အခန်း ၄၀
Vol. 4 Ch. 40
အပိုင်း (၄၀) ဆေးအဆိပ်။
ချန်ယန်သည် လက်ထဲမှ မီးမြက်ပင်ကို ကြည့်ကာ မျက်နှာ ရှုံ့မဲ့နေသည်။
ဤမြက်ပင်အကြောင်းကို သူ ကောင်းစွာ သိရှိသည်။ ၎င်း၏ ပုံသဏ္ဍာန်မှာ မီးတောက်နှင့် တူသောကြောင့်သာ မီးမြက်ပင်ဟု နာမည်ပေးထားခြင်း ဖြစ်သည်။ တကယ်တမ်းတွင်မူ နာမည်သာ လှပပြီး အသုံးကျမှုမှာ တစ်ပြားသားမျှ မရှိပေ။ ဆိုရလျှင် အမှိုက်ပင် ဖြစ်သည်။ တိရစ္ဆာန်များပင် လှည့်မကြည့်သော အရာဖြစ်သည်။
လမ်းဘေးမှ အငတ်ဘေးဆိုက်နေသော ခွေးလေခွေးလွင့်များပင်လျှင် ဤမြက်ပင်ကို တစ်ကိုက် ကိုက်ပြီးပါက သုံးခါခန့် ပြန်အန်ထုတ်တတ်ကြ၏။
ယခင်က လူတစ်ယောက်သည် စမ်းသပ်လိုစိတ်ဖြင့် ဤမြက်ပင်ကို လျှာနှင့် တို့ကြည့်ဖူးသည် ဆို၏။ ထိုလူမှာ ၃ ရက် ၃ ည တိတိ အော့အန်ပြီး ရွံရှာလွန်းသဖြင့် သေလုနီးပါး ဖြစ်သွားခဲ့သည်ဟု ဆိုကြသည်။ ရွံရှာလွန်းသဖြင့် သေလုနီးပါး ဖြစ်ရသည် ဆိုသည်မှာ... စဉ်းစားသာ ကြည့်ကြပေတော့။
ချန်ယန်သည် လက်ထဲ ကိုင်ထားရုံနှင့်တင် အနံ့ဆိုးကြီးတစ်ခု နှာခေါင်းထဲ တိုးဝင်လာသည်။ ခွေးချေးနံ့ ၊ ငါးညှီနံ့ နှင့် အပုပ်နံ့ ရောနှောနေသလိုမျိုးပင်။
"ဆရာကြီးဟုန်..."
ချန်ယန်၏ အသံများ တုန်ယင်နေသည်။ "နောက်... နောက်နေတာ မဟုတ်ပါဘူးနော်။"
ဤအရာနှင့် သူ၏ရောဂါကို ကုသမည် ဆိုသည်မှာ... လူပါးဝခြင်းပင် မဟုတ်ပါလား။
"ခင်ဗျား ဘယ်လိုထင်လို့လဲ။" ရှောင်ပေါင်က ပြုံးစစဖြင့် ကြည့်နေသည်။
ချန်ယန် "......"
"သကြားတို့၊ ပျားရည်တို့ နည်းနည်းလောက် ဆမ်းစားလို့ မရဘူးလားဗျာ။" ချန်ယန်သည် နောက်ဆုံး မသေခင် ဇီဝိန်ချုပ်ခါနီး တောင်းဆိုသည့်အလား တောင်းဆိုလိုက်သည်။
"ခင်ဗျား ဘယ်လိုထင်လို့လဲ။" ရှောင်ပေါင်က ထိုစကားကိုပင် ထပ်ပြောလိုက်၏။
မျက်နှာထားမှာမူ ပြုံးသလိုလို မဲ့သလိုလိုနှင့် ကြည့်ရသည်မှာ ချန်ယန်တစ်ယောက် အောင့်သက်သက် ဖြစ်လာပုံပင်။
"ကောင်းပြီဗျာ... စားမယ် စားမယ်။"
သူ၏ရောဂါအခြေအနေကို တွေးမိပြီးနောက် ချန်ယန်သည် သတ္တိမွေးလိုက်သည်။ ထို့နောက် အသံကုန် အော်ဟစ်လိုက်သည်။ “အီး ယား ..”
ရှောင်ပေါင်ကမူ ဘာမျှမပြောဘဲ စောင့်ကြည့်နေ၏။
ချန်ယန်သည် အံကို ကြိတ်လိုက်သည်။ ခြေကို ဆောင့်နင်းလိုက်၏။ ထို့နောက် အသက်အောင့်ထားပြီး မျက်လုံးကို စုံမှိတ်ကာ လက်ထဲမှ မီးမြက်ပင်ကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက်တွင်မူ အားကုန် ဝါးလေတော့သည်။
ချက်ချင်းဆိုသလိုပင် ချန်ယန်၏ မျက်လုံးများ ပြူးထွက်လာသည်။ မျက်နှာကြီးမှာ စိမ်းလိုက်၊ ဝါလိုက်၊ ပြာလိုက်နှင့် မီးရောင်စုံပွဲတော် ကျင်းပနေသည့်အလား ဖြစ်လို့နေ၏။
မျက်နှာ ကြွက်သားများ တွန့်လိမ်ကုန်သည်။ တိရစ္ဆာန်ပင် မစားသော အရာဆိုသည်မှာ တကယ်ပင် မှန်ကန်လှသည်။ အနံ့မှာ ရွံရှာဖွယ် ကောင်းသကဲ့သို့ အရသာမှာလည်း လူသတ်ချင်စရာ ကောင်းလောက်အောင်ပင် ဆိုးရွားလွန်းလှသည်။
ရှောင်ပေါင်၏ ကောက်ကျစ်သော အပြုံးကို မြင်လိုက်ရသောအခါ ချန်ယန်တစ်ယောက် အလိမ်ခံလိုက်ရပြီဟု တွေးလိုက်မိသည်။ ထို့ကြောင့် ပါးစပ်ထဲမှ အရာများကို ထွေးထုတ်ပစ်ရန် ပြင်လိုက်၏။ သို့ပေမည့် ထိုအချိန်၌ပင်... သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းမှ အပူဓာတ်တစ်ခု စီးဆင်းလာသည်ကို ခံစားလိုက်ရ၏။
မီးမြက်ပင်...
ချန်ယန်၏ ဦးနှောက်က အလိုလို အဖြေရှာမိသွားသည်။ ဤသည်မှာ မီးမြက်ပင်၏ အာနိသင်ပင် ဖြစ်ရပေမည်။
သူသည် ထွေးထုတ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဆက်လက်၍ ဝါးမြိုလိုက်သည်။
ဝါးလေ ဝါးလေ... ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော စွမ်းအင်စီးကြောင်းများ စီးဆင်းလာလေ ဖြစ်သည်။ တစ်ကိုယ်လုံး အရည်ပျော်ကျတော့မတတ် သက်သောင့်သက်သာ ရှိလှသည်။ ရေပူစမ်းထဲ၌ စိမ်နေရသကဲ့သို့ ခံစားမှုမျိုးပင်။
ဝါးရင်း ဝါးရင်းနှင့် ချန်ယန်တစ်ယောက် အရသာ တွေ့လာသည်။ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားပြီး နှုတ်ခမ်းကိုပင် လျှာဖြင့် သပ်လိုက်သေး၏။ အရသာ ခံနေပုံရသည်။
ဘေးမှ ကြည့်နေသော ရှောင်ပေါင်ပင်လျှင် ရယ်ချင်စိတ်ကို မနည်း ထိန်းထားလိုက်ရ၏။
မြက်ပင်များ ကုန်သွားသောအခါ ချန်ယန်သည် မျက်လုံး ဖွင့်ကြည့်လိုက်သည်။ စကားပြောချင်သော်လည်း ပါးစပ်ထဲတွင် ထုံကျင်နေပြီး အနံ့ဆိုးများကြောင့် စကားမပြောနိုင်ပေ။
ရှောင်ပေါင်က ရယ်ချင်စိတ်ကို ထိန်းကာ မေးလိုက်သည်။
"ကျုပ်ဆီမှာ ၂ ပင် ကျန်သေးတယ်။ ထပ်စားမလား။ ၃ ပင်လုံး စားလိုက်လျှင် အာနိသင် ပိုကောင်းတယ်..."
ရှောင်ပေါင်သည် နောက်ပြောင်၍ ပြောလိုက်ခြင်း ဖြစ်သော်လည်း စကားပင် မဆုံးသေးချေ... ချန်ယန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ထောင့်နားရှိ မြက်ပုံဆီသို့ ပြေးသွားကာ ကျန်ရစ်သော မီးမြက်ပင် ၂ ပင်ကို ကောက်ယူလိုက်၏။
ထို့နောက် တယုတယဖြင့် စားသောက်လေတော့သည်။ စောစောကကဲ့သို့ မျက်နှာရှုံ့မဲ့ပြီး စားနေခြင်း မဟုတ်တော့ချေ။ ရှားပါးသော ညစာစားပွဲကြီး ကျင်းပနေသည့်အလား အရသာခံကာ စားနေ၏။ တစ်စက်မျှ အဖိတ်အစင် မခံပေ။ မျက်နှာပေးမှာလည်း ဇိမ်တွေ့နေသည့် ရုပ်သွင်ဖြင့်ပင်...။
ရှောင်ပေါင်မှာ ကြည့်ရင်းနှင့်ပင် စိတ်ပျက်လာသည်။ ဤမျှ ရွံရှာဖွယ် ကောင်းသောအရာကို ထိုမျှလောက် ဇိမ်ခံပြီး စားစရာ လိုရဲ့လား။
"ဂေ့..."
မီးမြက်ပင် ၃ ပင်လုံး ကုန်သွားသောအခါ ချန်ယန်တစ်ယောက် ကျေနပ်စွာဖြင့် လေချဉ်တက်လိုက်လေသည်။ အသံကို ကြားရုံနှင့်ပင် ရှောင်ပေါင်တစ်ယောက် ကြက်သီးထသွားရ၏။ ရှောင်ပေါင်မှာ ကြည့်ပင် မကြည့်ရဲတော့ချေ။
အချိန်အတန်ကြာမှသာ ချန်ယန် မျက်လုံး ဖွင့်လာသည်။ မျက်နှာပေါ်တွင် မေ့မရနိုင်သော ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေသည်။
"စားကောင်းလား။" ရှောင်ပေါင်က အနားသို့ကပ်ကာ မေးလိုက်၏။
ရှောင်ပေါင် မထင်မှတ်ထားခဲ့ပေ .. ချန်ယန်သည် သူ၏လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဆရာကြီးဟုန်... စားကောင်းတယ်၊ အရမ်း စားကောင်းတာပဲ။ ကျုပ် ဒီအသက်အရွယ်ထိ ရောက်လာတာ ဒီလောက် ထူးခြားတဲ့ အရာမျိုး တစ်ခါမှ မစားဖူးဘူး။ အစကတော့ မြိုချရ ခက်ပေမဲ့ နောက်ပိုင်းကျတော့ အရှိန်တက်လာတာဗျ။ တစ်ကိုယ်လုံး မီးတောက်တွေနဲ့ လောင်ကျွမ်းနေသလိုပဲ... နေလို့ အရမ်းကောင်းတယ်ဗျာ။"
"ကောင်းရင် ပြီးတာပါပဲ။"
ရှောင်ပေါင်က ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်ပြီး ချန်ယန်၏ လက်ကို ရွံရှာစွာ ဖယ်ရှားလိုက်သည်။
ဒီကောင်... မီးမြက်ပင်ကို စားကောင်းတယ်တဲ့လား။ အရသာခံ အာရုံများ ပျက်သွားပြီလား။
"ဒါနဲ့ ဆရာကြီးဟုန်..."
ချန်ယန်က အနားသို့ တိုးကပ်လာပြီး မေးလိုက်၏။ "ဒီ မီးမြက်ပင်က လမ်းဘေးမှာ ပစ်ထားရင်တောင် တိရစ္ဆာန်..."
ချန်ယန်၏ စကားမဆုံးခင်မှာပင် ရှောင်ပေါင်၏ မျက်နှာထားမှာ ထူးဆန်းနေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် ချက်ချင်းပင် သဘောပေါက်သွားသည်။
လမ်းဘေးက တိရစ္ဆာန်တောင် မစားဘူး... ဒါပေမဲ့ ငါကတော့ အရသာခံပြီး စားလိုက်တယ်။ ဒါဆို ငါက တိရစ္ဆာန်ထက် နိမ့်ကျနေတာလား။
"အဟမ်း... အဟမ်း..."
ချန်ယန် ချောင်းဟန့်ပြီး စကားပြင်ပြောလိုက်၏။ "ဆိုလိုတာက... ဒီ မီးမြက်ပင်က လမ်းဘေးမှာ ဘယ်သူမှ မလိုချင်တဲ့ အရာလေ။ ဘာလို့ ဒီလောက် ဆေးစွမ်းထက်နေရတာလဲ။ ဆရာကြီးဟုန် ဘယ်လို လုပ်လိုက်တာလဲဗျ။"
ရှောင်ပေါင်က ချန်ယန်ကို ကြည့်ကာ ပြုံးလိုက်သည်။ "သိချင်လား။"
ချန်ယန်သည် ခေါင်းကို ကြက်ဆိတ်သကဲ့သို့ ညိတ်လိုက်၏။ "သိချင်တာပေါ့ဗျာ။"
"ကောင်းပြီ... ပြောပြမယ်။"
ရှောင်ပေါင်က တည်ငြိမ်စွာ ရှင်းပြသည်။ "ပထမအချက် .. မီးမြက်ပင် ဆိုတာက သူ့အလိုလိုတော့ ဆေးစွမ်းမထက်ဘူး။ ဒါပေမဲ့ မှန်ကန်တဲ့ ရောဂါနဲ့ မှန်ကန်တဲ့ ဆေး တွေ့သွားရင်တော့ အစွမ်းထက်သွားတာပဲ။
ခင်ဗျား... ချန်ယန်... ၈ နှစ်သား အရွယ်ကတည်းက ဆေးဖော်ပညာကို လေ့လာခဲ့တယ်။ ဒီနေ့အချိန်ထိ ဆေးလုံးပေါင်း မရေမတွက်နိုင်အောင် ဖော်စပ်ခဲ့ဖူးတယ်။ ဟုတ်တယ် မဟုတ်လား။"
"ဟုတ်ပါတယ် ဆရာကြီး... ဆရာကြီး ပြောတာ မှန်ပါတယ်။"
ရှောင်ပေါင် ဆက်ပြောသည်။ "ခင်ဗျား ဆေးလုံးတွေ အများကြီး ဖော်စပ်ခဲ့ပေမဲ့ .. အဲဒီအထဲက သုံးပုံတစ်ပုံ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ ပမာဏက အမှိုက်ဆေးလုံးတွေ၊ အဆိပ်သင့် ဆေးလုံးတွေ ဖြစ်ခဲ့တယ် မဟုတ်လား။"
ရှောင်ပေါင်သည် ခဏရပ်လိုက်ပြီးနောက် လေးနက်စွာ ဆက်ပြော၏။ "ခင်ဗျား သိမှာပါ။ ဆေးဖော်ပညာရှင်တွေ အများစုက သက်တမ်းမရှည်ကြဘူး။ အဆင့်တူညီတဲ့ သိုင်းပညာရှင်တွေနဲ့ ယှဉ်ရင် သူတို့ရဲ့ သက်တမ်းက တစ်ပိုင်းလောက် တိုတောင်းကြတယ်။ ဟုတ်တယ် မဟုတ်လား။"
ချန်ယန်၏ မျက်နှာမှာ တည်သွားပြီး ခေါင်းညိတ်လိုက်သည်။
မှန်ပေသည်။ သာမန်လူများက ဆေးဖော်ပညာရှင်များ၏ အပေါ်ယံ ဂုဏ်ဒြပ်ကိုသာ မြင်ကြခြင်း ဖြစ်သည်။ သူတို့၏ သက်တမ်း တိုတောင်းမှုကို သတိမထားမိကြချေ။ ဥပမာအားဖြင့် - တူညီသော အဆင့်ရှိ သိုင်းသမား တစ်ယောက်က အသက် ၂၀၀ နေရမည် ဆိုလျှင် ဆေးဖော်ပညာရှင်မှာ ၁၅၀ ခန့်သာ နေရတတ်၏။
"အကြောင်းရင်းကို ခင်ဗျား ကောင်းကောင်း သိမှာပါ။ အဲဒါကတော့... ဆေးအဆိပ်ကြောင့်ပဲ။" ရှောင်ပေါင်က စကားလုံး တစ်လုံးချင်းကို ပီသစွာ ပြောလိုက်သည်။
"ဟုတ်... ဟုတ်ပါတယ်။"
ချန်ယန်၏ အသံမှာ တုန်ယင်သွားသည်။ ဆေးအဆိပ် ဆိုသည်မှာ ဆေးဖော်ပညာရှင်တိုင်းအတွက် အိပ်မက်ဆိုးကြီး တစ်ခုပင် ဖြစ်၏။
သူကိုယ်တိုင်ပင်လျှင် ဆေးအဆိပ်သင့်ပြီး သေရမည်ကို တွေးကာ အကြိမ်ကြိမ် အိပ်မက်ဆိုး မက်ဖူးသည်။ သို့ပေမည့် ဆေးဖော်ပညာရှင်တိုင်း ဖြစ်သည် မဟုတ်ဟုတွေးကာ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေခဲ့ရခြင်း ဖြစ်သည်။
"၈ နှစ်သားကတည်းက ဆေးစဖော်ခဲ့တယ်။ ဘယ်အချိန်က စပြီး ဆေးအဆိပ် ဝင်ခဲ့လဲတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ အခုအချိန်မှာ ခင်ဗျား ခန္ဓာကိုယ်ထဲမှာ ဆေးအဆိပ်တွေ အများကြီး စုမိနေပြီ။ ခန္ဓာကိုယ်က အလိုလို ယိုယွင်းလာတာ သဘာဝပဲ။ သူက ရောဂါကြီးကြီးမားမား ဖြစ်အောင် မလုပ်ဘူး။ ဒါပေမဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေကို တဖြည်းဖြည်းချင်း ဖျက်ဆီးပစ်တာ။
နောက်ဆုံးကျတော့... သက်စောင့်စွမ်းအင်တွေ ခန်းခြောက်ပြီး သေဆုံးရတော့တာပဲ။"
ရှောင်ပေါင်က အသံကို အရှိန်တင်ကာ ပြောလိုက်သည်။။
ဒိန်း...
ချန်ယန် တစ်ကိုယ်လုံး တုန်တက်သွားသည်။ အသည်းနှလုံးထဲအထိ အေးစက်သွားပြီး ချွေးစေးများ ပြန်လာတော့၏။
သောက်ကျိုးနည်း... ကြောက်စရာ ကောင်းလွန်းလှသည်။