← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အပိုင်း (၃၈) - ဉာဏ်ရည်ဉာဏ်သွေး စော်ကားခံလိုက်ရခြင်း

မွှေးပျံ့သော ရနံ့များ သင်းထုံနေသည့် အဆောင်တစ်ခုအတွင်း၌ ..

အလှပန်းလေးတစ်ပွင့်က မျက်နှာပေါ်တွင် အထင်သေးသည့်အမူအရာဖြင့် ရှိနေ၏။ "ချီး … ကျွန်မ ဖုန်းလင်းလုံက တောင်ပေါ်က ရှားပါးဟင်းလျာတွေ၊ ပင်လယ်စာတွေကို စားဖူးတာ နည်းနေလို့လား။ ရှင်တို့ပြောနေတဲ့ ခရမ်းချဉ်သီး ကြက်ဥကြော်ဆိုတာက အလွန်ဆုံးရှိ ကျွန်မအိမ်က စဖိုမှူးလက်ရာအဆင့်လောက်ပဲ ရှိမှာပါ။ ဘယ်လိုလုပ် ရှင်တို့ပြောသလောက် အံ့မခန်းဖြစ်နိုင်မှာလဲ။"

"အစ်မလင်းလုံ ... မယုံမရှိပါနဲ့။ ကျွန်မ ဒီနေ့ အဲဒါကို စားပြီးတဲ့နောက်မှာ တစ်ကိုယ်လုံးက စွမ်းအင်တွေ တိုးပွားလာသလို ခံစားလိုက်ရတယ်။ တကယ်ပြောတာပါ။ နည်းနည်းလေးမှ ချဲ့ကားပြောနေတာ မဟုတ်ဘူး။"

ဆိုင်ရှင်တစ်ယောက်၏ ဟင်းတစ်ခွက်ကြောင့် အကြွင်းမဲ့ လက်မြှောက်အရှုံးပေးသွားခဲ့ရသော ကျန်မုန့်ယွင်၏ မျက်နှာထက်တွင် တမ်းတသည့်အရိပ်အယောင်များ အပြည့်ဖြစ်နေပြီး နောက်တစ်စက္ကန့်တွင်ပင် သွားရည်များ ကျလာတော့မည့်အလား ထင်မှတ်ရသည်။

"ပြီးတော့ အဲဒီအရသာလေးကလေ … ဘုရားရေ ဘုရားရေ ... ကောင်းကင်ပေါ် ပျံတက်သွားသလိုပဲ။ နေ့တိုင်း အဲဒီအရသာမျိုးကို စားချင်မိတယ်။ အစ်ကိုရှောင်ပေါင်ရဲ့ ဟင်းက ကျွန်မတို့ လေယင်နန်းဆောင် ရဲ့ အကောင်းဆုံး ဟင်းလျာအဖြစ် သတ်မှတ်ကြောင်း ကျွန်မ ကြေညာတယ်။"

ချောင်ဝမ်က မျက်ဖြူလှန်ပြလိုက်၏။ "ဟေ့ ... နင့်မှာ အရင်က အဲဒီလောက် ဩဇာအာဏာရှိမှန်း ငါ ဘယ်လိုလုပ် မသိခဲ့ရတာလဲ။ ပြီးတော့ နင် အစ်ကိုရှောင်ပေါင် ဆိုတဲ့ စကားလုံးကို ထပ်ခေါ်နေအုံးမယ်ဆိုရင် ဟိုဘက်က ချိုင်ရှောင်တစ်ယောက် နင့်ကို ဒေါသထွက်လာမဲ့အကြောင်း သတိထားပါအုံး။"

ကျန်မုန့်ယွင်က လျှာလေးထုတ်လိုက်ပြီး ယွင်ချိုင်ရှောင်အား အနည်းငယ် စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။ "အို ... ဒါလည်း ဟုတ်တာပဲ။"

ယွင်ချိုင်ရှောင်က တခစ်ခစ် ရယ်မောလိုက်၏။ "အစ်မဝမ်ကတော့ လျှောက်ပြောနေပြန်ပြီ။"

ထိုအခါ လူအများစု၏ စိတ်ထဲတွင် လှုပ်ရှားသွားကြသည်။ ဤသည်မှာ ယွင်ချိုင်ရှောင် လေယင် နန်းဆောင် သို့ ရောက်လာပြီးနောက်ပိုင်း အများဆုံး ရယ်မောခဲ့သည့် နေ့တစ်နေ့ပင် ဖြစ်နေမည်လား ဟု တွေးလိုက်မိကြသည်။

ယွင်ချိုင်ရှောင်က ပါးစပ်ကိုအုပ်၍ ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်၏။ "အစ်ကိုရှောင်ပေါင်က နင့်ထက် အသက်ကြီးတယ်။ သူ့ကို အစ်ကိုရှောင်ပေါင်လို့ မခေါ်ဘဲ ဘယ်လိုခေါ်ရမှာလဲ။"

ဖုန်းလင်းလုံက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ "အယ် အယ် အယ် ... ရှင်တို့တွေ စကားလမ်းကြောင်း မလွှဲကြနဲ့လေ။ ချိုင်ရှောင် ... နင့်အိမ်က အစ်ကိုရှောင်ပေါင် ချက်တဲ့ဟင်းက တကယ်ပဲ အဲဒီလောက်တောင် စားလို့ကောင်းနေတာလား။"

ယွင်ချိုင်ရှောင်က သူမ၏ အစ်ကိုရှောင်ပေါင်အကြောင်းကို အမွှမ်းတင်၍ မပြောရဲလောက်အောင်ပင် ရှက်ရွံ့နေခဲ့ပြီး တခစ်ခစ်သာ ရယ်မောနေခဲ့သည်။ "တော်တော်လေးတော့ ကောင်းပါတယ်။"

ဖုန်းလင်းလုံက သူမဘာသာ တီးတိုးရေရွတ်လိုက်၏။ "ဟင်း ... တစ်နေ့ကျရင်တော့ ဒီသခင်မလေး ကိုယ်တိုင် သွားပြီး စမ်းစားကြည့်ရမယ်။"

လေယင် မြို့တော်၏ ကောင်းကင်ယံတွင် တိမ်ကင်းစင်နေပြီး လမ်းမတစ်ခုပေါ်၌ ချန်ယန်သည် စိတ်လွင့်ပါးနေသည့်ဟန်ဖြင့် လျှောက်လှမ်းနေခဲ့၏။ သူ၏ စိတ်ထဲတွင် တွေးမိလေလေ ပို၍ မှားယွင်းနေသည်ဟု ခံစားရလေလေပင် ဖြစ်နေသည်။

မနေ့ညက သူ၏ ဇနီးဖြစ်သူသည် သူ့အား တစ်ညလုံး ဆူပူကြိမ်းမောင်းနေခဲ့ပြီး ကုတင်ပေါ်သို့ပင် တက်ခွင့်မပေးခဲ့ချေ။

အကြောင်းရင်းမှာကား ဟုန်ရှောင်ပေါင်နှင့် ပတ်သက်သည့် ကိစ္စရပ်ကြောင့်ပင် ဖြစ်ပြီး ယခုအချိန်အထိ ဇနီးသည် က မည်သို့ ပြောဆိုခဲ့သည်ကို သူ မှတ်မိနေဆဲ ဖြစ်သည်။

သူ၏ ဇနီးသည်က ဒေါသတကြီးဖြင့် ဤသို့ ပြောခဲ့၏။ "ရှင်က ကမ္ဘာပေါ်မှာ နံပါတ်တစ် အကြီးဆုံး အရူးပဲ။ ကလေးပေါက်စလေး တစ်ယောက်ရဲ့ စကားနည်းနည်းလေးနဲ့တင် လှည့်စားခံလိုက်ရတာလား။ ရှင်က ဘယ်လိုလုပ် ပထမအဆင့် ဆေးဖော်ပညာရှင် ဖြစ်လာရတာလဲ။"

သူမက ဆက်၍ ဆူပူခဲ့၏။ "ကျွန်မ မျက်ကန်းနေလို့သာ ရှင့်လို ဝက်တစ်ကောင်ကို လက်ထပ်ခဲ့မိတာပဲ။ ရှင့်နောက်ကို လိုက်ပြီး ဒီလို တောကြိုအုံကြားက လေယင် နန်းဆောင် ကို ရောက်လာရတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အတွင်းစည်းကိုတောင် မဝင်နိုင်ဘူး။ အခုတော့ လူလိမ်ခံရသေးတယ်။ အဲဒီ အသေးစား ရိုးတွင်းခြင်ဆီဆေးလုံး ရဲ့ လျှို့ဝှက်ချက်လေးက အဲဒီကောင်လေး တစ်နေရာရာက စာအုပ်ထဲကနေ ဖတ်လာတာလည်း ဖြစ်နိုင်တာပဲ။ ကံကောင်းလို့ သူက ပြောလိုက်နိုင်တာကို ရှင်က သူ့ကို တော်တယ်လို့ ထင်နေတာလား။"

သူမက မျက်နှာထားတင်းမာစွာဖြင့် ထပ်ပြောခဲ့၏။ "အဲဒီ ဆေးပေါင်းအိုးတွေက သံတိုသံစ၊ ကြေးစုတ်ကြေးပြတ်တွေ ဆိုတာ သိသာနေတာကို။ ရှင်က ဝိညာဉ်ကျောက်တုံး အများကြီးပေးပြီး ဝယ်လာရတယ်လို့ ... ချန်ယန် ... ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ အဲဒီငွေတွေကို ပြန်မတောင်းနိုင်ဘူးဆိုရင် တစ်သက်လုံး ပြန်မလာနဲ့တော့။"

ဤသည်မှာ ယနေ့နံနက် အိမ်မှထွက်လာချိန်တွင် ဇနီးဖြစ်သူက ဒေါသတကြီးဖြင့် ပြောဆိုလိုက်သော စကားများပင် ဖြစ်သည်။

ထိုဆေးပေါင်းအိုးများသည် တကယ့်ကိုပင် သံတိုသံစ၊ ကြေးစုတ်ကြေးပြတ်များ ဖြစ်နေသောကြောင့် ဇနီးဖြစ်သူ၏ စကားများက အနည်းငယ်တော့ သဘာဝကျသည်ဟု ချန်ယန် ခံစားလိုက်ရ၏။

ယခုအချိန်တွင် ထိုကိစ္စကို တွေးမိလိုက်တိုင်း ဂုဏ်သိက္ခာကြီးမားလှသော ပထမအဆင့် ဆေးဖော်ပညာရှင် တစ်ယောက်ဖြစ်သည့် သူ၏ ဉာဏ်ရည်ဉာဏ်သွေး စော်ကားခံလိုက်ရသည်ဟုသာ ခံစားနေရသည်။

ချန်ယန်သည် သူ၏ လက်ထဲတွင် ယခုအခါ၌ သံတိုသံစ၊ ကြေးစုတ်ကြေးပြတ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော ဆေးပေါင်းအိုးများကို ဆွဲကိုင်ထားရင်း ဒေါသတကြီးဖြင့် တွေးလိုက်၏။ "မဖြစ်ဘူး။ ဒီငွေတွေကို ငါ မဖြစ်မနေ ပြန်တောင်းရမယ်။"

အိမ်သို့ ပြန်ရောက်၍ မီးမွှေးလိုက်ရုံသာ ရှိသေးပြီး ဘာတစ်ခုမှပင် မစတင်ရသေးချိန်၌ ဆေးပေါင်းအိုးများက အလိုအလျောက် ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်၏။

ဟုတ်ပေသည်။ ပေါက်ကွဲသွားခဲ့ခြင်းပင်။

ဟုန်ရှောင်ပေါင် သင်ပေးလိုက်သော ထိုအရာများနှင့် ပတ်သက်၍မူ သူသည် ထပ်မံ စမ်းသပ်ကြည့်ရန် လုံးဝ မတွေးတောတော့ချေ။

ဟုန်ရှောင်ပေါင်သည် လူလိမ်တစ်ယောက်ဖြစ်ကြောင်း သိရှိနေပြီ ဖြစ်ရာ ဟုန်ရှောင်ပေါင်၏ နည်းလမ်းအတိုင်း ဆေးဖော်စပ်လျှင် ပို၍ အရူးမကျလွန်းဘူးလား။

သူ၏ ဉာဏ်ရည်ဉာဏ်သွေးကို ပြန်လည် ကုစား၍ ရနိုင်သေးသည်ဟု ချန်ယန် တွေးလိုက်မိသည်။

တွေးပြီးသည်နှင့် တစ်ပြိုင်နက် ချန်ယန်သည် ဟုန်ရှောင်ပေါင်၏ ဗြမ္မာဦး ကုန်စုံဆိုင် ဆီသို့ အလျင်စလို လျှောက်သွားလိုက်၏။

သို့သော်လည်း သူ၏ စိတ်ထဲတွင်တော့ ဟုန်ရှောင်ပေါင်သည် ယွင်ချိုင်ရှောင်၏ စေ့စပ်ထားသူဖြစ်ရာ သူ့ဘက်မှ အလွန်အမင်း ရိုင်းပျမှုမျိုး မဖြစ်စေသင့်ဘဲ သိမ်သိမ်မွေ့မွေ့လေး ပြောဆိုရန် သင့်တော်မည့် စကားလုံးများကို စဉ်းစားနေခဲ့သည်။

မိနစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင် ချန်ယန်သည် ဗြမ္မာဦး ကုန်စုံဆိုင် ရှိရာ လမ်းမဆီသို့ ရောက်ရှိလာခဲ့၏။

ရုတ်တရက် ချန်ယန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ "အယ် …"

ထို့နောက် လမ်းမ၏ အဝေးတစ်နေရာမှ အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထွက်လာသည်ကို သူ မြင်လိုက်ရသည်။

ထိုလူသည် အဘယ်ကြောင့် ယွင်စီနီယာအစ်မနှင့် ထိုမျှလောက် တူညီနေရသနည်းဟု ချန်ယန်၏ စိတ်ထဲတွင် အနည်းငယ် သံသယဖြစ်သွားခဲ့၏။

ချန်ယန်သည် ထိုသတင်းကို စောစောစီးစီးတည်းက သိရှိထားခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ ထပ်မံ အတည်ပြုလိုက်ရသည့်အခါတွင်တော့ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။ "ကောင်းကင်ဘုံ ... တကယ် ယွင်စီနီယာအစ်မပဲ။ ဒါက … ယွင်စီနီယာအစ်မ ပါလား။"

သူသည် အံ့အားသင့်နေခဲ့သော်လည်း အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်ကာ ဗြမ္မာဦး ကုန်စုံဆိုင် ရှိရာဆီသို့ အရှိန်မြှင့်၍ ပြေးသွားလိုက်သည်။

အနီးသို့ ရောက်သွားချိန်တွင် ချန်ယန်သည် ခပ်တိုးတိုး ရေရွတ်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။ "အယ် …"

ဗြမ္မာဦး ကုန်စုံဆိုင် ၏ မျက်နှာချင်းဆိုင် တံခါးဝတွင် လူငယ်တစ်ယောက် ရပ်နေသည်ကို သူ တွေ့လိုက်ရပြီး ထိုလူငယ်က သူ့ကို မြင်သည်နှင့် တစ်ပြိုင်နက် ပြုံး၍ ပြောလိုက်၏။ "ဂိုဏ်းတူအစ်ကိုချန် ... ခင်ဗျားက ဆရာကြီးဟုန်ကို လာရှာတာလား။"

ချန်ယန်သည် မှင်တက်သွားခဲ့၏။ "ဟင် …"

သူ၏ စိတ်ထဲတွင်လည်း အံ့အားသင့်သွားပြီး မည်သည့် ဆရာကြီးဟုန်နည်း၊ ဟုန်ရှောင်ပေါင်ကို ဆိုလိုသည်လား။ ထိုနေ့က သူ၏ လုပ်ရပ်ကြောင့် ဤလူက ဟုန်ရှောင်ပေါင်ကို ဆရာကြီးတစ်ယောက်အဖြစ် သတ်မှတ်လိုက်ခြင်း များလား။

ချန်ယန်၏ မျက်နှာတစ်ခုလုံးသည် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး စကားကို မည်သို့ ဆက်ပြောရမည်ကိုပင် မသိတော့ချေ။ ဤသည်မှာ တကယ့်ကို ပါးရိုက်ခံလိုက်ရသလိုပင်။

သို့သော်လည်း မျက်နှာချင်းဆိုင်မှ ချောင်ပင်းကတော့ အလွန်ပင် သက်သောင့်သက်သာ ရှိနေခဲ့ပြီး ပြုံး၍ ပြောလိုက်၏။ "ဘာဖြစ်လို့လဲ။ ကျုပ်ကို မမှတ်မိတော့ဘူးလား။ သွားလေ ... ဆရာကြီးဟုန်က အတွင်းမှာ ရှိတယ်။ ယွင်စီနီယာအစ်မလည်း ခုနလေးတင် ပြန်ထွက်သွားတာ။"

ချန်ယန်က ချောင်ပင်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။ "တကယ်ကြီး ယွင်စီနီယာအစ်မ ဖြစ်နေတာပဲ။"

ချန်ယန်၏ ပုံစံကြောင့် ချောင်ပင်းမှာ အနည်းငယ် အံ့အားသင့်နေသည်။ အကြောင်းရင်းကိုတော့ သေချာ မသိချေ။ "အင်း …"

လူတော်တော်များများက ဆရာကြီးဟုန်နှင့် ယွင်စီနီယာအစ်မတို့ကြားတွင် ဆက်ဆံရေးတစ်ခုရှိကြောင်း သိထားကြသည် မဟုတ်ပါလား။

ချန်ယန်မှာ အကြိမ်ကြိမ် မှင်တက်နေခဲ့မိ၏။ ဤဟုန်ရှောင်ပေါင်သည် တကယ့်ကိုပင် ယွင်ချိုင်ရှောင်နှင့် ပတ်သက်မှု ရှိနေခဲ့သည်။ ယွင်ချိုင်ရှောင်၏ ဖခင်မှာ ယွင်ရှန့်ရွှမ် ဖြစ်ပြီး လေယင် နန်းဆောင် ၏ အစောင့်အရှောက်ဖြစ်ကာ အဆင့်အတန်းမှာလည်း အလွန်အမင်း မြင့်မားလှသည်။

ဤဟုန်ရှောင်ပေါင်သည် တကယ့်ကို ခေါင်းအစ ခြေအဆုံး လူလိမ်လူညာ တစ်ယောက် မှ ဟုတ်ပါလေစ။

ချန်ယန်သည် ရုတ်တရက် သေချာမှု မရှိတော့သလို ဖြစ်သွားခဲ့သော်လည်း မရှာဖွေဘဲလည်း မနေနိုင်ချေ။

ထိုသို့ ချီတုံချတုံ ဖြစ်နေစဉ်မှာပင် ဟုန်ရှောင်ပေါင်က အခန်းတွင်းမှနေ၍ ဤနေရာသို့ လှမ်းမြင်သွားခဲ့ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ အပြင်ဘက်သို့ လှမ်းခေါ်လိုက်၏။ "ချန်ယန်လား ... ဝင်လာပြီး ထိုင်လေ။"

ချန်ယန်က တုံ့ပြန်လိုက်သည်။ "အင်း။"

တံခါးဝတွင် မူလက ဒေါသတကြီး ဖြစ်နေခဲ့သော ချန်ယန်သည် ယခုအခါ၌ ဟုန်ရှောင်ပေါင်က သူ့ကို အရင် နှုတ်ဆက်လိုက်သည်ကို မြင်သောအခါ အနည်းငယ် တုံ့ဆိုင်းသွားခဲ့၏။

ပြီးမှ ခေတ္တမျှ ချီတုံချတုံ ဖြစ်နေခဲ့ပြီး အနေခက်စွာ ပြုံး၍ ပြောလိုက်သည်။ "အခုပဲ လာတော့မလို့ပါ ... ဆရာကြီး … ဟုန်။"

ဟုန်ရှောင်ပေါင်သည် ထိုအသံကို ကြားသော်လည်း နေရာတွင်သာ ဆက်ထိုင်၍ စားသောက်နေခဲ့ပြီး သူ့ကို ဂရုမစိုက်ခဲ့ချေ။ တန်ဖိုးကြီးကြီးပေး၍ ရယူထားခဲ့ရသော ခရမ်းချဉ်သီးကြက်ဥကြော်ကို အနည်းငယ်မျှပင် အလေအလွင့် အဖြစ်ခံ၍ မရနိုင်ပေ။ ဤသည်တို့မှာ ဝိညာဉ်စွမ်းအင်များသာ ဖြစ်ကြသည် မဟုတ်ပါလား။

ခုနက ပန်းကန်တစ်ချပ်စာ ယူထားပြီး ဒယ်အိုးထဲတွင် အနည်းငယ် ကျန်နေသေးရာ အားလုံးမှာ သူ၏ အရာများသာ ဖြစ်သည်။

ယခုအချိန်တွင် ချန်ယန်သည်လည်း ဝင်လာခဲ့ပြီး ဟုန်ရှောင်ပေါင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။ ချက်ချင်းဆိုသလိုပင် ပြင်းရှသော်လည်း အီဆိမ့်မနေသော ရနံ့တစ်ခုကို ရှူရှိုက်မိလိုက်ပြီး တစ်ခဏချင်းမှာပင် အစာစားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏

သို့သော်လည်း ဤဟင်းလျာကို မည်သို့ ခေါ်ဆိုရမည်ကို မသိသောကြောင့် သူက မေးလိုက်၏။ "ဆရာကြီးဟုန် ... ဒီဟင်းကို ဆရာကြီး ကိုယ်တိုင် ချက်ထားတာလား။ နာမည်က ဘယ်လိုခေါ်လဲ။ ကြည့်ရတာ ခရမ်းချဉ်သီး ကြက်ဥကြော်နဲ့ တော်တော်လေး တူပေမဲ့ မဟုတ်ဘူးနော်။"

ဟုန်ရှောင်ပေါင်က ပြုံးလိုက်ပြီး ပါးစပ်ကို ဖွဖွလေး သပ်လိုက်ကာ တူကိုချ၍ ပြောလိုက်၏။ " ... ခင်ဗျား မှတ်မိမှာ မဟုတ်ဘူးမလား။ ဒါက မြစိမ်းရောင်ကြက်ဥနဲ့ ခရမ်းရောင်ခရမ်းချဉ်သီးကြော်လေ။ ဟားဟား။"

ချန်ယန်သည် မှင်တက်သွားခဲ့၏။ "ဟင် …"

ဤသည်မှာ မည်သို့သော ဟင်းလျာအသစ်မျိုးနည်း။ အဘယ်ကြောင့် တစ်ခါမှ မကြားဖူးရသနည်း။ ထို့ပြင် ခရမ်းချဉ်သီး ကြက်ဥကြော်နှင့်လည်း ဆင်တူနေသေးသည်။

ဟုန်ရှောင်ပေါင်က ဘေးဘက်မှ တူအသစ်တစ်စုံကို ထုတ်ယူကာ ချန်ယန်အား ကမ်းပေးရင်း ပြောလိုက်၏။ "မြည်းကြည့်လိုက်ပါအုံး။ အရသာက ဘယ်လိုနေလဲဆိုတာကို ကြည့်လိုက်။"

All Chapters