← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အပိုင်း (၄၉) ယောက်ျားတွေ အကုန်လုံးက တိရစ္ဆာန်တွေချည်းပဲ

ရှောင်ပေါင်သည် နန်းတော်ထဲတွင် မွေးဖွားကြီးပြင်းလာသူ ဖြစ်သဖြင့် ငယ်စဉ်ကတည်းက လောကရှိ စားကောင်းသောက်ဖွယ် မှန်သမျှကို မြည်းစမ်းခွင့် ရခဲ့ဖူးသည်။ သို့သော်လည်း ယခုရရှိနေသော ရနံ့၏ ရှေ့မှောက်တွင်မူ သူ၏ ခုခံနိုင်စွမ်းသည် သုညသို့ ကျဆင်းသွားရလေ၏။ ခဏချင်းမှာပင် သူ၏ လျှာအောက်မှ တံတွေးများသည် စမ်းရေပေါက်သဖွယ် တရဟော စီးဆင်းလာခဲ့တော့သည်။

ရှောင်ပေါင်သည် တံတွေး မြိုချရင်း ဗလုံးဗထွေး ပြောလိုက်၏။

"မွှေးလိုက်တာ။"

"ရေထည့်လိုက်တော့။" ယင်းကျိုယို၏ အသံ ထွက်ပေါ်လာသည်။

ရှောင်ပေါင်သည် တံတွေးပင် မသုတ်နိုင်ဘဲ လျှပ်စီး သခွားသီး နှင့် ငွေရောင် သစ်ကြံပိုး တို့မှ ရရှိသော ငွေရောင်အရည်ကြည်များကို ဟင်းပွဲပေါ်သို့ ဖြည်းဖြည်းချင်း လောင်းချလိုက်၏။

ဖျစ်... ဖျစ်...

မိုးသည်းထန်စွာ ရွာသွန်းနေသော ရေကန်မျက်နှာပြင်ကဲ့သို့ တဖျစ်ဖျစ် အသံများ မြည်လာပြီး သေးငယ်သော လျှပ်စီးကြောင်းလေးများ လက်ခနဲ လက်ခနဲ ဖြစ်ပေါ်လာသည်။ ကြက်သားပြားကြော် တစ်ခုလုံး ငွေရောင် အမွေးအမျှင်လေးများ ပေါက်ရောက်နေသကဲ့သို့ပင် ဖြစ်သည်။

ခဏအကြာတွင် ငွေရောင်အရည်ကြည် အားလုံးသည် ကြက်သားထဲသို့ စိမ့်ဝင်သွားလေ၏။

ယခုအခါ ကြက်သားပြားကြော်သည် ငွေရောင်အလင်းတန်း ဖျော့ဖျော့လေး ထွက်ပေါ်နေပြီး အနားသတ်များတွင် လမင်းတစ်စင်းအလား တောက်ပနေ၏။ ကြက်သားသည် ထုနှက်ထားသဖြင့် ကြေမွနေပြီ ဖြစ်သော်လည်း စပါးခင်း နွယ်ပင် အမျှင်များ ရောနှောထားခြင်းကြောင့် တစ်သားတည်း ပြန်ဖြစ်နေသည်။

ဖျစ်... ဖျစ်...

ကြက်သားပြားကြော် ကြော်နေသံနှင့်အတူ မီးကျွမ်းနံ့ သင်းသင်းလေး ပျံ့လွင့်လာ၏။ ရှောင်ပေါင်သည် တံတွေးများ ကို အကြိမ်ကြိမ် မြိုချနေမိ၏။

"ရပြီ။"

နောက်ဆုံးတွင် ယင်းကျိုယို ၏ အသံ ထွက်ပေါ်လာသည်။

ရှောင်ပေါင် ဝမ်းသာအားရ ဖြစ်သွားသည်။ ဆေးပေါင်းအိုးကို မလိုက်ပြီး အတွင်းမှ ကြက်သားပြားကြော်ကို သတိထား၍ လောင်းချလိုက်၏။ ပူလွန်းနေသဖြင့် ခဏစောင့်နေစဉ် အခွင့်ကောင်းယူပြီး ယင်းကျိုယို ကို စနောက်လိုက်သည်။

"အဲ... အဘိုး... စားဖို့တော့ မမျှော်လင့်နဲ့တော့နော်။ ဒါနဲ့... အဘိုးမှာ အနံ့ခံအာရုံ ရှိရဲ့လား။ အနံ့ရလား။ ရော့... နမ်းကြည့်ပါအုံး။"

"......"

"ဒါမှမဟုတ် ကျုပ် စားနေတုန်း အရသာ ဘယ်လိုရှိလဲ ဆိုတာ ပြောပြရမလား။"

"သွားစမ်းကွာ"

............

ဟုန်မိသားစု ဆိုင်နှင့် ကပ်လျက်ရှိသော တစ်နေရာတွင်... မေးစေ့တွင် တံတွေးများ စိုရွှဲနေသော အမျိုးသားတစ်ဦးသည် ဒေါသတကြီး ဆဲဆိုလိုက်၏။

"ဘယ်ကောင်က ညကြီးမင်းကြီး အဆိပ်လာခတ်နေတာလဲကွ" (အနံ့ကောင်းလွန်းသဖြင့် ဗိုက်ဆာလာအောင် လုပ်နေခြင်းကို ဆိုလိုသည်)

............

"စားပြီဟေ့... စားပြီ။"

ရှောင်ပေါင်သည် လက်ကို ပွတ်သပ်လိုက်ပြီး တူဖြင့် အသားတစ်ဖတ်ကို ဆွဲဖဲ့ကာ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ကြက်ရင်အုံသား ဖြစ်သဖြင့် နည်းနည်း မာမည်ဟု ထင်ရသော်လည်း ညတစ်ဝက်လောက် ထုနှက်ထားသောကြောင့် နူးညံ့နေပြီ ဖြစ်၏။

ထို့အပြင် ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဟင်းခတ်အမွှေးအကြိုင် နှင့် မွှေးပျံ့ကျောက် အရည်တို့ ပေါင်းစပ်ထားသဖြင့် အရသာမှာ ပါးစပ်ထဲတွင် အရည်ပျော်သွားမတတ် ဖြစ်နေ၏။ ဝါးလိုက်တိုင်း လတ်ဆတ်သော အရည်များ စီးကျလာပြီး ငရုတ်ကောင်း၏ အစပ်ဓာတ် ခပ်ပါးပါးလေးက လျှာကို လာရောက် နှိုးဆွနေသည်။ ကိုက်လိုက်တိုင်း အရသာ ထူးကဲလှပေသည်။

"ကောင်းလိုက်တာ... ကောင်းလိုက်တာ။"

ရှောင်ပေါင်သည် ဤမျှ ကောင်းမွန်သော အရသာမျိုးကို တစ်ခါမှ မစားဖူးခဲ့ချေ။ ဒုတိယအဆင့် ဆေးမြစ်များမှ ရရှိသော ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်သော်လည်း နူးညံ့သော ခံစားမှုကို ပေးစွမ်းနေသည်။ လည်ချောင်းမှ တစ်ဆင့် အစာအိမ်၊ ထိုမှတစ်ဆင့် ကိုယ်ခန္ဓာ အနှံ့အပြားသို့ စီးဆင်းသွား၏။ နေရောင်ခြည် နွေးနွေးလေးအောက်တွင် အပန်းဖြေနေရသကဲ့သို့ ခံစားလိုက်ရသည်။

ရှောင်ပေါင် အော်ဟစ်လိုက်မိ၏။ “ကောင်းလိုက်တာကွာ…”

ဆေးပေါင်းအိုး အောက်ခြေတွင် ငွေရောင်သမ်းနေသော အသားရည် အနည်းငယ် ကျန်ရှိနေသေးသည်။ ရှောင်ပေါင်သည် အကြံတစ်ခုရသွားပြီး အသားတစ်ဖတ်ကို ထိုအရည်နှင့် တို့ကာ ပါးစပ်ထဲ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။

"ဒါက..."

ထိုအချိန်တွင် ရှောင်ပေါင် ခံစားလိုက်ရသည်မှာ လျှာပေါ်တွင် ရှိနေသည်က အသားတစ်ဖတ် မဟုတ်တော့ဘဲ ကခုန်နေသော ဝိညာဉ်စွမ်းအင် အစုအဝေးများ ဖြစ်နေသည်။ ၎င်းတို့သည် ပျော်ရွှင်စွာ ခုန်ပေါက်နေကြပြီး လျှပ်စီး သခွားသီးမှ ကျန်ရစ်သော လျှပ်စီးကြောင်း သေးသေးလေးများသည် လျှာကို နှိုးဆွပေးနေသည်။ အရသာခံဘုလေးများ လျှာပေါ်တွင် လူးလိမ့်နေသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် အသားမျှင်များသည် ပါးစပ်ထဲတွင် အရည်ပျော်ကျသွား၏။

သုံးခေါင်းကြက်၏ အသားသည် ကြေမွနေပြီ ဖြစ်သဖြင့် တစ်ညလုံး စိမ်ထားသော ဝိညာဉ်စွမ်းအင် အရည်များနှင့် ပေါင်းစပ်သွားသောအခါ ပါးစပ်ထဲတွင် အရည်ပျော်သွားခြင်း ဖြစ်သည်။

ငရုတ်ကောင်း၊ စပါးခင်း နွယ်ပင် အစရှိသည့် အရသာများက လျှာကို တိုက်ခိုက်နေပြန်သည်။ ဖော်ပြရန် ခက်ခဲသော အရသာများ လျှာပေါ်တွင် ဝဲပျံနေပြီး သွားကြားထဲတွင် စွဲကျန်ရစ်နေ၏။

ရှောင်ပေါင်သည် အစားအသောက် တစ်ခုက ဤမျှ ဆန်းကြယ်သော အရသာမျိုး ပေးစွမ်းနိုင်လိမ့်မည်ဟု ထင်မှတ ်မထားခဲ့ချေ။ အိပ်မက်ထဲ ရောက်နေသလို၊ နတ်ဘုံနတ်နန်း ရောက်နေသလို ခံစားနေရပြီး အရပ်မျက်နှာကိုပင် မခွဲခြားနိုင်တော့ပေ။

ခန္ဓာကိုယ် တစ်ခုလုံးရှိ ချွေးပေါက်များ ပွင့်သွားပြီး ကြီးမားသော ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ထူးကဲမွှေးပျံ့သည့် ရနံ့သည်လည်း လေနှင့်အတူ လွင့်ပါသွားပြီး လေယင်မြို့တော် အနှံ့အပြားသို့ ပျံ့နှံ့သွားသည်။

သာမန်လူများ အိပ်ပျော်နေချိန်တွင် အနံ့ခံအာရုံ ပိတ်နေတတ်သော်လည်း သိုင်းပညာရှင်များ၏ အာရုံခံစားမှုသည် ထက်မြက်လှသည်။ အများစုသည် အိပ်မက်ထဲတွင် သွားရည်ကျနေကြ၏။

တချို့ဆိုလျှင် နိုးပင် နိုးလာကြပြီး ဗိုက်ဆာသလို ခံစားလာရသည်။ ဤသည်မှာ သိုင်းပညာရှင် လမ်းစဉ်ကို လျှောက်လှမ်းပြီးတည်းက မကြုံဖူးသလောက် ဖြစ်ရပ်မျိုးပင်။

............

ထိုအချိန်တွင် လမ်းကြားလေး တစ်ခုထဲ၌...

အမူးလွန်နေသော မိန်းကလေးလှလေး တစ်ဦးသည် အရက်ဆိုင်လေး တစ်ဆိုင်ထဲမှ ယိုင်နဲ့နဲ့ဖြင့် ထွက်လာခဲ့သည်။ လှပသော မျက်နှာလေးပေါ်တွင် နာကျင်မှု အရိပ်အယောင်များ ထင်ဟပ်နေပြီး မျက်ရည်စီးကြောင်းများ လည်း ရှိနေသည်။ အချစ်ရေး၊ အချစ်ရာ၌ ကျွမ်းကျင်သူများသာ မြင်လျှင် ဤမိန်းကလေးသည် အချစ်ဒဏ်ရာကြောင့် အရက်ဖြင့် ဖြေဖျောက်နေမှန်း တန်းသိပေလိမ့်မည်။

"ကျန်လျူရှင်း... ခွေးကောင် ခွေးကောင်... ရှင်က တကယ့် ခွေးကောင်ပဲ..."

မိန်းကလေးသည် ဆဲဆိုနေသလို၊ ငိုရှိုက်နေသလို၊ မကျေနပ်သလို ညည်းညူနေသည်။ သူမ၏ ကိုယ်ပေါ်မှ အရက်နံ့ ပြင်းပြင်းများ ထွက်ပေါ်နေပြီး ခြေလှမ်းများ မမှန်တော့ချေ။ သာမန် မိန်းကလေးသာ ဆိုလျှင် ဤအခြေအနေမျိုးတွင် လူဆိုးများ၏ ပစ်မှတ် ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း ဤမျှ လှပသော မိန်းကလေး နောက်သို့ မည်သူမျှ လိုက်ရဲခြင်း မရှိကြချေ။ လမ်းသွားလမ်းလာ တချို့ တွေ့လျှင်ပင် သူမ၏ မျက်နှာကို မြင်သည်နှင့် နောက်လှည့် ပြေးကြသည်။ သူမနှင့် မပတ်သက်မိအောင် ရှောင်ရှားကြ၏။

အချစ်ရေး ကိစ္စတွင် အမှားအမှန် ခွဲခြားရ ခက်ခဲသော်လည်း... ဤမိန်းကလေး၏ ဂုဏ်ဒြပ် ကြီးမားမှုကိုမူ သူတို့ ကောင်းစွာ သိရှိကြသည်။ မည်သူမျှ ပြဿနာ မရှာရဲကြချေ။

"ခွေးကောင်... ယောက်ျားတွေ အကုန်လုံး ခွေးကောင်တွေ... ယောက်ျားတွေ အကုန်လုံးက တိရစ္ဆာန်တွေချည်းပဲ"

မိန်းကလေးသည် ဆဲဆိုရင်း ယိုင်နဲ့နဲ့ လျှောက်လှမ်းနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။

"မွှေး... မွှေးလိုက်တာ။"

သာမန်အချိန် ဆိုလျှင် မည်မျှ မွှေးပျံ့နေပါစေ သူမ၏ ဂုဏ်ဒြပ်အရ စိတ်ထဲတွင်သာ မြိုသိပ်ထားပေလိမ့်မည်။ သို့သော်လည်း ယခုအချိန်တွင်မူ အရက်ရှိန်ကြောင့်သော်လည်းကောင်း၊ ရနံ့က မွှေးလွန်းသောကြောင့် လည်းကောင်း သူမ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ချေ။

လေထဲမှ အနံ့ကို တရှုံ့ရှုံ့ နမ်းရှိုက်လိုက်ပြီးနောက် အနံ့လာရာ လမ်းကြောင်းကို ချက်ချင်း ရှာဖွေတွေ့ရှိသွား၏။

သူမသည် ယိုင်နဲ့နဲ့ဖြင့် ဟုန် မိသားစုဆိုင် ရှိရာသို့ လျှောက်လာခဲ့သည်။ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ရနံ့ကြောင့် သူမ အမူးပြေချင်သလိုပင် ဖြစ်သွားခဲ့သည်။

ဟုန်မိသားစုဆိုင် ရှေ့သို့ ရောက်သောအခါ ဆိုင်းဘုတ်ကို မော့ကြည့်ပြီး တစ်လုံးချင်း ဖတ်လိုက်၏။

"ဟုန်မိသားစုဆိုင်... အသားကင်ဆိုင်... ကောင်းတယ်... ဒါ စားသောက်ဆိုင်ပဲ"

ပြောပြောဆိုဆိုနှင့် တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးဂျက်ချထားသဖြင့် မပွင့်ချေ။ အရက်ရှိန်ကြောင့် သူမ မစဉ်းစားတော့ဘဲ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်တော့သည်။

ဘုန်း...

ရနံ့ထဲတွင် ဈာန်ဝင်စားနေသော ရှောင်ပေါင် လန့်နိုးသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်သူလဲ။"

မိန်းကလေးသည် ယိုင်နဲ့နဲ့ဖြင့် လှေကားဘက်သို့ ဦးတည်လိုက်ပြီး ဒုန်း... ဒုန်း... ဒုန်း... နှင့် အပေါ်ထပ်သို့ တက်လာခဲ့၏။

မကြာမီ ရှောင်ပေါင်နှင့် မိန်းကလေးတို့ မျက်နှာချင်းဆိုင် တွေ့လိုက်ကြသည်။

မိန်းကလေးက ရှောင်ပေါင်ကို မျက်လုံးပြူးပြီး ကြည့်လိုက်သည်။ ပြီးနောက် ဆေးပေါင်းအိုးကို လှမ်းကြည့်လိုက်၏။

"မွှေးလိုက်တာ ကျွန်မကိုပေး .. ကျွန်မ စားချင်တယ်"

"ဘယ်သူမို့လို့ စားချင်ရတာလဲ။"

ရှောင်ပေါင် စိတ်ထဲတွင် ဤမိန်းမ ရူးနေပြီဟု ထင်လိုက်သည်။ အိမ်ထဲ အတင်းဝင်လာပြီး အစားအသောက်ကို လုစားမည်လား။ ဤသည်မှာ သူ၏ အားဆေး ဟင်းပွဲ ဖြစ်သည်။ သူ၏ တောက်ပသော အနာဂတ်နှင့် သက်ဆိုင်နေသော အရာကို... တပါးသူက စားချင်တိုင်း စားလို့ ရမည်လား။

သို့သော်လည်း ရှောင်ပေါင် မထင်မှတ်ထားသည်မှာ... မိန်းကလေးသည် သူ့ရှေ့တွင် ဝင်ထိုင်လိုက်ပြီး အသားတစ်ဖတ်ကို လက်ဖြင့် လှမ်းနှိုက်လိုက်ခြင်းပင်။

"......"

ရှောင်ပေါင် ကြောင်အသွားသည်။ အကယ်၍ တခြားပစ္စည်း ဆိုလျှင် သူ ပြန်လုမိမည်မှာ သေချာသည်။ သို့သော်လည်း အစားအသောက် ဖြစ်နေတော့... ပြန်လုရမည်ကို အားနာလို့နေသည်။

All Chapters