အခန်း ၅၀
Vol. 5 Ch. 50
အပိုင်း (၅၀) တကယ့် နတ်ဘုရား ယုတ္တိဗေဒ။
"ရှင်က စားသောက်ဆိုင် ဖွင့်ထားတာပဲ... ကျွန်မ စားပြီးရင် ပိုက်ဆံပေးရမှာ သဘာဝပဲလေ... ဘာတွေ လန့်နေတာလဲ။"
မိန်းကလေးသည် မကျေမနပ် ပြောဆိုရင်း ဝိညာဉ်ကျောက်တုံးတုံး လက်တစ်ဆုပ်စာကို စားပွဲပေါ်သို့ ပစ်တင်ပေးလိုက်၏။
ဟုန်ရှောင်ပေါင်သည် မိန်းကလေး ပြောသော စားသောက်ဆိုင် ဟူသည့် စကားလုံးအပေါ်တွင် ဇဝေဇဝါ ဖြစ်နေသေးသော်လည်း ချက်ချင်းပင် စားပွဲပေါ်ရှိ ဝိညာဉ်ကျောက်တုံးတုံးများဆီသို့ အာရုံရောက်ရှိသွားသည်။
မည်သို့ တတ်နိုင်မည်နည်း။ သူ၏ကဲ့သို့ တန်လန် ခန္ဓာကိုယ် ပိုင်ရှင် တစ်ယောက် အဖို့ ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ တွင်းနက်ကြီး တစ်ခုသဖွယ် လိုအပ်နေသည် မဟုတ်ပါလား။ ဤဝိညာဉ်ကျောက်တုံးများသည် အနည်းဆုံး ၄၀ ၊ ၅၀ ခန့် ရှိပေလိမ့်မည်။
"ပေးလိုက်ပါ။"
ယင်းကျိုယို ၏ အသံ ထွက်ပေါ်လာ၏။ "မင်းရဲ့ လက်ရှိ အဆင့်အတန်းအရ ဆိုရင် ခုနက စားလိုက်တာနဲ့တင် လုံလောက်နေပြီ။ ထပ်စားရင်လည်း အထူးအဆန်း ဖြစ်လာတော့မှာ မဟုတ်ဘူး။"
"ကောင်းပါပြီဗျာ။"
ဟုန်ရှောင်ပေါင် ပျော်ရွှင်စွာဖြင့် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်သည်။
မိန်းကလေးသည် ဟုန်ရှောင်ပေါင် စားလက်စ ဖြစ်နေသည်ကိုပင် ဂရုစိုက်ပုံ မရချေ။ ဟုန်ရှောင်ပေါင် ဖယ်ပေးလိုက်သည်နှင့် လက်ဖြင့် အသားတစ်ဖတ်ကို ဆွဲယူကာ ပါးစပ်ထဲ ထိုးထည့်လိုက်တော့၏။
ချက်ချင်းပင် သူမ၏ ပါးစပ်ထဲ၌ နတ်သူငယ်လေးများ ကခုန်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဝိညာဉ်စွမ်းအင်များ နှင့် ဟင်းချက်နည်းပညာ၏ အထွတ်အထိပ် ပေါင်းစပ်မှုသည် သူမ၏ ပါးစပ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာ၏။ နှုတ်မှ ဖွဲ့နွဲ့၍ မရနိုင်သော အရသာထူးများ ပျံ့နှံ့သွားသည်။
သူမသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ညည်းညူလိုက်မိ၏။
"အို..."
ထိုအသံသည် ငိုရှိုက်သံကဲ့သို့၊ တမ်းတသံကဲ့သို့၊ ဆွဲဆောင်သံကဲ့သို့ နက်ရှိုင်းပြီး အရိုးထဲထိ စိမ့်ဝင်သွားစေသည်။
ဟုန်ရှောင်ပေါင် ကြက်သီးများ ထသွားမိ၏။ ဤအသံသည် ဆိုးရွားလွန်းသည် မဟုတ်ပါလား။ မီဂူရီ လိုလို၊ အီမီ ဖူကာဒါ လိုလိုပင်။
မိန်းကလေး၏ မျက်နှာကို ကြည့်လိုက်သောအခါ အရက်ရှိန်ကြောင့် နီရဲနေပြီး ဈာန်ဝင်စားနေသော မျက်နှာထား ဖြစ်နေသည်ကို တွေ့ရ၏။
"မဖြစ်ဘူး... မဖြစ်ဘူး... ငါ သေလိမ့်မယ်။"
ဟုန်ရှောင်ပေါင်သည် အမြန်ပင် ခေါင်းလွှဲလိုက်ရသည်။ သူ့တွင် ပန်းပွင့်လေးသဖွယ် လှပသော စေ့စပ်ထားသူလေး ရှိနေသည် မဟုတ်ပါလား။ ဖောက်ပြန်၍ မဖြစ်ချေ။
'ကြည့်ရုံ သတ်သတ်ကတော့ ရပါတယ်လေ...'
ဟုန်ရှောင်ပေါင် တွေးလိုက်ပြီး မျက်လုံး ပြန်ဖွင့်ကြည့်လိုက်ပြန်၏။
ထိုအချိန်တွင် မိန်းကလေးက နောက်တစ်ကြိမ် ရှည်လျားစွာ ညည်းညူလိုက်ပြန်သည်။
"အင်း..."
ထိုအသံနှင့် လိုက်ဖက်ညီသော မျက်နှာအမူအရာက ဟုန်ရှောင်ပေါင်ကို ဒုက္ခပေးနေပြန်၏။
"သေရပါတော့မယ်။" ဟုန်ရှောင်ပေါင် ညည်းတွားလိုက်မိသည်။
"လှတယ်ကွ... လုပ်လိုက်စမ်းပါ။" ယင်းကျိုယို က ရက်စက်သော အသံဖြင့် တိုက်တွန်းလာ၏။
"ဒါလေးတောင် မလုပ်ရဲဘူး ဆိုရင် ဘာလို့ သဘောကျနေသေးလဲ။"
"ကျုပ် သဘောကျတယ်လို့ မပြောမိပါဘူး။"
"မင်း သူ့ကို လှတယ်လို့ ထင်တယ်... အဲဒါက သဘောကျတာပဲ။ သဘောကျတယ် ဆိုတာ ချစ်တာပဲ။"
ယင်းကျိုယို ၏ အသံထဲတွင် ယုတ္တိမရှိသော ခေါင်းမာမှုများ ပါဝင်နေ၏။ "မိန်းမပဲကွာ... လုပ်လိုက်ရင် မင်းအပိုင် ဖြစ်သွားမှာပေါ့။"
"... တကယ့် နတ်ဘုရား ယုတ္တိဗေဒ ပါလား။ လုပ်လိုက်တိုင်း အပိုင်မဖြစ်တဲ့အရာတွေ အဘိုးမသိသေးပါဘူးဗျာ။"
ဤအဘိုးကြီးက သေချာပေါက် မိစ္ဆာခေါင်းဆောင် ဖြစ်ရမည်ဟု ဟုန်ရှောင်ပေါင် အခိုင်အမာ ယုံကြည်လိုက်သည်။
"တကယ့်ကို... အွန်း... မယုံနိုင်စရာပဲ။"
မိန်းကလေးက ပလုပ်ပလောင်း ပြောလိုက်၏။ "လောကကြီးမှာ... အွန်း... ဒီလို အရသာမျိုး ရှိတယ်တဲ့လား... ဘုရားရေ။"
သူမသည် မျက်လုံးကို မှိတ်ထားလျက် သာယာကြည်နူးနေသည်။
လွန်ခဲ့သော မိနစ်ပိုင်းက အရက်သောက်ပြီး ဝမ်းနည်းပူဆွေးနေသော ပုံရိပ်များ ပျောက်ကွယ်သွားပြီး ပြောမပြတတ်သော ကျေနပ်မှုများ အစားထိုး ဝင်ရောက်လာခဲ့၏။
ဝါးနေသော ပါးစပ်လေးသည် တစ်ခါတစ်ရံ ရပ်တန့်သွားလိုက်၊ တစ်ခါတစ်ရံ နှေးသွားလိုက်၊ တစ်ခါတစ်ရံ မြန်ဆန်သွားလိုက် ဖြစ်နေသည်။ သူမသည် တစ်ခါမှ မကြုံဖူးသော အရသာထူးကို ကြာရှည်စွာ ထိန်းသိမ်းထားချင်ပုံ ရသည်။
ဟုန်ရှောင်ပေါင်သည် ဘေးမှ ကြည့်ရင်း တစ်ခါမှ မခံစားဖူးသော ကျေနပ်မှုမျိုးကို ရရှိလိုက်သည်။ ကိုယ်ချက်သော ဟင်းကို လူတစ်ယောက်က ဤမျှ နှစ်သက်အားပေးနေသည်ကို မြင်ရခြင်းက ပီတိဖြစ်စရာပင် ဖြစ်သည်။ အလှပဂေးလေး၏ အားရပါးရ စားသောက်နေပုံကို ကြည့်ပြီး ဟုန်ရှောင်ပေါင် သဘောကျနေမိ၏။
"ဟဲဟဲ... မဆိုးဘူး... မဆိုးဘူး။"
ယခုအချိန်တွင် မိန်းကလေး ပြောခဲ့သော စားသောက်ဆိုင် ဟူသည့် စကားကို ပြန်စဉ်းစားမိသည်။ ဤမိန်းကလေး စားသကဲ့သို့သာ တခြားသူတွေ စားကြမည် ဆိုလျှင် စားသောက်ဆိုင် ဖွင့်ခြင်းက စီးပွားရေး တွက်ချေကိုက်မည့် လုပ်ငန်းတစ်ခု ဖြစ်လာနိုင်သည်။
"ပေါက်ကရတွေ။"
ယင်းကျိုယို က မကျေမနပ် ဝင်ပြော၏။ "ဒါ ဘယ်သူ တီထွင်ထားတဲ့ ဆေးဖော်နည်းလဲ ဆိုတာ မင်း မေ့နေတာလား။"
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါဗျာ။"
ဟုန်ရှောင်ပေါင် ခေါင်းညိတ် ထောက်ခံလိုက်သည်။ ယခုအချိန်တွင် ယင်းကျိုယို ကို သူ လုံးဝ အရှုံးပေးထားရပြီ ဖြစ်သည်။
မိန်းမလှလေးသည် စားသောက်ပြီးသွားသောအခါ နောက်ဆုံးလက်ကျန် သိက္ခာလေးကို ထိန်းသိမ်းသော အားဖြင့် ဆေးပေါင်းအိုးကို လျှာဖြင့် မရက်ဘဲ ထားလိုက်၏။
သို့သော်လည်း ဟုန်ရှောင်ပေါင် အသေအချာ မြင်လိုက်ရသည်မှာ... သူမသည် နောက်ဆုံးကျန်သော အသားတစ်ဖတ်ဖြင့် အိုးထဲတွင် ကျန်နေသော အရည်များကို ပြောင်စင်အောင် သုတ်လိမ်းလိုက်ပြီးမှ ပါးစပ်ထဲ ထည့်လိုက်ခြင်း ဖြစ်သည်။
"အဲ... စားကောင်းလိုက်တာ။"
မိန်းကလေးသည် ယခုအခါ အတော်အတန် အမူးပြေနေပြီ ဖြစ်သည်။ သူမ၏ အမူအရာ ပျက်ယွင်းခဲ့သည်များကို ပြန်စဉ်းစားမိပြီး မျက်နှာပူသွားမိ၏။ အရက်မူးနေစဉ်ကထက်ပင် ပိုဆိုးရွားခဲ့သည် မဟုတ်ပါလား။
သူမသည် ချောင်းဟန့်လိုက်ပြီး ဟန်လုပ်ကာ ပြောလိုက်၏။
"မဆိုးပါဘူး... စားလို့ ကောင်းပါတယ်။ အဲ... ဒီမယ်... ဖုန်းလင်းလုံ နောက်တစ်ခေါက် လာခဲ့အုံးမယ်။ သြော်... ဒါနဲ့... ကျွန်မနာမည်က ဖုန်းလင်းလုံ... နောက်ဆို တစ်ယောက်ယောက်က ရှင့်ကို အနိုင်ကျင့်လျှင် ကျွန်မ နာမည်ကို ပြောလိုက်။"
ပြောပြီးသည်နှင့် ခပ်တည်တည်ဖြင့် လမ်းလျှောက် ထွက်ခွာသွားလေတော့သည်။
"ဟောဗျာ... မယ်မင်းကြီးမ ….. ကြောက်စရာပါလား။"
ဟုန်ရှောင်ပေါင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
အနိုင်ကျင့်ခံရမည် ဆိုသည်ကိုတော့ သူ ပို၍ပင် ဂရုမစိုက်ချေ။ သိုင်းမကျင့်နိုင်ခင်တည်းက လေယင် နန်းဆောင်၏ ဒုတိယ အကြီးအကဲ သားဖြစ်သူ ယဲ့ကျင်းနင် ကို ပညာပေးခဲ့ဖူးသူ မဟုတ်ပါလား။ ယခုဆိုလျှင် တန်လန် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နေပြီ... သူက သူတပါးကို အနိုင်မကျင့်လျှင်ပင် ကံကောင်းလှပြီဟု ဆိုရပေမည်။
ဟုန်ရှောင်ပေါင် အောက်ထပ်သို့ ဆင်းလာပြီး ကန်ဖွင့်ခံထားရသော တံခါးကို ကြည့်လိုက်၏။ တံခါးက နည်းနည်း ရွဲ့သွားပြီး တံခါးဂျက်က ကျိုးသွားသည်။ တစ်ဝက်က တံခါးမှာ ချိတ်နေပြီး ကျန်တစ်ဝက်က မြေကြီးပေါ် ကျနေသည်။ ဟုန်ရှောင်ပေါင်သည် ကျိုးနေသော သစ်သားတုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းချလိုက်၏။
"ကျွတ်... ကျွတ်... ကျွတ်... မိတ်ဆွေဟောင်းကြီး... မင်းက သိပ်အားမကိုးရပါလား။"
သစ်သားချောင်း တစ်ချောင်း ရှာပြီး တံခါးဂျက် နေရာတွင် အစားထိုး ပိတ်လိုက်သည်။ ထို့နောက် ယနေ့ည ရရှိသော ဝိညာဉ်ကျောက်တုံးများကို ရေတွက်လိုက်သည်။
၄၄ တုံး။
၄၄ တုံးတောင် ရလိုက်တယ် .. ဟားဟားဟား။
"မိုက်တယ်ဟေ့... ဒီနေ့ကစပြီး ဒီမင်းသားက စားသောက်ဆိုင် ပိုင်ရှင် ဖြစ်ပြီ။"
ဟုန်ရှောင်ပေါင် ကြွေးကြော်လိုက်သည်။ မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေ၏။
"ဟေ... မင်းမှာ ဒယ်အိုး ရှိလို့လား။" ယင်းကျိုယို က အေးစက်စက် လှောင်ပြောင်လိုက်သည်။
"...... ဟုတ်သားပဲ။"
ဟုန်ရှောင်ပေါင် ကြောင်အသွားသည်။ သူ့မှာ ဒယ်အိုး တစ်လုံးတောင် မရှိသေးချေ။ ဆေးပေါင်းအိုးနှင့်ချည်း ဟင်းချက်နေ၍ မဖြစ်သေးပေ။
သို့သော်လည်း ချက်ချင်းပင် စိတ်အား ပြန်တင်းလိုက်၏။ "ကိစ္စ မရှိဘူး... မနက်ဖြန်ကျရင် ဒယ်အိုး တစ်လုံး သွားဝယ်လိုက်မယ်။"
"ဆေးဟင်းပွဲ ချက်ဖို့ သုံးရမယ့် ဒယ်အိုးက ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ပေးရလဲ မင်း သိရဲ့လား။" ယင်းကျိုယို ၏ အသံထဲတွင် လှောင်ပြောင်သံများ ပါဝင်နေသည်။
ယင်းကျိုယို၏ လေသံကို ကြားလိုက်ရသဖြင့် အခြေအနေ မဟန်မှန်း ဟုန်ရှောင်ပေါင် သိလိုက်သည်။ ထို့ကြောင့် သတိထား၍ မေးလိုက်၏။
"ဘယ်လောက် ပေးရလို့လဲ။"
"ဒီနေ့ လုပ်တဲ့ ကြက်သားပြားကြော် ဆိုရင် ဆေးပေါင်းအိုးရဲ့ သတ္တုအမျိုးအစားကြောင့် ဆေးစွမ်းအာနိသင် ၇၀ ရာခိုင်နှုန်းလောက်ပဲ ထွက်လာတာ။ အာနိသင် အပြည့်အဝ ရချင်ရင်တော့... မသေမျိုး သစ်ပင် ၊ ပျောက်ဆုံး ကျောက်တုံး တို့နဲ့ လုပ်ထားတဲ့ အိုးတွေအကြောင်း မပြောနဲ့အုံး ... အနည်းဆုံးတော့ ရှန်သံ နဲ့ လုပ်ထားတဲ့ အိုးတော့ ရှိရမှာပေါ့။ ရှန်သံ ဒယ်အိုးတစ်လုံး ဆိုရင်... အင်း... ဒီက ဈေးနှုန်းတွေ ငါ သေချာ မသိပေမဲ့... ဝိညာဉ်ကျောက်တုံး ၂၀၀၀ အောက်တော့ မနည်းလောက်ဘူး။"
"သေပါပြီဗျာ။"
ဟုန်ရှောင်ပေါင် စိတ်ဓာတ်ကျသွားသည်။ သို့သော်လည်း မျှော်လင့်ချက်လေး တစ်ခုကို ဖမ်းဆုပ်လိုက်၏။
"အဘိုး... အဘိုးက အဆင့်နိမ့် ပစ္စည်းတွေကို ပေါင်းစပ်ပြီး အဆင့်မြင့် ပစ္စည်း ဖြစ်အောင် လုပ်တတ်တယ် မဟုတ်လား။ ကျုပ်ကို လုပ်ပေးပါလားဗျာ။"
"ရတာပေါ့... မင်းရဲ့ ခန္ဓာကိုယ်က တောင်ဘက် မီးကျောက် နှင့် သံမည်းသတ္တုတို့ ဓာတ်ပြုရာကနေ ထွက်လာမယ့် ကော့ပါးနိုက်ထရိတ် အဆိပ် ကို ခံနိုင်ရည် ရှိမယ် ဆိုရင် ငါသင်ပေးလို့ ရပါတယ်။"
"......"
အဆင့်နိမ့် ပစ္စည်းများ ပေါင်းစပ်ခြင်းက ဘေးထွက်ဆိုးကျိုး များသည်ဟု ယင်းကျိုယို ပြောဖူးသည်။ ဤအဆိပ်ကလည်း ထိုအထဲက တစ်ခု ဖြစ်ပုံရသည်။
သို့ဆိုလျှင် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ပေးပြီး ဝယ်ရတော့မည်။ ၂၀၀၀ တောင်...။
ဟုန်ရှောင်ပေါင် မကျေမနပ်ဖြင့် ထပ်မေးလိုက်၏။
"အဲ... တကယ်လို့ ကျုပ်က အဲဒီ ဒယ်အိုးကို ၁၀ ရက်၊ ၁၅ ရက်လောက် အားကုန်သုံးပြီး တိုက်ချွတ် ဆေးကြောလိုက်မယ် ဆိုရင် အဲဒီ အဆိပ်တွေ ပြောင်သွားနိုင်မလား။"
"......"
ယင်းကျိုယို ခဏတာ ငြိမ်သက်သွားပြီးမှ စကားတစ်လုံးတည်း ပြောလိုက်သည်။ "သွားစမ်း။"