အခန်း ၅၁
Vol. 5 Ch. 51
အပိုင်း (၅၁) ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်သလဲ။
"......"
ကြည့်ရသည်မှာ မျှော်လင့်ချက် မရှိတော့ချေ။ ဟုန်ရှောင်ပေါင် သက်ပြင်းချလိုက်၏။
ကော့ပါးနိုက်ထရိတ် အဆိပ် ဆိုသည်မှာ အိုးက အလိုအလျောက် ထုတ်လုပ်နေသည့် အရာဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ဆား၏ ငန်သော အရသာကို ဆေးကြော၍ မရသကဲ့သို့ပင်။
"ဒါဆိုရင် ပိုက်ဆံရှာဖို့ပဲ ရှိတော့တာပေါ့။"
ဟုန်ရှောင်ပေါင်သည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး လူသားတစ်ယောက်ဟု ထင်မြင်မိ၏။ နန်းတော်ထဲတွင် နေစဉ်က စားသောက်ဖွယ်ရာ၊ အဝတ်အထည်များ ရာချီ ပုံနေအောင် ရှိခဲ့သည် မဟုတ်ပါလား။ ယခုတော့ ပင်ပင်ပန်းပန်း ပိုက်ဆံရှာနေရသည့် ဘဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ မနေနိုင်မထိုင်နိုင် ညည်းညူလိုက်မိ၏။ "ကံဆိုးလိုက်တာကွာ..."
"အဘိုး... ဒီမြို့မှာ ဒယ်အိုးလုပ်ဖို့ ပစ္စည်းတွေ ဘယ်နေရာမှာ ဝယ်လို့ ရမလဲ သိလား။"
ဟုန်ရှောင်ပေါင်သည် ဒယ်အိုးကိစ္စကို စိတ်မဖြတ်နိုင်သေးချေ။ အခြားအရာများကို ထားလိုက်တော့... ဤဒယ်အိုးက နောင်တစ်ချိန် သူ့ကို ကမ္ဘာ့အထွတ်အထိပ်သို့ ပို့ဆောင်ပေးမည့် တန်လန် ခန္ဓာကိုယ် အတွက် အရေးကြီးသည် မဟုတ်ပါလား။ လက်ရှိတွင် ဝိညာဉ်ကျောက်တုံး မလုံလောက်သော်လည်း ဈေးနှုန်း အတိအကျ သိထားလျှင် ကြိုတင် ပြင်ဆင်နိုင်ပေမည်။
"ငါက ဘယ်လို လူစားမျိုးလဲ ဆိုတာ မင်း သိရဲ့လား။ ဒီလို ငှက်တောင် မစင်မစွန့်တဲ့ နေရာမျိုးကို ငါ လာဖူးမယ် ထင်လို့လား။" ယင်းကျိုယို၏ အသံတွင် အထင်သေးမှုများ ပါဝင်နေ၏။
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါဗျာ။" ဟုန်ရှောင်ပေါင် ငေါ့တော့တော့ဖြင့် ပြန်ပြောလိုက်သည်။
စဉ်းစားကြည့်ပြီးနောက် မနက်ဖြန်ကျလျှင် လေယင်မြို့တော်ထဲသွားပြီး ရှန်သံဈေးနှုန်းကို စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ ကုန်ကြမ်းပစ္စည်း ဈေးနှုန်း ဆိုသည်မှာ အသေ မရှိတတ်ချေ။ အကယ်၍များ လေယင်မြို့တော်သည် ရှန်သံ ထွက်ရှိသော ဒေသ ဖြစ်နေလျှင် ဈေးနှုန်း သက်သာနိုင်သည် မဟုတ်ပါလား။
အိပ်ရာမဝင်မီ နောက်ဆုံးအချိန်အထိ ဟုန်ရှောင်ပေါင် စိတ်ကူးယဉ်နေမိသေး၏။ "တကယ်လို့ ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းလောက်နဲ့ ဝယ်လို့ ရမယ် ဆိုရင်... ဟားဟားဟား။"
............
နောက်တစ်နေ့ နံနက်စောစောတွင်...
ဟုန်ရှောင်ပေါင်သည် ဝိညာဉ်ကျောက်တုံး ၁၀၀ နှင့် ဟုန်မိသားစု ကုန်စုံဆိုင် ကြေးနီရောင် ဒဏ်ရာပျောက်ဆေးများကို ယူဆောင်ပြီး အနောက်ဘက် ဈေးတန်း သို့ ထွက်ခွာလာခဲ့သည်။
အဘယ်ကြောင့် ဒဏ်ရာပျောက်ဆေး ယူလာရသနည်း ဆိုသော်... အကယ်၍ လမ်းမှာ ဝယ်မည့်သူ တွေ့လျှင် ရောင်းရမည် မဟုတ်ပါလား။ ငြင်းစရာ အကြောင်း မရှိပေ။
သူ၏အထင်တွင် မနက်ခင်းအချိန်သည် သိုင်းသမားများ အပြာရောင်လမင်း တောင်တန်း သို့ သွားရောက်မည့် အချိန် ဖြစ်သဖြင့် ဈေးတန်းတွင် စည်ကားနေလိမ့်မည်ဟု ယူဆထားခြင်း ဖြစ်သည်။ သို့သော်လည်း သူ ထင်ထားသည်နှင့် တခြားစီပင် ဖြစ်နေသည်။
အနောက်ဘက် ဈေးတန်း တစ်ခုလုံး တိတ်ဆိတ် ခြောက်ကပ်နေပြီး လူသူ ကင်းမဲ့နေလေ၏။
"ငါ လာတာ စောလွန်းနေလို့များလား။" ဟုန်ရှောင်ပေါင် တီးတိုး ရေရွတ်လိုက်သည်။
ဘေးနားရှိ ဆိုင်ခန်း တစ်ခုမှ ဈေးသည်က သူ့ကို အရူးတစ်ယောက် ကြည့်သလို ကြည့်ပြီး ပြောလိုက်၏။
"တောင်ပေါ်တက်မယ့် သူတွေက လွန်ခဲ့တဲ့ နှစ်နာရီလောက် သားရဲတွေ အိပ်မောကျနေတဲ့ အချိန်တည်းက ထွက်သွားကြပြီ။ အခုမှ သွားရင် ဗိုက်ဆာနေတဲ့ သားရဲတွေရဲ့ အစာ ဖြစ်သွားမှာပေါ့။"
"သြော်... ဟဲဟဲ... ဟုတ်ကဲ့။" ဟုန်ရှောင်ပေါင် ရယ်မောပြီး စကားစမြည် ဆက်ပြောလိုက်သည်။
ထိုအခါမှ အကြောင်းစုံ သိလိုက်ရ၏။ သာမန်အားဖြင့် သိုင်းသမားများသည် နံနက် ၃ နာရီ မှ ၅ နာရီ ကြား အချိန်တွင် တောင်ပေါ် တက်လေ့ရှိကြသည်။ ထိုအချိန်တွင် ကောင်းကင် မလင်းသေးသော်လည်း သားရဲများ အိပ်ပျော်နေဆဲ ဖြစ်သဖြင့် အန္တရာယ် အကင်းဆုံးနှင့် အမဲလိုက်ရန် အလွယ်ကူဆုံး အချိန် ဖြစ်၏။
အနောက်ဘက် ဈေးတန်းသည် နံနက် ၉ နာရီ မှ ၁၁ နာရီ ကြား လောက်မှ စည်ကားလာတတ်သည်။ ထိုအချိန်တွင် တောင်အောက်ပိုင်း၌ ဆေးမြစ်ရှာသူများ ပြန်ဆင်းလာချိန် ဖြစ်သလို၊ ကုန်သည်များလည်း ဆေးမြစ်၊ ပစ္စည်းများ ဝယ်ယူရန် ရောက်ရှိလာတတ်ကြသောကြောင့် ဖြစ်သည်။
"သြော်... ဒါကြောင့်ကိုး။" ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်၏။
ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း သိုင်းသမား ဟု ယူဆရသူ တစ်ယောက်မျှ မတွေ့ရချေ။ ရှိနေသူ အားလုံးမှာ ကုန်သည်များသာ ဖြစ်ပုံရသည်။ သူ၏ ဆေးကို ဝယ်မည့်သူ မရှိမှန်း သေချာသွားသဖြင့် လက်နက်ပစ္စည်းများ သွန်းလုပ်သော ဆိုင်တစ်ဆိုင် ရှေ့သို့ လျှောက်သွားလိုက်သည်။
"ဆိုင်ရှင်... ရှန်သံ ရှိလား။" ဟုန်ရှောင်ပေါင် မေးလိုက်၏။
ဆိုင်ရှင်က တစ်ချက် ကြောင်သွားပြီးမှ ဖြေလိုက်သည်။ "ရှိတယ်။"
"ဟားဟား။" ဟုန်ရှောင်ပေါင် ဝမ်းသာသွား၏။
သူသည် လက်နက်သွန်းလုပ်ခြင်းနှင့် ပတ်သက်ပြီး ဗဟုသုတ မရှိချေ။ ရှန်သံ ဆိုသည်မှာ တန်ဖိုးရှိသော်လည်း ရှားပါးသော ပစ္စည်း မဟုတ်ကြောင်း မသိခဲ့ပေ။ သာမန် လူသားကမ္ဘာမှ ရွှေကဲ့သို့ပင် ဖြစ်သည်။ တန်ဖိုးရှိသော်လည်း နေရာတိုင်းတွင် ဝယ်ယူရရှိနိုင်သည်။
ဟုန်ရှောင်ပေါင်ကတော့ ရှာရခက်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ပထမဆုံး ဝင်မေးသည့် ဆိုင်မှာပင် ရှိနေသဖြင့် ပျော်ရွှင်စွာ မေးလိုက်၏။ "ဘယ်လို ရောင်းလဲဗျ။"
"မရောင်းဘူး။"
ဆိုင်ရှင်က ဟုန်ရှောင်ပေါင်ကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။ မျက်နှာထားက စိတ်ပျက်နေပုံ ပေါက်နေ၏။
"ဘာလို့လဲ။" ဟုန်ရှောင်ပေါင် အံ့သြသွားသည်။
"မင်း ရေချိုးခန်းသွားပြီး မျက်နှာသုတ်ပုဝါ ဝယ်လို့ ရမလား။" ဆိုင်ရှင်က မေးခွန်းပြန်ထုတ်လိုက်၏။
"အဲ... မရဘူး။"
"ထမင်းဆိုင်သွားပြီး ဆား ဝယ်လို့ ရမလား။" ဆိုင်ရှင်က ထပ်မေးလိုက်ပြန်သည်။
"သဘောပေါက်ပါပြီ... သဘောပေါက်ပါပြီ။"
ဟုန်ရှောင်ပေါင် အလျင်အမြန် ခေါင်းညိတ်လိုက်၏။ "ဒါဆို ဆိုင်ရှင်... ရှန်သံ ကို ဘယ်မှာ ဝယ်လို့ ရမလဲ။"
"ဘဏ္ဍာတိုက် မှာ ရမယ်။ တချို့ ကုန်ကြမ်းဆိုင်တွေ၊ ဆေးဆိုင်တွေ မှာလည်း ရောင်းတယ်။"
"ကျေးဇူးတင်ပါတယ်။"
ဟုန်ရှောင်ပေါင် နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။
ဘဏ္ဍာတိုက်တွင် ပစ္စည်းစုံလင်သော်လည်း ဈေးအကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် ထိုနေရာကို ထည့်မစဉ်းစားတော့ပေ။ ကုန်ကြမ်းဆိုင်များတွင်မူ ၁ ဆ၊ ၂ ဆ လောက် သက်သာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရှန်သံသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပြီး ဆေးမြစ်များကဲ့သို့ ဈေးပေါမည် မဟုတ်သောကြောင့်ပင်။ အကောင်းဆုံးမှာ သိုင်းသမားများထံမှ တိုက်ရိုက် ဝယ်ယူခြင်းပင်။ သို့ဆိုလျှင် ဈေးတစ်ဝက်ခန့် သက်သာနိုင်၏။
ဟုန်ရှောင်ပေါင်သည် လှည့်ပတ်ကြည့်ရှုရင်း ကုန်ကြမ်းဆိုင် တစ်ဆိုင်ကို တွေ့လိုက်ရသဖြင့် ဝင်သွားလိုက်သည်။
ဆိုင်ခန်းတိုင်းတွင် ကိုယ်ပိုင် အငွေ့အသက်များ ရှိကြသည်။ ဆေးဆိုင်တွင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး လက်နက်ဆိုင်တွင် အေးစက်သော အငွေ့အသက်များ ရှိသည်။ ကုန်ကြမ်းဆိုင်ကတော့... ဟုန်ရှောင်ပေါင် အမြင်တွင် အမှိုက်ပုံနှင့် တူနေလေ၏။
ပစ္စည်းအများစုမှာ ဖုန်များ ထူပိန်းနေသည်။ သက်တမ်းကုန်ဆုံးရက် မရှိသဖြင့် ဆိုင်ထဲတွင် နှစ်ပေါင်း ဆယ်ချီ၊ ရာချီအောင် ပစ်ထားပုံ ရသည်။
"ဆိုင်ရှင်... ရှန်သံ ဘယ်လို ရောင်းလဲ။" ဟုန်ရှောင်ပေါင် စိတ်အားထက်သန်စွာ မေးလိုက်၏။
ဆိုင်ရှင်သည် မျက်လုံးကို ပင့်ကြည့်လိုက်သည်။ သိပ်စိတ်ဝင်စားပုံ မရဘဲ ဖြေလိုက်သည်။ "တစ်ပိဿာ ကို ဝိညာဉ်ကျောက်တုံး ၃၄ တုံး။"
"ဟင်..."
ဟုန်ရှောင်ပေါင် ဝမ်းသာသွားသည်။
သာမန် ဒယ်အိုးတစ်လုံး ဆိုလျှင် ၁၀ ပိဿာ လောက်ပဲ လေးသည်။ သို့ဆိုလျှင် ဝိညာဉ်ကျောက်တုံး ၄၀၀ ၊ ၅၀၀ လောက်နှင့် ရနိုင်သည်။ သူ့မှာ ၄၀၀ ကျော် ရှိနေပြီ ဆိုတော့ လောက်ငလုနီးပါး ဖြစ်နေပြီ။
"ဟားဟားဟား။"
ယင်းကျိုယို ရုတ်တရက် အော်ဟစ် ရယ်မောလိုက်၏။ "တစ်ပိဿာ ဆိုတာ ဘယ်လောက် အရွယ်အစား ရှိလဲ ဆိုတာ မင်း မေးကြည့်လိုက်ဦးလေ။"
ဟုန်ရှောင်ပေါင် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ မကောင်းသော ခံစားချက်ကြီး ဝင်ရောက်လာ၏။ သတိထားပြီး မေးလိုက်သည်။
"ဆိုင်ရှင်... တစ်ပိဿာ ဆိုတာ ဘယ်လောက် ရှိလဲ ပြပါအုံး။"
ဆိုင်ရှင် ထုတ်ပြလိုက်သော ရှန်သံတုံးကို မြင်လိုက်ရသောအခါ ဟုန်ရှောင်ပေါင် ကြက်သေ သေသွားသည်။ ကြက်ဥ အနှစ်လောက်သာ ရှိသည် မဟုတ်ပါလား။
"ဒါ... ဒါက တစ်ပိဿာလား။"
ဟုန်ရှောင်ပေါင် လက်ထဲ ကိုင်ကြည့်လိုက်မှ သူ မှားသွားမှန်း သိလိုက်ရသည်။ ဤမျှ သေးငယ်သော အတုံးလေးက အနည်းဆုံး ၄ ၊ ၅ ပိဿာ လောက် လေးလံနေသည်။
သို့ဆိုလျှင်... ဒယ်အိုးတစ်လုံး လုပ်ရန် အနည်းဆုံး ပိဿာ ၁၀၀ လောက် လိုတော့မည်။
"သေပြီဆရာ .."
ဟုန်ရှောင်ပေါင် သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဆိုင်ထဲမှ ထွက်လာခဲ့၏။
"ဟားဟားဟား။"
ယင်းကျိုယို က နောက်တစ်ကြိမ် အားရပါးရ ရယ်မောလိုက်ပြန်သည်။ "ဒီလို ငှက်တောင် မစင်မစွန့်တဲ့ နေရာမျိုးမှာ ရှန်သံ က ပိုတောင် ဈေးကြီးနေသေးတယ်။ တွက်ကြည့်လိုက်ရင် ဒယ်အိုးတစ်လုံး ရဖို့ ဝိညာဉ်ကျောက်တုံး ၃၀၀၀ ၊ ၄၀၀၀ လောက် လိုလိမ့်မယ်။ ငါက ရှန်သံ ကို အထင်မကြီးပေမဲ့ မင်းတို့လို အဆင့်နိမ့် သိုင်းသမားတွေ အတွက်တော့ ထိပ်တန်း ပစ္စည်းပဲလေ။ တခြားလူတွေ ဆိုရင် ဓားသွားလောက်မှာ နည်းနည်း ထည့်သုံးရုံပဲ ရှိတာ။ သူတို့က ကျပ်သားနဲ့ ဝယ်နေချိန်မှာ မင်းက ပိဿာနဲ့ ဝယ်မယ်... ပြီးတော့ တစ်ခါဝယ်ရင် ပိဿာ ၁၀၀ တောင် ဝယ်မယ် ဆိုတော့... ဟားဟားဟား။"
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ။"
ဟုန်ရှောင်ပေါင် ညည်းညူလိုက်သည်။ သို့သော်လည်း လက်မလျော့နိုင်သေးဘဲ မေးလိုက်၏။
"ဒါဆိုရင်... ဓားလုပ်သလိုမျိုး သာမန် သံဒယ်အိုးပေါ်မှာ ရှန်သံ ပါးပါးလေး အုပ်လိုက်ရင် မရဘူးလား။"
"ထူလေလေ အပူထိန်းနိုင်လေပဲ။ ပါးပါးလေး လုပ်ပြီး ဘာသွားလုပ်မလဲ။ ပြီးတော့... ဒါက မင်းရဲ့ လက်နက် ဖြစ်လာမှာလေ... အလေးချိန် ပိဿာ ၁၀၀ လောက် မရှိဘဲ ဘယ်လို လုပ်မလဲ။"
ယင်းကျိုယို က စိတ်ပါလက်ပါ ပြောဆိုနေစဉ် ဟုန်ရှောင်ပေါင် ဖြတ်ပြောလိုက်သည်။
"နေ... နေပါအုံး နေပါအုံး နေပါအုံး "
ဟုန်ရှောင်ပေါင် ရင်ထဲတွင် အေးစက်စက် ခံစားလိုက်ရ၏။ "အဘိုး... ခုနက ဘာလက်နက်လို့ ပြောလိုက်တယ်။"
"လက်နက်လေ။"
ယင်းကျိုယို က ရှင်းပြသည်။ "စဉ်းစားကြည့်စမ်း... ပိဿာ ၁၀၀ ကျော် လေးတဲ့ ရှန်သံ ဒယ်အိုးကြီးကွ။ ဒိုင်းကာ အဖြစ် သုံးလို့လည်း ရတယ်... တူကြီး အဖြစ် ထုလို့လည်း ရတယ်။ ထမင်းလည်း ချက်စားလို့ ရတယ်။ မင်းလို အဆင့် သိုင်းသမား တစ်ယောက် အတွက်တော့ တကယ့် နတ်ဘုရား အဆင့် လက်နက် ပဲ မဟုတ်လား။"
ဟုန်ရှောင်ပေါင်၏ မျက်စိထဲတွင် ပုံရိပ်တစ်ခု ပေါ်လာ၏။
သူ၏ ပြိုင်ဘက်က အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဓားတစ်လက်ကို ကိုင်ဆောင် ထားသည်။ ပြီးနောက် အေးစက်သော လေသံဖြင့် ကြွေးကြော်လိုက်သည်။ "ငါ့ဓားက ၃ ပေ ၃ လက်မ ရှည်တယ်။ ၉ ပိဿာ ၉ ကျပ်သား လေးတယ်။ ပင်လယ်နက်ထဲက ယူဆောင်လာတဲ့ ကျောက်ပြာတွေနဲ့ ၉၉ ရက်တိတိ အချိန်ယူပြီး သွန်းလုပ်ထားတာ "
ပြီးတော့ ဟုန်ရှောင်ပေါင်က သူ့လက်ထဲက ဒယ်အိုးကြီးကို မ,ကာ ပြောလိုက်သည်။
"ရှန်သံ ဒယ်အိုး..."
ကောင်းကင်ဘုံ ..။
ဤသည်မှာ မည်မျှ ဝမ်းနည်းစရာ ကောင်းသည့် မြင်ကွင်းမျိုးနည်း။