← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အပိုင်း (၄၈) တူမွှေပြီ။

"တယ်ဟုတ်ပါလား"

ဟုန်ရှောင်ပေါင်သည် အံ့အားသင့်သွားရ၏။ ယခုအချိန်တွင် ယင်းကျိုယိုအနေဖြင့် မည်သည့်ဆေးမြစ်နှင့် မည်သည့်ဆေးမြစ် ဓာတ်ပြုလျှင် မည်သို့ ဖြစ်ပျက်သည်ကို ပြောပြလျှင်ပင် သူ အံ့အားသင့်တော့မည် မဟုတ်ချေ။

ဟုန်ရှောင်ပေါင်သည် ချက်ချင်းပင် လိုအပ်သော ပစ္စည်းများကို ရှာဖွေလေတော့သည်။

မွှေးပျံ့ကျောက် ဆိုသည်မှာ သဘာဝအလျောက် မွှေးပျံ့နေသော ကျောက်တုံးတစ်မျိုး ဖြစ်၏။ ကျောက်တုံးပေါ်တွင် မျက်လုံးပုံသဏ္ဍာန် အဝိုင်းလေးများ ပါရှိသဖြင့် ထိုနာမည် ပေးထားခြင်း ဖြစ်သည်။ ရှားပါးသည် ဆိုသော်လည်း တွေ့ရှိပါက ကျောက်တုံးအကြီးကြီး တစ်တုံးလုံး ရရှိတတ်သဖြင့် ဒုတိယအဆင့် ဆေးမြစ်များထဲတွင် ဈေးအသက်သာဆုံး ဖြစ်၏။

လျှပ်စီး သခွားသီး မှာမူ ဒုတိယအဆင့် ဆေးမြစ်များထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်။ မူလက တတိယအဆင့် ဆေးမြစ်များနှင့် ဈေးနှုန်း တူညီသော်လည်း လူတို့ စိုက်ပျိုးနိုင်လာသောအခါ ဈေးနှုန်း ထိုးကျသွားသည်။

ကျန်ရှိသော စပါးခင်း နွယ်ပင် ၊ ငွေရောင် သစ်ကြံပိုး စသည်တို့မှာ သာမန် ဒုတိယအဆင့် ဆေးမြစ်များ ဖြစ်သဖြင့် အလွယ်တကူပင် ရှာဖွေ တွေ့ရှိနိုင်၏။

ဟုန်ရှောင်ပေါင်သည် ကြက်သား ပမာဏ အများကြီး ရှိသဖြင့် ဟင်းပွဲ ၇၀ ၊ ၈၀ ခန့် ချက်နိုင်မည်ဟု တွက်ချက်ထားပြီး လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များကို အလုံအလောက် ဝယ်ယူလိုက်သည်။

ပစ္စည်းစုံလင်သွားသောအခါ ယင်းကျိုယိုက တစ်ချက် ဝေ့ဝဲကြည့်ရှုပြီး စတင် သင်ကြားပေးသည်။

"ကြက်သားပြားကြော် ဆိုတဲ့အတိုင်း လျှို့ဝှက်ချက်က မွှေးပျံ့ခြင်း နဲ့ ကြွပ်ရွခြင်း မှာ ရှိတယ်။ မွှေးပျံ့ကျောက်၊ စပါးခင်း နွယ်ပင်၊ ငရုတ်ကောင်း၊ ဟင်းခတ်အမွှေးအကြိုင်... ဒါတွေ အကုန်လုံးက မွှေးပျံ့ခြင်း အတွက် သုံးတာ။ ကြွပ်ရွဖို့ ကတော့... မင်းရဲ့ လက်စွမ်းအပေါ်မှာ မူတည်လိမ့်မယ်။"

"ကြွပ်ရွဖို့ ဟုတ်လား။"

"နည်းလမ်းက ရှင်းရှင်းလေးပါ။"

ယင်းကျိုယိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ထုရမယ်။"

"ထုရမယ်။"

ဟုန်ရှောင်ပေါင် မျက်နှာ မည်းမှောင်သွားရ၏။ "အဘိုး... ဒီလောက် အဆင့်မြင့်တဲ့ ဟင်းပွဲကို... အဲ... မှားလို့... ဆေးဖော်နည်းကို ဒီလို ရှေးရိုးကျတဲ့ နည်းလမ်းနဲ့ လုပ်ရမှာလား။"

"ဒါဆိုရင် မင်းက ကောင်းကင်ဘုံက မိုးကြိုးကို ဆွဲယူပြီး ပစ်ချမလား။ ရှေးဟောင်း နတ်ဘုရားတွေရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ပြီး ထုခိုင်းမလား။ ဒါမှမဟုတ်..."

"အရှုံးပေးပါပြီ... အရှုံးပေးပါပြီ... ကျုပ်မှားပါတယ်။"

ဟုန်ရှောင်ပေါင်သည် ချက်ချင်းပင် အရှုံးပေးလိုက်၏။ "ဘယ်လို ထုရမလဲ။ တူနဲ့လား။ သစ်သားချောင်းနဲ့လား။"

"ကြိုက်တာနဲ့ ထု... လာစမ်း... ဒီနေရာက ကြက်ရင်အုံသားတွေကို လှီးထုတ်လိုက်။"

"ဒါ ကြက်ရင်အုံသား မဟုတ်လား။"

ဟုန်ရှောင်ပေါင် တစ်စုံတစ်ခုကို ရိပ်မိသလို ရှိသော်လည်း မသေချာသဖြင့် မေးလိုက်၏။ "ရင်အုံသား ဆိုရင် အသားက မာနေမှာ မဟုတ်ဘူးလား။"

"ဟုတ်တယ်... အဲဒီလို ဖြစ်နေလို့ကို သုံးတာ။"

ယင်းကျိုယိုက ခေါင်းညိတ်လိုက်သည်။ "ဒီနေရာက အသန့်စင်ဆုံးပဲ။ ကြက်သားပြားကြော် ဆိုပေမဲ့ ကြက်သား ဆိုတာ အခြေခံပစ္စည်း တစ်ခုပဲ။ မင်း တကယ် စားရမှာက ဆေးမြစ်တွေ။ သုံးခေါင်းကြက်ရဲ့ ရင်အုံသားက ဒီဆေးမြစ်တွေ အကုန်လုံးကို ပြီးပြည့်စုံအောင် ပေါင်းစပ်ပေးနိုင်တဲ့ အသားတွေထဲက တစ်ခုပဲ။"

"တစ်ခု ဟုတ်လား။"

ယင်းကျိုယို၏ အစားထိုး ပစ္စည်း ရှာဖွေနိုင်စွမ်းကို ဟုန်ရှောင်ပေါင် လေးစားသွားမိ၏။

"ဒါဆို ဆေးဖော်နည်းတိုင်းက ဆေးမြစ်တွေ အကုန်လုံးမှာ အစားထိုးစရာတွေ အများကြီး ရှိတာပေါ့။"

"ဒါပေါ့။"

ယင်းကျိုယိုက အတည်ပြုလိုက်သည်။ "အများကြီး မကဘူး။ ဆယ်ချီ၊ ရာချီ ရှိတယ်။ ဥပမာ - ခရမ်းရောင် ကြယ်မျက်ရည် လိုမျိုးပေါ့။ ချက်ချင်း ရှာမရရင် တခြား နှစ်မျိုး ပေါင်းစပ်ပြီး အလားတူ အာနိသင် ရအောင် လုပ်လို့ ရတယ်။ ငါ့ရဲ့ ရည်မှန်းချက်က ဆေးမြစ် တစ်မျိုးစီတိုင်းအတွက် အစားထိုးစရာ ပစ္စည်း ၉၉၉ မျိုး ရှာဖွေဖို့ပဲ။"

ဟုန်ရှောင်ပေါင် ကြောင်အသွားသည်။ ရင်ထဲတွင်လည်း လှုပ်ရှားသွားမိ၏။

"ဒါဆိုရင် အဘိုးက ပထမအဆင့် ဆေးမြစ်တွေသုံးပြီး ဒုတိယအဆင့် ဆေးမြစ် အာနိသင် ရအောင် လုပ်နိုင်တာပေါ့။"

"ချီး .. နားမလည်ဘဲနဲ့။"

ယင်းကျိုယိုက ပြန်ပက်လိုက်သည်။ "အဆင့်မြင့်လေ ဆေးမြစ်ရဲ့ အာနိသင်က ကြမ်းလေပဲ။ ရှားပါးလေ၊ တုပဖို့ ခက်လေပဲ။ ပြီးတော့ ဆေးတိုင်းမှာ အဆိပ် သုံးပုံတစ်ပုံ ပါတယ် ဆိုတဲ့အတိုင်း ပေါင်းစပ်လိုက်ရင် ဖြစ်လာမဲ့ အဆိပ်အတောက်က ပိုများတယ်။ ဥပမာ - ဒုတိယအဆင့် နှင်းကြာပန်း ရဲ့ အာနိသင်ကို ပထမအဆင့် ကိုးလွှာ ကြာပန်း နဲ့ ဂူအောင်း ကြာပန်း ပေါင်းစပ်ပြီး ရယူလို့ ရတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် အာနိသင်က သုံးပုံတစ်ပုံပဲ ပါပြီး အဆိပ်က ခုနစ်ပုံ ပါလိမ့်မယ်။ မင်း စားရဲလား။"

"မစားရဲပါဘူးဗျာ။"

"အဆင့်မြင့်လာရင် ဆေးမြစ်ရဲ့ အာနိသင်က တစ်ခုတည်းသော အရာ ဖြစ်လာတယ်။ သဘာဝတရားက ဖန်တီးပေးထားတဲ့ အရာတွေကို ငါလည်း ဘယ်လိုမှ လုပ်လို့ မရဘူး။"

ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို မျက်စောင်းခဲ့၍ ကြည့်လိုက်၏။ "ကဲ... စကားများမနေနဲ့တော့။ မင်းအလုပ် မင်းလုပ်။"

ပြောပြီးသည်နှင့် မီးပုံအစီအရင် ကို ဆက်လက် လေ့လာရန် ထွက်သွားပြန်သည်။

"ကောင်းပါပြီဗျာ။"

ဟုန်ရှောင်ပေါင် ပခုံးတွန့်လိုက်သည်။ ကြက်ရင်အုံသား တစ်တုံးကို လှီးထုတ်လိုက်ပြီး ယင်းကျိုယိုမှာထားသည့် စကားကို ရေရွတ်လိုက်၏။

"အသားမျှင်တွေ အတိုင်း ထုရမယ်။ အသားမျှင်တွေ တစ်ချောင်းချင်းစီ ကွဲထွက်သွားပြီး တစ်ချောင်းချင်းစီ ပြန်ဆက်နေတဲ့ အနေအထား ရောက်တဲ့အထိ ထုရမယ် တဲ့..."

၂ ပေါင်ခန့် ရှိမည့် ကြက်ရင်အုံသား တစ်တုံးကို စဉ်းနှီတုံးပေါ် တင်လိုက်သည်။ အပြာရောင် သစ်ကြံပိုး တူ တစ်ချောင်းကို ယူပြီး ဂရုတစိုက် ထုနှက်လိုက်သည်။

သို့သော်လည်း ဟုန်ရှောင်ပေါင် ချက်ချင်း သိလိုက်ရသည်။ သူ သုံးခေါင်းကြက်ကို လျှော့တွက်မိသွားခြင်းပင်။ အစက အသားကြေမွသွားမည် စိုး၍ ဖြည်းဖြည်းချင်း ထုသော်လည်း သုံးခေါင်းကြက်၏ ရင်အုံသားသည် မာကျောလွန်းသဖြင့် ထုလိုက်တိုင်း ပြန်ကန်ထွက်နေ၏။

"စိတ်ဝင်စားစရာပဲ။"

ဟုန်ရှောင်ပေါင် အားစိုက်လိုက်သည်။

"မင်းက မာသလား... ငါ … ဆိုင်ရှင်ဟုန်က မာသလား စမ်းကြည့်ကြတာပေါ့။ .. လာစမ်း … စားစရာမရှိတော့ဘူး … စာအုပ်ဖတ်ပြီးချက်မယ်။ .. ဒန့် .. ဒန့် …. ဒန်”

အရိုးသီချင်းလေး ငြီးရင်း ထုနေမိ၏။

သန်းခေါင်ယံ အချိန် ရောက်မှ အသားထုခြင်း ပြီးဆုံးလေတော့သည်။ မူလက မျက်နှာလောက်သာ ရှိသော အသားတုံးသည် ယခုအခါ စာအုပ် ၄ ၊ ၅ အုပ် စာလောက် ပြားကပ်သွားပြီ ဖြစ်၏။ အသားမျှင်များ ကွဲထွက်သွားပြီး ပြန်ဆက်နေသည့် အနေအထား ဆိုသည့် အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည်။

ဟုန်ရှောင်ပေါင်သည် ယင်းကျိုယိုကို ထပ်မံ ခေါ်ယူလိုက်၏။

"မဆိုးပါဘူး။"

ယင်းကျိုယိုက ပေါ့ပေါ့ပါးပါး မှတ်ချက်ချသည်။ "လျှပ်စီး သခွားသီး နဲ့ ငွေရောင် သစ်ကြံပိုး ကို ရောစပ်ပြီး ဘေးမှာ ဖယ်ထားလိုက်။ အဲဒီ နှစ်ခု လုံးဝ ပေါင်းစပ်သွားဖို့ တစ်နာရီလောက် ကြာလိမ့်မယ်။ မွှေးပျံ့ကျောက် ကို အမှုန့်ကြိတ်။ စပါးခင်း နွယ်ပင် ကို အမျှင်လိုက် မွှာထား..."

ဟုန်ရှောင်ပေါင် တစ်ခုချင်းစီ လိုက်လုပ်သည်။ မျက်နှာပြင်ပေါ်တွင် လျှပ်စီးကြောင်းလေးများ စီးဆင်းနေသော လျှပ်စီး သခွားသီး ကို ထုခွဲလိုက်ပြီး ငွေရောင် သစ်ကြံပိုး နှင့် ရောစပ်လိုက်သောအခါ ထူးခြားမှု ဖြစ်ပေါ်လာ၏။

ငွေရောင် သစ်ကြံပိုးသည် လျှပ်ကူးပစ္စည်း တစ်ခုအလား ဖြစ်သွားပြီး သခွားသီးထဲမှ လျှပ်စီးကြောင်းများ တဖျစ်ဖျစ် မြည်ကာ ထွက်ပေါ်လာသည်။

တစ်ခန်းလုံး လင်းထိန်သွားတော့သည်။ အဝေးက ကြည့်လျှင် ဟုန်ရှောင်ပေါင်၏ ဆိုင်ခန်း ဒုတိယထပ်တွင် ဂဟေဆော်နေသကဲ့သို့ ထင်မှတ်ရပေလိမ့်မည်။

ထို့နောက် ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ နှင့် ဟင်းခတ်အမွှေးအကြိုင်များကို ရေအနည်းငယ်နှင့် ရောပြီး ထောင်းလိုက်သည်။ ထို့နောက် မွှေးပျံ့ကျောက် အမှုန့်၊ ဆား၊ ငရုတ်ကောင်း၊ သကြား နှင့် ကမာဆီ တို့ကို ထည့်ပြီး မွှေလိုက်သည်။ ရရှိလာသော အရည်ထဲသို့ ထုနှက်ထားသော ကြက်ရင်အုံသားကို ထည့်ပြီး နှံ့စပ်အောင် နယ်ဖတ်ကာ နာရီဝက်ခန့် နှပ်ထားလိုက်သည်။

ဤအချိန်တွင် ဟုန်ရှောင်ပေါင်သည် ထူးခြားမှုကို သတိထားမိလိုက်သည်။ ပါဝင်ပစ္စည်းများ ရောစပ်သွားသောအခါ ဖျော့တော့သော အလင်းရောင်လေးများ ထွက်ပေါ်လာခြင်းပင်။

"တယ်ဟုတ်ပါလား"

ဟုန်ရှောင်ပေါင်၏ မျက်လုံးများ အရောင်တောက်သွားခဲ့၏။ "ဘယ်သူ ပြောလဲ... အလင်းထွက်တဲ့ ဟင်းပွဲက ဟင်းကောင်း မဟုတ်ဘူး လို့။ တကယ့် အဆင့်မြင့် ဟင်းပွဲတွေက တကယ် အလင်းထွက်တာပဲ။"

ယခုအချိန်တွင် လျှပ်စီး သခွားသီး နှင့် ငွေရောင် သစ်ကြံပိုးတို့ ဓာတ်ပြုခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ကျောက်စိမ်းပန်းကန်ပြား အောက်ခြေတွင် ငွေရောင် အရည်ကြည်လေးများ စုဝေးနေပြီး တစ်ခါတစ်ရံ လျှပ်စီးကြောင်း သေးသေးလေးများ လက်ခနဲ ဖြစ်သွားတတ်သည်။ ကြည့်ရသည်မှာ အလွန် လှပသည်။

သို့သော်လည်း ဟုန်ရှောင်ပေါင် ကြည့်ရင်း ကြက်သီးထလာသည်။ ဤအရာသည် ပြဒါးရည် နှင့် တူလွန်းနေသည် မဟုတ်ပါလား။

အဘိုး ယင်းကျိုယို ပြောပြချက်အရ ဤဟင်းပွဲအား ချက်ပြုတ်ရန် ပင်လယ်ပြာကျောက် နှင့် လုပ်ထားသည့် ဒယ်အိုး လိုအပ်သည်။ အနည်းဆုံးတော့ ရှန်သံ ဒယ်အိုး လိုအပ်သည်။ သို့သော်လည်း ဟုန်ရှောင်ပေါင်ထံတွင် ထိုအရာများ မရှိချေ။ ရှန်သံ ဆိုသည်မှာ လက်နက်လုပ်ရန်ပင် မလုံလောက်သည့်အရာ ဖြစ်ရာ... မည်သူက ဒယ်အိုး လာလုပ်နေပါမည်နည်း။ လုပ်ခဲ့လျှင်ပင် သူ ဝယ်နိုင်မည် မဟုတ်ချေ။

နောက်ဆုံးတွင် စဉ်းစားရကြပ်ပြီး ဆေးပေါင်းအိုး တစ်လုံးကို ယူသုံးလိုက်ရသည်။ ဆေးပေါင်းအိုး ဆိုသည်မှာ အပူဒဏ်၊ ပေါက်ကွဲဒဏ် ခံနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်သဖြင့် အဆင်ပြေလောက်ပေမည်။ နှပ်ထားသော ကြက်ရင်အုံသားကို အိုးထဲ ထည့်ပြီး မီးမွှေးလိုက်၏။

“တောက် … ဒယ်နီမရှိတာ နာတာပဲ။ စွန်းရူဟန်ဆို ဒယ်နီနဲ့ ဆေးဖော်တာ။ ငါ့ကျမှ ဆေးအိုးနဲ့ ဟင်းချက်နေရတယ်။ သောက်တလွဲပါလား။”

မကြာမီ... ပြောမပြတတ်အောင် မွှေးပျံ့သော ရနံ့တစ်ခု ပျံ့လွင့်လာလေတော့သည်။

All Chapters