← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အပိုင်း (၃၉) သောက်ကျိုးနည်း... ငါတော့ သွားပြီ။

ချန်ယန်တစ်ယောက် ခဏတာ ကြောင်အသွားပြီးမှ ခေါင်းညိတ်ကာ တူကို လှမ်းယူလိုက်သည်။ ထို့နောက် စားသောက်ရန် ပြင်ဆင်လိုက်၏။ ကျောက်စိမ်းရောင် ကြက်ဥတစ်ဖတ်ကို ပါးစပ်ထဲထည့်ပြီး စမ်းသပ်သည့်အနေဖြင့် နှစ်ချက်ခန့် ဝါးကြည့်လိုက်ရာ... ချက်ချင်းပင် ကြက်သေသေသွားသည်။

'ဒါက ကြက်ဥတဲ့လား။ မြစိမ်းရောင် ကြက်ဥဆိုတာ ဘာကြီးလဲ။'

သူ တစ်ခါမှ မကြားဖူးသော်လည် ဤမျှလောက်စားကောင်းနေလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ ပါးစပ်ထဲ ရောက်သည်နှင့် အဆီပါသော်လည်း အီလည်လည် မဖြစ်ချေ။ နှစ်ချက်လောက် ဝါးလိုက်သည်နှင့် မွှေးပျံ့သော အရသာက ပါးစပ်တစ်ခုလုံး ပြန့်နှံ့သွားပြီး ထူးကဲသော ကျေနပ်မှုကို ပေးစွမ်း၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ချန်ယန်၏ ခံတွင်းပျက်နေမှုများ ပျောက်ကွယ်သွားပြီး သွားရည်များ ယိုစီးလာသည်။ ပါးစပ်ထဲက အစာကို အမြန် မြိုချလိုက်ပြီး အားမရနိုင်သေးဘဲ ခရမ်းချဉ်သီး တစ်ဖတ်ကို ထပ်မံ ညှပ်ယူ စားလိုက်သည်။

ချန်ယန်၏မျက်နှာပေါ်တွင် ပေါ်လာသော ဇိမ်တွေ့နေသည့် အမူအရာကို ကြည့်ပြီး ရှောင်ပေါင်တစ်ယောက် စိတ်ရှုပ်သလို ခံစားလိုက်ရသည်။

'ဒီကောင် ကြက်ဥစားနေတာလား... ဘိန်းရှူနေတာလား မသဲကွဲတော့ဘူး။ တောက်... ငါတော့...'

"အဟမ့် ... အဟမ့်..."

ရှောင်ပေါင် ချောင်းဟန့်လိုက်မှ ချန်ယန်တစ်ယောက် ဈာန်ဝင်စားနေရာမှ သတိပြန်ဝင်လာ၏။

"အာ..."

ချန်ယန် ရှက်သွားပြီး မျက်နှာကြီး ရဲကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် ဆရာကြီးဟုန်ရယ်... တကယ်ကို... တကယ်ကို စားလို့ ကောင်းလွန်းလို့ပါဗျာ။"

သူ တစ်သက်နှင့်တစ်ကိုယ် ဤမျှလောက်စားကောင်းသော ခရမ်းချဉ်သီး ကြက်ဥကြော်ကို မစားဖူးခဲ့... အဲ မှားလို့... မြစိမ်းရောင် ကြက်ဥကြော်ကို မစားဖူးခဲ့ပေ။

"စားကောင်းတယ် မဟုတ်လား။"

ရှောင်ပေါင်က ဂရုမစိုက်သလို ပြောရင်း ကိုယ်တိုင်လည်း အမြန်စားလိုက်သည်။ စားနှုန်းက သိသိသာသာ မြန်လာသည်။ ချန်ယန် ထပ်နှိုက်မည်ကို စိုးရိမ်လို့ ဖြစ်သည်။

ဤလူတွေကို သူ ကောင်းကောင်း သိနေပြီ ... တော်တော် စားနိုင်ကြသည့် လူတွေပင်။

"ဟင်..."

ရုတ်တရက် နောက်ထပ် စားရန် ပြင်နေသော ချန်ယန် ကြောင်အသွားသည်။ တစ်ကိုယ်လုံး ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်နှင့် သွေးလေများ လှုပ်ရှားလာပြီး ပုံမှန် အရှိန်တစ်ခုဖြင့် လည်ပတ်နေသည်။ ထို့အပြင် ... ကျင့်ကြံမှုအဆင့်ပါ အနည်းငယ် တိုးတက်လာသလိုပင်။

သူ ပထမအဆင့် နှောင်းပိုင်းကို ရောက်နေတာ ကြာပြီ။ ဘာတိုးတက်မှုမှ မရှိတာ လအတန်ကြာခဲ့ပြီ။ အခု... ရုတ်တရက်ကြီး အဆင့်တက်ချင်သလို ဖြစ်လာတာလား။

"မဖြစ်နိုင်ဘူး..."

ချန်ယန်၏ မျက်နှာ အမူအရာ ပြောင်းသွားသည်။

'ဒီဟင်းပွဲကြောင့်များလား။'

စားလိုက်သည့် ခဏ၌ပင် သွေးကြောများ ပွင့်ဟသွားသကဲ့သို့ ခံစားလိုက်ရသည်မှာ အမှန်ပင်။ သို့ရာတွင် အရသာက အလွန်တရာ ကောင်းမွန်လွန်းနေသဖြင့် သတိမပြုမိလိုက်ခြင်း ဖြစ်၏။

ယခု ပြန်စဉ်းစားကြည့်မှ သေချာသွားသည်။

သို့ပေမည့်... ရှောင်ပေါင်က ပထမအဆင့် ဆေးဖော်ပညာရှင်ပဲ ရှိသေးသည်။ ဤမျှလောက် စွမ်းဆောင်နိုင်ပါ့မည်လား။ သူကိုယ်တိုင်လည်း ပထမအဆင့်ပင်... သို့ပေမည့် သူ မလုပ်နိုင်ပေ။ ထိုသို့ လုပ်နိုင်သည်မှာ အဆင့်မြင့် ဆေးဖော်ပညာရှင် သို့မဟုတ် အထူးပြု အာဟာရ ပညာရှင်တွေသာ ရှိပေမည်။

ရှောင်ပေါင်က အာဟာရပညာရှင်များလား။ သို့ပေမည့် သူက ဆေးဖော်ပညာမှာလည်း ဆရာတစ်ဆူဖြစ်သည်။ ဆေးဖော်ပညာရှင်ကော၊ အာဟာရပညာရှင်ကော နှစ်ခုလုံး ဖြစ်နေသည်လား။ သို့မဟုတ် သူက ဒုတိယအဆင့် ဆေးဖော်ပညာရှင်များလား။

ချန်ယန် တွေးရင်း ကြောက်လန့်လာသည်။ ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့... ရှောင်ပေါင်က လူလိမ် မဟုတ်ပေ။ တကယ့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

အတွေးဆုံးတော့ ချန်ယန် ကျောချမ်းသွားသည်။ တော်သေး၏။ ဆိုင်ထဲ ဝင်လာတုန်းက ဒေါသတကြီးနှင့် ရန်မတွေ့မိလိုက်ပေ။ မဟုတ်လျှင် သူ ဘယ်လို မျက်နှာပြရပါ့မည်နည်း။ ပြီးတော့ ဟိုတစ်ခါက ရှောင်ပေါင် ပြောခဲ့သည့် စကား... "ခင်ဗျား ရောဂါက မကုရင် မရတော့ဘူး" ဆိုတာ...

အကယ်၍ ရှောင်ပေါင်ကို ရန်စမိလိုက်လျှင် သူ့ရောဂါကို မည်သူ ကုပေးတော့မည်နည်း။ အကျိုးဆက်က တွေးရဲစရာတောင် မရှိပေ။

ထိုအချိန်တွင် ရှောင်ပေါင်သည်လည်း ပြောင်သလင်းခါနေသော ပန်းကန်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ တူကို ချလိုက်ပြီး ချန်ယန်ကို မေးလိုက်သည်။

"ဒါနဲ့... ဒီနေ့ ခင်ဗျား ဘာကိစ္စ လာတာလဲ။"

ချန်ယန် မျက်နှာ နီသွားသည်။ သူ လာတုန်းက ရည်ရွယ်ချက်နှင့် အခု လက်ရှိ အခြေအနေကို နှိုင်းယှဉ်ကြည့်ပြီး ကသိကအောက် ဖြစ်သွား၏။

"အဟမ်း..."

ချန်ယန် ချောင်းဟန့်လိုက်ပြီး မျက်နှာ၌ အပြုံးတုကြီး တပ်ဆင်ကာ ပြောလိုက်သည်။ "ဆရာကြီးဟုန်ရယ်... မေ့သွားပြီလား။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဆရာကြီး ကိုယ်တိုင် ကျုပ်ကို လာခဲ့အုံးလို့ မှာလိုက်တယ်လေ။"

"သြော်" ရှောင်ပေါင် နဖူးကို ရိုက်လိုက်ပြီး ရေရွတ်လိုက်၏။

"ဟုတ်သားပဲ... မေ့နေတာ။ ဘယ်လိုလဲ... ခန္ဓာကိုယ် အခြေအနေ ပိုဆိုးလာပြီ မဟုတ်လား။"

ချန်ယန် ခေါင်းညိတ်လိုက်သည်။ မျက်နှာလည်း ငယ်သွားသည်။

"မိန်းမ ဆူတာ ခံရတယ် မဟုတ်လား။ ကိစ္စ မရှိပါဘူး။ ယောက်ျားကိစ္စမှာ ပြဿနာ မရှိပါဘူး။ ခန္ဓာကိုယ် အားနည်းနေရုံပါ။ ရောဂါပျောက်သွားတာနဲ့ ကျားတစ်ကောင်လို ပြန်ဖြစ်လာစေရမယ်။" ရှောင်ပေါင်က ပြုံးစစဖြင့် ပြောလိုက်သည်။

"ဆရာကြီးဟုန်... ဒါ... ဒါကို..."

ချန်ယန် မျက်လုံး ပြူးသွားသည်။ ဤကိစ္စကို ရှောင်ပေါင်က အဘယ်သို့ သိနေရသနည်း။

သူ့မိန်းမ ဒေါသထွက်ရသည့် အဓိက အကြောင်းရင်းက သူတို့ လင်မယားသဘာဝ ကိစ္စမှာ အဆင်မပြေ ဖြစ်နေသောကြောင့်ပင်။ ယခင်တုန်းက လေအစုန်မှာ သေးပေါက်လျှင် သုံးပေလောက် ရောက်တဲ့ကောင်က... ယခုတော့ ကိုယ့်ဖိနပ်ကိုယ် ပြန်စိုနေသည့် အဖြစ်မျိုးဖြစ်နေ၏။

"ဟားဟား... ခင်ဗျား မျက်နှာ ကြည့်လိုက်တာနဲ့ သိတာပေါ့။"

ရှောင်ပေါင်က ရယ်မောလိုက်သည်။

ချန်ယန် ရင်ထဲတွင် လေးစားမှုများက တောင်လိုပုံလာ၏။

ရှေးလူကြီးတွေ ပြောဖူးတာ ရှိတယ်။ တကယ့် ဆရာသမားတွေက လူနာရဲ့ မျက်နှာကို ကြည့်ရုံနဲ့ ရောဂါကို သိတယ်တဲ့။ ဘယ်လောက် အသက်ရှည်မလဲ ဆိုတာတောင် တွက်ချက်နိုင်သတဲ့။ ရှောင်ပေါင်က အဲဒီလို ပုဂ္ဂိုလ်မျိုးပဲ နေမှာ။

"ဆရာကြီးဟုန်... အရင်က ပြစ်မှားမိတာတွေ ခွင့်လွှတ်ပြီး ကျုပ်ကို ကယ်ပါအုံးဗျာ။" ချန်ယန် သနားစရာ မျက်နှာထားဖြင့် တောင်းပန်လိုက်သည်။

ရှောင်ပေါင်က ပြုံးလိုက်၏။ "ကျုပ်က ခင်ဗျားကို လာခိုင်းတည်းက ကုပေးဖို့ စိတ်ကူးရှိပြီးသားပါ။"

ပြီးနောက် မေးခွန်း စမေးသည်။ "ကဲ ပြောပါအုံး ... အခုတလော ခေါင်းမူးပြီး အမြင်အာရုံတွေ ဝေဝါးနေသလို ဖြစ်တတ်တယ် မဟုတ်လား။"

ချန်ယန် အံ့သြသွားသည်။ ဟုတ်သည်။ ယခုရက်ပိုင်း ခဏခဏ မူးလဲချင်သလို ဖြစ်တတ်၏။

"ပြီးတော့... လမ်းလျှောက်ရင် ခြေထောက်တွေ လေးလံနေသလို ခံစားရတယ် မဟုတ်လား။"

"ဒါ... ဒါကိုရော သိတယ်လား။"

ချန်ယန် ကြက်သီးထသွားသည်။ "ဟုတ်ပါတယ် ဆရာကြီး။ အပြင်တောင် မထွက်ရဲလောက်အောင် ဖြစ်နေတာ။ ကယ်ပါအုံးဗျာ။"

ရှောင်ပေါင် ခေါင်းညိတ်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။

"ကျုပ် ဘယ်လိုသိလဲ ဆိုတာ မေးမနေနဲ့။ ခင်ဗျား ကံကောင်းတယ်လို့သာ မှတ်လိုက်။ ဒီနေ့သာ ကျုပ်နဲ့ မတွေ့လျှင်... နောက်တစ်လလောက် နေရင်င် ခင်ဗျား သုသာန် ရောက်သွားလောက်ပြီ။"

ဂျိန်း...

မိုးကြိုးပစ်ချလိုက်သလိုပင်။ ချန်ယန် ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသည်။

"သောက်ကျိုးနည်း..."

ချန်ယန် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ရှောင်ပေါင်၏ ခြေထောက်ကို ပြေးဖက်လိုက်ပြီး ငိုယိုလေတော့သည်။

"ဆရာကြီးဟုန်... ကယ်ပါဗျာ။ ကျုပ်မှာ အိုကြီးအိုမ မိဘတွေရော၊ မိန်းမနဲ့ ကလေးတွေရော ရှိသေးတာပါ။ ဒီတိုင်း မသေချင်သေးပါဘူးဗျာ..."

ရှောင်ပေါင်၏ မျက်နှာ မှောင်မည်းသွား၏။

"လွှတ်စမ်း... ဟေ့ကောင် ငါ့ခြေထောက်ကို လွှတ်။ ဘယ်သူက မကယ်ဘူး ပြောလို့လဲ။"

ထိုအခါမှ ချန်ယန်က ရှက်ရွံ့စွာဖြင့် လက်ကို လွှတ်ပေးလိုက်သည်။

ရှောင်ပေါင်က ရွံရှာသလို ကြည့်လိုက်ပြီး ဆိုင်ထောင့်ရှိ ပစ်ထားသော ဆေးမြစ်ပုံဆီ လျှောက်သွားလိုက်သည်။ အနီရောင် တောက်တောက် မြက်ပင်တစ်ပင်ကို ဆွဲထုတ်လိုက်ပြီး ချန်ယန်ကို ကမ်းပေးလိုက်၏။

"ခင်ဗျားက ရောဂါကို ကုချင်တယ် ဆိုပြီး အကြောင်းရင်းကို မရှာဘဲ ကုနေတာကိုး။ ရောဂါ ပျောက်ပါ့မလား။ အသေးစား ရိုးတွင်းခြင်ဆီ ဆေးလုံးက ခန္ဓာကိုယ်ကို သန့်စင်ပေးတာ မှန်ပေမဲ့ ရောဂါကုဆေး မဟုတ်ဘူး။ အဲဒါ စားလိုက်လျှင် ခင်ဗျားရောဂါက ပိုတောင် ဆိုးလာအုံးမယ်။

ရော့... ဒီ မီးမြက်ပင်ကို စားလိုက်။ ရောဂါ ပျောက်ကင်းစေရမယ်လို့ အာမခံတယ်။"

ချန်ယန်သည် လက်ထဲက နီရဲနေသော မြက်ပင်ကို ကိုင်ကြည့်ပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။

All Chapters