အခန်း (၁၀၂၃-၁၀၂၄)
Vol. 49 Ch. 1023-1024
အခန်း(၁၀၂၃)
“မင်း အဲဒီကိစ္စအတွက် စိတ်ပူစရာမလိုဘူး” ထိုသူက ပြောလိုက်သည်။ “ငါ့ရဲ့ လွင့်မျောခြင်း ရေခဲနယ်ပယ်ကနေ လွတ်မြောက်သွားရုံနဲ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ မထင်နဲ့။ မသေချင်ရင် မင်းဆီမှာရှိတဲ့ နတ်ဘုရားဆေးလုံးတွေနဲ့ အဖိုးတန်ဆေးပင်တွေ အကုန်လုံးကို လွှဲအပ်လိုက်စမ်း။ မဟုတ်ရင်တော့ မင်း သေရုံပဲ ရှိတော့မယ်။”
“အော်” ချင်ယွမ်ဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။ “ကျွန်တော် အခုမှ သဘောပေါက်တော့တယ်။ ဒါဆို စီနီယာက လမ်းခုလတ်မှာ ဓားပြတိုက်နေတာပေါ့။ ငါလည်း ဘာလို့ ထွက်လို့မရတာလဲလို့။ လမ်းဘိုးမပေးရသေးလို့ကိုး။”
“ဒီလိုလည်း ပြောလို့ရတာပေါ့” ထိုသူက ပြန်လည်ဖြေကြားခဲ့သည်။
ချင်ယွမ်ဖုန်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ “စီနီယာ ကျွန်တော့်ကို လွှတ်ပေးဖို့အတွက် ဘယ်လိုနတ်ဘုရားဆေးလုံးတွေနဲ့ အဖိုးတန်ဆေးပင်မျိုးတွေကို လွှဲအပ်ပေးရမလဲ။”
ထိုသူက ပြောသည်။ “ဒါက မင်းရဲ့ ပြုမူပုံအပေါ်မှာ မူတည်တယ်။ မင်းသာ လုံလောက်အောင် ရိုးသားမယ်ဆိုရင် မင်းကို လွှတ်ပေးဖို့ ငါ စဉ်းစားပေးမယ်။”
“စဉ်းစားရဦးမှာလား” ချင်ယွမ်ဖုန်းက ပြန်မေးလိုက်သည်။
“ဒါပေါ့၊ ဒါက မင်း တကယ်ပဲ အသက်ချမ်းသာရချင်လား ဆိုတာပေါ်မှာ မူတည်တာပေါ့” အစိမ်းရောင်အကြေးခွံနဂါးက အေးစက်တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်း ယခုအကြိမ်တွင် လုံးဝ တိတ်ဆိတ်သွားသော်လည်း ငြိမ်နေခြင်း မဟုတ်ပေ။ သူသည် စနစ်ကို ဆက်သွယ်ပြီး မေးမြန်းလိုက်သည်။ “ရှောင်လင်၊ မင်းရဲ့စနစ်နဲ့ ဒီအစိမ်းရောင်အကြေးခွံနဂါးကို စကန်ဖတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လိုအခြေအနေမျိုး ဖြစ်နေလဲဆိုတာ ကြည့်ပေးလို့ ရမလား။”
စနစ်က ပြန်လည်ဖြေကြားသည်။ “စနစ် အဆင့်မြှင့်တင်ပြီးနောက်ပိုင်း တစ်ဖက်လူရဲ့ အခြေအနေကို စမ်းသပ်စစ်ဆေးနိုင်တာ မှန်ပေမဲ့ လုပ်ငန်းစဉ်က နည်းနည်း နှေးကွေးနိုင်ပါတယ်။ သခင် ခေတ္တမျှ စောင့်ဆိုင်းရပါလိမ့်မယ်။”
ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကောင်းပြီ၊ တစ်ဖက်လူကို စစ်ဆေးလိုက်ပါ။”
“ကောင်လေး၊ မင်း မဆုံးဖြတ်ရသေးဘူးလား” တစ်ဖက်လူက စိတ်မရှည်ဖြစ်လာပုံရပြီး သူ့ကို တိုက်ရိုက် တိုက်တွန်းနှိုးဆော်လိုက်သည်။
စနစ်သည် လက်ရှိတွင် ထိုဧရာမသတ္တဝါကြီးကို ခွဲခြမ်းစိတ်ဖြာနေဆဲ ဖြစ်သောကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် သူ့ကို ချက်ချင်း အဖြေမပေးနိုင်သည်မှာ ဓမ္မတာပင်။
ချင်ယွမ်ဖုန်းသည် ထိုဧရာမသတ္တဝါကြီး၌ လက်ရှိတွင် မည်မျှအတိုင်းအဆရှိသော စွမ်းအားမျိုး ရှိနေသည်ကို မသေချာသဖြင့် သူ့ကို ခေတ္တမျှ နှစ်သိမ့်ထားရန်သာ တတ်နိုင်ပေသည်။
သူက ပြုံးလျက် ထိုသူ့ကို ကြည့်ကာ ပြောလိုက်သည်။ “စီနီယာ၊ စီနီယာရဲ့ ကျင့်ကြံခြင်းကို ဘာအရာက သက်ရောက်မှု ရှိစေခဲ့တာလဲဆိုတာ ကျွန်တော် သိချင်လို့ပါ။ ပြီးတော့ ကြည့်ရတာ စီနီယာက ဒီနေရာမှာ အပိတ်လှောင်ခံထားရတဲ့ ပုံပဲနော်။”
ထိုအချိန်တွင် တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် ရေခဲတိုင်ကြီးကို ရစ်ပတ်ထားပြီး လှုပ်ရှားလိုသည့် အရိပ်အယောင်မျှပင် မပြသပေ။
ထိုအချက်ကို ထောက်ရိုက်၍ ချင်ယွမ်ဖုန်းအနေဖြင့် သူသည် ယခုလောလောဆယ်တွင် ထိုရေခဲတိုင်မှ ယာယီ ထွက်ခွာနိုင်စွမ်း မရှိကြောင်း အကဲဖြတ်နိုင်ချေသည်။
တစ်ဖက်လူသည် သူ၏စကားကို ကြားသောအခါ မျက်လုံးအစုံ ပြူးကျယ်သွားပြီး ပြောလိုက်သည်။ “မင်းငါ့ရဲ့ကိစ္စတွေကို ဒီလောက်အထိ အသေးစိတ် စုံစမ်းဖို့ လိုလို့လား။”
“ဒါပေါ့၊ ကျွန်တော်သာ စီနီယာကို ကူညီနိုင်မယ်ဆိုရင် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း နားလည်ထားချင်လို့ပါ” ချင်ယွမ်ဖုန်းက ပြုံးလျက်သာ ပြောနေဆဲ ဖြစ်သည်။
သူသည် ယခုအခါ ဤနတ်ဘုရားနယ်ပယ်တွင် အသက်ရှင်ရပ်တည်ရာ၌ သိုင်းပညာရှင်လောကတွင် ရှိခဲ့သလောက် မိတ်ဆွေသူငယ်ချင်း အများအပြား မရှိကြောင်း နားလည်ထားပြီး ဖြစ်သည်။
ထို့ကြောင့် ဤနေရာသို့ ရောက်ရှိလာပြီးနောက် မိမိဘက်သို့ ဆွဲဆောင်နိုင်မည့်သူနှင့် ဆုံတွေ့ပါက သူတို့နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားခြင်းက အကောင်းဆုံးပင် ဖြစ်ချေသည်။
ဤအစိမ်းရောင်အကြေးခွံနဂါးသည် ဤနေရာတွင် ပိတ်လှောင်ခံထားရသော်လည်း သူကိုယ်တိုင် ပြောခဲ့သကဲ့သို့ပင် ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားဆဲ ဖြစ်ကြောင်း ချင်ယွမ်ဖုန်း ခံစားမိသည်။
သို့သော် သူ၏စွမ်းအားများသည် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ဖိနှိပ်ခံထားရခြင်း ဖြစ်တန်ရာသည်။ သူက ချင်ယွမ်ဖုန်းကို အရေးယူချင်လျှင်ပင် ၎င်းမှာ အသက်ရှင်သန်နိုင်ရေးအတွက်သာ မလွှဲမရှောင်သာ ပြုလုပ်ရခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် သူ့အပေါ် ရန်ငြိုးအာဃာတ မထားရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရန်သူတစ်ယောက် ပိုမိုလာခြင်းထက် မိတ်ဆွေတစ်ယောက် ပိုမိုလာခြင်းက ပို၍ ကောင်းမွန်ချေသည်။
“ဟူး၊ မင်းကို ပြောပြလည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ စကားပြောတာကို ဘယ်သူမှ မနာထောင်ဖြစ်ခဲ့တာ ကြာပြီပဲ” အစိမ်းရောင်အကြေးခွံနဂါးသည် အနည်းငယ် ဝန်လေးနေသော်လည်း စိတ်ရင်းမှန်ဖြင့် ပြောပြလာခဲ့သည်။ “ငါက လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးပဲ။ ငါက တစ်ချိန်က ဒီနတ်ဘုရားနယ်ပယ်ရဲ့ နတ်ဘုရားအရှင်သခင် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သတိလက်လွတ် ဖြစ်မိလို့ လူယုတ်မာတစ်ယောက်ကို သွားပြီး ပြစ်မှားမိရာကနေ သူတို့ရဲ့ ပြင်းထန်တဲ့ လက်စားချေမှုကို ခံလိုက်ရတာပဲ။ ငါ မတရား စွပ်စွဲခံရပြီး ဒီလိုအခြေအနေမျိုးကို ရောက်ရှိသွားကာ ဒီလိုပုံစံ ဖြစ်သွားရတာ။”
ပြောဆိုပြီးနောက် တစ်ဖက်လူက ချင်ယွမ်ဖုန်းကို ကြည့်လိုက်သည်။
သို့သော် ချင်ယွမ်ဖုန်း၏ မျက်နှာတွင် မည်သည့် အမူအရာ ပြောင်းလဲမှုကိုမျှ မတွေ့ရသဖြင့် သူက အံ့အားသင့်စွာဖြင့် မပြောဘဲ မနေနိုင်တော့ပေ။ “ လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးဆိုတဲ့ နာမည်ကိုတောင် မကြားဖူးဘူးလား။”
ချင်ယွမ်ဖုန်း အနည်းငယ် လန့်ဖျပ်သွားပြီးမှ ပြောလိုက်သည်။ “အော်၊ စိတ်မရှိပါနဲ့။ ကျွန်တော်က အရမ်းဝေးလံတဲ့ အရပ်ကနေ လာတာမလို့ မကြားဖူးတာပါ။”
“လျှောက်ပြောနေတာပဲ” တစ်ဖက်လူက ရုတ်တရက် လှောင်ပြုံးပြုံးလိုက်ပြီးနောက် ပြောသည်။ “မင်း ဘယ်သူ့ကိုပဲ လိမ်လို့ရရ ငါ့ကိုတော့ လိမ်လို့မရဘူး။ အမှန်တော့ မင်းက နတ်ဘုရားနယ်ပယ်ကို အသစ်တင်လှမ်းလာစပဲ ရှိသေးတယ်ဆိုတာ ငါ သိပြီးသား။”
“ဗျာ” ချင်ယွမ်ဖုန်း အနည်းငယ် အံ့အားသင့်သွားရသည်။
သို့သော် ထိုသူက ဆက်လက်၍ ပြောဆိုခဲ့သည်။ “ပုံမှန် နတ်ဘုရားလမ်းကြောင်းက ပိတ်ဆို့ခံထားရတာ ကြာလှပြီ။ အခုဆို အောက်ကမ္ဘာက သိုင်းပညာရှင်တွေဟာ နတ်ဘုရားနယ်ပယ်ကို မတက်လှမ်းနိုင်ကြတော့ဘူး။ ဒါပေမဲ့ မင်းက ဒီနေရာကို ရောက်လာနိုင်တာဆိုတော့ အခြားနည်းလမ်းတွေကို သုံးခဲ့တာ နေမှာပေါ့။”
ချင်ယွမ်ဖုန်းသည် တစ်ဖက်လူကို ဆက်လက် ဖုံးကွယ်ထား၍ မရနိုင်တော့မှန်း သိသဖြင့် ပြောလိုက်သည်။ “စီနီယာက တကယ်ပဲ အရာရာကို ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်မျက်စိ ရှိတာပဲ။”
“ဒါပေါ့။ ဘာပဲဖြစ်ဖြစ် နတ်ဘုရားနယ်ပယ်ဆိုတာ ဒီလောက်ပဲ ကျယ်တာကို။ မင်း ငါ့နာမည်ကိုတောင် မကြားဖူးဘူးဆိုတာနဲ့တင် မင်းက နတ်ဘုရားနယ်ပယ်ကို ရောက်ခါစ လူသစ်တစ်ယောက်ပဲဆိုတာ ဆုံးဖြတ်ဖို့ လုံလောက်နေပြီ။ ဒါ့အပြင် မင်းဆီကနေ ကြည့်ရသလောက် မင်းရဲ့ နတ်ဘုရားဝိညာဉ်စွမ်းအင်ကို သန့်စင်တဲ့ နည်းလမ်းက မမှန်ကန်ဘူးဆိုတာ ငါ ပြောနိုင်တယ်။” ထိုသူက ပြောလိုက်သည်။
ချင်ယွမ်ဖုန်း ခေတ္တမျှ မှင်တက်သွားပြီးနောက် မေးမြန်းလိုက်သည်။ “စီနီယာ၊ နတ်ဘုရားဝိညာဉ်စွမ်းအင်က သီးခြားသန့်စင်တဲ့ နည်းလမ်းမျိုး လိုအပ်သေးတာလား။”
ထိုသူက ပြောသည်။ “ဒါပေါ့ လိုအပ်တာပေါ့။ မင်းက နတ်ဘုရားနယ်ပယ်ကို ရောက်တာနဲ့ ဆက်ပြီး ကျင့်ကြံဖို့ မလိုတော့ဘူးလို့ ထင်နေတာလား။ မင်း အခု သုံးနေတာက မင်း နတ်ဘုရားအဆင့် မရောက်ခင်ကတည်းက ထွက်ပေါ်လာတဲ့ နတ်ဘုရားဝိညာဉ်စွမ်းအင်တွေပဲ ရှိသေးတာ။ အဲဒီလို နတ်ဘုရားဝိညာဉ်စွမ်းအင်က အမှန်တော့ စွမ်းအား သိပ်မရှိဘူး။ ကျင့်ကြံခြင်းအားဖြင့်သာ နတ်ဘုရားဝိညာဉ်စွမ်းအင်က ပိုပြီးတော့ နက်ရှိုင်းလာနိုင်မှာ။ မဟုတ်ရင် နတ်ဘုရားနယ်ပယ်ကို ဘာလို့ နတ်ဘုရားအဆင့်၊ စစ်မှန်သော နတ်ဘုရားများ၊ ရွှေရောင်နတ်ဘုရားတွေအပြင် နတ်ဘုရားအရှင်သခင်နဲ့ နတ်ဘုရားဧကရာဇ်အထိပါ ခွဲခြားထားရမှာလဲ။”
ချင်ယွမ်ဖုန်းသည် မိမိကိုယ်မိမိ အလွန် ပေါ့ဆခဲ့မိကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ သူသည် ယခုအခါ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ပြီးနောက် သူ၏စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ဟု ခံစားရသော်လည်း ၎င်းနောက်ပိုင်းတွင် မည်သို့ ဆက်လက်ကျင့်ကြံရမည်ကို မစဉ်းစားခဲ့မိပေ။
သူ၏ ကျင့်ကြံခြင်း လုပ်ငန်းစဉ်သည် မူလသိုင်းပညာရှင် ကျင့်ကြံခြင်း နည်းလမ်းအတိုင်းသာ ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်ရာ ၎င်းမှာ နတ်ဘုရားနယ်ပယ်တွင် သိသာထင်ရှားစွာ အာနိသင်မရှိသည်မှာ သေချာလှချေသည်။
“စီနီယာအနေနဲ့ ကျွန်တော့်ကို လမ်းညွှန်ပြသပေးဖို့ ဝန်မလေးပါနဲ့ဦး” ချင်ယွမ်ဖုန်းက စိတ်ရင်းမှန်ဖြင့် ပြောဆိုလိုက်သည်။ ဒါ့အပြင် သူသည် မိမိရှေ့မှ ထိုဧရာမသတ္တဝါကြီးမှာ နတ်ဘုရားဧကရာဇ်အဆင့်နှင့် တစ်လှမ်းတည်းသာ ကွာဝေးသော နတ်ဘုရားအရှင်သခင်အဆင့်ရှိ ပညာရှင်ကြီးတစ်ဦး ဖြစ်ပြီး သာမန်နတ်ဘုရားများထက် များစွာ ပိုမိုစွမ်းအားကြီးမားကြောင်း သိရှိထားသည်။
အကယ်၍ သူ၏ လမ်းညွှန်မှုကို ရရှိနိုင်မည်ဆိုပါက သူသည် လမ်းမှားများစွာကို ရှောင်လွှဲနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း တစ်ဖက်လူသည် သူ့ကို ဆက်လက် သွန်သင်ပြသပေးရန် ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားလှပေသည်။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြရုံသာ ရှိတော့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ။
“သခင်၊ စကန်ဖတ်တာ ပြီးပါပြီ။ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ သွေးပူဇော်ခြင်းတံဆိပ်တော်တစ်ခု ရှိနေပါတယ်။ ဒီတံဆိပ်တော်ရဲ့ စွမ်းအားက သူ့ရဲ့ ဇီဝအသက်စွမ်းအားတွေကို ဆက်တိုက် ကုန်ခမ်းစေနေပြီး သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုလည်း ကျဆင်းစေခဲ့တာပါ။” စနစ်က ပြောကြားလာသည်။
ချင်ယွမ်ဖုန်းက မေးလိုက်သည်။ “ဒီတံဆိပ်တော်ကို ဖျက်ဆီးလို့ ရမလား။”
“နည်းလမ်းတော့ ရှိပါတယ်” စနစ်က ပြောသည်။ “ဒါပေမဲ့ သခင် စုဆောင်းထားတဲ့ ယုံကြည်မှုတန်ဖိုးပေါ်မှာ အခြေခံပြီး တွက်ချက်ရရင်တော့ ဒါကို ဖျက်ဆီးမယ့် နည်းလမ်းနဲ့ လဲလှယ်ဖို့ မလုံလောက်သေးပါဘူး။”
ချင်ယွမ်ဖုန်း အားကိုးရာမဲ့သွားရသည်။ အဆုံးသတ်တွင် ၎င်းမှာ ယုံကြည်မှုတန်ဖိုး၏ ကိစ္စရပ်သာ ဖြစ်နေဆဲပင်။ ထို့အပြင် သူသည် နောင်တွင် နတ်ဘုရားနယ်ပယ်၏ ကျင့်ကြံခြင်းပညာရပ်များကို ကျင့်ကြံရန် လိုအပ်မည်ဖြစ်ပြီး ပိုမိုအားကောင်းသော ပညာရပ်အချို့ကို စနစ်မှတစ်ဆင့်သာ လဲလှယ်နိုင်မည် ဖြစ်သည်။ သူသည် ပိုမိုများပြားသော ယုံကြည်မှုတန်ဖိုးများကို ဆက်လက် စုဆောင်းရန် လိုအပ်နေသေးပုံရချေသည်။
ဤလွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးကို တံဆိပ်တော် ဖျက်ဆီးရန် ကူညီပေးခြင်းမှာ လွယ်ကူသောအလုပ် မဟုတ်ပေ။ သူသည် မိမိ၌ရှိသော နတ်ဘုရားဆေးလုံးအချို့ကို သူ့အား အသက်ဆက်နိုင်ရန် ပေးလှူထားမည်ဖြစ်ပြီး နောင်တွင် ပိုမိုကောင်းမွန်သော နည်းလမ်းရှိလာပါက သူ့ကို ပြန်လည်ရှာဖွေရန် လာခဲ့မည် ဖြစ်သည်။
ဤသို့ တွေးတောရင်းဖြင့် ချင်ယွမ်ဖုန်းသည် နတ်ဘုရားဆေးလုံးများကို ထုတ်ယူရန် ဆုံးဖြတ်လိုက်ချေသည်။
အခန်း(၁၀၂၄)
သို့သော်လည်း အတိအကျ ထိုအချိန်၌ပင် ရှောင်လင်က ရုတ်တရက် ဆိုလာချေသည်။ "သခင်... ရှောင်လင် ဆင့်ကဲပြောင်းလဲပြီးတဲ့နောက်မှာ စနစ်က သခင်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ပံ့ပိုးကူညီမှုတွေကို ထောက်ရှုပြီး အဆင့်မြှင့်တင်မှု လက်ဆောင်ထုပ်တစ်ခု ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သခင်က အခုထိ မယူရသေးဘူးနော်။"
"ဘာ... အဲဒီလိုမျိုးလည်း ရှိသေးတာလား။ ဘာလို့ စောစောစီးစီး မပြောခဲ့ရတာလဲ။" ချင်ယွမ်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသလို ရွေးချယ်စရာမရှိသည့် လေသံဖြင့် ဆိုလိုက်ချေသည်။
ရှောင်လင်ကလည်း အပြစ်မရှိဘဲ ခံရသည့် ပုံစံမျိုးဖြင့် ချက်ချင်းပင် ပြန်လည်ပြောဆိုလာ၏။ "ကျွန်မ ပြောပြချင်တာပေါ့။ ဒါပေမဲ့ စနစ်က ဆင့်ကဲပြောင်းလဲပြီးတဲ့နောက် တည်ငြိမ်ဖို့ အချိန်အနည်းငယ် လိုအပ်နေလို့ပါ။ ဒါကြောင့် သခင်ရဲ့ အဆင့်မြှင့်တင်မှု လက်ဆောင်ထုပ်က အခုမှပဲ ရောက်လာနိုင်တာ..."
ချင်ယွမ်ဖုန်း အနည်းငယ် ဆွံ့အသွားပြီး မိမိ စိတ်လှုပ်ရှားသွားသည်ကို သတိပြုမိကာ အလျင်အမြန်ပင် တောင်းပန်လိုက်သည်။ "စိတ်မရှိပါနဲ့ ရှောင်လင်ရာ။"
"ဟွန့်။" ရှောင်လင်က အနည်းငယ် မကျေမနပ် ဖြစ်သွားကာ လက်ဆောင်ထုပ်ကို ချင်ယွမ်ဖုန်းထံ တိုက်ရိုက် ပစ်ပေးလိုက်ပြီးနောက် ကိုယ်ယောင်ဖျောက်ကာ ဘာမှ ထပ်မပြောတော့ချေ။
တစ်ပြိုင်နက်တည်းမှာပင် 'တင်း' ဟူသော အသံနှင့်အတူ စနစ်၏ အသိပေးချက် ထွက်ပေါ်လာပြီး ယင်းလက်ဆောင်ထုပ်မှာ ချင်ယွမ်ဖုန်း၏ သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိသွားကြောင်း ဖော်ပြနေချေသည်။
ချင်ယွမ်ဖုန်းက ရှောင်လင်ကို အကြိမ်ကြိမ် ခေါ်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့လိုက်ရ၏။ ယင်းကလေးမလေးမှာ တကယ်ပင် စိတ်ကောက်သွားပြီး ပုန်းအောင်းနေပြီဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်ချေသည်။
သူ မည်မျှပင် ခေါ်စေကာမူ အချည်းနှီးသာ ဖြစ်ပေရာ ထိုကလေးမလေး၏ စိတ်ခံစားချက်များက တကယ်ပင် ပိုမို ရှုပ်ထွေးလာချေပြီ။
ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပြီးနောက် အဆင့်မြှင့်တင်မှု လက်ဆောင်ထုပ်ဆိုသည်ကို ဖွင့်လှစ်လိုက်ချေသည်။
အဆုံး၌ ယင်းမှာ နတ်ဘုရားနယ်ပယ်သို့ အဆင့်မြှင့်တင်ထားသော စနစ်တစ်ခု ဖြစ်ပေရာ လက်ဆောင်ထုပ်အတွင်းရှိ ပစ္စည်းများမှာလည်း အလွန်ပင် တန်ဖိုးကြီးလှချေသည်။
၎င်းကို ဖွင့်လှစ်ပြီးနောက် ချင်ယွမ်ဖုန်းက "ထိုက်ရွှီဓားရှည်" ဟု အမည်ရသော နတ်ဘုရားဓားရှည်တစ်လက်နှင့် ပြည့်စုံသော ဓားသိုင်းကျမ်းတစ်စုံကို ရရှိခဲ့ချေသည်။ ထို့အပြင် နတ်ဘုရားကျောက်တုံး တစ်ရာနှင့် နတ်ဘုရားဆေးလုံး နှစ်လုံးလည်း ပါဝင်နေသေး၏။ နတ်ဘုရားဆေးလုံး တစ်လုံးမှာ ကြက်သွေးရောင် ဖြစ်ပြီး အခြားတစ်လုံးမှာမူ ရွှေဝါရောင် ဖြစ်ချေသည်။
ထိုနတ်ဘုရားဆေးလုံး နှစ်လုံးကို သေချာစွာ စိုက်ကြည့်ရင်း ချင်ယွမ်ဖုန်းက ကြက်သွေးရောင် နတ်ဘုရားဆေးလုံးကို သူမသိသော်လည်း ရွှေဝါရောင် နတ်ဘုရားဆေးလုံးမှာမူ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရချေသည်။
အကြောင်းမူကား သူ သိုင်းပညာရှင်လောကတွင် ရှိစဉ်က ထိုရွှေဝါရောင် နတ်ဘုရားဆေးလုံးမှာ ဒဏ္ဍာရီလာ ကိုးလှည့်ကမ္ဘာဦးဆေးလုံးကြီး ဖြစ်ကြောင်း သိရှိခဲ့ဖူးသောကြောင့် ဖြစ်ချေသည်။
ယင်းကို ရေတွက်၍မရနိုင်သော နတ်သားရဲများ၏ အနှစ်သာရသွေးများကို ပေါင်းစပ်၍ သန့်စင်ဖော်စပ်ထားခြင်းပင်။ လူတစ်ယောက်တွင် အသက်ရှူသံ တစ်ချက်မျှသာ ကျန်ရှိတော့သည့်တိုင်အောင် ၎င်းကို သောက်သုံးလိုက်ပါက သေဘေးမှ ပြန်လည်ရှင်သန်လာနိုင်သလို မမျှော်လင့်ထားသော အံ့ဖွယ် အသုံးဝင်ပုံများစွာလည်း ရှိပေသေးသည်။
ချင်ယွမ်ဖုန်းက နတ်ဘုရားဆေးလုံးများနှင့် ပတ်သက်၍ ဗဟုသုတ နည်းပါးလှသဖြင့် ကိုးလှည့်ကမ္ဘာဦးဆေးလုံးကြီး၏ တိကျသော အာနိသင်များကို အပြည့်အဝ နားမလည်ချေ။
သို့သော်လည်း ချင်ယွမ်ဖုန်းက ကိုးလှည့်ကမ္ဘာဦးဆေးလုံးကြီးနှင့် ကြက်သွေးရောင် နတ်ဘုရားဆေးလုံး နှစ်လုံးစလုံးကို လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးထံ ပေးအပ်ရန် ဆုံးဖြတ်လိုက်ချေသည်။ မ
ည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်မှာ လက်ရှိတွင် ထိုအရာနှစ်ခုကို ယာယီအားဖြင့် မလိုအပ်သေးချေ။ နတ်ဘုရားဓားရှည်နှင့် အတူပါလာသော ထိုက်ရွှီဓားသိုင်းကိုမူ သူ သိမ်းဆည်းထားရမည် ဖြစ်ပေရာ ယင်းတို့က သူ၏ အင်အားကို ဆုံးဖြတ်ပေးမည့် အရာများ ဖြစ်ချေသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းက စိတ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်ပြီး နတ်ဘုရားဆေးလုံး နှစ်လုံးကို တိုက်ရိုက် ထုတ်ယူလိုက်ကာ လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးကို မော့ကြည့်ရင်း ဆိုလိုက်သည်။
"စီနီယာ... ကျွန်တော့်ဆီမှာ ကောင်းမွန်တဲ့ ဝိညာဉ်ဆေးလုံးတွေ မရှိပါဘူး။ မဆိုးဘူးလို့ ပြောလို့ရတဲ့ နတ်ဘုရားဆေးလုံး နှစ်လုံးပဲ ရှိတာပါ။ ဒါတွေကို စီနီယာ့ကိုပဲ အကုန်ပေးပါ့မယ်။"
ပြောပြီးသည်နှင့် ချင်ယွမ်ဖုန်းက သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ ချက်ချင်းပင် ကြက်သွေးရောင် နတ်ဘုရားဆေးလုံးနှင့် ကိုးလှည့်ကမ္ဘာဦးဆေးလုံးကြီးတို့မှာ တစ်ဖက်လူ၏ ရှေ့မှောက်၌ ပေါ်ထွက်လာချေသည်။
---
လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးက သူ၏ လက်ကို ရိုးရှင်းစွာပင် တစ်ချက် ဝေ့ကြည့်လိုက်ပြီး ထိုသူထံမှ ကောင်းမွန်သော အရာတစ်ခုခု ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားချေ။
သို့သော်လည်း သူ၏ အကြည့်က ကြက်သွေးရောင် နတ်ဘုရားဆေးလုံးပေါ်သို့ ကျရောက်သွားသည့် ခဏ၌ တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ "ဒါ... ဒါက ကောင်းကင်ဘုံလမ်းစဉ် ရတနာမီးလျှံဆေးလုံးပဲ။"
ချင်ယွမ်ဖုန်းက မေးလိုက်သည်။ "စီနီယာက ဒါကို သိတာလား။"
လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ဆိုချေသည်။ "မင်းက ကောင်းကင်ဘုံလမ်းစဉ် ရတနာမီးလျှံဆေးလုံးကို ထုတ်ပေးနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီနတ်ဘုရားဆေးလုံး တစ်လုံးတည်းနဲ့တင် လုံလောက်ပြီ။ ဒီဆေးလုံးရဲ့ အဓိက ရည်ရွယ်ချက်က အရေးကြီးတဲ့ အချိန်မှာ အတားအဆီးကို ဖောက်ထွင်းဖို့ ဖြစ်ပေမဲ့ ငါ့ရဲ့ အခု အခြေအနေအတွက်လည်း အသုံးဝင်တဲ့ အခြားအာနိသင်တစ်ခု ရှိသေးတယ်လေ။"
ပြောပြီးသည်နှင့် လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီး၏ မျက်နှာအမူအရာက ချက်ချင်းပင် စိတ်လှုပ်ရှားသွားချေသည်။ အမှန်တိုင် ပြောရလျှင် သူ ပြောပြီးနောက် ချင်ယွမ်ဖုန်းကို ကြည့်သည့် အကြည့်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် စွက်ဖက်နေချေသည်၊ အကြောင်းမူကား ချင်ယွမ်ဖုန်းက ထိုနတ်ဘုရားဆေးလုံးကို သူ့အား မပေးဘဲ နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်ချေသည်။
အဆုံး၌ သူက ယင်းအရာမှာ မိမိအတွက် ထိရောက်မှု ရှိကြောင်း အခုလေးတင် ပြောလိုက်သည် မဟုတ်လော။
"ဟဲဟဲ... စီနီယာ့ကြည့်ရတာ အတွေးလွန်နေပုံရတယ်နော်။" ချင်ယွမ်ဖုန်းက တစ်ဖက်လူ၏ အတွေးကို အကဲခတ်မိသည့်အလား ပြုံးလျက် ဆိုလိုက်သည်။ "ကျွန်တော် စီနီယာ့အကြောင်းတွေကို အများကြီး သိသွားပြီလေ။ အခုလည်း စီနီယာ လိုချင်တဲ့အရာက ကျွန်တော့်လက်ထဲမှာ ရှိနေတယ်။ အကယ်၍ ကျွန်တော် ဒါကို စီနီယာ့ကို မပေးရင် စီနီယာက ကျွန်တော့်ကို အလွယ်တကူ ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူးမလား။ ဒါကြောင့် စီနီယာ့ကိုပဲ ပေးလိုက်ပါ့မယ်။"
ထိုသို့ဆိုကာ ချင်ယွမ်ဖုန်းက နတ်ဘုရားဆေးလုံး နှစ်လုံးစလုံးကို တိုက်ရိုက် ပေးအပ်လိုက်ချေသည်။
သို့သော်လည်း တစ်ဖက်လူ၏ နဂါးလက်သည်းက ရုတ်တရက် လှမ်းဆွဲလိုက်ပြီး ကောင်းကင်ဘုံလမ်းစဉ် ရတနာမီးလျှံဆေးလုံးကို တိုက်ရိုက် ဖမ်းယူလိုက်ကာ ကိုးလှည့်ကမ္ဘာဦးဆေးလုံးကြီးကိုမူ သူ၏ လက်ဖမိုးဖြင့် တွန်းထုတ်ရင်း ချင်ယွမ်ဖုန်းကို ဆိုလာ၏။
"ငါက တစ်လုံးပဲ လိုတာပါ။ ဒီနတ်ဘုရားဆေးလုံးကိုတော့ မင်းပဲ သိမ်းထားလိုက်ပါ၊ အရေးကြီးတဲ့ အချိန်ကျရင် မင်းရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်။"
ပြောပြီးနောက် သူက ကောင်းကင်ဘုံလမ်းစဉ် ရတနာမီးလျှံဆေးလုံးကို မိမိရှေ့သို့ ယူဆောင်သွားပြီး သူ၏ မျက်လုံးနှစ်လုံးကို အနည်းငယ် လှုပ်ရှားကာ ချင်ယွမ်ဖုန်းကို စိုက်ကြည့်ရင်း ဆိုသည်။ "မင်းက ငါ့အကြောင်းတွေကို အများကြီး သိထားပြီးပြီ ဖြစ်သလို အလွယ်တကူလည်း ထွက်သွားလို့ မရဘူးလေ။ အခု ငါ ဒီနတ်ဘုရားဆေးလုံးကို မျိုချပြီးတာနဲ့ မင်းကို သတ်ပစ်မှာကို မကြောက်ဘူးလား။"
ချင်ယွမ်ဖုန်းက ရယ်မောလိုက်၏။ "စီနီယာ... ကျွန်တော်ကလည်း အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့လူမျိုး မဟုတ်ပါဘူး။"
"ဟား..." တစ်ဖက်လူက မည်သည့်အဓိပ္ပာယ်မှန်းမသိဘဲ ဖွဖွရယ်မောလိုက်သော်လည်း အတိအကျ ထိုအချိန်၌ပင် သူ၏ နဂါးလက်သည်းက ချင်ယွမ်ဖုန်းထံသို့ ရုတ်တရက် ဆန့်တန်းလာချေသည်။
အရိုးထဲအထိ အေးစိမ့်သွားစေမည့် အအေးဓာတ်က ချင်ယွမ်ဖုန်းကို ချက်ချင်းပင် လွှမ်းမိုးသွားပြီးနောက် ပြင်းထန်သော ဖိအားတစ်ခုက ချင်ယွမ်ဖုန်းထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာရာ ထိုနေရာ၌ပင် သူ့ကို မြေပြန့်သွားစေမည့်အလား ဖြစ်ချေသည်။
ချင်ယွမ်ဖုန်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီးနောက် သူက နတ်ဘုရားဝိညာဉ်စွမ်းအင်များကို စတင် စုစည်းလိုက်ချေသည်။
သို့သော်လည်း ထိုအချိန်၌ပင် ချင်ယွမ်ဖုန်းက ပတ်ဝန်းကျင်ရှိ ဖိအားများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ ယင်း၏ နောက်တွင် ရေခဲပြာရောင် နဂါးအကြေးခွံတစ်ခုက သူ၏ ရှေ့မှောက်၌ ပေါ်လာပြီး တစ်ကိုယ်လုံး ကြည်လင်တောက်ပနေကာ နက်ရှိုင်းသော စွမ်းအားများ ကိန်းအောင်းနေပုံရချေသည်။
"ဒီနဂါးအကြေးခွံထဲမှာ ငါ့ရဲ့ နတ်ဘုရားဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်း နည်းလမ်းကို မှတ်တမ်းတင်ထားတယ်။ ငါက လူမျိုးစုအသီးသီးရဲ့ အားသာချက်တွေကို ပေါင်းစပ်ထားတာပါ။ လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်၊ တစ္ဆေမျိုးနွယ် ဒါမှမဟုတ် ရှာယောင်မျိုးနွယ်ပဲ ဖြစ်ဖြစ် အားလုံးက ဒီနည်းလမ်းအတိုင်း ကျင့်ကြံနိုင်တယ်လေ။ မင်းက ငါ့ကို ဒီလောက် အဖိုးတန်တဲ့အရာ ပေးခဲ့တာဆိုတော့ ငါကလည်း အတ္တကြီးပြီး ပြန်မပေးဘဲ မနေနိုင်ပါဘူး။ ယူထားလိုက်။" လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးက ဆိုလာချေသည်။
ချင်ယွမ်ဖုန်းက ခဏမျှ ဆွံ့အသွားပြီးနောက် သူ၏ မျက်နှာတွင် အံ့ဩဝမ်းသာမှုများ ပေါ်ထွက်လာ၏။ တစ်ဖက်လူက သူ့အား နတ်ဘုရားဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်း လျှို့ဝှက်ချက်ကို ပြောပြခြင်းမှာ သူ့အတွက် ကောင်းကင်ဘုံက ပေးသနားသော ဆုလာဘ်တစ်ခုပင် ဖြစ်ချေသည်၊ ထို့အပြင် ယင်းမှာ ယခင်က နတ်ဘုရားအရှင်သခင် တစ်ဦး ကျင့်ကြံခဲ့သည့် ကျင့်စဉ်ပညာရပ် ဖြစ်ပေရာ ၎င်း၏ တန်ဖိုးမှာ ပြောပြနေစရာပင် မလိုတော့ချေ။
ချင်ယွမ်ဖုန်းက များစွာ တုံ့ဆိုင်းမနေဘဲ ထိုကျင့်စဉ်ပညာရပ်ကို တိုက်ရိုက် သိမ်းဆည်းလိုက်ပြီးနောက် ထိုနေရာ၌ပင် တင်ပလ္လင်ခွေ ထိုင်လိုက်ချေသည်။
သူက ထိုကျင့်စဉ်ပညာရပ်ကို ချက်ချင်းပင် စတင် ကျင့်ကြံလိုက်၏။ နဂါးအကြေးခွံပေါ်တွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများက ကျယ်ပြန့်လှသော်လည်း ချင်ယွမ်ဖုန်းက ယင်းတို့အနက် အများကြီးကို နားမလည်နိုင်သေးချေ။
သူက အစိတ်အပိုင်းအချို့ကိုသာ နားလည်နိုင်ပြီးနောက် သူ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်လိုက်ချေသည်။ ခဏမျှ ကြိုးစားကြည့်ပြီးနောက် သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအင် သန့်စင်သည့် အရှိန်အဟုန်မှာ ပိုမို မြန်ဆန်လာပြီး သူ သန့်စင်လိုက်သော နတ်ဘုရားဝိညာဉ်စွမ်းအင်များမှာလည်း ယခင်ကထက် များစွာ ပိုမို သိပ်သည်းလာကြောင်း ချက်ချင်းပင် သိရှိလိုက်ရချေသည်။
"ဘယ်လိုလဲ။" လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးက သူ မတ်တတ်ရပ်လာသည်ကို ကြည့်ရင်း မေးလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ ဆိုလိုက်သည်။ "စီနီယာ့ရဲ့ ကျင့်စဉ်ပညာရပ်က တကယ်ကို ပြောင်မြောက်လှပါတယ်။"
တစ်ဖက်လူက ဆိုလာချေသည်။ "ငါတို့တွေ အပြန်အလှန် ကျေးဇူးဆပ်ပြီးကြပြီလေ။ ဒီနေရာက မင်း ရေရှည်နေဖို့ မသင့်တော်ဘူး။ ငါ မင်းကို ပြန်ပို့ပေးမယ်။ ပြီးတော့ ငါတို့ကြားထဲက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အပြင်လူတွေကို မသိစေတာ အကောင်းဆုံးပဲ။"