အခန်း (၁၀၂၅-၁၀၂၆)
Vol. 49 Ch. 1025-1026
အခန်း(၁၀၂၅)
ချင်ယွမ်ဖုန်းသည် သူပြောလိုသည့် အဓိပ္ပာယ်ကို နားလည်သဖြင့် ခေါင်းညိတ်ကာ "စိတ်မပူပါနဲ့၊ ခုနက ရောက်လာတဲ့ မိန်းကလေးကလွဲလို့ တခြားဘယ်သူ့ကိုမှ ကျွန်တော် ဖွင့်မပြောပါဘူး" ဟု ဆိုလိုက်ချေသည်။
လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးသည် ခေါင်းညိတ်ပြလိုက်ရာ ထိုခဏ၌ပင် ရေပြင်ထံမှ အားကောင်းလှသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်းအား တိုက်ရိုက် ရစ်ပတ်ပတ်ချာလည် သွားစေခဲ့သည်။
ခေတ္တမျှအကြာတွင် ခဲနေသော ရေခဲလွှာများ စတင် အရည်ပျော်သွားပြီး ချင်ယွမ်ဖုန်းသည် ယင်းစွမ်းအား၏ ဆွဲတင်မှုကြောင့် အပြင်သို့ ပါသွားချေသည်။ ရေအောက်ခြေ၌ ကျန်ရစ်သော လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီး၏ ပုံရိပ်သည် တဖြည်းဖြည်း သေးငယ်သွားသည်ကို ကြည့်ရင်း ခဏချင်း၌ပင် ချင်ယွမ်ဖုန်းသည် ရေပွက်သံနှင့်အတူ ရေပြင်ပေါ်သို့ ဝုန်းခနဲ ပေါ်ထွက်လာခဲ့၏။
"သူ ထွက်လာပြီ"
ထိုသို့သော အချိန်၌ အိုယန်ယွန်း၏ ဝမ်းသာအားရ အော်ဟစ်သံ ထွက်ပေါ်လာချေသည်။
ချင်ယွမ်ဖုန်း မော့ကြည့်လိုက်သောအခါ အိုယန်ယွန်းသည် ထွက်မသွားဘဲ မိမိအား စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ ပတ်ပတ်လည်ရှိ ကျောက်တိုင်များကြားမှ ပိတ်လှောင်ခြင်း အစီအရင်များသည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ အိုယန်ယွန်းသည် ရှေ့သို့ လှမ်းလာပြီး "အောက်က နဂါးနဲ့တူတဲ့ နတ်သားရဲက ဘယ်လိုနေလဲ" ဟု မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းက "သူ အဆင်ပြေပါတယ်၊ ကျွန်တော်တို့ အဆင်ပြေပြေ စကားပြောခဲ့ကြတယ်၊ ဘာပြဿနာမှ မရှိခဲ့ပါဘူး၊ နောက်နောင် ကျရင်လည်း သူ့ကို သွားပြီး မနှောင့်ယှက်ရင် ရပါပြီ" ဟု ပြောလိုက်သည်။
"ဟင်" အိုယန်ယွန်းသည် အနည်းငယ် အံ့အားသင့်သွားပြီး ချင်ယွမ်ဖုန်းက နတ်သားရဲတစ်ကောင်နှင့် ဤမျှ အဆင်ပြေပြေ ဆက်ဆံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ၏ စကားများကြောင့် သူမ အနည်းငယ် အံ့ဩသွားရသည်။ သူမသည် တစ်ခုခုကို ထပ်မံ မေးမြန်းလိုသော်လည်း ချင်ယွန်းဖုန်းက သူမ၏ စိတ်ကူးကို ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။
"အချို့သော အကြောင်းအရာတွေကို အရမ်း စပ်စုလို့ မကောင်းဘူး၊ အောက်က နတ်သားရဲက ကျွန်တော်တို့အပေါ် မကောင်းတဲ့ စိတ်မရှိပါဘူး၊ သူက နှောင့်ယှက်ခံရတာကို မကြိုက်ရုံတင်မလို့ နင် ဒါကို လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းပေးဖို့ မျှော်လင့်ပါတယ်" ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။ သူမ မည်သို့ တွေးတောမည်ကို မသိသော်လည်း ထိုသို့ သတိပေးရန်မှာ မဖြစ်မနေ လိုအပ်လှ ပေရာသည်။
အိုယန်ယွန်းတွင် မူလက ဤလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးရန် တာဝန်မရှိသော်လည်း ယခုအခါ ချင်ယွမ်ဖုန်းနှင့်အတူ ရောက်ရှိလာပြီး သူ၏ ဝိညာဉ်ကျောက်တုံးများကို ပြန်လည်ရယူရန် မကူညီနိုင်ခဲ့သည့်အပြင် သူ့ကို အန္တရာယ်တွင်းသို့ပင် တွန်းပို့သကဲ့သို့ ဖြစ်ခဲ့ရသည်။
ထို့ပြင် အိုယန်ယွန်းသည် ချင်ယွမ်ဖုန်းနှင့် ထိုနတ်သားရဲတို့ အောက်ခြေ၌ ရိုးရိုးတန်းတန်း စကားစမြည် ပြောဆိုခဲ့ကြသည်မဟုတ်ကြောင်း ကောင်းစွာ သိရှိနေသည်။ အကယ်၍ အကျိုးစီးပွားချင်း ဖလှယ်မှု တစ်စုံတစ်ရာ မရှိခဲ့ပါက ချင်ယွမ်ဖုန်းသည် ဤမျှ လွယ်လွယ်ကူကူနှင့် ပြန်ထွက်လာနိုင်စရာ အကြောင်းမရှိပေ။
ယခုအခါ ချင်ယွမ်ဖုန်းက ထိုသို့ ပြောဆိုလာသဖြင့် အားနာစိတ် ဖြစ်ပေါ်နေသော အိုယန်ယွန်းသည် ခေါင်းညိတ် သဘောတူလိုက်ရတော့သည်။
---
"ကျွန်တော်တို့ ဟို ကျူးကျော်သူတွေကို ဆက်ရှာကြရအောင်၊ အဓိက တာဝန်ကို မေ့လို့မဖြစ်ဘူး" ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်၏။
အိုယန်ယွန်းက "ကောင်းပြီလေ" ဟု ပြန်ပြောသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် မသေမျိုးငှက်ကို စီးနင်းကာ ထပ်မံ လှည့်ကင်းထွက်ခဲ့ကြသည်။ ယခုတစ်ကြိမ်တွင်မူ သူတို့နောက်ဆုံး၌ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ သူတို့ ပျံသန်းထွက်ခွာလာပြီး မကြာမီမှာပင် ရှေ့ဘက်ရှိ တောင်တန်း သစ်တောများဆီမှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။
ထိုစွမ်းအင်များသည် အလွန် တုန်ခါနေပြီး တစ်စုံတစ်ဦး တိုက်ပွဲဖြစ်ပွားနေသည့်အလား ထင်မှတ်ရပေသည်။
ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်သည် အိုယန်ယွန်းထက် ပိုမိုမြင့်မားသဖြင့် သူက အရင်ဆုံး ရိပ်မိလိုက်ခြင်းပင်။ ထိုခဏ၌ ပိဖူကျန့်၊ ကျွမ်ယွမ်နှင့် မီးလျှံနဂါးသားရဲကြီးတို့ ထွက်ခွာသွားသည်မှာ မကြာသေးကြောင်း ချင်ယွမ်ဖုန်း သတိရသွားသည်။ ယခုအချိန်တွင် သူတို့သည် အပြင်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်ပြီး ရှေ့ဘက်တွင် တစ်စုံတစ်ရာနှင့် ကြုံတွေ့နေရခြင်း ဖြစ်တန်ရာသည်။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်ပွားနေပါက အန္တရာယ် တစ်စုံတစ်ရာ ရှိနေနိုင်ချေ ရှိသည်။
ထိုသို့ တွေးတောမိသည်နှင့် ချင်ယွမ်ဖုန်းသည် မသေမျိုးငှက်ပေါ်မှ ခုန်ဆင်းလိုက်ပြီး အိုယန်ယွန်းအား "ငါ အရင်သွားနှင့်မယ်" ဟု ပြောကြားလိုက်ချေသည်။ စကားဆုံးသည်နှင့် ချင်ယွမ်ဖုန်းသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး စွမ်းအင် လှိုင်းများ ထွက်ပေါ်ရာ အရပ်သို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။
သူ၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လှသဖြင့် မသေမျိုးငှက်ကို စီးနင်းထားသော အိုယန်ယွန်းပင်လျှင် ဤအခိုက်အတန့်၌ သူ့နောက်သို့ တိုက်ရိုက် မမှီနိုင်တော့ပေ။
ထိုနေရာသို့ ချဉ်းကပ်မိသောအခါ ချင်ယွမ်ဖုန်းသည် ပုန်းကွယ်ရန် ကျောက်ဆောင်ကြီးတစ်ခုကို ရှာဖွေလိုက်ပြီး ရှေ့ဘက်သို့ အကဲခတ်ကြည့်ရှုလိုက်သည်။
သူသည် အမည်းရောင် ဝတ်စုံဝတ် လူအချို့အား ဝိုင်းရံထားကြသော သိုင်းပညာရှင် အများအပြားကို ချက်ချင်း တွေ့ရှိသွားခဲ့သည်။ ထိုအမည်းရောင် ဝတ်စုံဝတ် လူများသည် အစွမ်းထက်ကြသော်လည်း အားလုံး ပြင်းထန်သော ဒဏ်ရာများ ရရှိထားပုံ ရချေသည်။ တစ်ဖက်လူများနှင့် တိုက်ခိုက်ရာတွင် ဒဏ်ရာ အပြင်းထန်ဆုံး ရရှိထားသူ အချို့မှာ လဲပြိုသွားခဲ့ပြီ ဖြစ်ရာ ယခုအခါ အမည်းရောင် ဝတ်စုံဝတ် လူနှစ်ဦးသာ ကြံ့ကြံ့ခံ အံတုနေရတော့သည်။
အခြားတစ်ဖက်တွင်မူ ဝတ်ရုံရှည်ကို ဆင်မြန်းထားသော လူငယ်တစ်ဦး ရပ်တန့်နေပြီး သူသည် ထင်ရှားသော မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ဦးနှင့် တူလှပေသည်။
သူ၏ အဝတ်အစားများမှာ အလွန်ပင် ဇိမ်ခံဆန်းပြားပြီး အရှိန်အဝါမှာလည်း ထူးခြားလှသည့်အပြင် ကျင့်စဉ်မှာလည်း ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ အစွမ်းအစမှာ ထူးချွန်ပြောင်မြောက်သည်ဟု ပြောနိုင်ပေသည်။
ကျန်ရှိနေသော အမည်းရောင် ဝတ်စုံဝတ် လူနှစ်ဦးထံမှ ခံစားနေရသည့် စွမ်းအားများအရ သူတို့သည် နတ်ဘုရားတစ်ပိုင်းအဆင့် ရှိကြသည်မှာ သေချာသည်။
သို့သော်လည်း ပြင်းထန်သော ဒဏ်ရာများကြောင့် သူတို့၏ အင်အားမှာ များစွာ ဆုတ်ယုတ်နေပြီး သိုင်းပညာရှင်များ၏ ဝိုင်းရံတိုက်ခိုက်မှုကို အသည်းအသန် ခုခံနေရခြင်း ဖြစ်သည်။
သို့သော်လည်း ထိုသိုင်းပညာရှင်များ၏ ကျင့်စဉ်အဆင့်မှာ အနည်းငယ် လိုအပ်ချက် ရှိနေသေးပုံ ရသည်။
အကယ်၍ ထိုသခင်လေးသာ ယခုအခါ ကိုယ်တိုင် လှုပ်ရှားလိုက်ပါက ဤလူနှစ်ဦးကို ရှင်းလင်းရန် ပိုမို လွယ်ကူသွားမည် ဖြစ်သော်လည်း ထိုသခင်လေး၌ လှုပ်ရှားမည့် အရိပ်အယောင် လုံးဝ မရှိပေ။ ချင်ယွမ်ဖုန်းသည် ယင်းကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
ထိုသခင်လေး၏ ဘေးနားရှိ နောက်လိုက်တစ်ဦးပင်လျှင် ထူးဆန်းသည်ဟု ခံစားရပုံဖြင့် "သခင်လေး၊ ဒီနှစ်ယောက်က လဲလုလု အခြေအနေ ရောက်နေပြီ ဆိုပေမဲ့ မသေခင် ရုန်းကန်မယ့် အင်အားကိုတော့ လျှော့တွက်လို့ မရဘူး၊ အကယ်လို့ သခင်လေးကိုယ်တိုင် လှုပ်ရှားမယ်ဆိုရင် သူတို့ကို သတ်ရတာ ပိုလွယ်ကူသွားနိုင်တယ်" ဟု ဆိုလိုက်၏။
ထိုသခင်လေးသည် ခပ်ပြုံးပြုံး လုပ်လိုက်ပြီးနောက် "ငါ့ရဲ့ အစွမ်းအစက တကယ်ပဲ ကြီးမားပါတယ်၊ ဒါပေမဲ့ ငါက ဒီလိုနေရာမျိုးမှာ ငါ့ရဲ့ စွမ်းအားတွေကို အလဟဿ မဖြုန်းတီးချင်ဘူး၊ နောက်ပြီး ငါက အခု ဒီလက်အောက်ငယ်သားတွေကို စုဆောင်းနေတာ၊ သူတို့ကို ကောင်းကောင်း အသုံးချဖို့ ပြင်ဆင်နေတာလေ၊ အကယ်လို့ သူတို့မှာ ဘာအရည်အချင်းမှ မရှိဘူးဆိုရင် ငါက အသုံးမကျတဲ့ အမှိုက်တွေကို စုဆောင်းမိသလို ဖြစ်မသွားဘူးလား၊ အဲဒီကျရင် ဘာအသုံးဝင်မှာလဲ" ဟု အေးတိအေးစက် ပြောလိုက်သည်။
"ဟင်" အခြားတစ်ယောက်မှာ ဆွံ့အသွားပြီးနောက် ခေါင်းညိတ်ကာ "သခင်လေး၊ ကျွန်တော် နားလည်ပါပြီ" ဟု ဆိုလိုက်ချေသည်။
"နားလည်ရင် ကောင်းတာပေါ့၊ ငါ့ဘေးနားမှာ ရပ်နိုင်တဲ့ မင်းတို့အနည်းငယ်က သူတို့ထက် ပိုအစွမ်းထက်တယ်၊ သူတို့က နည်းနည်း လိုအပ်ချက်ရှိပြီး ရန်သူကို စိန်ခေါ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး ဆိုပေမဲ့ ငါကိုယ်တိုင် လှုပ်ရှားရမယ့် အလှည့်တော့ မဟုတ်သေးဘူး၊ မင်းတို့ သုံးယောက် ရှေ့ထွက်ပြီး မင်းတို့ရဲ့ တန်ဖိုးကို သက်သေပြလိုက်ကြ၊ အဲဒီကျမှ မင်းတို့ကို စုဆောင်းဖို့ ငါသုံးခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေအတွက် ငါ စိတ်အေးရမှာ" ဟု သခင်လေးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ဝိညာဉ်ကျောက်တုံးများ အကြောင်းကို ကြားလိုက်ရသောအခါ ထိုသူ၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။ ထို့နောက် သူသည် ဘေးနားရှိ အဖော်နှစ်ဦးကို ကြည့်လိုက်ပြီး သခင်လေးအား လက်အုပ်ချီကာ "သခင်လေး စိတ်ချပါ၊ ကျွန်တော်တို့ သခင်လေးရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးစေမှာ မဟုတ်ပါဘူး" ဟု ဆိုလိုက်၏။
စကားပြောပြီးသည်နှင့် ထိုသုံးဦးသည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြတော့သည်။
ထိုသုံးဦးသည် သူတို့၏ ဝိညာဉ်လင်းဓားများကို လွှဲယမ်းလိုက်ကြရာ သူတို့၏ ကျင့်စဉ်စွမ်းအားများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ထိုသုံးဦးမှာ အနည်းငယ် အားနည်းသည်ဟု ဆိုနိုင်သော်လည်း ဘုရင်နယ်ပယ်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ အထူးသဖြင့် ထိုသုံးဦး အတူတကွ တိုက်ခိုက်လိုက်သောအခါ သူတို့၏ ဝိညာဉ်လင်းဓား သုံးစင်းသည် ဤအခိုက်အတန့်၌ ဓားအစီအရင်တစ်ခုကိုပင် ဖွဲ့စည်းသွားခဲ့သည်။
သူတို့သည် အမည်းရောင် ဝတ်စုံဝတ် လူနှစ်ဦးဆီသို့ တိုက်ရိုက် ပြေးဝင်သွားကြတော့သည်။
လူသုံးဦး ဖွဲ့စည်းထားသော ဓားအစီအရင်၏ စွမ်းအားမှာ သေးငယ်လှသည်မဟုတ်ရာ အမည်းရောင် ဝတ်စုံဝတ် လူများသည် ဖိအားကို ချက်ချင်း ခံစားလိုက်ရပြီးနောက် သူတို့နှစ်ဦးစလုံး စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။
သို့သော်လည်း တိုက်ခိုက်လာသော ဓားသမားသုံးဦးသည် ရန်သူများ စွမ်းအား ပေါက်ကွဲထွက်လာသည့်အခါ ဇွတ်အတင်း ဝင်ရောက်မတိုက်ခိုက်ကြချေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုအချိန်၌ နောက်ဆုတ်ရန် ရွေးချယ်လိုက်ကြသည်။ အကြောင်းမူကား သူတို့တွင် တိုက်ပွဲအတွေ့အကြုံ အချို့ ရှိနေကြပြီး ယခုအချိန်၌ နောက်ဆုတ်ခြင်းသည်ပင်လျှင် တိုက်စစ်ဆင်ခြင်း တစ်မျိုး ဖြစ်နေသောကြောင့်ပင်။
ထိုအမည်းရောင် ဝတ်စုံဝတ် လူနှစ်ဦးသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး အင်အားကုန်ခမ်းလုနီးပါး ဖြစ်နေချေပြီ။ သူတို့ကို အချိန်အနည်းငယ်မျှ ထပ်မံ အချိန်ဆွဲထားနိုင်သရွေ့ သူတို့ကို အောင်မြင်စွာ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
ထို့ပြင် ထိုသုံးဦးသည် အမည်းရောင် ဝတ်စုံဝတ် လူနှစ်ဦး ထွက်ပြေးသွားမည်ကိုလည်း မစိုးရိမ်ကြပေ။ သူတို့၏ ဓားအစီအရင်ကို ဖော်ထုတ်လိုက်သည့်အခါ လွတ်မြောက်နိုင်ခြေရှိသော ထောင့်စွန်းမှန်သမျှကို အကုန်လုံး ပိတ်ဆို့ထားပြီး ဖြစ်သည်။
အတန်ကြာ လှုပ်ရှားပြီးနောက် ထိုသုံးဦးသည် အမည်းရောင် ဝတ်စုံဝတ် လူနှစ်ဦး၏ အင်အားကို ကုန်ခမ်းစေခဲ့ပြီ ဖြစ်သည်။
"မဖြစ်ဘူး၊ ငါတို့ထဲက တစ်ယောက်ယောက်တော့ အလွတ်ရုန်းမှ ဖြစ်မယ်" အမည်းရောင် ဝတ်စုံဝတ် လူတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်ပြီး "မင်း မြန်မြန်သွား၊ ငါ သူတို့ကို တားထားမယ်" ဟု ဟိန်းဟောက်လိုက်တော့သည်။
အခန်း(၁၀၂၆) အိုချီဟွာ၏ သား အိုဘီဟဲ
သိုင်းပညာရှင်သည် စကားပြောပြီးသည်နှင့် သူ၏အဖော်ကို အဝေးသို့ လွင့်စင်သွားစေရန် ရုတ်တရက် တွန်းထုတ်လိုက်ချေသည်။
ဓားသမားသုံးဦးက ထိုအဖော်ကို ကြားဖြတ်တားဆီးရန် ကြိုးပမ်းစဉ် သိုင်းပညာရှင်၏ ခံတွင်းမှ ရိုင်းစိုင်းသော သားရဲတစ်ကောင်ကဲ့သို့ ဒေါသတကြီး ဟိန်းဟောင်သံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာချေသည်။
ချက်ချင်းဆိုသလိုပင် ဓားသမားသုံးဦးသည် သိုင်းပညာရှင်က ၎င်းတို့အား မြဲမြံစွာ ဆွဲကပ်ထားသည့် အစွမ်းထက် စုပ်ခွက်တစ်ခုအလား မိမိတို့ကိုယ်မိမိ မထိန်းချုပ်နိုင်ဘဲ သူ၏အနီးသို့ ဆွဲငင်ခြင်း ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
အပြင်စည်းနယ်မြေတွင် ရှိနေသည့် သိုင်းပညာရှင်များပင်လျှင် ထိုအရှိန်အဝါဖြင့် အတင်းအကျပ် ဆွဲခေါ်ခြင်း ခံလိုက်ရချေသည်။
သူ၏အဖော်ဖြစ်သူ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ချက်ချင်း ဖြတ်ပြေးသွားပြီး ထိုသိုင်းပညာရှင်သည် မိမိအား ကာကွယ်ရန် အသက်စွန့်နေခြင်းဖြစ်ကြောင်း သိရှိသဖြင့် ချက်ချင်းပင် လှည့်၍ ထွက်ပြေးလေတော့သည်။
ထိုစဉ် ချင်ယွမ်ဖုန်းသည် လူတိုင်းကို ဆွဲငင်နေသည့် သိုင်းပညာရှင်ကို တစ်ချက် ကြည့်လိုက်ရာ တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား မျက်မှောင်ကြုတ်သွားပြီး ထွက်ပြေးသွားသော အဖော်ဖြစ်သူနောက်သို့ ချက်ချင်းပင် လိုက်လံဖမ်းဆီးတော့သည်။
တစ်ချိန်တည်းမှာပင် ထွက်ပြေးခြင်းမရှိသည့် ဝတ်စုံနက်ဝတ် သိုင်းပညာရှင်သည် သူ၏ပတ်ပတ်လည်ရှိ ပြိုင်ဘက်များကို မြဲမြံစွာ ဖမ်းချုပ်ထားချေပြီ ဖြစ်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ၏ခန္ဓာကိုယ်မှ ဧရာမ စွမ်းအင်လှိုင်းကြီးတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာပြီး ဝတ်ဆင်ထားသော အဝတ်အစားများကို အစအနမကျန် ဆုတ်ဖြဲပစ်လိုက်သည်။
အခြားသိုင်းပညာရှင်များက သူ၏အသွင်အပြင်ကို မြင်သောအခါ အသက်ရှူရပ်မတတ် လန့်ဖျပ်သွားကြရချေသည်၊၊ အကြောင်းမူကား သူသည် လူသားတစ်ယောက်နှင့် မတူတော့ဘဲ ကိုယ်တွင်းစွမ်းအင်များက အပြင်သို့ တိုးထွက်နေသည့်အလား ခန္ဓာကိုယ်တစ်ခုလုံးတွင် မရေမတွက်နိုင်သော ဖောင်းကြွမှုများဖြင့် ဖျက်ဆီးရေးမကောင်းဆိုးဝါးဘုရင်တစ်ကောင်ကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
“မလုပ်နဲ့”
သူ ဖမ်းချုပ်ထားခြင်းခံရသည့် သိုင်းပညာရှင်များက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
နားကွဲမတတ် ဟိန်းဟောင်သံနှင့်အတူ အသက်ရှူခွင့်ပင် မရလိုက်ဘဲ ဝတ်စုံနက်ဝတ် သိုင်းပညာရှင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားရာ ထိုပေါက်ကွဲမှုအရှိန်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းမုန်တိုင်းသည် ပတ်ဝန်းကျင်သို့ ရက်ရက်စက်စက် ရိုက်ခတ်သွားချေသည်။
သခင်လေးပင်လျှင် ထိုဘေးမှ မလွတ်မြောက်နိုင်ခဲ့ဘဲ ပေါက်ကွဲမှုစွမ်းအားသည် သူ၏ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များကို ချက်ချင်းပင် စုတ်ဖြဲပစ်လိုက်တော့သည်။
သခင်လေးသည် ခုခံရန် ကြိုးစားသော်လည်း အချိန်မမှီတော့ပေ၊ ပြိုင်ဘက်၏ စွမ်းအားက မြန်ဆန်လွန်းလှသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏လက်ချောင်း၌ ဝတ်ဆင်ထားသည့် ကျောက်စိမ်းရောင် လက်စွပ်မှ ရုတ်တရက် စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ကို ချက်ချင်းပင် လွှမ်းခြုံကာကွယ်လိုက်သည်။
ခဏအကြာတွင် ပေါက်ကွဲမှုစွမ်းအင်များ ဖြတ်သန်းသွားပြီးနောက် သခင်လေး၏ ပုံရိပ်သည် ဒဏ်ရာအနာတရ လုံးဝမရှိဘဲ ပြန်လည်ပေါ်လာခဲ့သော်လည်း သူ၏လက်မှ အဖိုးတန်လှသော လက်စွပ်တွင်မူ အက်ကြောင်းများ ထင်ကျန်ရစ်ခဲ့ချေပြီ။
သခင်လေးသည် လက်စွပ်ကို ကြည့်ရင်း အလွန် စိတ်အနှောင့်အယှက်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ဤလက်စွပ်သည် သူ၏ကိုယ်ရံစွမ်းအင်အတွက် မှော်ရတနာတစ်ခုဖြစ်ပြီး သူ၏ဖခင်က ပေးသနားထားသည့် ရတနာတစ်ခုလည်း ဖြစ်ရာ ဤနေရာတွင် ပျက်စီးသွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
သို့သော် သူ မော့ကြည့်လိုက်သည့်အခါ ဝတ်စုံနက်ဝတ် သိုင်းပညာရှင်သည် အသားစအနများအဖြစ် ကြေမွသွားခဲ့ပြီဖြစ်ပြီး သူ၏ပတ်ပတ်လည်ရှိ လက်အောက်ငယ်သားများ အားလုံးသည်လည်း မြေပြင်ပေါ်တွင် လဲလျောင်းနေကြကာ အချို့မှာ ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်များပင် ပျက်စီးသွားကြချေပြီ။
ဓားသမားသုံးဦးမှာမူ ၎င်းတို့၏ နက်ရှိုင်းသော ကျင့်စဉ်အဆင့်ကြောင့် သေဆုံးခြင်းမရှိသော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် မြေပြင်မှ လူးလဲထရန် ခက်ခဲစွာ ကြိုးစားနေကြရသည်။
ယခုအချိန်တွင် သခင်လေးသည် အလွန် နှမြောတောင့်တဖြစ်ကာ စိတ်မကောင်းဖြစ်ရသည်၊၊ အကြောင်းမူကား ဤလူများသည် သူ ကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် အဓိကအမာခံအဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ နေရာမျိုးတွင် ယခုမျှအထိ အင်အားအများအပြား ဆုံးရှုံးရလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့်ပင်။
ဤသည်တို့မှာ သူ၏ ကြိုးစားအားထုတ်မှုများ ဖြစ်ပေသည်။
သူ၏ အမည်ရင်းမှာ အိုဘီဟဲ ဖြစ်ပြီး ကုဇေကြယ်၏ အရှင်သခင် အိုချီဟွာ၏ သား ဖြစ်သည်။
သူ့တွင် အစ်ကိုတစ်ယောက်လည်း ရှိပြီး ၎င်းတို့ညီအစ်ကို နှစ်ယောက်သည် ကြယ်တာရာအရှင်သခင် ရာထူးကို ဆက်ခံရန် ပြိုင်ဆိုင်နေကြသဖြင့် အမြဲတမ်း ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ ကွယ်ရာတွင်တစ်ဖုံ တိုက်ခိုက်နေကြရခြင်း ဖြစ်သည်။
ဤအမာခံအဖွဲ့များသည် ၎င်းတို့အတွက် အားအကိုးရဆုံးသော လက်နက်များဖြစ်ရာ ယခုအခါ မိမိ၏လူများစွာ ဆုံးရှုံးသွားသည်ကို မြင်ရသဖြင့် သူ အလွန် ရင်ကွဲမတတ် ခံစားရသည်။
ငွေကြေးမှာ ဒုတိယအချက်ဖြစ်သော်လည်း ဤကဲ့သို့သော လူများကို ပြုစုပျိုးထောင်ရန် မလွယ်ကူသဖြင့် သူ ငွေကြေးအမြောက်အမြား ထပ်မံ အသုံးချရဦးမည်ကို စိုးရိမ်မိသည်။
သို့သော်လည်း သူ၏ဘေးမှ ဝါရင့်ပညာရှင် သုံးဦး အသက်ရှင်နေသေးသည်ကို မြင်လျှင် အိုဘီဟဲသည် ချက်ချင်း လျှောက်သွားပြီး သူ၏ကိုယ်ပေါ်မှ ဝိညာဉ်ဆေးလုံးများကို ထုတ်ပေးကာ ၎င်းတို့ ဆေးသောက်သည်ကို စောင့်ကြည့်ရင်း ပြောလိုက်သည်။
“မင်းတို့အားလုံး ဒီတစ်ကြိမ်မှာ တကယ်ကို အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြတာပဲ၊ ငါတို့ ပြန်ရောက်ရင် အထေဆီကို ငါ သေချာပေါက် အစီရင်ခံတင်ပြပြီး မင်းတို့ကို အလဟဿ ဒဏ်ရာမရစေရဘူး”
ထိုသုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အိုဘီဟဲက ၎င်းတို့အား ကုသရန် ဝိညာဉ်ဆေးလုံးများ ပေးသည်ကပင် အလွန် ကောင်းမွန်လှပြီဖြစ်ရာ ကြယ်တာရာအရှင်သခင်ထံတွင် ၎င်းတို့၏ ကောင်းမှုကုသိုလ်များကို တင်ပြပေးမည်ဟူသော စကားကြောင့် အတိုင်းအဆမဲ့ ကျေးဇူးတင်ရှိသွားကြသည်။
ထို့ကြောင့် ၎င်းတို့သည် ပြင်းထန်သော ဒဏ်ရာများကြောင့် အပြောင်းအလဲ အကြီးအကျယ် မလုပ်နိုင်သော်လည်း လျင်မြန်စွာပင် ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုကြချေသည်။
အိုဘီဟဲသည် ၎င်းတို့ ပြန်လည်သက်သာလာသည်အထိ စောင့်ဆိုင်းပြီးနောက် ကုဇေကြယ်၏ အဓိကမြို့တော်သို့ တိုက်ရိုက် ပြန်လာခဲ့တော့သည်။
ကုဇေကြယ်၏ အဓိကမြို့တော်တွင်မူ ကာကွယ်ရေးစနစ်များသည် အလွန် တင်းကျပ်လျက် ရှိသည်။
မြို့တော်၏ အမြင့်ဆုံးနေရာတွင် တိမ်စင်္ကြာအထိ မြင့်မားလှသော အဆောက်အအုံကြီးများသည် ကောင်းကင်ယံကို ထိုးဖောက်လျက်ရှိပြီး လမ်းသွားလမ်းလာများသည် မော့ကြည့်ရုံမျှဖြင့် ၎င်းတို့၏ ခန့်ညားထည်ဝါလှသော အရှိန်အဝါကြောင့် ချက်ချင်းပင် ရိုသေခန့်ညားစိတ်များ ဖြစ်ပေါ်လာကြရသည်။
ဤနေရာကား ကြယ်တာရာအရှင်သခင်၏ အိမ်တော်ဖြစ်ပြီး အိုမိသားစု၏ အိမ်လည်း ဖြစ်ပေသည်။
အိုဘီဟဲသည် တစ်လမ်းလုံး ခရီးနှင်လာခဲ့ပြီး မိမိ၏ ဒဏ်ရာရကျန်ရှိသော အဖွဲ့ကို မိသားစုအိမ်တော်သို့ ပြန်လည်ခေါ်ဆောင်လာကာ နန်းတော်ကဲ့သို့ ကျယ်ဝန်းလှသော အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့သည်။
ထိုကျယ်ဝန်းလှသော အခန်းထဲတွင် ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် လူတစ်ယောက် ထိုင်နေပြီး အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်ခန့်သာ ရှိပုံရကာ သူ၏မျက်ဝန်းများထဲတွင် အာဏာစက်များ ပြည့်နှက်နေသည်။
ထိုသူကား ကုဇေကြယ်၏ ကြယ်တာရာအရှင်သခင် အိုချီဟွာ ပင် ဖြစ်ချေသည်။
သူ၏ဘေးတွင် အိုဘီဟဲနှင့် အနည်းငယ် ဆင်တူသည့် ရုပ်ချောသော လူတစ်ယောက် ရပ်နေပြီး ထိုသူမှာ အိုဘီဟဲ၏ အစ်ကိုကြီးဖြစ်သူ အိုချီဟွာ၏ သားကြီး အိုချန်ဂီ ဖြစ်သည်။
အိုဘီဟဲ ပြန်လာသည်ကို အိုချန်ဂီ မြင်သောအခါ မပြုံးဘဲမနေနိုင်ဘဲ ပြောလိုက်သည်။
“ညီလေး၊ မင်း ဒီလောက် မြန်မြန် ပြန်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ တစ်ခုခုတော့ ရလဒ် ထွက်လာခဲ့တာပေါ့ ဟုတ်တယ်မလား”
အိုဘီဟဲသည် သူ၏အစ်ကိုကြီး အိုချန်ဂီကို သိပ်ပြီး အရေးမစိုက်ပေ၊ အကြောင်းမူကား ၎င်းတို့ညီအစ်ကို နှစ်ယောက်သည် ဘယ်သောအခါမှ အဆင်မပြေခဲ့ကြသောကြောင့်ပင်။
အိုချန်ဂီ၏ ကျင့်စဉ်အဆင့်က မမြင့်မားသော်လည်း သူသည် အရေးကိစ္စများကို စနစ်တကျ စီမံခန့်ခွဲရာတွင် အလွန် ကျွမ်းကျင်ပြီး မိသားစုကိစ္စရပ်များကို သေသပ်လှပစွာ ကိုင်တွယ်နိုင်ကာ အိုချီဟွာအတွက် အားကိုးရသော လက်ထောက်တစ်ဦး ဖြစ်သဖြင့် ဖခင်ဖြစ်သူ၏ မျက်နှာသာပေးမှုကို ရရှိထားသည်။
အိုဘီဟဲသည် ကျင့်စဉ်စွမ်းအားပိုင်းတွင် ပိုမို ကြံ့ခိုင်သော်လည်း အချို့သော ကိစ္စရပ်များကို ကိုင်တွယ်ရာတွင်မူ သူ၏အစ်ကို အိုချန်ဂီကဲ့သို့ မကျွမ်းကျင်ပေ။
သို့သော်လည်း သူက မည်မျှပင် အရည်အချင်းရှိပါစေ ဘာအသုံးဝင်မည်နည်းဟု အမြဲ ယုံကြည်ထားသည်။
အဆုံးသတ်တွင်မူ မည်သူ့လက်သီးက ပိုကြီးသလဲဆိုသည့် အချက်ကသာ အဆုံးအဖြတ်ပေးလိမ့်မည်။
စစ်မှန်သော စွမ်းအားကသာ ဤလောကတွင် ရှင်သန်ခြင်း၏ ပထမဆုံးသော နိယာမ ဖြစ်ပေသည်။
သို့သော် အိုဘီဟဲသည် မိသားစုအတွင်း သူ၏ထက်မြက်မှုကို အမြဲတမ်း ပေါ်လွင်အောင် ပြသလေ့ရှိသဖြင့် သူ၏ဖခင် အိုချီဟွာပင်လျှင် သူ့ကို အထူးတလည် မနှစ်သက်ဘဲ သူ၏ သားကြီး အိုချန်ဂီကိုသာ ပိုမို တန်ဖိုးထားလေသည်။
မည်သို့ပင်ဆိုစေ အိုချီဟွာသည် ကြယ်တာရာအရှင်သခင်နှင့် မိသားစု၏ အကြီးအကဲဖြစ်ပြီး ဤနေရာတွင် အထက်တန်းကျသော ရာထူးကို ရယူထားကာ ကြီးမားလှသော အာဏာကို ဆုပ်ကိုင်ထားသူ ဖြစ်ရာ မိမိ၏သားအရင်းပင် ဖြစ်လင့်ကစား မည်သူကမျှ သူ၏အာဏာစက်ကို လာရောက် လှုပ်ခတ်ခြင်းကို မလိုလားပေ။
သူသည် သားဖြစ်သူ ပြန်လာသည်ကို မြင်သောအခါ အေးစက်စွာ ပြောလိုက်သည်။
“ပြန်လာပြီလား၊ ကိစ္စက ဘယ်လိုဖြစ်သွားလဲ”
ဖခင်ဖြစ်သူ၏ မေးခွန်းကို ကြားရသောအခါ အိုဘီဟဲသည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်ဘဲ ခေါင်းငုံ့လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ သူတို့ကို မဖမ်းမိခဲ့ဘူး”
အိုချီဟွာသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် ပြောလိုက်သည်။
“မင်း ငါ့ကို စိတ်ပျက်အောင် လုပ်ပြန်ပြီ”
“အဖေ၊ ဘီဟဲက သူ လုပ်ဆောင်တဲ့အထဲမှာ အချို့သော အမှားတွေ ရှိကောင်းရှိနိုင်ပါတယ်၊ ဒါကို သင်ခန်းစာတစ်ခုလို့ပဲ သဘောထားလိုက်ပါ”
အိုချီဟွာ ဒေါသထွက်တော့မည်ကို မြင်သောအခါ သူ၏အစ်ကိုကြီး အိုချန်ဂီက ချက်ချင်းပင် ကြားဖြတ်၍ ဝင်ပြောလိုက်သည်။
သို့သော် ဤစကားများသည် အိုဘီဟဲ၏ နားထဲတွင်မူ အလွန်ပင် ရွဲ့စောင်းသည့် စကားများအလား ခံစားလိုက်ရသည်။
သူ၏အစ်ကိုကြီးက သူ့ကို ကူညီနေခြင်းလော သို့မဟုတ် သူ ကိစ္စရပ်များကို မကိုင်တွယ်နိုင်ခြင်းကို သွယ်ဝိုက်၍ လှောင်ပြောင်နေခြင်းလော။
ထို့နောက် သူက ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။
“အစ်ကိုကြီး၊ အဲဒီတာဝန်ကို အစ်ကိုကြီးသာ ဆိုရင်ကော အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ ကျွန်တော် သိချင်မိတယ်”