အခန်း ၄၆
Vol. 5 Ch. 46
အပိုင်း (၄၆) သုံးခေါင်းကြက်။
ချန်ဖုန်း၏ နဖူးပေါ်တွင် အကြောစိမ်းများ ထောင်ထလာပြီး ချွေးစေးများ ကျဆင်းလာသည်။
ဟုန်ရှောင်ပေါင်၏ လက်သည် ဧရာမ သံညှပ်ကြီး တစ်ခုအလား သူ၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသဖြင့် ရုန်း၍ မရနိုင် ဖြစ်နေ၏။
"လွှတ်စမ်း"
ချန်ဖုန်းက လန့်လည်းလန့်၊ ဒေါသလည်း ထွက်ကာ အော်ဟစ်လိုက်သည်။
ဟုန်ရှောင်ပေါင်က အေးစက်စက် ပြုံးလျက် သူ့ကို စိုက်ကြည့်နေသည်။ ချန်ဖုန်း၏ နောက်လိုက် ၃ ယောက်သည် အခြေအနေ မဟန်မှန်း သိလိုက်သဖြင့် အတူတကွ ပြေးဝင်လာကြ၏။
ဘုန်း...
ကျယ်လောင်သော အသံတစ်သံနှင့် အတူ ရှေ့ဆုံးမှ ပြေးဝင်လာသူ တစ်ယောက်သည် ဟုန်ရှောင်ပေါင်၏ ကန်ချက် မိသွားပြီး ဆိုင်ပြင်သို့ လွင့်စင်သွားသည်။ ကန်ချက်က ပြင်းထန်လွန်းသဖြင့် ထိုသူသည် မြေကြီးပေါ် မှောက်ကျသွားပြီး ပြန်ထရန် ကြိုးစားသော်လည်း အားမရှိတော့သဖြင့် ပြန်လဲကျသွားသည်။
ချန်ဖုန်း မျက်နှာ ပျက်သွားသည်။ ယခုမှပင် သူသည် မည်သို့သော လူစားမျိုးကို ရန်စမိလိုက်မှန်း သဘောပေါက်သွား၏။
မျက်နှာထား တင်းမာနေရာမှ ချက်ချင်း ပြောင်းလဲသွားပြီး... "အစ်ကို... အစ်ကိုကြီး... လက်... လက်လွှတ်ပါအုံး။ အေးဆေး ပြောကြရအောင်ပါ။"
"အခုမှ အေးဆေး ပြောချင်တယ် ပေါ့လေ။"
ဟုန်ရှောင်ပေါင်က ပြုံးလိုက်သော်လည်း လက်ကို မလွှတ်သေးပေ။ ချန်ဖုန်းကို စိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။ "ကဲ ပြော... ဝယ်မှာလား။ လျော်ကြေး ပေးမှာလား။"
ချန်ဖုန်း၏ မျက်နှာပေါ်တွင် ပဲစေ့ခန့် ချွေးသီးများ ကျဆင်းနေပြီ ဖြစ်၏။
"ဝယ်မယ် … ဝယ်မယ်"
"ဝိညာဉ်ကျောက်တုံး၅ တုံး။" ဟုန်ရှောင်ပေါင်က ပြုံးလျက် ဈေးပြောလိုက်သည်။
ချန်ဖုန်း၏ လက်များ တုန်ယင်နေသည်။ ဝိညာဉ်ကျောက်တုံး၅ တုံးကို အမြန် ထုတ်ယူပြီး ကောင်တာပေါ် တင်ပေးလိုက်သည်။
ဟုန်ရှောင်ပေါင်က ဝိညာဉ်ကျောက်များကို ဖြည်းဖြည်းချင်း ရေတွက်လိုက်ပြီးမှ လက်ကို လွှတ်ပေးလိုက်၏။
ချန်ဖုန်း ညည်းတွားလိုက်ပြီး သူ၏ လက်ကို ပြန်ကြည့်လိုက်သည်။ လက်ကောက်ဝတ်တွင် အမည်းရောင် အရာကြီး ထင်ကျန်ရစ်ပြီး အရိုးကျိုးမတတ် နာကျင်နေသည်။ ချန်ဖုန်း ရင်ထဲတွင် ကြောက်ရွံ့မှုနှင့် ဒေါသတို့ ရောထွေးနေသည်။ သို့သော်လည်း ဟုန်ရှောင်ပေါင်၏ စွမ်းရည်ကို မြင်လိုက်ရသဖြင့် ထပ်မံ ရန်စရဲခြင်း မရှိတော့ချေ။ သူ ဖွင့်ဖောက်ခဲ့သော ဆေးပုလင်းကို တိတ်တဆိတ် ကောက်ယူလိုက်သည်။ မျက်နှာထား အမျိုးမျိုး ပြောင်းလဲပြီးနောက် မရဲတရဲ မေးလိုက်သည်။
"အစ်ကိုကြီး... ခုနက ကျုပ် မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ။ ဒါနဲ့... ခုနက ပြောတဲ့ ခရမ်းရောင် သွေးမြွေ ဆိုတာက..."
"နာကျင်တာက ခင်ဗျား၊ အရှက်ကွဲတာက ခင်ဗျားလေ... ကျုပ်က ဘာမှ မဖြစ်ပါဘူး။" ဟုန်ရှောင်ပေါင်က ပခုံးတွန့်လိုက်၏။
"......"
ချန်ဖုန်း မျက်နှာထား တောင့်တင်းသွားသည်။ သို့သော်လည်း ခေါင်းညိတ်ပြီး ဟုတ်ကဲ့ဟု ဆိုလိုက်ရသည်။ အံကို ကြိတ်ပြီး ထပ်မေးလိုက်သည်။
"အစ်ကိုကြီး... ခရမ်းရောင် သွေးမြွေ အကြောင်းလေး..."
"သိချင်လား။"
ဟုန်ရှောင်ပေါင်က ရွှင်လန်းစွာ မေးခွန်းထုတ်လိုက်သည်။
"သုံးခေါင်းကြက် တစ်ကောင်၊ မီးတောက် ငရုတ်သီး တစ်တောင့် နဲ့ ခရမ်းရောင် ခရမ်းချဉ်သီး တစ်လုံး ယူလာခဲ့။ ဒါဆို ပြောပြမယ်။ ဘယ်လိုလဲ။"
ချန်ဖုန်း မျက်နှာ ပျက်သွားသည်။ မီးတောက် ငရုတ်သီး နှင့် ခရမ်းရောင် ခရမ်းချဉ်သီး မှာ တော်သေးသည်။ ကံကောင်းလျှင် ရှာ၍ ရနိုင်သလို အနောက်ဘက် ဈေးတန်းမှာ သွားဝယ်လျှင်လည်း ဝိညာဉ်ကျောက်တုံး၂ တုံး၊ ၃ တုံးခန့်သာ ကျမည် ဖြစ်၏။
သို့သော်ငြား သုံးခေါင်းကြက် ဆိုသည်မှာ... အဝါရောင် အဆင့်နိမ့် သားရဲတွေထဲမှာ တော်တော်လေး လက်ပေါက်ကပ်တဲ့ အကောင်။ ဒုတိယအဆင့် သိုင်းသမားတွေတောင် မနိုင်မနင်း ဖြစ်တတ်သည်။ သူက ယခုမှ ပထမအဆင့်ပဲ ရှိသေးသည်။ ဝယ်မယ် ဆိုလျှင်လည်း ဝိညာဉ်ကျောက်တုံး၂၀ ၊ ၃၀ လောက် ပေးရမှာ အမှန်ပင်။
ဝိညာဉ်ကျောက်တုံး၂၀ ၊ ၃၀ ဆိုတာ ပိုက်ဆံ မဟုတ်တော့ဘူး... အသက်ပဲ။
"အစ်ကိုကြီး... လျှော့... လျှော့လို့ မရဘူးလား။" ချန်ဖုန်း မျက်နှာ ဖြူလျော်လျော်ဖြင့် တောင်းပန်လိုက်သည်။
"အစကတော့ ရတယ်။ ခင်ဗျား စတင် တိုက်ခိုက်လိုက်တည်းက အခွင့်အရေး ကုန်သွားပြီ။" ဟုန်ရှောင်ပေါင်က ပြုံးလိုက်၏။
ချန်ဖုန်း မျက်နှာ ထပ်ပျက်သွားပြန်သည်။ စိတ်ထဲတွင် ဒွိဟ ဖြစ်နေမိသည်။
"သွားတော့... သွားတော့... ကျုပ် ဈေးရောင်းရအုံးမယ်။"
ဟုန်ရှောင်ပေါင်က မောင်းထုတ်လိုက်၏။ "မှတ်ထားနော်... အဲဒီ ယားကျိကျိ ဖြစ်တာက နှလုံးဆီ ရောက်သွားရင်တော့... ကယ်လို့ မရတော့ဘူး။"
ချန်ဖုန်း မျက်နှာ ပြာနှမ်းသွားသည်။ နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ "ကောင်းပြီ... အဲဒီ ၃ မျိုးကို အမြန်ဆုံး ရအောင် ယူလာခဲ့မယ်"
ပြောပြီးသည်နှင့် ဆိုင်ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွား၏။
‘ဟေး... အဘိုးကြီး ပြောတဲ့ ကြက်သားပြားကြော် အတွက် ပစ္စည်း စုံပြီဟေ့’
ချန်ဖုန်း ထွက်သွားသည်ကို ကြည့်ပြီး ဟုန်ရှောင်ပေါင် ပျော်ရွှင်သွားသည်။ ထိုဟင်းပွဲမှာ ဝိညာဉ်ကျောက်တုံး၃၀ ခန့် ကုန်ကျမည်ဖြစ်ရာ သူပင် မစားရက်ခဲ့ချေ။ ယခုမူ ဤနည်းလမ်းဖြင့် ရရှိသွားခဲ့သည်။
"မင်းက တကယ့်ကောင်ပဲ"
ယင်းကျိုယိုလည်း သဘောကျစွာဖြင့် ရယ်မောလိုက်သည်။ ယင်းကျိုယိုသဘောကျရသည့် အကြောင်းရင်းမှာ ရှင်းလင်းလှသည်။ ချန်ဖုန်းက ခရမ်းရောင် သွေးမြွေကို သတ်တုန်းက မြွေသွေးတွေ ဘယ်လက်မောင်းပေါ် ကျခဲ့သည်။ ထိုအရာကို ဂရုမစိုက်ဘဲ ထားရင်း နောက်ပိုင်းတွင် သံဘူးသီး ဆူးနှင့် ထပ်မံ ခြစ်မိသွားခြင်း ဖြစ်သည်။ ထိုနှစ်ခုမှာ ဓာတ်သဘော မတည့်ချေ။ ထို့ကြောင့် ယားယံနေခြင်း ဖြစ်သည်။
ယင်းကျိုယိုက ဆေးပညာ ကျွမ်းကျင်တော့ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ တကယ်တမ်းကျတော့ သိပ်မစိုးရိမ်ရပေ။ အဖုအပိမ့်လေးတွေ ထွက်လာပြီး တစ်လလောက် နေလျှင် ပျောက်သွားမည့် ရောဂါမျိုးပင်။
ဟုန်ရှောင်ပေါင်က ခြိမ်းခြောက်ပြီး ဟင်းဖိုး တောင်းလိုက်၏။
"ခွေးကောင်လေး... ငါ မင်းကို သဘောကျသွားပြီ"
"ဟဲဟဲ... ကျုပ်လည်း ကျုပ်ကိုယ်ကျုပ် သဘောကျလာတယ်။"
"......"
............
"ခေါင်းဆောင်... ဘယ်လို ဖြစ်တာလဲ။" နောက်လိုက် ၃ ယောက် အံ့သြစွာ မေးလိုက်ကြသည်။
"ဟုတ်တယ်... အဲဒီဆိုင်ရှင် ပြောတဲ့ မြွေတို့ ဘူးသီးတို့က ဘာလဲ။"
ချန်ဖုန်း မျက်နှာ တည်တင်းနေသည်။ ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်၏။
လွန်ခဲ့သည့် ၄ ရက်က ခရမ်းရောင် သွေးမြွေကို သတ်ပြီး ပြန်လာတည်းက လက်မောင်း တစ်ခုလုံး ယားယံနေခဲ့ခြင်း ဖြစ်သည်။ အသည်းခိုက်အောင် ယားယံခြင်းပင်။ အပြာရောင်လမင်း တောင်တန်း ဆိုသည်မှာလည်း မည်မျှ ကြီးမားသည် ဆိုတာ ပြောမပြတတ်အောင်ပင်။ မသိနားမလည်သော အရာများ အများအပြား ရှိသည်။ ထို့ကြောင့် အဆိပ်မိသည်လား ဟူ၍ စိုးရိမ်ခဲ့သည်။ အဖြစ်အပျက် အသေးစိတ်ကို ဆေးဖော်ပညာရှင် မိတ်ဆွေတွေကို ပြောပြခဲ့သော်လည်း မည်သူမှ အဖြေရှာမရခဲ့ပေ။
သို့သော်လည်း ယားယံမှုမှာ မပျောက်သည့်အပြင် ပိုမို ဆိုးရွားလာသည်။ ယမန်နေ့ညက မိုးရွာသောအခါ ပိုယားလာပြီး လက်မောင်း တစ်ခုလုံး သွေးသံရဲရဲ ဖြစ်အောင် ကုတ်ခဲ့ရသည်။ ထို့ကြောင့် သူ လန့်နေခဲ့ခြင်း ဖြစ်သည်။ ခရမ်းရောင် သွေးမြွေမှာ အစွယ်မှလွဲ၍ အဆိပ် မရှိချေ။ အခြား အရာတစ်ခုခုနှင့် ဓာတ်ပြုပြီး အဆိပ်ဖြစ်သွားသည်လားဟု သံသယ ဝင်မိသည်။ သို့ပေမည့် မည်သူမှ သေချာ မပြောနိုင်ပေ။
ယခု ဟုန်ဆိုင်ရှင်က မြွေနှင့် ဘူးသီး အကြောင်း တန်းပြောလိုက်တော့ သူ့ရောဂါကို သိသည်မှာ သေချာသွားခဲ့သည်။ ချန်ဖုန်း မျက်နှာ မည်းမှောင်နေသော်လည်း ရင်ထဲတွင်မူ ကံကောင်းသည်ဟု တွေးမိသည်။ အကယ်၍ ဤဆိုင်သို့ ဝင်မိသောကြောင့်သာ... မဟုတ်လျှင် တွေးရဲစရာပင် မရှိချေ။
"ခရမ်းရောင် သွေးမြွေရဲ့ သွေးနဲ့ သံဘူးသီး ပေါင်းစပ်မိရင် အဆိပ်ပြင်းတာကိုး..."
ချန်ဖုန်း ကိုယ့်ဘာသာ ကောက်ချက်ချလိုက်သည်။ ပစ္စည်းချင်း ဓာတ်ပြုသည်ကို မည်သူ ပြောနိုင်မည်နည်း။ ကံကောင်း၍သာ ဖြစ်သည်။ ဤဆိုင်သို့ ဝင်မိသောကြောင့်သာ မဟုတ်လျှင် သူ၏ အသက်အန္တရာယ် ရှိနိုင်သည်။
ဝိညာဉ်ကျောက်တုံး၃၀ ဆိုသည်မှာ ချန်ဖုန်း အတွက် အသက်တမျှ တန်ဖိုးရှိသည်။ သို့သော်လည်း သူ့အသက်လောက်တော့ တန်ဖိုးမရှိပေ။
ချန်ဖုန်းသည် အနောက်ဘက် ဈေးတန်း ဆီသို့ အမြန် ပြေးသွားလိုက်သည်။ သူ၏ အကြံအစည်မှာ ရိုးရှင်းသည်။ ရှိသမျှ ပစ္စည်း အကုန်ရောင်း၊ အကြွေးယူသင့်လျှင်ယူ... လိုအပ်သည့် ပစ္စည်း ၃ မျိုး စုံအောင် ရှာရမည်။
............
တစ်နေကုန် စောင့်သော်လည်း နောက်ထပ် လူတစ်ယောက်မျှ ရောက်မလာတော့ချေ။ ရှောင်ပေါင် မျှော်လင့်ထားသည်မှာ ဖောက်သည် အသစ်များ ရလာရန် ဖြစ်သည်။ သို့သော်ငြား ရလိုက်သည်မှာ ရန်သူများသာ ဖြစ်နေသည်။ သူ ထိုင်မနေနိုင်တော့ချေ။ ဖောက်သည် မလာလျှင် ကိုယ်တိုင် သွားရှာရပေမည်။
စဉ်းစားကြည့်ပြီးနောက် သေတ္တာအလွတ် တစ်လုံးကို ရှာလိုက်သည်။ ထိုသေတ္တာမှာ ဒဏ်ရာပျောက်ဆေး ထည့်ရန် သိပ်အဆင်မပြေချေ။ သို့သော်လည်း ရှောင်ပေါင် အတွက်မူ ပြဿနာ မရှိပေ။ သူသည် နန်းတော်ထဲမှနေ၍ ကိရိယာများ အများအပြား သယ်ဆောင်လာခဲ့သည် မဟုတ်ပါလား။ သူသည် လက်သမား ဆရာကြီး မဟုတ်သော်ငြား ဝါသနာရှင် အဆင့်တော့ ရှိသည်။
ဒုန်း... ဒိုင်း... ခွပ်... ခွပ်...
တစ်နာရီခန့် ထုရိုက်ပြီးနောက်... အံဆွဲလေးတွေ၊ အကန့်လေးတွေ ပါဝင်သည့် သပ်ရပ်လှပသော သစ်သားသေတ္တာ တစ်လုံး ဖြစ်လာသည်။ ရှောင်ပေါင်က ကြေးနီရောင် ဒဏ်ရာပျောက်ဆေး ပုလင်းများကို သေတ္တာထဲ စီထည့်လိုက်သည်။ ကွက်တိပင် ဖြစ်၏။
"တယ်ဟုတ်ပါလား။"
ရှောင်ပေါင် ကျေနပ်သွားသည်။ ဆေးသေတ္တာ လွယ်ပိုးပြီး အနောက်ဘက် ဈေးတန်းဆီသို့ ဈေးရောင်းထွက်ရန် ပြင်လိုက်သည်။
မထင်မှတ်ဘဲ လူတစ်ယောက်နှင့် ဝင်တိုက်မိမလို ဖြစ်သွားသည်။ ချန်ဖုန်းပင်။
ရှောင်ပေါင်ကို ပို၍ အံ့သြသွားစေသည်မှာ... ချန်ဖုန်း၏ ပခုံးပေါ်တွင် ထမ်းထားသော ဧရာမ သတ္တဝါကြီးပင် ဖြစ်သည်။ ၃ မီတာခန့် မြင့်ပြီး အနက်၊ အနီ၊ အစိမ်း ရောင်စုံ ခေါင်း ၃ လုံး ပါရှိသော ကြက်ကြီး တစ်ကောင်။
ချန်ဖုန်းက ကြက်ကြီး၏ ခါးလည်ခန့်ကို ထမ်းထားခြင်း ဖြစ်သည်။ ကြက်ခေါင်းများနှင့် ခြေထောက်များက မြေကြီးပေါ် တရွတ်တိုက် ပါနေသည်။ သုံးခေါင်းကြက်ပင် ဖြစ်သည်။