အခန်း ၄၂
Vol. 5 Ch. 42
အပိုင်း (၄၂) မီးပုံ အစီအရင်။
"သုံးခေါင်းကြက်... သုံးခေါင်းကြက်... မနေ့ညကမှ ဖမ်းလာတဲ့ သုံးခေါင်းကြက်... လတ်လတ်ဆတ်ဆတ်ဗျို့။ အတွင်းကလီစာတွေတောင် မထုတ်ရသေးဘူး... တစ်ကောင်လုံး အပြတ်ရောင်းမယ်"
"လာကြည့်ကြပါအုံး .. ချိုင့်ဝှမ်း အတွင်းပိုင်းက ခူးလာတဲ့ ဆေးမြစ်တွေ... ဘဏ္ဍာတိုက် ဈေးနှုန်းထက် တစ်ဝက် သက်သာတယ်ဗျို့"
ရှောင်ပေါင်သည် လမ်းလျှောက်ရင်း ဆိုင်ခန်းများကို လိုက်ကြည့်နေမိ၏။ တခြားအရာများကို သူ မသိချေ။ သို့သော်လည်း ကျောက်စိမ်း သစ်ခွ တစ်ပင်ကို ဘဏ္ဍာတိုက်၌ ဝိညာဉ်ကျောက်တုံး၂ တုံး ပေးရသော်လည်း ဤနေရာတွင်မူ ၁ တုံးတည်းနှင့် ရောင်းနေသည်ကို တွေ့လိုက်ရသည်။ မကြာမီကမှ ဝိညာဉ်ကျောက်တုံး၁၀၀ သုံးလိုက်ရသည်ကို ပြန်လည်တွေးမိပြီး ရင်ထဲတွင် နာကျင်လာ၏။
"ရှုံးပြီ... ရှုံးပြီကွာ..." သူ တတွတ်တွတ် ညည်းညူလိုက်မိသည်။
ဤဈေးတန်းတွင် သူသိသော ပစ္စည်းများအပြင် ထူးဆန်းသော အစီအရင် မြေပုံများ၊ သွေးစက်လက် ဖြစ်နေသေးသော သားရဲခေါင်းများနှင့် လက်သည်းများ၊ တိုက်ပွဲဒဏ်ချက်များဖြင့် ဟောင်းနွမ်းနေသော လက်နက်များ စသည်တို့ကိုလည်း တွေ့မြင်ရ၏။
ဆိုင်ရှင်များ၏ ပြောပြချက်အရ ဆိုလျှင် ထိုပစ္စည်းများသည် သေမင်းနှင့် စစ်ခင်းပြီးမှ ရရှိလာခဲ့သော ပစ္စည်းများ ဖြစ်သည်ဟု ဆို၏။ သူတို့ ပြောပြသော ဇာတ်လမ်းများမှာ စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းသဖြင့် စာအုပ်တစ်အုပ် ပင် ရေးထုတ်၍ ရနိုင်သည်။
ရှောင်ပေါင် လမ်းလျှောက်နေစဉ် ရုတ်တရက် ယင်းကျိုယို၏ အသံ ထွက်ပေါ်လာ၏။
"ဟိုဆိုင်က သားရဲသားရေနဲ့ လုပ်ထားတဲ့ မြေပုံက နည်းနည်း ထူးဆန်းတယ်။ ဝယ်လိုက်။"
ရှောင်ပေါင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ယင်းကျိုယို ညွှန်ပြသော ဆိုင်ခန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ သူသည် မြေပုံကို တန်းပြီး လက်ညှိုးမထိုးဘဲ တခြားသော မြေပုံများ၏ ဈေးနှုန်းကို ဟိုမေးဒီမေး အရင် ပြုလုပ်လိုက်သည်။ အများစုမှာ ဝိညာဉ်ကျောက်တုံး၅ တုံးခန့် ရှိကြသည်။ နောက်ဆုံးတွင်မှ ယင်းကျိုယို ပြောသော မြေပုံကို လက်ညှိုးထိုးပြလိုက်လေသည်။
ဆိုင်ရှင်သည် ခဏတာ တွန့်ဆုတ်နေပြီးမှသာ ပြောလိုက်၏။
"ဒီမြေပုံက သမိုင်းကြောင်း ကြီးမားမယ့်ပုံ ရှိတယ်။ ဒါပေမဲ့ စုတ်ပြဲနေပြီး ဘယ်သူမှလည်း ဘာမှန်း မသိကြဘူး။ လူကြီးမင်း တကယ် လိုချင်ရင်တော့... ဝိညာဉ်ကျောက်တုံး၂၀ ပေးပါ။"
"ဟမ်..."
ရှောင်ပေါင်သည် မြေပုံကို ကောက်ကိုင်ကြည့်လိုက်သည်။ ကိုင်လိုက်သည်နှင့် နွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရသည်။ နေရောင်အောက်တွင် တစ်နေကုန် လှန်းထားသကဲ့သို့ နွေးနေ၏။
ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်သည်။ "ဆောင်းတွင်း ရောက်တော့မယ် ဆိုတော့... ဒီသားရေစုတ်နဲ့ ညီမလေး ချိုင်ရှောင် အတွက် ဖိနပ်အတွင်းခံ လုပ်ပေးလျှင် ကွက်တိပဲ"
ထို့နောက် ဆိုင်ရှင်ဘက်သို့ လှည့်ကာ မျက်နှာပြောင်တိုက်ပြီး ဈေးဆစ်လိုက်၏။ "လျော့ပါအုံးဗျာ... စုတ်ပြဲနေတဲ့ မြေပုံပဲဟာကို... ဘာလို့ ဒီလောက် ဈေးကြီးရတာလဲ။"
ဆိုင်ရှင်မှာ ရှောင်ပေါင်၏ စကားကြောင့် ဆွံ့အသွား၏။ ဖိနပ်အတွင်းခံ လုပ်မည် ဟူသော အကြံမျိုး သူလည်း တွေးမိဖူးသည်။ ဤပစ္စည်းမှာ ကြည့်ရသည်မှာ တစ်ခုခု ထူးခြားပုံ ပေါက်သော်လည်း မည်သူမျှ အသုံးမပြုတတ်ကြချေ။
ကောင်းကင်သက်တံ နိုင်ငံတွင် ဤကဲ့သို့သော နောက်ခံသမိုင်း ကြီးမားပုံ ပေါက်သော်လည်း အမှိုက် ဖြစ်နေသော ပစ္စည်းများမှာ ဒုနှင့်ဒေး ရှိပေသည်။ ထို့ကြောင့် ဤတစ်ခု မရှိလည်း ကိစ္စမရှိဟု တွေးကာ ရှောင်ပေါင်နှင့် ဈေးစကား ပြောလိုက်တော့သည်။
အပြန်အလှန် ဈေးဆစ်ပြီးနောက် ဝိညာဉ်ကျောက်တုံး၈ တုံးဖြင့် ဈေးတည့်သွားသည်။ ထိုဈေးအောက်ကိုမူ ဆိုင်ရှင်က လုံးဝ မရောင်းတော့ချေ။
ရှောင်ပေါင်သည် ငွေရှင်းပြီးနောက် ပစ္စည်းယူကာ ထွက်လာခဲ့၏။
"မင်းက တကယ့် ကောင်ပါလား။" ယင်းကျိုယို သဘောကျစွာဖြင့် ရယ်မောလိုက်သည်။
"ဒါပေါ့...အဘိုးရဲ့ မြေးပဲလေ။" ရှောင်ပေါင် ဂုဏ်ယူစွာ ပြောလိုက်၏။
ယင်းကျိုယိုက ထူးဆန်းသည်ဟု ပြောမှတော့ ဝိညာဉ်ကျောက်တုံး၅၀၀ ပေးရလျှင်တောင် သူ ဝယ်မည်သာ ဖြစ်သည်။ သို့သော်လည်း တန်းဝယ်လိုက်လျှင် လူများက သံသယ ဝင်သွားပြီး ပြဿနာ ရှာလာနိုင်သည်။ ယခုကဲ့သို့ ဖိနပ်လုပ်ရန် ဝယ်သလိုလို ပြုလုပ်လိုက်သောအခါ မည်သူမျှ သတိမထားမိတော့ချေ။
ရှောင်ပေါင်သည် မြေပုံကို ထပ်မံ စမ်းသပ်ကြည့်လိုက်သည်။ သားရဲ သားရေ တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားပြီး ထူးဆန်းသော စာလုံးများကို ရေးထိုးထားသည်။ နွေးထွေးနေသည်မှ လွဲ၍ အခြား ဘာမျှ ထူးခြားမှု မတွေ့ရချေ။
"အဘိုး... ဒါက ဘာကြီးလဲ။ အဘိုး မျက်စိကျလောက်တယ် ဆိုတော့ သာမန် ပစ္စည်းတော့ မဟုတ်လောက်ဘူး။"
ဤမြှောက်ပင့်စကားက ယင်းကျိုယိုကို သဘောကျသွားစေသည်။
"ဒါပေါ့... ဒါက ရှေးဟောင်း မီးမျိုးနွယ်စုရဲ့ ပစ္စည်းပဲ။ နာမည်ကျော်ကြားတဲ့ မီးပုံ အစီအရင် ဖြစ်ဖို့ များတယ်။"
"မီးပုံ အစီအရင်... "
ရှောင်ပေါင် ကြောင်သွားသည်။ နာမည် ကြားရသည်မှာ အသားကင်စားသည့် မီးပုံပွဲများလားဟု တွေးမိလိုက်၏။
"ချီးတဲ့မှ .. နားမလည်ဘဲနဲ့"
ယင်းကျိုယို ဆဲဆိုလိုက်သည်။ "မီးပုံ အစီအရင် ဆိုတာ အကန့်အသတ်မရှိ ထပ်ပေါင်းလို့ ရတဲ့ အစီအရင်ကွ။ ရှေးခေတ်တုန်းက မီးမျိုးနွယ်စုတွေ လောကကို စိုးမိုးနိုင်ခဲ့တာ ဒီအစီအရင်ကြောင့်ပဲ။"
"ကောင်းတာပေါ့။" ရှောင်ပေါင် အံ့သြသွားသည်။
အကန့်အသတ်မရှိ ထပ်ပေါင်း၍ ရသည်ဆိုသည်မှာ ရိုးရိုးလေးဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ကြောက်စရာ ကောင်းလှသည်။ ဖယောင်းတိုင်မီးလောက်သာ ရှိသော မီးတောက်ကို အဆပေါင်း ထောင်ချီ၊ သောင်းချီ၊ သန်းချီ၍ ပေါင်းလိုက်လျှင် မည်မျှလောက် အားပြင်းသွားမည်ကို တွေးကြည့်၍ ရ၏။
"ပစ္စည်းကောင်းပဲ"
ယင်းကျိုယို ပြောလိုက်သည်။ "မင်းဘာသာ ဆက်လျှောက်ကြည့်လိုက်အုံး။ ငါ ဒီကောင်ကို လေ့လာလိုက်အုံးမယ်။"
"......"
ရှောင်ပေါင် စိတ်ပျက်သွားရသည်။ အဘိုးကြီးကို အားကိုးပြီး ပစ္စည်းကောင်းများ ထပ်ရှာမည်ဟု စိတ်ကူးထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူက သုတေသန ပြုလုပ်ရန် တံခါးပိတ်သွားလေပြီ။
သူဘာသာပင် ဆက်လျှောက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူ လိုချင်သော နွားမြီးမြက် ရောင်းသည့် ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး... ကျုပ်ဒဏ်ရာပျောက်ဆေး ဝယ်ချင်တယ်။"
ဆိုင်ရှေ့တွင် လူနှစ်ယောက် ရှိနေသည်။ လူငယ်တစ်ယောက်မှာ ဆောင့်ကြောင့်ထိုင်နေပြီး ပခုံးတွင် ပတ်ထားသော ပတ်တီးစမှာ အဝါရောင် သမ်းနေသည်။ သွေးစများနှင့် ပြည်ရည်များ စိမ့်ထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် အနာရင်းနေပုံ ရ၏။
အသက်ကြီးပုံရသော လူက ညီဖြစ်သူ၏ ဒဏ်ရာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ မျက်နှာပေါ်တွင် နာကျင်သော အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း အားတင်းကာ ပြောလိုက်သည်။
"သည်းခံလိုက်ပါကွာ... မင်းလည်း သိသားပဲ။ အပြာရောင် လမင်း တောင်တန်းကို ဝင်ရင် ဒဏ်ရာရတာက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ငါတို့က အားနည်းတော့ တောင်ပေါ်တက်တိုင်း လက်ဗလာနဲ့ ပြန်ဆင်းလာရတာ များတယ်။ ပိုက်ဆံစုပြီး လက်နက်ကောင်းကောင်း မဝယ်နိုင်ရင် ဒီလို ဒဏ်ရာရနေအုံးမှာပဲ။ ပြီးတော့... ဒီလ လစဉ်ကြေး မသွင်းနိုင်လျှင် ငါတို့ လေယင် မြို့တော်ကနေ နှင်ထုတ်ခံရတော့မယ်။"
အစ်ကိုဖြစ်သူက ဆက်ပြော၏။ "ပြန်ရောက်ရင် ဆေးအရက်နဲ့ ဆေးထည့်ပေးမယ်။ ငါတို့က အဆင့်မြင့် ဒဏ်ရာပျောက်ဆေးလည်း မဝယ်နိုင်ဘူးလေ။ အဆင့်နိမ့် ဆေးတွေကျတော့လည်း ဆေးအရက်နဲ့ သိပ်မှ မထူးခြားတာ။"
"ဟူး..." ညီဖြစ်သူက သက်ပြင်းချလိုက်သည်။
သူတို့၏ အခက်အခဲကို သူ သိရှိပေသည်။ ယခုအချိန်၌ ဤနေရာသို့ လာမိသည်ကိုပင် နောင်တရချင်သလို ဖြစ်နေမိသည်။ သူတို့သည် ဇာတိမြေတွင် ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် အဆင့်တက်လိုစိတ်ဖြင့် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီး လေယင်နန်းဆောင်သို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်၏။
သို့သော်လည်း ဤနေရာသို့ ရောက်မှသာ သူတို့၏ ပထမအဆင့် သွေးလေအဆင့် ဆိုသည်မှာ အောက်ဆုံးအဆင့် ဖြစ်နေမှန်း သိလိုက်ရသည်။ လစဉ်ကြေး ဝိညာဉ်ကျောက်တုံး၁၀ တုံး ပေးသွင်းရန်ပင် မနည်း ရုန်းကန်နေရသည်။ သူတို့၏ မျှော်လင့်ချက်မှာ ဒုတိယအဆင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု အဆင့်သို့ ရောက်ရှိရန် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်လျှင် လစဉ်ကြေး ပေးစရာ မလိုတော့ချေ။
သို့ပေမည့် မရေမတွက်နိုင်သော ဂိုဏ်းသားများသည် ထိုမျှော်လင့်ချက်ဖြင့် ကြိုးစားရင်း လမ်းခုလတ်တွင်ပင် ပြုတ်ကျ ကျန်ရစ်ခဲ့ကြသည်။
သူတို့ ညီအစ်ကိုလည်း နောက်လတွင် ထိုအထဲ ပါသွားနိုင်ခြေ ရှိနေသည်။ ဤသည်မှာ သိုင်းလောက၏ ရက်စက်သော အမှန်တရားပင် ဖြစ်၏။
လစဉ်ကြေး ၁၀ တုံး ဆိုသည့် စည်းမျဉ်းလေး တစ်ခုဖြင့် လေယင်နန်းဆောင်သည် အရည်အချင်း မမီသူ အများစုကို ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။
ရှောင်ပေါင် ကြားရသည်မှာ စိတ်မကောင်း ဖြစ်မိသည်။ ထို့ကြောင့် ထိုဆိုင်ရှေ့သို့ လျှောက်သွားလိုက်၏။
"လူကြီးမင်း"
အစ်ကိုဖြစ်သူက ချက်ချင်း တက်ကြွသွားပြီး နှုတ်ဆက်လိုက်သည်။ "ဒါတွေက ကျုပ်တို့ ညီအစ်ကို နှစ်ယောက် တောင်ကြား အတွင်းပိုင်းအထိ ဝင်ပြီး ခူးလာတဲ့ အကောင်းစား နွားမြီးမြက်တွေပါဗျ။ သာမန် နွားမြီးမြက်တွေနဲ့ မတူဘူးနော်... ဝိညာဉ်စွမ်းအင်တွေ ပြည့်နေတာ။ ဝယ်ပါလား။"
"......"
ရှောင်ပေါင်မှာ ဘာပြောရမှန်း မသိ ဖြစ်သွားလေသည်။ သူတို့မှာ မရှိမဖြစ် လိုအပ်ချက်ကြောင့် သွားခူးလာရခြင်း ဖြစ်သည်ကို သိသာနေသည်။ တောင်ကြား အတွင်းပိုင်း ဆိုသည်မှာလည်း... တကယ်သာ ထိုမျှလောက်အထိ ဝင်နိုင်လျှင် လစဉ်ကြေး ပေးရန် ပူစရာ လိုပါဦးမည်လား။
သို့ပေမည့် ရှောင်ပေါင်က ထိုအရာများကို ထုတ်မပြောတော့ချေ။
"ဒါတွေ အကုန်ယူမယ်... ဘယ်လောက်လဲ။"
"ငါးတုံး... ဝိညာဉ်ကျောက်တုံး၅ တုံးပဲ ပေးပါ"
အစ်ကိုဖြစ်သူက အံကိုကြိတ်ကာ ဈေးခေါ်လိုက်သည်။ ရှောင်ပေါင်၏ မျက်နှာထားကို ကြည့်ပြီးနောက် ဈေးများသွားမှန်း သိလိုက်သဖြင့် အမြန် ပြင်ပြောလိုက်၏။
"အဲ... လူကြီးမင်း... ၁ တုံး ပေးပါဗျာ။ တခြားဟာတော့ မပြောလိုပါဘူး... ဒါပေမဲ့ တကယ် လတ်ဆတ်ပါတယ်ဗျ။ နွားမြီးမြက်က ဈေးမရှိဘူး ဆိုပေမဲ့ အပြာရောင် လမင်း တောင်တန်းက ထွက်တာ ဆိုတော့ နည်းနည်းတော့ ပိုကောင်းမှာပါ။"
"ကောင်းပြီ... ကျုပ်ဆိုင်အထိ လိုက်ပို့ပေးလို့ ရမလား။" ရှောင်ပေါင်က ဒဏ်ရာရနေသော ညီဖြစ်သူကို ကြည့်ကာ စိတ်ကူးတစ်ခု ရသွားလေသည်။
"ရ... ရပါတယ်ဗျ" အစ်ကိုဖြစ်သူက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။ ဤအရောင်းအဝယ် ပျက်သွားမည်ကို စိုးရိမ်နေပုံ ရ၏။
လမ်းတစ်လျှောက် စကားပြောရင်းနှင့် သူတို့အကြောင်းကို ရှောင်ပေါင် သိလိုက်ရသည်။ အစ်ကိုနာမည်မှာ မာကျား၊ ညီနာမည်မှာ မာချန် ဖြစ်သည်။ လေယင်မြို့တော်၏ အောက်ခြေလူတန်းစားများ ဖြစ်ကြသည်။
ဆိုင်သို့ ရောက်သောအခါ ရှောင်ပေါင်က စကားစလိုက်၏။
"မိတ်ဆွေတို့... ကျုပ်က အခု ဒဏ်ရာပျောက်ဆေး တစ်မျိုး ဖော်စပ်ထားတယ်။ အာနိသင်က မဆိုးဘူးလို့ ထင်တာပဲ။ ခင်ဗျားတို့ အဆင်မပြေ ဖြစ်နေတာ မြင်လို့... ဒီလို လုပ်မလား။ နွားမြီးမြက်ဖိုး ပိုက်ဆံအစား ကျုပ်ရဲ့ ဆေးတစ်ပုလင်းနဲ့ လဲမလား။"