အခန်း ၅၂
Vol. 5 Ch. 52
အပိုင်း (၅၂) လေမုန်တိုင်း ဒယ်အိုးသိုင်း။
"မဖြစ်ဘူး... မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး။"
ဟုန်ရှောင်ပေါင်သည် ဗုံသံပေးသည့် အရုပ်လေးကဲ့သို့ ခေါင်းကို တွင်တွင်ခါယမ်း၍ ငြင်းဆန်လိုက်၏။
"ဒီလိုပုံစံကြီးနဲ့တော့ လုံးဝ မဖြစ်ဘူး။"
"ဟုတ်လို့လား။"
ယင်းကျိုယို က မသမာသော အပြုံးဖြင့် ပြုံးလျက် မေးလိုက်သည်။ "ငါ့ဆီမှာ လေမုန်တိုင်း တူသိုင်း... အဲ... မှားလို့... လေမုန်တိုင်း ဒယ်အိုးသိုင်း ဆိုတာ ရှိတယ်။ ဟုတ်တယ်... လေမုန်တိုင်း ဒယ်အိုးသိုင်း။ မင်းသာ ဒီသိုင်းကွက်ကို တတ်မြောက်ပြီး ဒီရှန်သံဒယ်အိုးနဲ့ တွဲဖက် အသုံးပြုလိုက်မယ်ဆိုရင်... အခုလက်ရှိ အဆင့်မှာတင်ပဲ တတိယအဆင့် သိုင်းသမားတွေကို အနိုင်ယူနိုင်လိမ့်မယ်။ ဘယ်လိုလဲ... သင်မလား။"
"......"
ယင်းကျိုယို၏ မသမာသော အပြုံးကို ကြည့်ပြီး ဟုန်ရှောင်ပေါင် အံကို ကြိတ်လိုက်မိသည်။ သို့သော်လည်း ပထမအဆင့်မှာတင် တတိယအဆင့်ကို အနိုင်ယူနိုင်သည် ဟူသော စကားကို သူ ငြင်းဆန်ရန် ခက်ခဲလှ၏။
နောက်ဆုံးတွင် အံကြိတ်ပြီး ပြောလိုက်သည်။
"ကောင်းပြီ... သင်မယ်။"
ရှန်သံကို သံအဆီအနှစ် ဟုလည်း ခေါ်ဝေါ်ကြသည်။ သံသတ္တုသိုက်များထဲတွင် အနည်းငယ်သာ ရောနှော ပါဝင်တတ်ပြီး သီးသန့် သတ္တုသိုက် အနေဖြင့် မရှိတတ်ပေ။ ထို့ကြောင့် ထုတ်လုပ်မှု နည်းပါးသည်။ သို့သော်လည်း လက်နက်သွန်းလုပ်ရာတွင် မရှိမဖြစ် လိုအပ်သော ပစ္စည်း ဖြစ်သဖြင့် ဈေးနှုန်း အမြဲတမ်း မြင့်မားနေတတ်၏။
ထို့ကြောင့် ဟုန်ရှောင်ပေါင် အနေဖြင့် ဝိညာဉ်ကျောက်တုံး အလုံအလောက် စုမိမှ ဝယ်မည်ဟု စောင့်ဆိုင်းနေ၍ မဖြစ်ချေ။ ပမာဏ အများကြီး လိုအပ်သဖြင့် တစ်ခါတည်း အကုန်ဝယ်ရန် ခက်ခဲသောကြောင့် ယခုတည်းက နည်းနည်းချင်း စုဆောင်း ဝယ်ယူထားမှ ဖြစ်ပေမည်။
စဉ်းစားပြီးနောက် တခြား ကုန်ကြမ်းဆိုင် အနည်းငယ်ကို ထပ်မေးကြည့်လိုက်သည်။ အားလုံးက တစ်ညီတစ်ညွတ်တည်း တစ်ပိဿာ ၃၄ တုံး ဟုသာ ဈေးခေါ်ကြသည်။ ဤသည်မှာ ဈေးကွက်ပေါက်ဈေး ဖြစ်ပုံရသည်။
ဟုန်ရှောင်ပေါင်သည် ဆုံးဖြတ်ချက် ချလိုက်ပြီး အနောက်ဘက် ဈေးတန်း၏ တောင်တန်းနှင့် နီးကပ်သော နေရာတွင် သွားရောက် ထိုင်စောင့်နေလိုက်၏။
ကံစမ်းကြည့်တာပေါ့။ တကယ်လို့ ရှန်သံ ရလာတဲ့ သိုင်းသမား တစ်ယောက်ယောက်နဲ့ တွေ့ရင် ဆိုင်ပေါက်ဈေးထက် အများကြီး သက်သာတဲ့ ဈေးနဲ့ ရနိုင်တယ် မဟုတ်လား။
တစ်နာရီကျော်ခန့် စောင့်ဆိုင်းပြီးနောက် ဈေးတန်းသည် တဖြည်းဖြည်း စည်ကားလာခဲ့သည်။
လူအများအပြား ရောက်ရှိလာကြပြီး အများစုမှာ ကုန်သည်များ ဖြစ်ကြသည်။ သူတို့သည် အပြာရောင် လမင်း တောင်တန်း ဘက်ကို မျှော်ငေးကြည့်နေကြ၏။ သူတို့၏ စိတ်ထဲတွင် ဆန္ဒစောနေကြသော်လည်း မည်သူမျှ ဈေးတန်းအပြင်ဘက်သို့ ထွက်ခွာသွားခြင်း မရှိကြပေ။
ဟုန်ရှောင်ပေါင် စုံစမ်းကြည့်လိုက်မှ အကြောင်းစုံကို သိရလည်။ ယခင်က ကုန်သည်များသည် သိုင်းသမားများနှင့် အရင်ဆုံး တွေ့ဆုံချင်ဇောဖြင့် တောင်ခြေအထိ၊ တချို့ဆိုလျှင် တောင်ပေါ်အထိ တက်ရောက်ပြီး သွားကြိုကြသည်။ ထို့ကြောင့် နောက်ပိုင်းတွင် စည်းကမ်းသတ်မှတ်လိုက်ပြီး ကုန်သည်များ အနေဖြင့် ပစ္စည်းဝယ်ယူရာတွင် ဈေးတန်းအပြင်ဘက် ထွက်ခွင့်မရှိဟု သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် မြင်ကွင်းသည် ထူးဆန်းနေသည်။ မြေကြီးပေါ်တွင် မမြင်ရသော စည်းတစ်ခု ရှိနေသကဲ့သို့ ကုန်သည်များ အားလုံးသည် စည်းအတွင်းဘက်တွင် စောင့်ဆိုင်းနေကြ၏။
သိုင်းသမား တစ်ယောက် ပြန်လာသည်ကို မြင်လျှင် လည်ပင်းရှည်ကြီးများဖြင့် လှမ်းမျှော်ကြည့်ကြပြီး လှမ်းမေးတတ်ကြသည်။ "ညီအစ်ကို... ဘာပစ္စည်းကောင်းတွေ ပါလဲ"
သိုင်းသမားများကလည်း ဝါရင့်နေပြီ ဖြစ်သဖြင့် မည်သည့်ပစ္စည်းက မည်မျှတန်သည်ကို ကောင်းစွာ သိရှိကြသည်။ ဈေးနှုန်း ကိုက်ညီမှ ရောင်းချကြသည်။ တောင်နက်ပိုင်းထိ ဝင်ရောက်သွားသူများ အဖို့ ပြန်ရောက်ချိန်ကို ခန့်မှန်းရ ခက်ခဲသည်။ သို့သော်လည်း မနက်စောစော ထွက်ခွာပြီး တောင်ခြေတွင်သာ ကျင်လည်သော သိုင်းသမားများ အဖို့မူ ယခုအချိန်သည် ပြန်ရောက်လာမည့် အချိန် ဖြစ်သဖြင့် ဈေးတန်းတွင် စည်ကားစ ပြုလာပြီ ဖြစ်၏။
တချို့ သိုင်းသမားများကို ကုန်သည်များက ဝိုင်းအုံကြသည်။ တချို့ သိုင်းသမားများက ကုန်သည်များကို လိုက်ရှာကြသည်။ တချို့ကတော့ ဒဏ်ရာဗရပွဖြင့် လက်ဗလာ ပြန်လာကြရသည်။
ဟုန်ရှောင်ပေါင်သည် သေချာ ဂရုစိုက် ကြည့်ရှုနေမိ၏။
ထိုစဉ် နှာခေါင်းကောက်ကောက်နှင့် သိုင်းသမား တစ်ဦးကို တွေ့လိုက်ရသည်။ သူ့ခါးကြားမှ သားရေအိတ်လေး သည် အောက်သို့ တွဲကျနေပြီး လေးလံပုံ ပေါက်နေသည်။ အိတ်က သေးငယ်သော်လည်း လေးလံနေသည် ဆိုတော့... သေချာပေါက် ရှန်သံ ဖြစ်ရမည်။
"ဟားဟား... လာပြီဟေ့။"
ဟုန်ရှောင်ပေါင် ဝမ်းသာသွားပြီး ချက်ချင်း ရှေ့တိုးသွားလိုက်သည်။ "အစ်ကိုကြီး... အစ်ကို့ဆီမှာ ရှန်သံ ပါလား။"
"ပါတယ်။"
နှာခေါင်းကောက်ကောက်နှင့် လူကလည်း ဝါရင့်တစ်ဦး ဖြစ်ပုံရ၏။ "တစ်ပိဿာ နဲ့ ၂၀ ကျပ်သား ရှိတယ်။ ဝိညာဉ်ကျောက်တုံး ၃၀ တန်တယ်။ မင်းက ၂ တုံး ပိုပေးရင် ရောင်းမယ်။"
ဟုန်ရှောင်ပေါင် တွက်ချက်ကြည့်လိုက်သည်။ ကုန်သည်များက ရှန်သံ တစ်ပိဿာကို ၂၅ တုံးဖြင့် ဝယ်ယူလေ့ ရှိကြသည်။ သို့မှသာ ၃၄ တုံးဖြင့် ပြန်ရောင်းလျှင် အမြတ်ကျန်မည် မဟုတ်ပါလား။ ဤလူက တစ်ပိဿာ ၂၀ ကျပ်သား ရှိသည် ဆိုတော့ ဝယ်ဈေး ၃၀ ဖြစ်နေခြင်းမှာ မှန်ကန်ပေသည်။
ကုန်သည်လောကတွင် ကိုယ်ပိုင် စည်းမျဉ်းများ ရှိသည်။ တစ်ယောက်က ဈေးစကား ပြောနေစဉ် နောက်တစ်ယောက် က ဝင်ရောက် ဈေးပိုပေးပြီး လုယူ၍ မရချေ။ ပထမလူ ဆွေးနွေးမှု ပျက်သွားမှသာ ဝင်ရောက် ဆွေးနွေးခွင့် ရှိ၏။
ထို့ကြောင့် ဘေးနားရှိ ကုန်သည်များသည် ဟုန်ရှောင်ပေါင်နှင့် ထိုလူ ဆွေးနွေးနေသည်ကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။ ဟုန်ရှောင်ပေါင်သာ အဆင်မပြေခဲ့လျှင် သူတို့ ချက်ချင်း ဝင်လုံးကြတော့မည်။
ဟုန်ရှောင်ပေါင် စဉ်းစားလိုက်သည်။ တစ်ပိဿာကို ၁ တုံး ပိုပေးခြင်းက ပုံမှန် ဖြစ်သည်။ ၂ တုံး ပိုပေးခြင်းကလည်း လက်ခံနိုင်သော ပမာဏ ဖြစ်သည်။
"ကောင်းပြီ... ယူမယ်။"
နှစ်ဦးသား ပစ္စည်းစစ်ဆေး၊ ချိန်တွယ်ပြီး ငွေချေလိုက်ကြသည်။ အရောင်းအဝယ် အောင်မြင်သွားခဲ့၏။ ဆိုင်ပေါက်ဈေး ထက် ၉ တုံးလောက် သက်သာသော ဈေးနှုန်းဖြင့် ရှန်သံ ဝယ်ယူလိုက်နိုင်သဖြင့် ဟုန်ရှောင်ပေါင် ပျော်ရွှင်သွား၏။
သို့နှင့် လူအုပ်ကြားထဲတွင် ဆက်လက် စောင့်ဆိုင်းနေလိုက်ပြန်သည်။
ယနေ့ သူ့အတွက် ပထမ ရည်မှန်းချက်က ရှန်သံ ဝယ်ရန် ဖြစ်ပြီး၊ ဒုတိယ ရည်မှန်းချက်က ဒဏ်ရာပျောက်ဆေး ရောင်းရန် ဖြစ်သည်။ သို့သော်လည်း သူ့ဆေး၏ ရုပ်ဆိုးပန်းဆိုး အခြေအနေနှင့် ဈေးနှုန်းကြောင့် ဝယ်မည့်သူ ရှိလာရန် မလွယ်ကူကြောင်း သူ သိသည်။ အခွင့်အရေး တစ်ခု စောင့်ရပေမည်။
ထို့ကြောင့် ဒဏ်ရာရထားသော လူတစ်ယောက် မြင်တိုင်း ယင်းကျိုယို ကို လှမ်းမေးနေမိ၏။ "အဘိုး... သူ့ဒဏ်ရာက ထူးခြားလား။"
ယင်းကျိုယို သည် မေးဖန်များတော့ စိတ်ရှုပ်လာသည်။
ဟုန်ရှောင်ပေါင်လည်း သဘောပေါက်သွားပြီး...
"ဒါဆို ဒီလိုလုပ်ဗျာ... သာမန် ဒဏ်ရာ ဆိုရင် အဘိုး ဘာမှ မပြောနဲ့။ ထူးခြားတဲ့ ဒဏ်ရာမျိုး တွေ့မှ သားသားကို ပြောပြ... ဘယ်လိုလဲ။"
“ယီးကို သားသား…”
ခဏအကြာတွင် ယင်းကျိုယို ၏ အသံ ထွက်ပေါ်လာသည်။ "ဟေ... ဦးချိုတစ်ခု ဝက် ပါလား။ ကောင်လေး... ဟိုလူ့ကျောပေါ်က ပစ္စည်းကို ဝယ်လိုက်။"
ဟုန်ရှောင်ပေါင်သည် မည်သည့်ပစ္စည်းနည်းဟု မမေးတော့ချေ။ ယင်းကျိုယို မျက်စိကျမှတော့ ပစ္စည်းကောင်း ဖြစ်ရမည်။
ချက်ချင်း လှမ်းကြည့်လိုက်ရာ ရုပ်ရည် သာမန်သာ ရှိသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
သို့သော်လည်း သူ၏ ကျောပေါ်တွင် လူတစ်ပိုင်းခန့် မြင့်မားသော အိတ်ကြီး တစ်လုံးကို ထမ်းထားသည်။ အိတ်ကြီးက ဖောင်းကားနေသည်။
"ကြည့်ရတာ သားရဲအသားတွေ ထင်တယ်။" လူတချို့က မှတ်ချက်ချလိုက်ကြ၏။
အကွာအဝေး နီးကပ်လျှင် သားရဲတစ်ကောင်လုံးကို ထမ်းလာတတ်ကြသော်လည်း ဝေးကွာပါက တန်ဖိုးရှိသော အစိတ်အပိုင်းများကိုသာ လှီးဖြတ် ယူဆောင်လာလေ့ ရှိကြသည်။ ထို့အပြင် သွေးညှီနံ့ကြောင့် တခြား သားရဲများ ရောက်မလာစေရန် အထူးပြုလုပ်ထားသော သားရေအိတ်ကြီးများဖြင့် ထည့်သွင်း သယ်ဆောင် လာတတ်ကြသည်။
ထိုကဲ့သို့ အိတ်ကြီးများကို ထမ်းပိုးလာသူများသည် အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော ဝါရင့် သားရဲမုဆိုးများ ဖြစ်လေ့ရှိ၏။
သူတို့သည် သာမန် ကံစမ်းသူများထက် ပိုမို သန်မာကြပြီး ဝင်ငွေလည်း ပိုမို ကောင်းမွန်ကြသည်။ သို့သော်လည်း သားရဲအသားသည် ဆေးမြစ်များလောက် ရောင်းမကောင်းချေ။ ဆေးဟင်းပွဲ ချက်ပြုတ်တတ်သူ ရှားပါးသောကြောင့် ဖြစ်သည်။ ထို့အပြင် သားရဲအသား စားသောက်ခြင်းသည် ငွေကုန်ကြေးကျ များလှသည်။ သာမန် အဆင့်နိမ့် သိုင်းသမားများ အဖို့ ဤမျှလောက် ဇိမ်ခံနိုင်ခြင်း မရှိကြပေ။
"အစ်ကိုကြီး... ဒါ ဦးချိုတစ်ခု ဝက် မလား။" ဟုန်ရှောင်ပေါင် ရှေ့တိုးသွားပြီး မေးလိုက်သည်။
ထိုလူ အံ့သြသွား၏။
"ညီလေးက မျက်စိရှင်တာပဲ။"
သူက ပြုံးလျက် ဆက်ပြောလိုက်သည်။ "မင်း သိနေမှတော့ လိုချင်လို့ နေမှာပေါ့။ ဈေးခေါ်ကြည့်လေ။"
"ဦးချိုတစ်ခု ဝက် နဲ့ သုံးခေါင်းကြက် က အတူတူပဲ။ ဒုတိယအဆင့် သားရဲတွေပဲ။ ဒါပေမဲ့ ဒီကောင်က သုံးခေါင်းကြက်လောက် ကိုင်တွယ်ရ မခက်ဘူး။ ဒါကြောင့် ဝိညာဉ်ကျောက်တုံး ၁၂ တုံး ပေးမယ်။ ဒါပေမဲ့ အကုန် မယူနိုင်ဘူး... တစ်ဝက်ပဲ ယူမယ်။ ၆ တုံး နဲ့ ရမလား။" ဟုန်ရှောင်ပေါင်က ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
"အင်း... မျှတပါတယ်။ ကောင်းပြီလေ။"
ထိုလူက သဘောတူလိုက်သည်။ ပုံမှန် သုံးစွဲနေကျ သားရေအိတ် အလွတ်တစ်လုံးကို ထုတ်ပေးလိုက်ပြီး ဝက်သားများကို ခွဲဝေပေးလိုက်သည်။ ဤအိတ်က အနံ့လုံသော အိတ်မျိုး မဟုတ်ဘဲ သာမန် ပစ္စည်းထည့်သည့် အိတ်သာ ဖြစ်သည်။
"သူ့ကို ပြောလိုက်... မေဟွာ အသား ကို ပိုထည့်ပေးပါလို့။"
ယင်းကျိုယို က ရုတ်တရက် ဝင်ပြောလေ၏။ "သံခွံ ဝက် တွေမှာ အဲဒီနေရာက အဖိုးတန်ဆုံးပဲ။"