အခန်း ၄၇
Vol. 5 Ch. 47
အပိုင်း (၄၇) နူးနူးညံ့ညံ့ ကုမလား၊ ကြမ်းကြမ်းတမ်းတမ်း ကုမလား။
ရှောင်ပေါင် ကြောင်အသွားသည်။ အနောက်ဘက် ဈေးတန်းတွင် သုံးခေါင်းကြက်၏ အတွင်းကလီစာများကို ရောင်းချနေသည်ကို မြင်ဖူးသော်လည်း တစ်ကောင်လုံးကိုမူ မမြင်ဖူးခဲ့ချေ။
ယင်းကျိုယိုက ပုံသဏ္ဍာန်ကိုသာ ပြောပြဖူးပြီး အရွယ်အစားကို မပြောခဲ့ဖူးပေ။ ထို့ကြောင့် ရှောင်ပေါင်၏ စိတ်ကူးထဲတွင် သုံးခေါင်းကြက် ဆိုသည်မှာ သာမန် ကြက်တစ်ကောင် အရွယ်အစားသာ ရှိမည်ဟု ထင်မှတ်ထားခဲ့သည်။
ယခု ၃ မီတာခန့် မြင့်မားသော ဧရာမ သတ္တဝါကြီးကို မြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားရ၏။
"တယ်ဟုတ်ပါလား ... ဒီအကောင်ကြီးက ဒီလောက် ကြီးတာလား။ ဒါကြောင့် ဝိညာဉ်ကျောက်တုံး၂၀ ၊ ၃၀ လောက် ပေးရတာကိုး။"
"ဆိုင်ရှင်ဟုန်..."
ချန်ဖုန်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ပြောလိုက်သည်။ "ဆိုင်ရှင် မှာလိုက်တဲ့ ပစ္စည်းတွေ အကုန် ရပါပြီ။ ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပါအုံးဗျာ။"
"......"
ရှောင်ပေါင်က ချန်ဖုန်း အနေနှင့် အပြာရောင် လမင်း တောင်တန်းသို့ ကိုယ်တိုင် သွားရောက် ရှာဖွေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ ချန်ဖုန်းသည် အောက်ခြေ လူတန်းစား ဂိုဏ်းသား တစ်ဦး ဖြစ်သဖြင့် ငွေကုန်ကြေးကျ သက်သာမည့် နည်းလမ်းကို ရွေးချယ်လိမ့်မည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။ သုံးခေါင်းကြက်ကို သတ်ဖြတ်ရန် အင်အား မရှိလျှင်တောင်မှ မီးတောက် ငရုတ်သီး နှင့် ခရမ်းရောင် ခရမ်းချဉ်သီးကိုတော့ ကိုယ်တိုင် ရှာဖွေနိုင်သည် မဟုတ်ပါလား။
မထင်မှတ်ဘဲ ချန်ဖုန်းသည် အချိန်မဆွဲဘဲ ၂ နာရီ အတွင်း ပစ္စည်းစုံအောင် ဝယ်ယူလာခဲ့သည်။ ထိုအရာအတွက် ဝိညာဉ်ကျောက်တုံးမည်မျှလောက် ကုန်ကျသွားမည်နည်း...။
ထိုပမာဏကို တွေးမိပြီး ရှောင်ပေါင်ပင် နှမြောသလို ခံစားလိုက်ရသည်။ သူသည် ဂိုဏ်းသားများထဲတွင် ထိပ်တန်း သူဌေးတစ်ဦး ဖြစ်သော်လည်း ဤပမာဏသည် နည်းပါးလှသည် မဟုတ်ချေ။ ချန်ဖုန်း အတွက်ဆိုလျှင် ပိုဆိုးပေလိမ့်မည်။
"အဲ..."
ရှောင်ပေါင်သည် သုံးခေါင်းကြက်၊ မီးတောက် ငရုတ်သီး နှင့် ခရမ်းရောင် ခရမ်းချဉ်သီး တို့ကို လှမ်းယူလိုက်သည်။
သုံးခေါင်းကြက်ကြီးသည် ပေါင် ၇၀၀-၈၀၀ ခန့် လေးလံလှသည်။ တကယ်တမ်းကျတော့ ချန်ဖုန်း၏ အဆိပ် ဆိုသည်မှာ ယားယံခြင်းကို သက်သာအောင် လုပ်ပေးရုံသာ ဖြစ်သည်။ ကုသနည်းပေါင်းများစွာ ရှိ၏။
ရှောင်ပေါင် အနေနှင့် ဟန်ပြ ကုသပေးပြီး ပြီးစလွယ် လုပ်လိုက်၍ ရသည်။ သို့ပေမည့် ချန်ဖုန်း၏ ကြိုးစား အားထုတ်မှုကို မြင်လိုက်ရသဖြင့် နည်းနည်း ရှုပ်ထွေးသလို ဟန်ဆောင်ပြီး ကုသပေးရန် ဆုံးဖြတ်လိုက်သည်။
"လက်ကို ဆန့်ထုတ်လိုက်။"
ချန်ဖုန်း ကြောင်သွားသော်လည်း အင်္ကျီလက်ကို အမြန် ပင့်တင်ပေးလိုက်သည်။ ကုတ်ဖဲ့ထားသဖြင့် ဒဏ်ရာ ဗရပွ ဖြစ်နေသော ဘယ်လက်မောင်း ပေါ်လာ၏။
ရှောင်ပေါင်က ဓားမြှောင်တစ်လက်ကို ယူပြီး ချန်ဖုန်း၏ တံတောင်ဆစ်တွင် အနည်းငယ် လှီးလိုက်သည်။ ထွက်လာသော သွေးများကို ပန်းကန်လုံး တစ်လုံးဖြင့် ခံယူလိုက်သည်။ ထို့နောက် သုံးခေါင်းကြက်၏ ခေါင်းထဲမှ အတွင်း ကလီစာကို ထုတ်ယူလိုက်ပြီး သွေးနှင့် ရောစပ်သလို၊ စစ်ဆေးသလို ဟန်ဆောင်လိုက်သည်။
အချိန်အတော်ကြာမှ လေးနက်သော လေသံဖြင့် ပြောလိုက်လေ၏။ "ခင်ဗျားရဲ့ အဆိပ်က နည်းနည်း ရှုပ်ထွေးတယ်။ အဆိပ်သင့်တဲ့ ပမာဏပေါ် မူတည်ပြီး ဆေးဖော်ရမှာမို့ အချိန်နည်းနည်း ကြာလိမ့်မယ်။"
ချန်ဖုန်းသည် လှိုက်လှဲစွာ ကျေးဇူးတင်သွားသည်။ ရှောင်ပေါင်က သုံးခေါင်းကြက်ကို တောင်းယူလိုက်ခြင်းမှာ သူ့ရောဂါကို ကုသရန် အတွက်သာ ဖြစ်ကြောင်း ယုံကြည်သွားသည်။ အခွင့်ကောင်းယူပြီး ခြိမ်းခြောက် ငွေညှစ်ခြင်း မဟုတ်မှန်း သိလိုက်ရသဖြင့် ကျေးဇူးတင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
ထို့အပြင် ရှောင်ပေါင်၏ ဖြူလျော်နေသော မျက်နှာကို ကြည့်ပြီး ပို၍ပင် အားနာသွားမိသည်။ ရှောင်ပေါင် သွေးမြင်ပြီး မူးနေမှန်း ချန်ဖုန်း မသိရှာပေ။ ရှောင်ပေါင်က သူ့ရောဂါကို စိုးရိမ်လွန်း၍ မျက်နှာ ဖြူလျော်နေသည်ဟု ထင်မှတ်မှားသွားခြင်း ဖြစ်သည်။ ကျေးဇူးတင်စိတ်နှင့် အတူ အားနာစိတ်၊ နောင်တရစိတ်တို့ ရောပြွမ်းလာပြီး မတ်တပ်ရပ်ကာ လက်နှစ်ဖက် ယှက်၍ အရိုအသေ ပြုလိုက်၏။
"ဆိုင်ရှင်ဟုန်... တကယ် တောင်းပန်ပါတယ်။ ဒီအဆိပ်ကြောင့် ကျုပ်စိတ်တွေ ဂယောက်ဂယက် ဖြစ်နေပြီး ဆိုင်ရှင်ဟုန်ကို စော်ကားမိတာပါ။ လူကြီးလူကောင်း ပီသစွာ ခွင့်လွှတ်ပေးပါ။"
"ရပါတယ်... ရပါတယ်။"
ရှောင်ပေါင်က ခေါင်းညိတ်လိုက်သည်။ သွေးထည့်ထားသော ပန်းကန်လုံးကို မကြည့်မိအောင် သတိထားရင်း တည်ငြိမ်စွာဖြင့် အပေါ်ထပ်သို့ တက်သွားလိုက်သည်။
"အား... မူးလိုက်တာ..."
အပေါ်ထပ် ရောက်သည်နှင့် ရေချိုးခန်းထဲ ပြေးဝင်ပြီး သွေးများကို အိမ်သာထဲ လောင်းချလိုက်သည်။ ထိုအခါမှ သက်သာရာ ရသွားပြီး စိတ်ထဲမှ လှမ်းခေါ်လိုက်၏။
"အဘိုး... ဆရာအဘိုး... အဘိုးရေ..."
"ဘာလဲကွ"
ယင်းကျိုယို၏ မကျေမနပ် အသံ ထွက်ပေါ်လာသည်။ "မင်း … ကောင်လေးက ဘာလို့ ဒီလောက်တောင် ပြဿနာ များရတာလဲ။"
ယင်းကျိုယိုနှင့် ရှောင်ပေါင်တို့သည် ပုံစံချင်း ဆင်တူကြသည်။ ထုံးတမ်းစဉ်လာများကို ဂရုမစိုက်တတ်ကြပေ။ ထို့ကြောင့် ယင်းကျိုယိုသည် အဘိုး၊ အဘိုးကြီး ဟု ခေါ်ဝေါ်ခြင်းကို အပြစ်မယူချေ။
"မြန်မြန်လုပ်ပါဗျာ... ချန်ဖုန်း ရောက်နေပြီ။ ဘယ်လို လုပ်ရမလဲ။" ရှောင်ပေါင်က မေးလိုက်၏။
"လွယ်ပါတယ်ကွ။"
ယင်းကျိုယိုက ပြန်ဖြေသည်။ "မင်း နူးနူးညံ့ညံ့ ကုမလား၊ ကြမ်းကြမ်းတမ်းတမ်း ကုမလား။ ဘယ်ဟာ ရွေးမလဲ။"
"ဟင်... ဒီလို ခွဲခြားထားတာတောင် ရှိသေးလား။" ရှောင်ပေါင် အံ့အားသင့်သွား၏။
"ရှိတာပေါ့။"
ယင်းကျိုယိုက ရှင်းပြသည်။ "နူးညံ့စွာ ကုသနည်း ဆိုတာက ဆေးအာနိသင် ပျော့ပျော့နဲ့ ဖြည်းဖြည်းချင်း အဆိပ်ထုတ်တာ။ ကြမ်းတမ်းစွာ ကုသနည်း ဆိုတာကတော့ ဆေးအာနိသင် ပြင်းပြင်းနဲ့ အမြစ်ပြတ်အောင် ချက်ချင်း ကုသတာ။ ဒါပေမဲ့ နာကျင်မှုကတော့ တော်တော် ပြင်းထန်လိမ့်မယ်။"
ထိုအချိန်မှ ယင်းကျိုယိုသည် ဆိုင်ခန်း အတွင်းပိုင်း အပြင်အဆင်များကို သတိထားမိသွားပြီး လှောင်ပြောင် လိုက်၏။
"ဟုန် မိသားစု ကုန်စုံဆိုင် တဲ့လား။ ဒီလောက် ရှက်စရာကောင်းတဲ့ နာမည်မျိုး မင်းတစ်ယောက်ပဲ ပေးတတ်မှာ။ ပြီးတော့... ဟုန်ဆိုင် ကြေးနီရောင် ဒဏ်ရာပျောက်ဆေး ဟုတ်လား။ ကြေးနီရောင်... ဟွန်း... ဒီနာမည်ကတော့ မဆိုးပါဘူး။"
ယင်းကျိုယိုသည် ရှောင်ပေါင်ကို နတ်ဘုရားအဆင့် ဟူသော နာမည် မပေးရန် တားမြစ်ခဲ့သော်လည်း ကြေးနီရောင် ဟူသော နာမည် ပေးလိုက်ခြင်းကိုမူ လက်ခံလိုက်ပုံ ရသည်။ ကြေးနီ ဆိုသည်မှာ အဆင့်နိမ့်သော်လည်း နားထောင်ရသည်မှာ အဆင့်အတန်း ရှိသည် မဟုတ်ပါလား။
ရှောင်ပေါင် ရှက်သွားမိသည်။ ဆေးလည်း ရောင်း၊ လက်နက်လည်း ရောင်း၊ ဟင်းလည်း ချက်ရောင်းမည့် ဆိုင်ကို ကုန်စုံဆိုင် မခေါ်လျှင် ဘယ်လို ခေါ်ရမည်နည်း။ သို့ပေမည့် စကားလမ်းကြောင်း လွှဲလိုက်သည်။
"အဲ... ကြမ်းကြမ်းတမ်းတမ်း ကုသနည်း ပဲ ရွေးလိုက်မယ်ဗျာ။"
"ရပါတယ်..."
ယင်းကျိုယိုက သဘောထားကြီးစွာဖြင့် ကုသနည်းကို ပြောပြလိုက်သည်။
ရှောင်ပေါင်က တစ်ခုမကျန် မှတ်သားလိုက်၏။
ယင်းကျိုယို၏ ဆေးဖော်နည်းများသည် ရှောင်ပေါင်၏ အသိပညာများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ရှောင်ပေါင်၏ စိတ်ထဲတွင် ပန်းထိုးသကဲ့သို့ သိမ်မွေ့နက်နဲသည်ဟု ထင်မှတ်ထားသော ဆေးဖော်ပညာသည် ဟင်းချက်သကဲ့သို့ လွယ်ကူ ရိုးရှင်းသော အရာ ဖြစ်လာခဲ့သည်။ ဘဝတွင် ပထမဆုံးအကြိမ် ဆေးဖော်ခြင်း အောင်မြင်ခဲ့သည်ကို ပြန်တွေးမိပြီး ကိုယ့်ကိုကိုယ် အံ့အားသင့် နေမိသည်။
ယခုလည်း ထိုနည်းအတိုင်းပင်။ ယင်းကျိုယိုပြောသော ဆေးမြစ်များကို ရှာဖွေပြီး ခန့်မှန်းခြေ အချိုးအစား ဖြင့် ရောစပ်ကာ ဆေးပေါင်းအိုးထဲ ထည့်ပြီး ထောင်းလိုက်သည်။ ထို့နောက် မီးမွှေးပြီး ကျိုချက်လိုက်၏။
ညိုညစ်ညစ် အရောင်နှင့် ဆေးရည်များ ရရှိလာချိန်တွင်တော့ ရှောင်ပေါင် မျက်လုံးထဲတွင် ပုံမှန်လို ဖြစ်နေပေပြီ။ ယင်းကျိုယို၏ ဆေးဖော်နည်းများမှာ ဤသို့ပင် ရုပ်ဆိုးနေကျ ဖြစ်သည်။
ရှောင်ပေါင် အောက်ထပ်သို့ ဆင်းလာပြီး ဆေးရည်များကို ချန်ဖုန်းအား ပေးလိုက်၏။
ချန်ဖုန်းသည် ဆေးရည်၏ ရုပ်ဆိုးပန်းဆိုး အသွင်အပြင်ကို မေးခွန်းထုတ်ရဲခြင်း မရှိဘဲ ကျောက်စိမ်းပြားဖြင့် ကော်ယူကာ ယားယံနေသော နေရာများသို့ သုတ်လိမ်းလိုက်သည်။
"အား..... နာလိုက်တာ...ချီး"
ချန်ဖုန်း အော်ဟစ်လိုက်မိသည်။ ပါးစပ်ကလည်း ဆဲဆိုလိုက်၏။ "နာတာက ယားတာထက် ပိုကောင်း သေးတယ်ကွ... အား....."
ဆေးလိမ်းလိုက်သည်နှင့် ချန်ဖုန်း၏ မျက်နှာ ရှုံ့မဲ့သွားပြီး အံကို ကြိတ်ထားရသည်။
နာကျင်မှုက ပြင်းထန်လွန်းသဖြင့် နဖူးပေါ်တွင် ချွေးသီးများ စီးကျလာပြီး အကြောစိမ်းများ ထောင်ထလာသည်။ သို့ပေမည့် ရက်ပေါင်းများစွာ ဒုက္ခပေးနေသော ယားယံမှု ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် ဝမ်းသာအားရ ဦးညွှတ်လိုက်၏။
"ဆိုင်ရှင်ဟုန်... ဆိုင်ရှင်ဟုန်ရဲ့ ဆေးက တကယ် စွမ်းတာပဲ။ ရောဂါ ချက်ချင်း ပျောက်သွားပြီ..."
"ဟဲဟဲ... ရပါတယ်ဗျာ။"
ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်သည်။ "အဆိပ်က ပြင်းတော့ ဆေးကိုလည်း ပြင်းပြင်း သုံးထားရတာ။ နည်းနည်းတော့ ခံစားရမှာပေါ့။"
"နာတာက ဘာဟုတ်သေးလို့လဲ..."
ချန်ဖုန်းက ရင်ဘတ်ကို ထုရင်း ပြောလိုက်၏။ "အသားလှီးတာ၊ အရိုးခြစ်တာလောက်တော့ ကျုပ်မမှုပါဘူး။ ယားတာကိုသာ မခံနိုင်တာ။ တကယ်ကို ကျေးဇူးတင်ပါတယ် ဆိုင်ရှင်ဟုန်။ ကျုပ်ပြန်ရောက်ရင် ဆိုင်ရှင်ရဲ့ ဆေးစွမ်းကောင်းပုံကို လူတိုင်းသိအောင် ကြော်ငြာပေးပါ့မယ်။ ဆေးပညာနဲ့ ပတ်သက်ရင် ဆိုင်ရှင်ဟုန်က လေယင်မြို့တော်မှာ နံပါတ်တစ်ပဲ..."
"မြှောက်လွန်းပါပြီဗျာ..."
ချန်ဖုန်းသည် ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုပြီးမှ ပြန်သွားသည်။
"အား... နာလိုက်တာ... တောက်... နာတာက ပိုကောင်းသေးတယ်..."
ဆိုင်ပြင်ရောက်ပြီး အဝေးသို့ ရောက်သွားသည့်တိုင် အော်ဟစ်နေသံကို ရှောင်ပေါင် ကြားနေရ၏။
............
"ကွက်တိပဲ..."
နေဝင်သွားပြီ ဖြစ်သဖြင့် ဖောက်သည် လာဖို့ မရှိတော့ချေ။ ရှောင်ပေါင်သည် ကြက်သားပြားကြော် လုပ်ရန် ပြင်ဆင်လိုက်သည်။
"ဟေ့... အဘိုး... ထပါဦး... အဘိုးရေ... ထပါအုံး..."
ရှောင်ပေါင် စိတ်ထဲမှ လှမ်းအော်လိုက်၏။ "အဘိုး မှာထားတဲ့ ပစ္စည်းတွေ အကုန် ရပြီဗျ..."
"မဆိုးဘူးပဲ... ဒီကြက်က သက်တမ်း ၂၆ နှစ်၊ ၂၇ နှစ်လောက် ရှိပြီ။ အဆင့်တက်ခါနီး ဖြစ်နေတဲ့ အကောင်ပဲ။ မဆိုးဘူး..."
ယင်းကျိုယိုပေါ်လာပြီး တစ်ချက်ကြည့်ကာ မှတ်ချက်ချလိုက်သည်။ "ဒါပေမဲ့ ဟင်းခတ်အမွှေးအကြိုင် လိုနေသေးတယ်။ သွားရှာချေ... မွှေးပျံ့ကျောက် ၊ စပါးခင်း နွယ်ပင် ၊ ငရုတ်ကောင်း ၊ ဟင်းခတ်အမွှေးအကြိုင် ... ပြီးတော့ ခရမ်းရောင် ကြယ်မျက်ရည် ။
နေအုံး.. ခရမ်းရောင် ကြယ်မျက်ရည် က ရှာရခက်လိမ့်မယ်။ အဲဒီအစား လျှပ်စီး သခွားသီး နဲ့ ငွေရောင် သစ်ကြံပိုး ရောလိုက်ရင် အလားတူ အရသာမျိုး ရနိုင်တယ်။ အဲဒီ နှစ်မျိုးပဲ ယူလိုက်တော့..."