အခန်း ၄၃
Vol. 5 Ch. 43
အပိုင်း (၄၃) ရွှေဒဏ်ရာပျောက်ဆေး။
ညီအစ်ကို နှစ်ယောက်စလုံးအတွက် လေယင်မြို့တော်၌ ဆိုင်ခန်းတစ်ခန်း ပိုင်ဆိုင်သူ ဆိုသည်မှာ အလွန် အဆင့်အတန်း မြင့်မားသည့် ပုဂ္ဂိုလ်ကြီးများပင် ဖြစ်ကြသည်။ ထို့အပြင် ရွှေဒဏ်ရာပျောက်ဆေးမှာ မည်မျှ ဈေးကြီးကြောင်း သူတို့ ကောင်းစွာ သိရှိကြသည်။ ယခု သူတို့ ရရှိမည့် အခွင့်အရေးမှာ အလွန်တရာ ကြီးမားသော အခွင့်အရေးပင် ဖြစ်သည်။
သို့သော်လည်း ဤဆေးမှာ လူတိုင်း ဖော်စပ်နိုင်သည့် အရာမျိုးတော့ မဟုတ်ချေ။ ရှောင်ပေါင်မှာ ငယ်ရွယ်လွန်းနေသည် မဟုတ်ပါလား...။
မာကျားသည် သွေးများ စီးကျနေသော ညီဖြစ်သူ၏ ဒဏ်ရာကို ကြည့်လိုက်ပြီးနောက် နောက်ဆုံး၌ အံကို ကြိတ်ကာ ဆုံးဖြတ်လိုက်၏။
"ကောင်းပါပြီ... ဒါဆိုရင် အစ်ကိုကြီးကိုပဲ အားကိုးပါရစေ။ ကျေးဇူးတင်ပါတယ်ဗျာ။"
"ဒါဆိုရင် ခင်ဗျားတို့ ဒီမှာ စောင့်နေကြ။" ရှောင်ပေါင်က ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားသည်။
"အဘိုး... ဆရာအဘိုး... မြန်မြန်လုပ်ပါအုံး။ ဒါကို ဘယ်လို လုပ်ရမလဲ။" ရှောင်ပေါင်သည် စိတ်ထဲမှ အော်ဟစ် မေးမြန်းလိုက်၏။
"ဒီလောက် အသုံးမဝင်တဲ့ ဒဏ်ရာပျောက်ဆေးလေး တစ်ခွက် ဖော်တာများ ဘာတွေ ဒီလောက် ရှုပ်နေရတာလဲ။"
ယင်းကျိုယိုက မကျေမနပ် ပြောဆိုလိုက်သည်။ "ချိုမြိန်မြက်၊ နွားမြီးမြက်၊ မနက်ခင်း နှင်းရည် နှင့် ဆန်ချီ တို့ကို အချိုးအစား ၇:၃:၁:၁၁ နှုန်းထားနဲ့ ရောစပ်လိုက်။ မီးပြင်းပြင်းနဲ့ နာရီဝက်လောက် ကြာအောင် ပြုတ်။ ဆေးမြစ်တွေ အကုန်လုံး ကျေမွသွားပြီ ဆိုမှ ထောင်းထားတဲ့ ကျောက်စိမ်း သစ်ခွကို ထည့်ပြီး မီးအေးအေးနဲ့ ၁၅ မိနစ်လောက် ထပ်တည်လိုက်လျှင် ရပြီ။"
ပြောပြီးသည်နှင့် ယင်းကျိုယို ပျောက်ကွယ်သွား၏။
"......"
ရှောင်ပေါင် ကြောင်အသွားသည်။ ဆေးဖော်သည် ဆိုသည်မှာ မီးအပူချိန် မည်မျှ၊ ဆေးမြစ် အလေးချိန် မည်မျှ စသည်ဖြင့် တိတိကျကျ လုပ်ရသည် မဟုတ်ပါလား။ ယခု အဘိုးကြီး ပြောသွားပုံမှာ ဆန်ပြုတ် ပြုတ်သကဲ့သို့ပင် ဖြစ်နေတော့သည်။ သို့ပေမည့် ထပ်ခေါ်သော်လည်း ယင်းကျိုယိုက ပြန်မထူးတော့သဖြင့် သူ့ဘာသာပင် စတင် လုပ်ဆောင်ရတော့သည်။
ရှောင်ပေါင်သည် ပေါ့ဆရဲခြင်း မရှိချေ။ ယင်းကျိုယို ပြောကြားခဲ့သည့် အချိုးအစားအတိုင်း ဆေးမြစ်များကို တိတိကျကျ ပြင်ဆင်လိုက်သည်။ ထို့နောက် မီးမွှေးကာ ဆေးကို စတင် ပြုတ်လေတော့၏။
သို့သော်လည်း ပြုတ်လေ ပြုတ်လေ... ရှောင်ပေါင်၏ မျက်နှာထားမှာ ထူးဆန်းလေ ဖြစ်လာသည်။ ဆေးပေါင်းအိုးထဲမှ ဆေးမြစ်များသည် စိမ်းညစ်ညစ် ကော်ရည်ပျစ်ကြီး အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
"တကယ်ပဲ ကျရှုံးသွားတာလား။"
ရှောင်ပေါင်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သို့သော်လည်း လက်လျှော့ခြင်းသည် သူ၏ အကျင့်စရိုက် မဟုတ်ချေ။ ထို့ကြောင့် နာရီဝက် ကြာအောင် ဆက်လက် ပြုတ်လိုက်၏။ ထို့နောက် ထောင်းထားသော ကျောက်စိမ်း သစ်ခွကို ထည့်ကာ မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် ဆက်တည်လိုက်သည်။ နောက်ဆုံးတွင် ပန်းကန်လုံး တစ်ဝက်ခန့် ရှိမည့် ကတ္တရာစေးနှင့် တူသော အရာများကို ရရှိလိုက်၏။
"ဟူး... ဘဝမှာ ပထမဆုံးအကြိမ် ဆေးဖော်တာတော့ ကျရှုံးသွားပြီ ထင်ပါရဲ့..." ရှောင်ပေါင် သက်ပြင်း ချလိုက်သည်။
ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး အောက်ထပ်တွင် စောင့်နေသော ညီအစ်ကို နှစ်ယောက်ကို ပေးရန် ပြင်လိုက်သည်။ ရုတ်တရက် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ ဤလူငယ်လေးများမှာ အလွန် ဆင်းရဲကြသည် ဆိုတော့... သူ၏ ပစ္စည်း တစ်ခုခုကို ခိုးပြီး ထွက်ပြေးသွားလျှင် မည်သို့ လုပ်မည်နည်း။ သူက နန်းတော်ထဲ၌ ကြီးပြင်းလာသူ ဖြစ်သဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို ကြုံဖူးခြင်း မရှိချေ။
"ကျရှုံးရမလားကွ..."
ယင်းကျိုယို၏ ဆဲဆိုသံ ထွက်ပေါ်လာသည်။ "ဒီဆေးက ကြည့်ရတာ ရုပ်ဆိုးပေမဲ့... ဒီမြို့ထဲက ကောင်တွေ ရောင်းနေတဲ့ ရွှေဒဏ်ရာပျောက်ဆေး ဆိုတာတွေထက် အနည်းဆုံး ၁၀ ဆလောက် ပိုစွမ်းတယ်။"
"တကယ်လား၊ ကောင်းတာပေါ့"
ရှောင်ပေါင်သည် ယုံကြည်မှု ပြန်လည် ရရှိသွားသည်။ လှပသော ကြွေပန်းကန်လုံး တစ်လုံးကို ယူကာ ကတ္တရာစေးနှင့် တူသော ဆေးများကို ခြစ်ထည့်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ညီအစ်ကို နှစ်ယောက်စလုံးမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။ ဆိုင်ရှင်သည် အပေါ်ထပ်တွင် တစ်နာရီခန့် ကြာမြင့်နေပြီ ဖြစ်သည်။ သူတို့ ပစ္စည်းခိုးပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်ခြင်း မရှိသည်လား။
ရှောင်ပေါင်ကမူ ထိုအချက်ကို သတိမထားမိချေ။ သို့သော်လည်း ညီအစ်ကို နှစ်ယောက် အတွက်မူ ဤအရာသည် ကြီးမားသော ယုံကြည်မှုတစ်ခု ဖြစ်ပြီး ရင်ထဲတွင် လှိုက်လှဲစွာ ကျေးဇူးတင်နေမိကြ၏။
ရှောင်ပေါင် အောက်ထပ်သို့ ရောက်သောအခါ သူတို့နှစ်ဦး ထိုင်စောင့်နေကြသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်နိုင်သည်။
"မာချန်... အင်္ကျီ ချွတ်လိုက်။"
အင်္ကျီကို ချွတ်လိုက်ပြီးနောက် သွေးများနှင့် ကပ်နေသော ပတ်တီးစများကို တစ်လွှာချင်း ခွာလိုက်သောအခါ သွေးသံရဲရဲ ဖြစ်နေပြီး ပုပ်သိုးစ ပြုနေသော ဒဏ်ရာကို မြင်တွေ့လိုက်ရသည်။ သားရဲတစ်ကောင်၏ လက်သည်းဖြင့် ကုတ်ဖဲ့ခံထားရခြင်း ဖြစ်ပုံရသည်။ အလယ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာ ၃ ချက် ပါရှိပြီး ဘေးနားတွင် အသားများ ပုပ်ပွနေ၏။
ရှောင်ပေါင်မှာ ခေါင်းမူးသွားသည်။ သူသည် သွေးမြင်လျှင် မူးမေ့တတ်သူ ဖြစ်သည်။ ထို့ကြောင့် မျက်နှာကို တစ်ဖက်သို့ လွှဲပြီး အမိန့်ပေးလိုက်သည်။
"မာကျား... ပုပ်နေတဲ့ အသားတွေကို အရင်ဆုံး လှီးထုတ်ပစ်လိုက်။"
မာချန်၏ မျက်နှာမှာ တောင့်တင်းသွားသော်လည်း ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံစားဖူးသူ ပီပီ ချက်ချင်းပင် တည်ငြိမ်သွားပြီး အစ်ကိုဖြစ်သူကို ခေါင်းညိတ်ပြလိုက်သည်။
မာကျားသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ခါးကြားမှ ဓားမြှောင်ကို ထုတ်ယူလိုက်သည်။
ပုပ်နေသော အသားများသည် အာရုံကြောများ သေနေပြီ ဖြစ်သဖြင့် နာကျင်မှုကို မခံစားရချေ။ သို့သော်လည်း လှီးထုတ်နေစဉ် ကောင်းမွန်သော အသားများကိုပါ ထိခိုက်မိမည်မှာ မလွဲဧကန်ပင်။ ထိုအချိန်၌ ခံစားရမည့် နာကျင်မှုမှာ အသည်းခိုက်အောင်ပင် ပြင်းထန်ပေလိမ့်မည်။
အသားလှီးထုတ်သည့် မြင်ကွင်းကို ရှောင်ပေါင် လှည့်မကြည့်ရဲပေ။ သို့ပေမည့် မာချန်၏ အံကြိတ်ကာ ညည်းညူနေသံများကို ကြားနေရသဖြင့် နာကျင်မှုကို ကိုယ်ချင်းစာ ခံစားနေရသည်။
နာရီဝက်ခန့် ကြာသောအခါ...
"အစ်ကိုကြီး... ပြီးပါပြီ။" မာကျားက လေးပင်သော အသံဖြင့် ပြောလိုက်သည်။
မာချန်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ကျောပြင်တစ်ခုလုံး သွေးများဖြင့် ရဲရဲနီနေသည်။ ခန္ဓာကိုယ်မှာလည်း နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ယင်နေ၏။
မာကျား၏ မျက်နှာမှာလည်း ထပ်တူပင် ဖြစ်နေသည်။ နဖူးပေါ်တွင် ချွေးသီးများ ကျနေပြီး နှုတ်ခမ်းများ တုန်ရီနေသည်။ နှုတ်ခမ်းကို ဖိကိုက်ထားသဖြင့် သွေးစများပင် ထွက်နေသည်။ ညီဖြစ်သူကို ခွဲစိတ်ပေးရခြင်းမှာ သူ၏အတွက် ကြီးမားသော စိတ်ဖိစီးမှုပင် ဖြစ်သည်။
"ပြီးပြီလား..."
ရှောင်ပေါင်သည် မျက်နှာ ဖြူလျော်လျော်ဖြင့် လှည့်ကြည့်လိုက်သည်။ ဆေးထည့်ထားသော ကြွေပန်းကန်လုံးနှင့် ရှည်လျားသော ကျောက်စိမ်းပြား တစ်ခုကို ကမ်းပေးလိုက်သည်။ "လိမ်းပေးလိုက်တော့။"
ပြောပြီးသည်နှင့် ခေါင်းကို ပြန်လွှဲလိုက်၏။
မာကျားသည် ရှောင်ပေါင်၏ အမူအရာကို ကြည့်ကာ အနည်းငယ် ထူးဆန်းနေသော်လည်း အများကြီး တွေးမနေတော့ချေ။ အရောင်အဆင်း ထူးဆန်းလှသော ဒဏ်ရာပျောက်ဆေးကို ဂရုမစိုက်နိုင်တော့ဘဲ ညီဖြစ်သူ၏ ဒဏ်ရာပေါ်သို့ တစ်ခုချင်း သုတ်လိမ်းပေးလိုက်သည်။
"အား....." မာချန် အော်ဟစ်လိုက်မိ၏။
"ဘာဖြစ်လို့လဲ။" မာကျား ထိတ်လန့်သွားပြီး မာချန်ကို ကြည့်လိုက်သည်။
"ဘာ... ဘာမှ... မဖြစ်... ဘူး။"
မာချန်သည် ဒဏ်ရာမှ မီးနှင့် တို့ထားသကဲ့သို့ ပူလောင်မှုကို ခံစားနေရသည်။ ဤနာကျင်မှုမှာ စောစောက အသားလှီးထုတ်စဉ်ကထက်ပင် ပိုမို ပြင်းထန်နေသေး၏။
မာကျားသည် မာချန်၏ ရှုံ့မဲ့နေသော မျက်နှာကို ကြည့်ကာ ဘာမျှ မဖြစ်ဘူး ဆိုသည်ကို မယုံကြည်ချေ။ သူသည် ရှောင်ပေါင်ကို သံသယ မျက်လုံးများဖြင့် ကြည့်ပြီး အသံတုန်တုန်ဖြင့် မေးလိုက်သည်။
"အစ်ကိုကြီး... ဒါက..."
"ဆေးအရှိန် ပြင်းလို့ ဒီလို ဖြစ်တာပါ။"
ရှောင်ပေါင်မှာ ရင်ထဲတွင် မသေချာသော်လည်း ယင်းကျိုယိုကို ယုံကြည်သဖြင့် ခပ်တည်တည်ပင် ပြောလိုက်၏။ "ဆက်လုပ်ပါ။"
မာကျားသည် ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ ကျောက်စိမ်းပြားဖြင့် ဆေးများကို မာချန်၏ ကျောပြင်ပေါ်သို့ ဆက်လက် သုတ်လိမ်းပေးလိုက်၏။
မာချန်သည် သွေးပေနေသော သူ၏ အင်္ကျီစကို ပါးစပ်ထဲသို့ ထိုးထည့်ကိုက်ထားပြီး နာကျင်မှုကို အံကြိတ် သည်းခံနေရှာသည်။
ဆေးလိမ်းပေးနေရင်းနှင့်ပင် မာကျား၏ မျက်နှာထားမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ဤဆေးက...
အသားလှီးထုတ်စဉ်က ဖြစ်ပေါ်လာသော ဒဏ်ရာများမှ သွေးထွက်ခြင်း ရပ်တန့်သွားပြီ ဖြစ်သည်။ ခဏအကြာတွင် မာကျားမှာ ပိုမို ဝမ်းသာသွားရသည်။ အစောဆုံး ဆေးလိမ်းထားသော နေရာများတွင် ပါးလွှာသော အနာဖေးလေးများပင် တက်နေပြီ ဖြစ်၏။
"ထိရောက်တယ်... ညီလေး... ဒီဆေးက တကယ် စွမ်းတယ်ဟ။" မာကျား အော်ဟစ်လိုက်မိသည်။
ရင်ထဲတွင်လည်း တုန်လှုပ်သွားရ၏။ သူသည် ဈေးကြီးသော ရွှေဒဏ်ရာပျောက်ဆေးများကို မဝယ်နိုင်သော်လည်း ၎င်း၏ အာနိသင်ကို ကြားဖူးနားဝ ရှိပေသည်။ အကောင်းဆုံး ဆိုသော ဆေးများပင် ယခုဆေးလောက် အာနိသင် မမြန်ဆန်ချေ။
"ဟုတ်... ဟုတ်ရဲ့... လား..."
မာချန်၏ နှုတ်ခမ်းများ ဖြူလျော်နေသည်။ ယနေ့ ခံစားခဲ့ရသော နာကျင်မှုမှာ ကြီးမားလွန်းသဖြင့် ဒဏ်ရာရနေကျ ဖြစ်သော သူပင်လျှင် မခံနိုင်တော့ချေ။
ဆေးအကုန် လိမ်းပြီးသည့် အချိန်တွင်မူ မာချန် မေ့မြောသွားသည်။
မာကျားသည် ထိတ်လန့်ခြင်း မရှိတော့ချေ။ ယခု သူ ယုံကြည်မှု ရရှိသွားပြီ ဖြစ်သည်။ ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ပြောလိုက်သည်။ "အစ်ကိုကြီး... ကျုပ်... ကျုပ်ဘာပြောရမှန်းတောင် မသိတော့ပါဘူး။"
ပြောရင်းနှင့်ပင် မာကျားသည် ဒူးထောက်ချရန် ပြင်လိုက်သည်။ ရှောင်ပေါင် လန့်သွားပြီး သူ့ကို အမြန် ဆွဲထူလိုက်၏။
"ခင်ဗျား ကျုပ်ကို နွားမြီးမြက် ပေးတယ်... ကျုပ်က ဆေးပြန် ကုပေးတယ်... ဒါ အလဲအလှယ် လုပ်တာပဲလေ။ ဘာကျေးဇူးတင်စရာ လိုလို့လဲ။"
မာကျားမှာ အံ့သြသွားရသည်။ ရှောင်ပေါင်၏ ခွန်အားမှာ ကြီးမားလွန်းသဖြင့် သူအား ဆွဲထူထားရာ ဒူးထောက်၍ပင် မရတော့ချေ။
"ဆိုင်ရှင်ဟုန်... ကျေးဇူးပါဗျာ။"
ထိုအချိန်၌ မာချန် သတိပြန်ရလာသည်။ သွေးထွက်လွန်ထားသဖြင့် မျက်နှာ ဖြူလျော်နေသော်လည်း မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြောလိုက်သည်။
"ဆိုင်ရှင်ဟုန်ရဲ့ ဆေးက တကယ် စွမ်းတာပဲဗျ။ အခု ကျောက မနာတော့ဘူး။ နွေးပြီး ယားကျိကျိ ဖြစ်နေတယ်။ ဒဏ်ရာတွေ ပြန်ဆက်နေသလိုပဲ။"
ယားကျိကျိ ဖြစ်သည် ဆိုသည်မှာ အနာကျက်ပြီး အသားနု တက်နေခြင်းပင် ဖြစ်၏။
မာကျားလည်း ပြုံးလိုက်သည်။ သို့သော်လည်း ဒဏ်ရာချင်း ပြန်ဆက်နေသည် ဆိုသည်ကိုမူ သူ မယုံကြည်ချေ။ မာချန်က ကျေးဇူးတင်စကား ဆိုသည်ဟုသာ မှတ်ယူလိုက်သည်။
"ဒီလိုလုပ်ကြ.."
ရှောင်ပေါင်က ရွှင်လန်းစွာ ပြောလိုက်၏။ "နောက်ဆိုရင် ခင်ဗျားတို့ တောင်ပေါ်တက်ပြီး ပြန်လာတိုင်း နွားမြီးမြက်နဲ့ ချိုမြိန်မြက်တွေ ယူလာခဲ့ပေး။ ခင်ဗျားတို့ လိုအပ်တဲ့ ဒဏ်ရာပျောက်ဆေးကို ကျုပ် တာဝန်ယူပေးမယ်။ ဘယ်လိုလဲ။"