ပြန်ထွက်လာရင် ညီမလေးက တတိယအဆင့် ရောက်နေလောက်ပြီ။" ရှောင်ပေါင် က အားပေးလိုက်၏။
ယွင်ချိုင်ရှောင် ပြုံးလိုက်သည်။ မျက်ဝန်းလေးများ အရောင်တောက်သွားပြီးနောက် သူမကလည်း ပြန်လည် အားပေးလိုက်သည်။ "ကိုကိုလည်း ကြိုးစားနော်။"
"ဒါပေါ့... တတိယအဆင့် ရောက်နေရင် ကိုကိုကလည်း အနည်းဆုံး ဒုတိယအဆင့်တော့ ရောက်အောင် လုပ်ရမှာပေါ့။" ရှောင်ပေါင် က နှာခေါင်းကို ပွတ်ရင်း ပြောလိုက်၏။
သို့ပေမည့် ရင်ထဲမှာတော့ လေးလံနေမိသည်။ သူတစ်ပါးများမှာ ကြိုးစားအားထုတ်ပါက အဆင့် တက်နိုင်ကြသည်။ သူကမူ ဆေးဝါး (အစားအသောက်) အပေါ်၌သာ မှီခိုနေရသည် မဟုတ်ပါလား။ ငွေကြေးရှိမှ၊ ဆေးမြစ်ရှိမှသာ အဆင့်တက်နိုင်ပေမည်။
‘ငါ အဆင့်တက်ဖို့ ဆိုတာ... မနက်ဖြန် ဖြစ်နိုင်သလို... နောက်နှစ်မှ ဖြစ်ချင်လည်း ဖြစ်မှာ... ချီးတဲ့မှ … အာမခံချက် မရှိပါလားကွာ ...’