အခန်း ၄၁
Vol. 5 Ch. 41
အပိုင်း (၄၁) ဆရာကြီးဟုန်က တကယ့် လူကောင်းပါလား။
သူ၏ ရောဂါလက္ခဏာများကို သေချာစွာ ပြန်လည်စဉ်းစားကြည့်လိုက်ရာ စာအုပ်များထဲတွင် ဖော်ပြထားသည့် ဆေးအဆိပ်သင့်ခြင်း လက္ခဏာများနှင့် တစ်ခြားစီ မဟုတ်ကြောင်း ချန်ယန် နားလည်လိုက်၏။
"ဒါဆိုရင် ကျုပ်အခု ဘယ်လို လုပ်ရမလဲ။" ချန်ယန်သည် စိုးရိမ်တကြီးဖြင့် ဟုန်ရှောင်ပေါင်အား မေးမြန်းလိုက်သည်။
ဟုန်ရှောင်ပေါင်သည် ပြုံးလိုက်ကာ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ရှင်းပြ၏။
"ခင်ဗျားမှာ ဆေးအဆိပ်တွေက များလွန်းပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပြီ။ ခင်ဗျားက အအေးဓာတ် ပါဝင်တဲ့ ဆေးလုံးတွေကို အများကြီး ဖော်စပ်ခဲ့တဲ့အတွက် ဆေးအဆိပ်တွေက အအေးဓာတ် လွှမ်းမိုးနေတယ်။ ဒီ မီးမြက်ပင် ဆိုတာက နာမည်နဲ့ လိုက်အောင် မီးဓာတ် ပါဝင်တယ်။ မီးက ရေကို နိုင်တယ်၊ အပူက အအေးကို နိုင်တယ် မဟုတ်လား။
ခင်ဗျား စားလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက အအေးဓာတ် ဆေးအဆိပ်တွေကို လောင်ကျွမ်းပစ်လိုက်တာ ဖြစ်တယ်။ ဒါကြောင့် တစ်ကိုယ်လုံး မီးလောင်နေသလို ပူရှိန်းရှိန်း ခံစားရပြီး နေလို့ကောင်းသွားတာ ဖြစ်တယ်။ အခု ခင်ဗျား ရောဂါ ပျောက်သွားပြီ။ နောင်ဆေးဖော်ရင်တော့ သတိထားပေါ့။"
ဟုန်ရှောင်ပေါင်၏ စကားကို ကြားရမှသာ ချန်ယန်သည် သက်ပြင်းချနိုင်တော့သည်။
မှန်ပေ၏။ ဆေးဖော်ပညာရှင် တိုင်း၌ ဆေးအဆိပ် ရှိတတ်ကြစမြဲ ဖြစ်သည်။ သို့သော်လည်း ဆေးအဆိပ်တွင် မည်သို့သော ဓာတ်သဘောရှိသည်ကို ခွဲခြားရန် ခက်ခဲသောကြောင့် ကုသရန် မလွယ်ကူကြချေ။ ယခုမူ ဟုန်ရှောင်ပေါင်၏ ကျေးဇူးကြောင့် သူသည် အသက်ဘေးမှ လွတ်မြောက်ခဲ့လေပြီ။
ပြန်ရောက်ရင် မီးမြက်ပင်တွေ အများကြီး သွားနှုတ်ပြီး အားဆေး အဖြစ် စားအုံးမှ...
ဆေးအဆိပ် ဆိုသည်မှာ မီးမြက်ပင် တစ်ပင်တည်းနှင့် ပျောက်ကင်းသွားနိုင်သည်လား။ ကောင်းကင်ဘုံ ... အလွန်ပင် စွမ်းလှချေ၏။
ထို့အပြင် သူသည် ဟုန်ရှောင်ပေါင်နှင့် ယခင်က ပြဿနာ ဖြစ်ဖူးခဲ့သူ ဖြစ်သည်။ ဆိုင်ကိုပင် ရိုက်ခွဲမလို ပြုလုပ်ခဲ့ဖူး၏။ ထိုအရာကို ဟုန်ရှောင်ပေါင်သည် အငြိုးမထားဘဲ သူ၏ ရောဂါကို ကုသပေးခဲ့သည်။
ဤသည်ကို မည်သို့ ခေါ်ဆိုရမည်နည်း... စိတ်ထားမြင့်မြတ်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ချန်ယန်၏ စိတ်ထဲတွင် ဤစကားလုံးမှာ ဟုန်ရှောင်ပေါင် အတွက် မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရ၏။
အိမ်က မိန်းမယုတ်က ငါ့ကို ပြဿနာ သွားရှာခိုင်းတယ်... တကယ့် အရူးမ။
ယခု ပြန်လည်စဉ်းစားကြည့်လိုက်လျှင် ဟုန်ရှောင်ပေါင်က အသေးစား ရိုးတွင်းခြင်ဆီ ဆေးလုံးအကြောင်း ပြောစဉ်ကလည်း အကုန်မှန်ကန်နေခဲ့သည်သာ ဖြစ်သည်။ သူကသာ အစွဲကြီးပြီး မယုံကြည်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ယနေ့သာ ပြဿနာ ရှာမိခဲ့ပါက ဟုန်ရှောင်ပေါင် စိတ်ဆိုးကာ သူ၏ ရောဂါကို ကုသပေးမည်မဟုတ်ပေ။ သို့ဆိုလျှင် သူ သေဆုံးရတော့မည် မဟုတ်ပါလား။
တွေးမိလေ... ကျေးဇူးတင်လေ ဖြစ်လာခဲ့၏။ ချန်ယန်သည် ရုတ်တရက် ဒူးထောက်ချလိုက်သည်။
ဘုန်း...
"ကျုပ် အသက်ကို ကယ်တင်ပေးတဲ့ ဆရာကြီးဟုန်ရဲ့ ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါဘူး။ နောင်နောင် ဆရာကြီး ခိုင်းသမျှ တာဝန်ယူပါ့မယ်။"
"ဟမ်..."
ဟုန်ရှောင်ပေါင်မှာ လန့်သွားမိ၏။ ဤခေတ်ကြီးထဲ၌ ဒူးထောက်ခြင်းက ခေတ်စားနေသေးသည်လား။
"ထပါ... ထပါ။ ကျုပ်က တတ်လို့ ကုပေးလိုက်တာပါ။ ကယ်ကောင်းတဲ့ လူမို့လို့ ကယ်လိုက်တာပါ။"
ဟုန်ရှောင်ပေါင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ချန်ယန်၏ ရင်ထဲတွင်မူ ဟုန်ရှောင်ပေါင်၏ ပုံရိပ်က မိုးထိအောင် မြင့်မားသွားခဲ့သည်။
ကြားလိုက်လား... ကယ်ကောင်းတဲ့ လူမို့လို့ တဲ့။ စိတ်ထားက ဘယ်လောက်တောင် ဖြူစင်လိုက်သလဲ။ ဆရာကြီးဟုန်က တကယ့် လူကောင်းပဲ။
ချန်ယန်သည် နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့၏။ သွားရင်းနှင့်ပင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်။ ဟုန်ရှောင်ပေါင်ကမူ ချန်ယန်၏ စိတ်ကို မသိချေ။ ချန်ယန်က မိမိကိုယ်ကို ပါရမီ နည်းပါးသူဟု ယူဆပြီး ဆရာကောင်း တစ်ယောက် ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ဟုန်ရှောင်ပေါင်မှာ အသင့်တော်ဆုံးပင်။
သို့သော်လည်း သူက ယခင်က ပြဿနာရှာခဲ့ဖူးသူ ဖြစ်နေသဖြင့် ဆရာတင်ရန် ပါးစပ်မှ မဟရဲချေ။ ဟုန်ရှောင်ပေါင် ၏ ဆိုင်တွင် အလုပ်သမား အဖြစ် ဝင်လုပ်လျှင် ကောင်းမည်လားဟု စဉ်းစားနေမိသည်။ သို့ပေမည့် နောက်ဆုံးတွင် ဘာမျှ မပြောရဲဘဲ ပြန်သွားရသည်။
"ဒီခေတ် လူတွေက သိမ်မွေ့လိုက်ကြတာ..."
ဟုန်ရှောင်ပေါင်က ချန်ယန် ထွက်သွားသည်ကို ကြည့်ပြီး ပခုံးတွန့်လိုက်သည်။ ထို့နောက် ဆိုင်ထဲ ပြန်ဝင်ပြီး အရေးကြီးသည့် ကိစ္စကို စဉ်းစားလိုက်၏။
"ဆရာအဘိုး... ပိုက်ဆံရှာမယ့် နည်းလမ်း ရှိလား။"
တန်လန် ခန္ဓာကိုယ် ဆိုသည်မှာ နာမည်ကသာ ကြောက်စရာ ကောင်းသော်လည်း တကယ်တမ်းတွင်မူ ငါးပါးနီ ခန္ဓာကိုယ်သာ ဖြစ်သည်။ ဆေးမြစ်များ မည်မျှပင် စားစေကာမူ မလောက်နိုင်ချေ။ စောစောက ခရမ်းချဉ်သီး ကြက်ဥကြော် တစ်ပွဲတည်းနှင့် ဘာမျှ မထူးခြားခဲ့ပေ။
ဒုတိယအဆင့်သို့ ရောက်ရှိရန် ဆိုလျှင် ထိုကဲ့သို့သော ဟင်းပွဲမျိုး ၂၀၀၀ ခန့် စားမှသာ ရပေမည်။ ထိုအရာများကို ဝယ်ယူရန် ဝိညာဉ်ကျောက်တုံးမည်မျှလောက် လိုအပ်မည်နည်း။ ငွေ... ငွေ... အရာရာ ငွေသာ လိုအပ်ပေသည်။
"လွယ်ပါတယ်ကွ..."
ယင်းကျိုယိုက အေးဆေးပင်။ "ဝိညာဉ်စွမ်းအင်ပါဝင်တဲ့ ဟင်းတစ်ပွဲ ချက်ရောင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး သန်းချီ ရမှာပေါ့။"
"......"
သန်းချီသည်တဲ့လား။
ဟုန်ရှောင်ပေါင် နားလည်လိုက်ပြီ ဖြစ်သည်။ ယင်းကျိုယို ပြောသည့် အဆင့်မှာ လက်ရှိ သူ၏ အဆင့်နှင့် မိုးနှင့်မြေလို ကွာခြားနေဦးမည် ဖြစ်သည်။ သို့သော်လည်း သိချင်စိတ်ကြောင့် မေးလိုက်မိ၏။
"ဟင်းပွဲရဲ့ ဝိညာဉ် ဆိုတာ ဘာကြီးလဲ။"
"ဟင်းပွဲရဲ့ ဝိညာဉ် ဆိုတာ... စားလိုက်တာနဲ့ တာအိုကို ခံစားရစေတဲ့ အရာပေါ့။"
ယင်းကျိုယိုက ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ "ပိုက်ဆံရှာတာ လွယ်ပါတယ်။ ဆေးဖော်တာ၊ လက်နက်လုပ်တာ၊ ဟင်းချက်တာ၊ အစီအရင် ခင်းတာ... ကြိုက်တာလုပ်။ အကုန်လုံးက ဝိညာဉ်ကျောက်တုံးသန်းချီ တန်တာချည်းပဲ။"
ဟုန်ရှောင်ပေါင်သည် လက်မြှောက်ကာ အရှုံးပေးလိုက်သည်။ ဤအဘိုးကြီး၏ အဆင့်အတန်းမှာ အလွန် မြင့်မားလွန်းသဖြင့် သူပြောသမျှကို ခေါင်းညိတ်ရုံသာ ရှိတော့သည်။
"ဒါဆို... လောလောဆယ် ဆေးဖော်တာနဲ့ စလိုက်ရအောင်ဗျာ။"
လေယင်နန်းဆောင်၌ အပြင်စည်း ဂိုဏ်းသား ၁ သိန်းကျော် ရှိ၏။ သူတို့သည် အပြာရောင် လမင်း တောင်တန်းသို့ သွားရောက်ပြီး စွန့်စားခန်း ဖွင့်လေ့ရှိကြသည်။ ဒဏ်ရာရခြင်းများ၊ မတော်တဆ ထိခိုက်ခြင်းများမှာ နေ့စဉ် ဖြစ်ပျက်နေ၏။ ထို့အပြင် ကျင့်ကြံရန် အားဆေးများ၊ ကုသဆေးများက မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ ဆေးရောင်းခြင်းက အမြတ်အစွန်း အများဆုံးပင် ဖြစ်ပေလိမ့်မည်။
"ကောင်းပြီ... ဒါဆိုရင် ရွှေဒဏ်ရာပျောက်ဆေး ဖော်ကြတာပေါ့။"
ယင်းကျိုယိုက စဉ်းစားပြီး ပြောလိုက်သည်။ "သွားရှာချေ... ချိုမြိန်မြက် ၊ ကျောက်စိမ်း သစ်ခွ ၊ အပြာရောင် ကြာစေ့ ... နေအုံး၊ အပြာရောင် ကြာစေ့က မင်းတို့ဆီမှာ ရှားမယ် ထင်တယ်။ အဲဒီအစား နွားမြီးမြက် သုံးလိုက်။ သူက အကိုက်အခဲ ပျောက်တာ မပါပေမဲ့ သွေးတိတ်တာတော့ အတူတူပဲ။ ဒါမှမဟုတ် ဘန်တန် အမြစ်လည်း ရတယ်။ ပြီးတော့ မနက်ခင်း နှင်းရည်နဲ့ ဆန်ချီ နည်းနည်း ထည့်လိုက်ရင် ရပြီ။"
တယ်ဟုတ်ပါလား။
ဟုန်ရှောင်ပေါင်သည် နားထောင်ရင်းနှင့်ပင် သဘောကျနေမိသည်။ သူက ဆေးပညာကို နားမလည်သော်လည်း ဆေးဖော်နည်း တစ်ခု ရရှိရန် ဆိုသည်မှာ မရေမတွက်နိုင်သော စမ်းသပ်မှုများ ပြုလုပ်ရမည်ကို သိထား၏။
အဘိုးကြီးကမူ ပါဝင်ပစ္စည်း တစ်ခု မရှိလျှင် နောက်တစ်ခုနှင့် ချက်ချင်း အစားထိုးလိုက်သည်ပင်။ ဆေးပညာကို ဖောက်ထွင်းမြင်နေသည့် သဘောပင် ဖြစ်သည်။
ဟုန်ရှောင်ပေါင်သည် ချက်ချင်း ထလုပ်လိုက်၏။ ဘဏ္ဍာတိုက်ဆီသို့ ပြေးသွားလိုက်၏။
ဆိုင်ရှင်က ဟုန်ရှောင်ပေါင်ကို မှတ်မိနေပြီ ဖြစ်သည်။
"ဘာလိုချင်လို့လဲ။"
"ချိုမြိန်မြက်၊ ကျောက်စိမ်း သစ်ခွ၊ နွားမြီးမြက်၊ မနက်ခင်း နှင်းရည်၊ ဆန်ချီ..."
ဟုန်ရှောင်ပေါင်က ဆေးမြစ်စာရင်းကို ရွတ်ပြလိုက်သည်။ သူ၏ ဆေးဖော်နည်း လျှို့ဝှက်ချက် မပေါက်ကြားစေရန် မလိုအပ်သော ဆေးမြစ် ၃ မျိုးခန့်ကိုပါ ရောနှော၍ ဝယ်လိုက်၏။
"ချိုမြိန်မြက် နဲ့ နွားမြီးမြက် မရှိဘူး။" ဆိုင်ရှင်က ပခုံးတွန့်လိုက်သည်။
"ဗျာ..."
"အဲဒီ နှစ်မျိုးက ပထမအဆင့် ဆေးမြစ် ဆိုပေမဲ့ နေရာတိုင်းမှာ ပေါက်နေတာလေ။ အာနိသင်လည်း သိပ်မရှိတော့ ဘယ်ဆေးဖော်နည်းမှာမှ မသုံးကြဘူး။ ဒါကြောင့် ဘဏ္ဍာတိုက်က မရောင်းဘူး။" ဆိုင်ရှင်က ရှင်းပြ၏။
ဟုန်ရှောင်ပေါင် သဘောပေါက်လိုက်သည်။ မီးမြက်ပင် ကဲ့သို့ပင် ဖြစ်သည်။ လမ်းဘေး၌ ပေါက်နေပြီး မည်သူမျှ မလိုချင်သည့် အရာများပင်။
ဟုန်ရှောင်ပေါင်က ကျန်ရှိသော ဆေးမြစ်များကို ဝိညာဉ်ကျောက်တုံး၁၀၀ ဖိုးခန့် ဝယ်လိုက်သည်။ ပြီးနောက် အနောက်ဘက် ဈေးတန်းသို့ ထွက်လာခဲ့သည်။
လေယင်မြို့တော် အပြင်စည်း၌ ဧရိယာ ၃ ခု ရှိသည်။ လေ့ကျင့်ရေးကွင်း၊ လူနေအဆောင်များ နှင့် စီးပွားရေးဇုန် တို့ ဖြစ်ကြသည်။ စီးပွားရေးဇုန်မှာ အကြီးဆုံးပင် ဖြစ်သည်။ ကုန်သွယ်ရေး၊ စားသောက်ဆိုင်၊ မှောင်ခိုဈေး၊ ဖျော်ဖြေရေး နေရာများ အစုံအလင် ရှိ၏။
အနောက်ဘက် ဈေးတန်းမှာမူ စီးပွားရေးဇုန်၏ အနောက်ဘက် အစွန်ဆုံးတွင် ရှိပြီး အပြာရောင် လမင်း တောင်တန်းနှင့် ထိစပ်နေသည်။ ဂိုဏ်းသားများသည် တောင်ပေါ်သို့ မတက်မီ ဤဈေးတန်း၌ လက်နက်၊ ဆေးဝါးများ ဖြည့်တင်းလေ့ ရှိကြသည်။
ပြန်ဆင်းလာလျှင်လည်း ရရှိလာသော သားရဲပစ္စည်းများကို ဤနေရာ၌ပင် ရောင်းချကြသည်။ ထို့ကြောင့် လက်နက်ဆိုင်နှင့် ဆေးဆိုင်များ အများဆုံး ရှိသည့် နေရာပင် ဖြစ်၏။