အခန်း ၄၅
Vol. 5 Ch. 45
အပိုင်း (၄၅) ကြက်ကလေးလို အားနည်းပြီး လေကြီးနေလိုက်တာ။
"အဲ..."
မာချန် ကြောင်အသွား၏။ မာကျား၏ မျက်နှာထားကို ကြည့်လိုက်ရာ သူလည်း အရူးမဟုတ်သဖြင့် ချက်ချင်း နားလည်လိုက်သည်။ အကယ်၍ နွားမြီးမြက်နှင့် ဒဏ်ရာပျောက်ဆေး လဲလှယ်ခဲ့သည် ဆိုသည်ကို ထုတ်ပြောလိုက်ပါက …
တစ်အချက် မနာလိုသူများ ပေါ်လာနိုင်သည်။
နှစ်အချက် - တခြားသူများကလည်း သူတို့အတွက် လဲလှယ်ပေးရန် အကူအညီ တောင်းလာနိုင်၏။
သုံးအချက် - တချို့က ဤဆေးအား တန်ဖိုးပေါသော ဆေးဟု ထင်သွားနိုင်ပေသည်။
ထို့ကြောင့် မည်သို့ ပြောရမည်ကို စဉ်းစားနေစဉ် မာကျားက ရယ်မောကာ ရှင်းပြလိုက်သည်။
"ကျုပ်တို့က ဆိုင်ရှင်ဟုန် ဆီမှာ တာဝန်လေး တစ်ခု ကူလုပ်ပေးခဲ့လို့လေ။ ပြီးတော့ ကျုပ်ညီက ဆေးစမ်းသပ်သူ အနေနဲ့ လုပ်ပေးတာမို့ ပိုက်ဆံမပေးရဘူး။ ဒါကြောင့် ဈေးနှုန်းကို မသိရတာပါ။"
အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်ပြီး ပြောလိုက်၏။ "ငါတို့ ဆေးတွေလည်း ကုန်ခါနီးပြီ ဆိုတော့... မာကျား နဲ့ မာချန် တို့တောင် ကောင်းတယ် ပြောမှတော့ မဆိုးလောက်ပါဘူး။ သွားကြည့်ကြတာပေါ့။ ဈေးနှုန်း သင့်တော်ရင် တစ်ယောက် တစ်ပုလင်းလောက် ဝယ်ကြတာပေါ့။"
ထို့နောက် လူအုပ်ကြီးသည် ညီအစ်ကို နှစ်ယောက်နောက်သို့ လိုက်ပါပြီး ဟုန်မိသားစုဆိုင်သို့ ရောက်ရှိလာကြသည်။
"ဟာ... ဆိုင်းဘုတ်နဲ့ အလံတွေတောင် တပ်လိုက်ပြီပဲ။"
မာချန်က အရောင်တောက်ပနေသော ဆိုင်းဘုတ်ကို ကြည့်ပြီး အံ့အားသင့် သွား၏။ "ဆိုင်ရှင်ဟုန် လက်သွက်သားပဲ။ တစ်ရက်လေး မတွေ့လိုက်ရတာနဲ့ ဆိုင်ပုံစံ ပေါက်သွားပြီ။"
မာကျားကလည်း ထောက်ခံလိုက်သည်။
သို့သော်လည်း ခေါင်းဆောင်ဖြစ်သူ မျက်နှာမည်းမည်းနှင့် လူကမူ ကုန်စုံဆိုင် ဆိုသော စာလုံးကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ မည်သည့်ဆိုင်ပင် ဖြစ်စေကာမူ တိကျသော အထူးပြုမှု ရှိမှ ကောင်းပေမည်။ ကုန်စုံဆိုင် ဆိုသည်မှာ ဘာမဆို ရှိသော်လည်း ဆေးဝါးက ဆေးဆိုင်လောက် မကောင်း၊ လက်နက်က လက်နက်ဆိုင်လောက် မကောင်း၊ ကျမ်းစာက ကျမ်းစာဆိုင်လောက် မကောင်းတတ်ကြချေ။
သူသည် စိတ်ထဲမှနေ၍ ခေါင်းခါလိုက်မိသည်။
သို့သော်လည်း မာကျား ညီအစ်ကို မျက်နှာကို ထောက်ထားသောအားဖြင့် ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
ဆိုင်ထဲသို့ ရောက်သောအခါ ကောင်တာပေါ်တွင် မှောက်အိပ်နေသော ဟုန်ရှောင်ပေါင်ကို တွေ့လိုက်ရသဖြင့် ပို၍ မျက်မှောင်ကြုတ်လိုက်မိပြန်သည်။
"ဆိုင်ရှင်... ထပါအုံး ... ဆိုင်ရှင်"
မျက်နှာမည်းမည်းနှင့် လူ၏ နာမည်မှာ ချန်ဖုန်း ဖြစ်သည်။ ပထမအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေသူ ဖြစ်ပြီး သူတို့ အဖွဲ့တွင် အသန်မာဆုံး ဖြစ်သည်။ အဆောင်နေဖော် ၄ ယောက် ပေါင်းဖွဲ့ထားသော အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ယခု ဟုန်ရှောင်ပေါင် အိပ်နေသည်ကို မြင်သောအခါ မကျေနပ်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ဟုန်ရှောင်ပေါင် နိုးလာခဲ့ပြီ ဖြစ်သည်။ ဖောက်သည် ရောက်လာသည်ကို မြင်သောအခါ ဝမ်းသာသွား၏။
"ကြွပါ... ကြွပါ... ဘာလိုချင်ပါသလဲ။"
ချန်ဖုန်းက ဟုန်ရှောင်ပေါင်ကို ဂရုမစိုက်ဘဲ ဆေးစင်ဘက်သို့ လျှောက်သွားလိုက်သည်။ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် သူ့ဘယ်လက်က တဆတ်ဆတ် တုန်လာသည်။ ချန်ဖုန်းသည် အံကို ကြိတ်လိုက်ပြီး ညာလက်ဖြင့် ဘယ်လက်မောင်းကို အားပါပါ ကုတ်ခြစ်လိုက်သည်။ မျက်မှောင်ကြုတ်လျက်...
"ဟုန်မိသားစုဆိုင် ကြေးနီရောင် ဒဏ်ရာပျောက်ဆေး... မာကျား... မင်းပြောတာ ဒီဆေးလား။"
"အဲ..."
မာကျား ဇဝေဇဝါ ဖြစ်သွားသည်။ ယမန်နေ့က ပန်းကန်လုံးနှင့် ထည့်ပေးလိုက်သည် မဟုတ်ပါလား။ ယခု ပုလင်းနှင့် ဆိုတော့ ဟုတ်မဟုတ် မသေချာချေ။
သူသည် ဟုန်ရှောင်ပေါင်ကို လှမ်းကြည့်လိုက်သည်။
ဟုန်ရှောင်ပေါင်က မာကျား ညီအစ်ကို နှစ်ယောက်ကို မြင်လိုက်ရသဖြင့် နှုတ်ဆက်ရန် ပြင်လိုက်စဉ်...
ဖောက်...
အသံတစ်သံ ကြားလိုက်ရသဖြင့် ကြည့်လိုက်ရာ မျက်နှာပျက်သွားသည်။ ချန်ဖုန်းက ဆေးပုလင်း တစ်လုံးကို တန်းပြီး ဖွင့်လိုက်ခြင်းပင်။ ဆေးအာနိသင် မပျောက်ပျက်စေရန် ဟုန်ရှောင်ပေါင်က ပုလင်းဝကို ဖယောင်းဖြင့် ပိတ်ထားခြင်း ဖြစ်သည်။ ထိုသူသည် မဝယ်ယူဘဲ ဖွင့်ဖောက်လိုက်လေပြီ။
ချန်ဖုန်းက ပုလင်းထဲမှ စိမ်းညစ်ညစ် ဆေးများကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။
"ဒီလို အရာမျိုးကို ဝိညာဉ်ကျောက်တုံး ၅တုံး နဲ့ ရောင်းရဲတယ်... ဒီဆိုင်ရှင်က တော်တော် စိတ်ကူးယဉ်တတ်တာပဲ။"
ပြောပြောဆိုဆိုနှင့် ပုလင်းဆို့ကို ပြန်ပိတ်ပြီး စင်ပေါ်သို့ ပစ်တင်လိုက်သည်။ "မာကျား... မင်း ပြောတဲ့ ဆေးကို ရှာလိုက်။ ငါ ကြည့်ပေးမယ်။"
"အဲ..." မာကျား မျက်နှာ ပျက်သွား၏။
စောစောက တစ်ချက် လှမ်းမြင်လိုက်ရသဖြင့် ပုလင်းထဲရှိ ဆေးသည် ယမန်နေ့က ဆေးနှင့် တူညီကြောင်း သိလိုက်ရသည်။ "အစ်ကိုကြီး... အဲဒါ... အဲဒါ ခုနက အစ်ကိုကြီး ဖွင့်လိုက်တဲ့ ဆေးပါပဲ။"
ချန်ဖုန်း ကြောင်အသွားသည်။ စင်ပေါ် ပြန်တင်လိုက်သော ဆေးပုလင်းကို တစ်ချက် ကြည့်လိုက်သည်။ ပြီးနောက် မာကျား နှင့် ဟုန်ရှောင်ပေါင် ကို တစ်လှည့်စီ ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်လေ၏။
"ဟား... ဟား... ဒီနေ့ မင်း ငါ့အဖွဲ့ထဲ ဝင်ချင်တယ် လာပြောတုန်းက ငါ နည်းနည်း ထူးဆန်းနေတာ။ မာကျား... မင်းက သရုပ်ဆောင် တော်တော် ကောင်းတာပဲကွ ဟားဟားဟား"
လူအများ နားမလည် ဖြစ်သွားကြသည်။
ဟုန်ရှောင်ပေါင် ကတော့ သူ ဘာပြောချင်သနည်း ဆိုသည်ကို ရိပ်မိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"အစ်ကိုချန်... အဲဒါ ဘာသဘောလဲ။" ချန်ဖုန်း၏ စကားထဲတွင် ပါဝင်သော လှောင်ပြောင်သံကို မာကျား ခံစားမိလိုက်သဖြင့် မေးလိုက်သည်။
"ရှင်းရှင်းလေးလေ... မာချန်ရဲ့ ဒဏ်ရာက ပျောက်နေတာ ကြာပြီ မဟုတ်လား။ ပြီးတော့ ဒဏ်ရာရချင်ယောင်ဆောင်ပြီး ငါတို့ရှေ့ ပေါ်လာတယ်။ ပြီးတော့ ဒီဆိုင်က ဆေးကို လာဝယ်ခိုင်းတယ်။ ငါ့ကို လိမ်ပြီး ဒီဆိုင်က ဆေးတွေ ရောင်းရအောင် လုပ်ကြံတာ မဟုတ်လား။"
ျန်ဖုန်းက အေးစက်စက် ရယ်မောလိုက်သည်။ "မာကျား... မာကျား... ငါတို့ သိပ်မရင်းနှီးပေမဲ့ အသိမိတ်ဆွေတွေပါကွာ။ မင်း ဒီလို လုပ်ရက်တယ်ပေါ့။ ငါ သိချင်တာ တစ်ခုက... ဆေးတစ်ပုလင်း ရောင်းရရင် ဒီဆိုင်ရှင်က မင်းကို ငွေ ဘယ်လောက် ပေးလဲ ဆိုတာပဲ။"
"သြော်... ဒါကြောင့်ကိုး"
ထို့ကြောင့်ပင် ဖြစ်သည်ဟု ချန်ဖုန်း၏ နောက်လိုက်များ သဘောပေါက်သွားကြ၏။
"ဒါကြောင့်ကိုး... ငါလည်း စဉ်းစားနေတာ။ အဲဒီလောက် စွမ်းတဲ့ ဆေး ဆိုတာ ဘယ်ရှိမလဲလို့။ ခေါင်းဆောင်သာ ပါးနပ်လို့ပေါ့။ မဟုတ်ရင် ငါတို့ အလိမ်ခံရတော့မယ်။"
"တကယ့် သောက်ကျိုးနည်း ကောင်တွေ... ထွီ"
"ခင်ဗျား... ခင်ဗျား..."
မာကျား ဒေါသကြောင့် မျက်နှာ နီရဲသွားသည်။ လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။ "ခင်ဗျား... ပေါက်ကရတွေ မပြောနဲ့"
"ချန်ဖုန်း... ကျုပ် ခင်ဗျားကို ထိုးမိတော့မယ်နော်" မာချန်လည်း ဒေါသထွက်ပြီး ရန်လုပ်ရန် ပြင်လိုက်သည်။
"ဟောဗျာ... ဇာတ်ထုတ် ဖြေလိုက်လို့လား။"
ချန်ဖုန်းက ဟားတိုက် ရယ်မောလိုက်ပြီး မာချန်ကို အထင်သေးစွာ ကြည့်လိုက်၏။ "မင်း ပြောလိုက်တာ... ငါ့ကို ထိုးမယ် ဟုတ်လား။"
မာချန်နှင့် မာကျား နှစ်ယောက်ပေါင်းတိုက်လျှင်ပင် ချန်ဖုန်း၏ ပြိုင်ဘက် မဟုတ်ချေ။ သို့သော်လည်း သူတို့သည် ရိုးသားသူများ ဖြစ်သဖြင့် စကားနိုင် လုမပြောတတ်သလို အနိုင်ကျင့်ခံရသည်ကို သည်းမခံနိုင်တော့ချေ။
မာချန် ရှေ့တိုးပြီး လက်သီးဖြင့် ထိုးရန် ပြင်လိုက်စဉ် လက်တစ်ဖက်က သူ၏ ပခုံးကို လာထိန်းလိုက်သည်။
"အားပါလိုက်တာ..."
မာချန် လန့်သွားပြီး လှည့်ကြည့်လိုက်ရာ ဟုန်ရှောင်ပေါင် ဖြစ်နေသည်။ ဟုန်ရှောင်ပေါင်က ပြုံးဖြီးဖြီးဖြင့် ရှေ့ထွက်လာ၏။
"မိတ်ဆွေတို့... စိတ်လျှော့ကြပါ။"
ဟုန်ရှောင်ပေါင်က ပြုံးလျက် ချန်ဖုန်းကို ကြည့်လိုက်သည်။ "ဒီက အစ်ကိုကြီး... ခင်ဗျား ဆေးပုလင်းကို ဖွင့်လိုက်တော့ ဆေးအာနိသင် လျော့သွားပြီ။ ဒါကြောင့် ဝယ်ရင်ဝယ်... မဝယ်လျှင် လျော်ကြေး ဝိညာဉ်ကျောက်တုံး၁ တုံး ပေးပါ... ဘယ်လိုလဲ။"
"ဟားဟားဟား... ဟားဟားဟား..."
ချန်ဖုန်းက ကမ္ဘာ့အကြီးကျယ်ဆုံး ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ အော်ဟစ် ရယ်မောလိုက်၏။ "မင်း ဘာပြောလိုက်တယ်။"
"ဟဲဟဲ..."
ဟုန်ရှောင်ပေါင် ပခုံးတွန့်လိုက်သည်။ "ကြည့်ရတာ အစ်ကိုကြီးက မဝယ်ချင်ပုံ ရတယ်။ ဒါဆို လျော်ကြေး ၁ တုံး ပေးလိုက်ပါ။"
"မလိမ်ရတော့ ဓားပြတိုက်မယ် ပေါ့လေ။"
ချန်ဖုန်း၏ ရယ်သံ ရပ်တန့်သွားသည်။ "ငါ မပေးရင်ရော... မင်း ဘာလုပ်မလဲ။"
"ဒါကတော့..."
ဟုန်ရှောင်ပေါင် အခက်တွေ့သွားသည်။ ထိုမျက်နှာမည်းမည်းနှင့် လူအား သူ ထိုးကြိတ်ချင်နေမိပြီ ဖြစ်သည်။ ပြဿနာမှာ သူသည် သွေးမြင်လျှင် မူးမေ့တတ်ခြင်းပင်။
ချီးတဲ့မှ … ကျင့်ကြံခြင်းလောကထဲ ဝိညာဉ်ကူးပြောင်းလာပြီးမှ သွေးမြင်ရင် မူးလဲတဲ့သူဖြစ်နေရတယ်လို့ … သောက်ကျိုးနည်းလှချည်ရဲ့။
စဉ်းစားကြည့်ပြီးနောက်...
"ပေးလိုက်ပါဗျာ... ပြဿနာ မဖြစ်ချင်ပါဘူး။"
"မင်း နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင် ဆိုင်ကို ဖျက်ဆီးပစ်မယ်"
ချန်ဖုန်းက ခြိမ်းခြောက်လိုက်သည်။ "သွားကြမယ်"
"ကြက်ကလေးလို အားနည်းပြီး လေကြီးနေလိုက်တာ..."
ယင်းကျိုယိုက သဘောကျပြီး ရယ်မောလိုက်၏။ "ဒီခေတ်ကြီးမှာ ပထမအဆင့်လောက် ရှိတဲ့ ကလေးတွေက ဒီလောက်တောင် မောက်မာနေကြတာလား။"
ယင်းကျိုယိုအသံထွက်လာသည်ကို ကြားလိုက်ရသဖြင့် ဟုန်ရှောင်ပေါင် ပြုံးလိုက်သည်။ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ပြီး လှမ်းပြောလိုက်သည်။
"ဒီက အစ်ကိုကြီး... နောက်ထပ် မိုးရွာတဲ့ ညကျရင် ခင်ဗျားရဲ့ ဘယ်ဘက်လက်က... ဟဲဟဲဟဲ..."
ချန်ဖုန်း၏ ခြေလှမ်း ရပ်တန့်သွားသည်။ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ မျက်နှာပေါ်တွင် အံ့သြမှုများ ပေါ်လာ၏။
"မင်း ဘာပြောလိုက်တယ်။"
"ဘာမှ မဟုတ်ပါဘူး..."
ဟုန်ရှောင်ပေါင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "အစ်ကိုကြီးလို သန်မာတဲ့ လူတစ်ယောက် အတွက်တော့ ခရမ်းရောင် သွေးမြွေ နဲ့ သံဘူးသီး လောက်ကတော့ ဘာမှ မဟုတ်ပါဘူးလေ... မဟုတ်ဘူးလား။"
ချန်ဖုန်း မျက်နှာ ပျက်သွားသည်။ ခြေလှမ်းကျဲကြီးများဖြင့် ဆိုင်ထဲသို့ ပြန်ဝင်လာပြီး ဟုန်ရှောင်ပေါင်ကို စိုက်ကြည့်လိုက်သည်။
"မင်း... မင်း ဘယ်လို သိတာလဲ။"
'အဘိုးကြီးက တကယ် စွမ်းတာပဲ။' ဟုန်ရှောင်ပေါင် စိတ်ထဲတွင် ကျေနပ်သွားသည်။ ယုံကြည်မှု ရှိရှိဖြင့် ကောင်တာကို ဖုန်သုတ်ရင်း ချန်ဖုန်းကို ဂရုမစိုက်သလို နေလိုက်၏။
"မင်း သေချင်နေပြီလား"
ချန်ဖုန်းသည် ဤရက်ပိုင်းအတွင်း ထိုကိစ္စကြောင့် စိတ်ညစ်နေရခြင်း ဖြစ်သည်။ ယနေ့ စိတ်မကြည် ဖြစ်နေရခြင်းမှာလည်း ထိုဒဏ်ရာကြောင့်ပင် ဖြစ်သည်။ ယခုအခါ ဟုန်ရှောင်ပေါင်၏ လှောင်ပြောင်သကဲ့သို့သော မျက်နှာထားကို မြင်လိုက်ရသောအခါ ဒေါသပေါက်ကွဲသွားသည်။ ပြေးဝင်လာပြီး ဟုန်ရှောင်ပေါင်၏ အင်္ကျီရင်ဘတ်စကို ဆွဲကိုင်လိုက်၏။
အစက ပြုံးနေသော ဟုန်ရှောင်ပေါင်၏ မျက်နှာထားမှာ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အင်္ကျီကို ကိုင်ထားသော ချန်ဖုန်း၏ လက်ပေါ်သို့ လက်တင်လိုက်သည်။ ချန်ဖုန်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
ဟုန်ရှောင်ပေါင်က အေးစက်စက် ပြုံးလိုက်သည်။ လက်ကို တဖြည်းဖြည်းချင်း အားထည့်လိုက်ရာ...
"ခင်ဗျားက ကျုပ်ကို အပျော့ဆွဲ ဆွဲလို့ရမယ့် မာလကာသီး မှတ်နေတာလား။"