အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) ထပ်မံနင်းခြေခြင်း။
လီယွန်ဇီသည် လူတိုင်း၏ သဘောထားကို ဆန့်ကျင်ပြီး အလွယ်တကူ ရရှိနိုင်မည့် အကျိုးအမြတ်များကို စွန့်လွှတ်ရန် အတင်းအကျပ် တိုက်တွန်းခဲ့သည်။ ရလဒ်အနေဖြင့် ဤနေရာတွင် ရှိနေသူအချို့သည် လီရင်း၊ ခုန်ထုန်၊ အကြီးအကဲ နန်တို့နှင့် တိတ်တဆိတ် ပူးပေါင်းခဲ့ကြသည်။
ယခုမူကား၊ သူတို့သည် မိမိကိုယ်ကိုပင် ပြင်းပြင်းထန်ထန် ပါးရိုက်ချင်စိတ် ပေါက်နေကြ သည်။
အကယ်၍သာ သူတို့သည် လျှို့ဝှက်စွာ အနှောင့်အယှက် မပေးခဲ့ကြလျှင် လီယွန်ဇီ၏ စစ်တပ်မှာ ယခုထက် ပိုမိုတောင့်တင်းခိုင်မာနေမည် ဖြစ်ပြီး၊ ဤစစ်ပွဲတွင်လည်း အနိုင်ရ ရှိရန် အခွင့်အရေး ပိုမိုများပြားလာမည်မှာ အသေအချာပင်။
လီယွန်ဇီသာ နောက်ထပ် အချိန်အနည်းငယ်လောက် ပိုပြီး ခံနိုင်ရည်ရှိခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ…..။
လီယွန်ဇီသည် ရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အကြံပြုခဲ့စဉ်က၊ သူတို့အားလုံးသည် သူမကို အရူးတစ်ယောက်ဟုသာ ထင်မှတ်ခဲ့ကြသည်။
"ဝူထူနယ်မြေ ထွက်ပေါ်လာတာကို ကြည့်ပြီးတော့ လေဟာနယ် ပင်လယ်ရဲ့ မြူခိုးတွေထဲ မှာ ပိုပြီးအစွမ်းထက်တဲ့ ယဉ်ကျေးမှုမျိုး ရှိနေနိုင်တယ်လို့ သူမပြောတာကို ဘယ်လိုလုပ်ပြီး တော့ ယုံကြည်လက်ခံနိုင်ပါ့မလဲ။"
သူတို့ ပို၍တွေးတောလေလေ၊ ပို၍နောင်တရလေလေ ဖြစ်မိသည်။ အကယ်၍သာ အချိန် ကို နောက်ပြန်လှည့်နိုင်မည် ဆိုပါက၊ ထိုစဉ်က မိုက်မဲခဲ့သော မိမိတို့ကိုယ်ကို အသိဝင် လာစေရန် အသေအချာပင် ထိုးကြိတ်ပစ်မိလိမ့်မည်။
"အထက်မှာရှိတဲ့ ကောင်းကင်အမိုးခုံးလောက် အစွမ်းထက်တဲ့ အင်အားစုတွေ ဒီလောက် တောင် များပြားနေမယ်ဆိုရင်၊ လီယွန်းဇီရဲ့ စစ်တပ်က ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိမှာလဲ။ ဒါဟာ အလကားသက်သက် ရုန်းကန်နေရတာပဲ" ဆရာဝူက သက်ပြင်းရှည်ကြီး ချလိုက်ပါ သည်။
လူတိုင်း၏ ကံကြမ္မာမှာ မရေရာမှုများနှင့် မုန်တိုင်းထန်လာတော့သည်။
တွန်ချန်ချင်းနှင့် ကျူးမင်လန်တို့ ပြောခဲ့သည်များမှာ အမှန်ပင်ဖြစ်လျှင်၊ အစွမ်းထက်သည့် ပုဂ္ဂိုလ်များစွာ ရှိနေသည့်အတွက် သခင်အဆင့် ပုဂ္ဂိုလ်ကြီးများဖြစ်သည့် သူတို့ကိုယ်တိုင် ပင် ကျွန်ဘဝမှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။
"မျှော်လင့်ချက် လုံးဝမရှိတော့တာတော့ မဟုတ်ပါဘူး။ အင်အားစုတွေအနေနဲ့ မြို့တော်ရဲ့ ဥပဒေတွေကို တိတိကျကျ လိုက်နာကြမယ်ဆိုရင် စစ်ပွဲတစ်ခုတည်းနဲ့တော့ ငါတို့ကို လွယ်လွယ်နဲ့ ချေမှုန်းနိုင်မှာ မဟုတ်ဘူး။ လီယွန်ဇီက အခု မြို့တော်လေးခုရဲ့ စစ်တပ် အင်အားကို ကွပ်ကဲနေတာပဲ။ ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးက မြို့တော်တစ်ခုရဲ့ စစ်တပ်အင်အားနဲ့ ယှဉ်ရင်တော့ ကွာဟချက် ရှိနေသေးပေမဲ့၊ နဂါးချောက်ကမ်းပါးရဲ့ မြေမျက်နှာသွင်ပြင်ကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင်တော့ ခံစစ်အတွက် မျှော်လင့်ချက် ရှိနေပါသေးတယ်" တွန်ချန်ချင်းက ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်မတို့ဟာ ပိုင်ရှင်မဲ့နယ်မြေဖြစ်ပြီး နိုင်ငံတော်ရဲ့ ဥပဒေတွေကလည်း ကာကွယ် မပေးထားဘူး၊ အဲဒီအင်အားစုတွေကလည်း ကျွန်မတို့ကို တိုက်ခိုက်နိုင်တယ်လို့ ခဏလေး ကပဲ ပြောလိုက်တာ မဟုတ်ဘူးလား" လီမိသားစု၏ အဘွားအိုက မေးမြန်းလိုက်သည်။
ထိုအချိန်တွင် တွန်ချန်ချင်း၏ အကြည့်များမှာ ကျူးမင်လန်ထံသို့ ရောက်ရှိသွားသည်။ အဖြေမှာ သူ၌သာ ရှိနေသည့်အလား ပုံစံမျိုး ဖြစ်နေသည်။
ယခုအချိန်အထိ စကားအနည်းငယ်သာ ပြောခဲ့သော ကျူးမင်လန်ထံသို့ လူတိုင်း၏ အကြည့်များလည်း ရောက်ရှိသွားကြသည်။
မည်သို့ဆိုစေကာမူ သူသည် ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးမှ လာသူဖြစ်ပြီး၊ ထိုတိုက်ကြီးရှိ မျိုးနွယ်စုများထဲမှ တစ်ခုနှင့် သက်ဆိုင်သူလည်း ဖြစ်သည်။ သူသည် ဘိုးဘေးနဂါး မြို့တော်အတွက် အကာအကွယ်တစ်ခုခုကို ယူဆောင်လာပေးနိုင်ပါ့မလား။
"စစ်ပွဲဆိုတာ ဖြစ်လာမှာပဲ။ ဒါကြောင့် စစ်ရေးကိစ္စတွေမှာတော့ လူတိုင်းက ယွန်ဇီရဲ့ စွမ်းဆောင်နိုင်မှုအပေါ်မှာပဲ မျှော်လင့်ချက်ထားကြရလိမ့်မယ်" ကျူးမင်လန်က တည်ငြိမ် စွာ ပြောလိုက်သည်။
"ဒါပေမဲ့ အာဏာစက်နဲ့ ပတ်သက်လာရင်တော့ နည်းလမ်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်ကိုယ်တိုင် ကျူးမျိုးနွယ်စုကို ကိုယ်စားပြုပြီး အင်ပါယာ မင်းဆက်ထံမှာ သစ္စာခံ လိုက်ဖို့ပဲ။ အဲ့ဒီအခါ ဘိုးဘေးနဂါး မြို့တော်ဟာ 'ကျူးမျိုးနွယ်စု' ရဲ့ ပိုင်နက်ဖြစ်သွားမှာ ဖြစ်ပြီး နှစ်စဉ် အခွန်တော်တွေကို အကြီးအကျယ် ပေးဆောင်ရမှာဖြစ်ပေမဲ့ သူဟာ ပိုင်ရှင်မဲ့ နယ်မြေ မဟုတ်တော့ဘူး။ အဲ့ဒီနောက်မှာတော့ တခြား အင်အားစုတွေအနေနဲ့ ဝင်ရောက် စွက်ဖက်ခွင့် ရှိတော့မှာ မဟုတ်ဘဲ နိုင်ငံတော်ရဲ့ ဥပဒေတွေကိုပဲ လိုက်နာကြရလိမ့်မယ်" ကျူးမင်လန်က လူတိုင်းကို ရှင်းပြလိုက်သည်။
သူတို့၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာကြသည်။
ယခုဆိုလျှင် ဘိုးဘေးနဂါး မြို့တော်၏ ပြင်ပရေးရာနှင့် ပြည်တွင်းရေးရာတို့မှာ လီယွန်ဇီ၏ လက်ထဲတွင် အားလုံးရောက်ရှိသွားပြီ ဖြစ်သည်။
ကျူးမင်လန်မှာ လီယွန်ဇီ၏ ချစ်သူဖြစ်သည်ဟု ကောလာဟလ ထွက်ပေါ်နေပြီးသား ဖြစ်ရာ၊ သူ၏သစ္စာခံယူမှုမှာလည်း အမည်ခံသက်သက်သာ ဖြစ်နေပေမည်။ သို့သော် ဤကဲ့သို့သော အရေးကြုံချိန်မျိုးတွင် မည်သူကများ ဂရုစိုက်နေတော့မည်နည်း။
ထို့ပြင် ကျူးမင်လန်၏ နောက်ခံသမိုင်းကြောင်းမှာလည်း အတော်အတန်ပင် ခိုင်မာ အားကောင်းပုံ ပေါ်နေသည်။
အကယ်၍သာ ကျူးမင်လန်သည် ဝင်ရောက်ကူညီပေးပြီး ကျွန်မြို့တော် ဘဝသို့ ရောက်ရှိ သွားမည့် ဘေးအန္တရာယ်မှ လူတိုင်းကို ကယ်တင်ပေးနိုင်မည်ဆိုပါက၊ ကျူးမင်လန်သည် လူတိုင်းအတွက် အသက်ကယ် နတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။
"ဒါဆိုရင် လင်းရှာကို ယွန်ဇီရဲ့နေရာမှာ အစားထိုးပြီး ချက်ချင်းပဲ မင်းနဲ့ လက်ထပ်ပေးလိုက် မယ်။ မြို့တော်ရဲ့ တော်ဝင်တံဆိပ်တုံးကလည်း လင်းရှာရဲ့ လက်ထဲမှာပဲ ရှိနေတာဆိုတော့၊ ဘာမှ အစားထိုးစရာလည်း လိုမှာမဟုတ်တော့ဘူး" လီမိသားစု၏ အဘွားအိုက ပြောလိုက် သည်။
ကျူးမင်လန်မှာမူ ထိုအဘွားအို၏ ယုတ္တိဗေဒကို နားမလည်နိုင် ဖြစ်သွားရသည်။
လက်ထပ်ခြင်းဆိုသည်မှာ လူတစ်ဦး၏နေရာတွင် အခြားလူတစ်ဦးကို အစားထိုး၍ ရသည့် အရာမျိုးမှ ဟုတ်ရဲ့လား….။
သူတို့နှစ်ဦးမှာ ရုပ်ရည်သဏ္ဍာန်ချင်း တူညီနေကြသော်လည်း လီယွန်ဇီသည် လီယွန်ဇီ သာဖြစ်ပြီး၊ နန်လင်းရှာမှာ နန်လင်းရှာသာ ဖြစ်သည်။
"အဘွား... ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားပါနဲ့ဦး။ ကျွန်တော့်စကားကို အရင်ဆုံး အဆုံးထိ နားထောင်ပေးပါ" ကျူးမင်လန်က ပြောသည်။
"ကောင်းပြီ၊ ကောင်းပြီ... ပြောစရာရှိတာ ပြောတော့။ တခြားလူတွေ ဘယ်သူမှ ဝင်မပြောကြနဲ့" အဘွားအိုက လီမိသားစုဝင်များနှင့် နန်မိသားစုဝင်အားလုံးကို တားမြစ် လိုက်သည်။
"ဒီလိုကြီးမားတဲ့ ဆုံးဖြတ်ချက်မျိုးကို ကျွန်တော် အခုချက်ချင်း ချလို့မရပါဘူး။ ကျွန်တော် ကျွန်တော့်ရဲ့ မိသားစုဆီကို ပြန်သွားပြီး သူတို့နဲ့ အရင်တိုင်ပင်ရဦးမယ်။ ဘာလို့လဲဆိုတော့ တခြား အင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေကို ကြောက်ရွံ့သွားအောင် ခြိမ်းခြောက်နိုင် တာက မျိုးနွယ်စုရဲ့ အာဏာစက် ဖြစ်နေလို့ပါ" ကျူးမင်လန်က ရှင်းပြလိုက်သည်။
"ငါတွန်ချန်ချင်းလဲ ဘိုးဘေးနဂါး မြို့တော်ရဲ့ တပ်ဖွဲ့တွေ သစ္စာခံယူရေးနဲ့ ပတ်သက်ပြီး အကယ်ဒမီကို ကိုယ်စားပြုပြီး ကတိသစ္စာပြုပါရစေ။ ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးက နဂါးထိန်းအကယ်ဒမီရဲ့ ထောက်ခံမှုကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အဲဒီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖို့ လိုအပ်မယ်လို့ ထင်တယ်... အကယ်ဒမီက ငါရဲ့ မိတ်ဆွေ ဟောင်းတွေက ငါ့ကို မှတ်မိနေဦးမယ်လို့ မျှော်လင့်ရတာပဲ" တွန်ချန်ချင်းကလည်း ဝင်ရောက်ပြောကြားလိုက်သည်။
"ကျောင်းအုပ်တို့ရဲ့ ဒီခရီးစဉ်က ရက်အတော်ကြာမြင့်နိုင်ပါတယ်။ အဲဒီအချိန်ကျရင် အင်အားကြီးတဲ့ တပ်ဖွဲ့တွေက ကျွန်တော်တို့ ဘိုးဘေးနဂါး မြို့တော်ထဲက ကျွမ်းကျင်သူ တွေ အားလုံးကို သတ်ဖြတ်ပြီးသွားလောက်ပြီ" လက်ထောက်ကျောင်းအုပ်ကြီး ပိုင်ဟုန်ဘို က မှတ်ချက်ပြုလိုက်သည်။
"စိတ်ချလက်ချ ရှိကြပါ။ ကျွန်တော်တို့အတွက် အချိန်ဆွဲပေးဖို့ ကျွန်တော့်မျိုးနွယ်စုက အကြီးအကဲတစ်ယောက်ကို ကျွန်တော် အကူအညီ တောင်းပြီးသွားပါပြီ" ကျူးမင်လန်က ပြန်လည်ဖြေကြားသည်။
"မင်းတို့ မျိုးနွယ်စုက အဲဒီအကြီးအကဲဆိုတာ ဘယ်သူလဲ၊ သူက တခြားသူတွေကို တားဆီး နိုင်လောက်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားလို့လား" တွန်ချန်ချင်းက မေးမြန်းလိုက်သည်။
"သူမနာမည်က ကျူးရွှဲ့ဟန်တဲ့၊ ကျွန်တော့်ရဲ့ အဒေါ်တစ်ယောက်ပါ။ သူမရဲ့အမေက တရားစီရင်ရေးတိုက်ကြီးရဲ့ နန်းတွင်းမိသားစုဝင်တစ်ဦး ဖြစ်ပါတယ်။ သူမက ဒီနယ်မြေ အတွက် တရားစီရင်သူ တစ်ယောက်အနေနဲ့ စကားဆိုလိုက်ပြီဆိုရင်၊ ကျွန်တော်တို့ အတွက် တရားမျှတမှုကို သူမကိုယ်တိုင် ဦးစီးဆောင်ရွက်ပေးနိုင်ပါတယ်" ကျူးမင်လန်က ပြန်ဖြေသည်။
"တရားမျှတမှုကို ဦးစီးဆောင်ရွက်ပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သစ္စာခံလိုက်တာ နဲ့ တခြားအင်အားစုတွေက ဝင်ရောက်မစွက်ဖက်တော့ဘူးဆိုတာမျိုး မဟုတ်ဘူးလား" အဘွားအိုက မေးခွန်းထုတ်လိုက်သည်။
"သစ္စာခံတယ်ဆိုတာက တခြားအင်အားစုတွေနဲ့ တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာဖို့အတွက်ပဲ။ ‘ဘိုးဘေးနဂါးမြို့တော်ဟာ ကျူးမင်လန်ရဲ့ အကာ အကွယ်အောက်မှာ ရှိနေတယ်' လို့ ကျွန်တော် အော်လိုက်ရုံနဲ့ တခြားသူတွေက အလိုလို အလျှော့ပေးပြီး နောက်ဆုတ်သွားလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ တရားမျှတမှုကို ကြီးကြပ်ပေးမယ့်သူ မရှိဘူးဆိုရင် သူတို့က လိုက်နာကြမှာ မဟုတ်ဘူး" ကျူးမင်လန်က ရှင်းပြလိုက်သည်။
"ဒါဆိုရင် သစ္စာခံတယ်ဆိုတာက အချိန်ဆွဲဖို့နဲ့ တခြားအင်အားစုတွေ ဝင်မစွက်ဖက်အောင် တားဆီးထားဖို့ နည်းလမ်းတစ်ခုပဲပေါ့။ တကယ်လို့ ကျူးမျိုးနွယ်စုက ဒီယှဉ်ပြိုင်မှုမှာ ရှုံးနိမ့် သွားမယ်၊ လီချွမ်းနဂါးထိန်းအကယ်ဒမီက ဒီတစ်ခါမှာ ရှုံးနိမ့်သွားမယ်ဆိုရင် တခြား အင်အားစုတွေက လာပြီးတော့ သိမ်းပိုက်သွားနိုင်ဦးမှာပဲ" တွန်ချန်ချင်းက ဖြည့်စွက် ပြောကြားလိုက်သည်။
ယှဉ်ပြိုင်မှု...။
ဤယှဉ်ပြိုင်မူသည် နဂါးထိန်းများနှင့််နတ်ဘုရားနွယ်ဝင်လူသားတို့အကြား ဖြစ်ပွားသည့် ရုန်းကန်တိုက်ပွဲ သက်သက်သာ ဖြစ်သည်။
စစ်ပွဲ။
၎င်းသည် နိုင်ငံတော်ပိုင် နယ်မြေအုပ်စိုးရှင်များနှင့် မြို့ပြပြည်နယ်များ၊ ၎င်းတို့၏ စစ်တပ် များအကြား ဖြစ်ပွားသည့် သတ်ဖြတ်မှုများပင် ဖြစ်သည်။ နယ်မြေတစ်ခုကို ယေဘုယျအား ဖြင့် အုပ်ချုပ်သူ လူတန်းစားနှင့် အခြေချနေထိုင်သော အာဏာပိုင်များက ပူးတွဲ အုပ်ချုပ် ကြသည်။
အမှန်စင်စစ် ဘိုးဘေးနဂါး မြို့တော်သည်လည်း ဤပုံစံမျိုးဖြင့်ပင် တည်ရှိနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လီမိသားစုသည် ပြည်သူများ၊ မြို့တော်များ၊ အခွန်အခများနှင့် စစ်တပ်များတို့ကို တာဝန်ယူရသည့် အုပ်ချုပ်သူ လူတန်းစားကို ထင်ရှားစွာ ကိုယ်စားပြု ထားသည်။
နန်မိသားစုနှင့် လီချွမ်းနဂါးထိန်းအကယ်ဒမီတို့ကိုမူ နဂါးထိန်းများ သို့မဟုတ် နတ်ဘုရား နွယ်ဝင်လူသားများဖြင့် ဖွဲ့စည်းထားသော အခြေချအာဏာပိုင်များဟု သတ်မှတ်နိုင်သည်။
စစ်ပွဲနှင့် ပတ်သက်လာလျှင်မူ မည်သည့်ကန့်သတ်ချက်မျိုးမျှ ထားရှိနိုင်မည် မဟုတ်ဘဲ လီယွန်းဇီ၏ စစ်တပ်အပေါ်တွင်သာ အားကိုးအားထားပြုနိုင်တော့မည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အနောက်ဘက်ချောက်ကမ်းပါး အနီးတစ်ဝိုက်တွင် အေးခဲမ သွားသေးသော ချော်ရည်ပူချောင်းများစွာ ရှိနေသေးပြီး၊ တစ်ခါတစ်ရံတွင် ကမ္ဘာမြေကြီး၏ သွေးကြောများမှ အဆိပ်သင့်ငွေ့များ ထွက်ပေါ်လာတတ်သည်။ ရှန်ကုန်းအင်ပါယာ၏ စစ်တပ်ကြီး အများစုမှာ ရုပ်ပိုင်းဆိုင်ရာအရ သာမန်လူသားစစ်သည်များဖြင့်သာ ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ သူတို့အနေဖြင့် နဂါးထိန်းများနှင့် နတ်ဘုရားနွယ်ဝင်လူသားများကဲ့ သို့ တိုက်ရိုက် ဖြတ်ကျော်လာနိုင်ရန်မှာ မဖြစ်နိုင်ပေ။
သူတို့တွင် အချိန်အလုံအလောက် ရှိနေသေးပြီး လီယွန်ဇီ၏ စစ်ရေးအင်အားမှာလည်း အားနည်းသည် မဟုတ်ပေ။ ဤ "ပိုင်ရှင်မဲ့" ကာလကို ကျော်ဖြတ်နိုင်ပြီး ဘိုးဘေးနဂါး မြို့တော်အတွက် ရှန်ကုန်းအင်ပါယာက အသိအမှတ်ပြုထားသည့် အခြေချအာဏာပိုင် တစ်ရပ်ကို ရရှိလိုက်မည်ဆိုလျှင် နောက်ဆုံးတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့လျှင်ပင် ဘိုးဘေးနဂါး မြို့တော်သည် ကျွန်များ၏ နယ်မြေအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။
ကျွန်ဘဝတံဆိပ်မှ လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် စစ်တပ်အနေဖြင့် အပြစ်မဲ့ သူများကို စိတ်တိုင်းကျ သတ်ဖြတ်ခွင့် မရှိတော့ပေ။ အထူးသဖြင့် စည်းကမ်းတင်းကျပ်စွာ ထိန်းကျောင်းထားသည့် တပ်ဖွဲ့များအတွက်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ပေ။
စိမ်းလန်းသော ထင်းရှူးပင်များနှင့် ငွေရောင်နံရံများအကြား၊ ကျောက်ဖြူခင်းထားသည့် ရှည်လျားသော လမ်းမ၏ အဆုံးတွင်မှာမူ ပြင်ဆင်ဆဲဖြစ်ကာ ရှုပ်ထွေးပွက်လောရိုက်နေဆဲ ဖြစ်သည်။ ထိုနေရာသည် တစ်ချိန်က ကျူးမင်လန်နှင့် ဗိမာန်ဂိုဏ်းမှလူများ အပြင်းအထန် တိုက်ခိုက်ခဲ့ဖူးသည့် နေရာပင်။
ကြာမြင့်လှပြီ မဟုတ်သော်လည်း ဘိုးဘေးနဂါး မြို့တော်မှာ လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လီယွန်ဇီ၏ မျက်မှောင်ကြုတ်ထားရသည့် စိုးရိမ်ပူပန်မှုများကို ကျူးမင်လန် ပြန်လည် အမှတ်ရမိလိုက်ပြီး၊ ယခုအခါတွင်မူ ထိုအရေးအကြောင်းများမှာ အဘယ်ကြောင့် ယနေ့တိုင် ပျောက်ကွယ်သွားခြင်းမရှိရသလဲဆိုသည်ကို သူ နားလည်သွားလေပြီ။
သူမ မြင်တွေ့ခဲ့ရသည့် အရာများနှင့် အခန်းတွင်းရှိ မိသားစုဝင်များ မြင်တွေ့ခဲ့ရသည့် အရာတို့မှာ လုံးဝ တန်းတူမညီမျှသည့် အဆင့်တွင် ရှိနေသည်။
သို့သော်လည်း လီယွန်ဇီသည် ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီး တည်ရှိနေကြောင်းကို မည်သို့ သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ရသနည်း။
ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးသည် ကောင်းကင်မှ ကျဆင်းလာကာ အခြားနယ်မြေ များနှင့် နယ်နိမိတ်ချင်း ထိစပ်သွားလိမ့်မည်ဟု ကျူးမင်လန် ကိုယ်တိုင်ပင် မသိရှိခဲ့ပေ။ သူ သိထားသည်မှာ လေဟာနယ်ပင်လယ် အပြင်ဘက်တွင် ကျွန်းများ သို့မဟုတ် နယ်မြေ အသစ်များ ပေါ်ထွက်လာနိုင်သည်ဆိုသည့် အချက်မျှသာ ဖြစ်သည်...။
သူမသည် ဝူထူဒေသကို မြင်ဖူးရုံမျှဖြင့် ဤမျှအထိ တွေးဆနိုင်ခဲ့ခြင်း ဖြစ်ပါသလား။
မဟုတ်သေးပါ။
"လီယွန်ဇီအကြောင်း တွေးနေတာလား" ဟူသော သာယာငြိမ့်ညောင်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ လီယွန်ဇီကိုယ်တိုင် သူ့ကျောနောက်မှ ပြောနေသယောင် ပင်။
လီယွန်ဇီနှင့် သူမညီမ၏ အသံနေအသံထားမှာ အလွန်တူညီကြသည်ကို ကျူးမင်လန် သိရှိထားသည်။ အထူးသဖြင့် တည်ငြိမ်စွာ ပြောဆိုလိုက်သည့် အချိန်မျိုးတွင် ပို၍ပင် တူညီနေတတ်သည်။
"ဟုတ်တယ်" ကျူးမင်လန်က ခေါင်းညိတ်လိုက်သည်။
ယခုအချိန်အထိ ကျူးမင်လန်၏ စိတ်ထဲတွင် သူမပြောခဲ့သည့် စကားတစ်ခွန်းမှာ အမြဲ တမ်း စွဲထင်နေဆဲပင်။ သူမကိုယ်တိုင်အပြင် သူ့ကိုပါ အပါအဝင် အရာအားလုံးကို အကာ အကွယ်ပေးလိုကြောင်း ပြောခဲ့သည့် ထိုမြင်ကွင်းကို သူ မေ့မရနိုင်သေးပါ။
သူမမျက်ဝန်းထဲတွင် သူ့ကိုယ်သူ ပြန်လည်မြင်နေရသည်။
"မင်း ဖြစ်နေတာ ငါ ကံကောင်းတယ်"
ကျူးမင်လန်သည်လည်း ထိုစကားလေးခွန်းကို သူမအား ပြန်ပြောပြချင်နေမိသည်။
ထူးဆန်းသည့် တိုက်ကြီးတစ်ခုပေါ်တွင် လမ်းပျောက်ခဲ့ရပြီး သူမနှင့် ဆုံတွေ့ခဲ့ရခြင်းမှာ သူ့အတွက် ကံကောင်းခြင်း တစ်ပါးပင်။ ဤသို့ဖြစ်လာရခြင်းမှာ... သူ မူလနေရာသို့ ပြန်လမ်းကို ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ အရေးမကြီးတော့သယောင် ခံစားလိုက်ရသည်။
"သူမ တစ်ခါပဲ ရှုံးနိမ့်ဖူးတယ်၊ အဲ့ဒါက ထာဝရမြို့တော်မှာပဲ။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းမှာ သူမ ဘယ်တော့မှ ဒုတိယအကြိမ် ရှုံးနိမ့်မှာ မဟုတ်ဘူးဆိုတာကို ကျွန်မ သိတယ်" နန်လင်းရှာက ဆိုသည်။
သူမ၏ အသံနေအသံထားမှာ လီယွန်ဇီကိုယ်တိုင် သူ့ရှေ့တွင် ရပ်၍ ပြောနေသကဲ့သို့ ကျူးမင်လန်အား ခံစားရစေသည်။
"ကျွန်တော်လည်း အဲ့ဒီလိုပဲ ခံစားရတယ်။ ဒါကြောင့်လည်း စိတ်ပူစရာ မလိုပါဘူး" ကျူးမင်လန်က အနည်းငယ် အတင်းအကျပ် ပြုံးလိုက်ပြီး သူ၏ စိတ်အခြေအနေမှာ မှိုင်းညှိုးနေခြင်း မရှိကြောင်း ပြသရန် ကြိုးစားလိုက်သည်။
"ကျွန်မအနေနဲ့ကတော့ လီချွမ်းနဂါးထိန်းအကယ်ဒမီရဲ့ ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ဒီအာဏာလုပွဲမှာ ပါဝင်သွားမယ်" နန်လင်းရှာက ပြောသည်။
"တကယ်တော့ အင်အားစုတစ်ခုကသာ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား လုပ်ဖို့ လိုအပ်တာပါ..."
"ရှုံးသွားရင် ဘယ်လိုလုပ်မလဲ" နန်လင်းရှာက မေးလိုက်သည်။
ကျူးမင်လန်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားရသည်။
ဘယ်သူ့ကိုများ လာအထင်သေးနေတာလဲ……။
ထိုသို့ခေါ်ဝေါ်နေကြသော ဂိုဏ်းပေါင်စုံ၊ မျိုးနွယ်စုများ၊ နဂါးနန်းတော်နှင့် ဘုရားကျောင်း များထဲမှ မည်သည့် ထူးချွန်ထက်မြက်သူမျိုးကရော သူ့ခြေအောက်တွင် နင်းချေမခံရဖူးသူ ရှိလို့လဲ…..။
နတ်ဘုရားနွယ်ဝင်လူသား တစ်ယောက်အနေဖြင့် သူသည် အကြိမ်ကြိမ် နင်းချေခဲ့ဖူးသည်။
ယခု နဂါးထိန်းတစ်ယောက်အနေဖြင့်လည်း သူသည် ထပ်မံ၍ နင်းချေပြဦးမည်။
နတ်ဘုရားနွယ်ဝင် လူသားအဖြစ်နှင့်ရော နဂါးထိန်းအဖြစ်နှင့်ပါ နှစ်ရပ်စလုံးတွင် ထူးချွန် ထက်မြက်ခြင်းက ဘာအဓိပ္ပာယ်လဲဆိုသည်ကို သူတို့အား သိမြင်စေရမည်။
"သခင်မလေး လင်းရှာ၊ ကျွန်တော်မှာ သံသယအနည်းငယ် ရှိနေတယ်။ ယွန်ဇီမှာ တခြား နတ်ဘုရားပညာရပ် တစ်ခုခုများ ရှိနေလား။ မဟုတ်ရင် ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီး ကျဆင်းလာမယ်ဆိုတာကို သူမ ဘယ်လိုလုပ်ပြီး ကြိုသိနေရတာလဲ" ကျူးမင်လန်က မေးမြန်းလိုက်သည်။
နန်လင်းရှာမှာ တုံ့ဆိုင်းသွားပြီး ကျူးမင်လန်၏ မေးခွန်းကို ဖြေဆိုရန် ဝန်လေးနေပုံရသည်။
သို့သော် အနည်းငယ် စဉ်းစားပြီးနောက် သူမက ဤသို့ ပြောပြလိုက်သည် - "ကြယ်ပန်းချီ လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်။ သူမရဲ့ နတ်ဘုရားနွယ်ဝင်လူသား စွမ်းရည်က တော့ ကြယ်တွေကို ကြည့်ရှုခြင်းနဲ့ ဟောကိန်းထုတ်ခြင်းပဲ"
"ဟော... ဟောကိန်းထုတ်သူလား။ ကျွန်တော် နတ်ဘုရားနွယ်ဝင် လူသားတွေကို အများ ကြီး မြင်ဖူးခဲ့ပေမယ့် ဒီလိုမျိုး ကြယ်တွေကို ကြည့်ပြီး ဟောကိန်းထုတ်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး" ကျူးမင်လန်မှာ သူ့ခယ်မဖြစ်သူက သူ့ကို စနောက်နေတာလားဟု ပင် ထင်မှတ်လိုက်မိသည်။
"ရှင်က ဗဟုသုတနည်းလွန်းတယ်။"
"ကျွန်တော်... ကျွန်တော်လား…." ကျူးမင်လန်သည် နတ်ဘုရားမျိုးနွယ်ဝင်လူသားတို့နှင့် ပတ်သက်၍ သူယခင်က သိရှိထားသမျှ အရာအားလုံးမှာ အလွဲကြီး လွဲမှားနေသည်ဟု ခံစားလိုက်ရသည်။
ကံကြမ္မာဟောကိန်းထုတ်သူများဆိုသည်မှာ လမ်းဘေးတွင် လူတို့၏ မျက်နှာကိုကြည့်၍ ဟောပြောသည့် လိမ်လည်လှည့်ဖြားသူများထက် မပိုမိုဟုသာ ကျူးမင်လန် ကြားဖူးနားဝ ရှိခဲ့သည်။
"ကြယ်ပန်းချီက ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတစ်ခုကို ကြိုတင်ဟောကိန်းထုတ်ပေး ခဲ့တာပါ။ ကျန်တဲ့အချက်အလက်တွေကိုတော့ လီယွန်ဇီကိုယ်တိုင်ကနေပြီးတော့မှ အသေး စိတ် ဆက်လက် တွက်ချက်နားလည်သွားတာ ဖြစ်တယ်" နန်လင်းရှာက ရှင်းပြလိုက် သည်။
"ဒါဆို တစ်နေ့ကျရင် ဒီကြယ်ပန်းချီဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံချင်မိပါရဲ့" ကျူးမင်လန်က ဂါရဝပြုလိုက်ပြီး ဤသို့သော နတ်ဘုရားနွယ်ဝင်လူသား တည်ရှိနေခြင်းအပေါ် နောက်ထပ် အငြင်းပွားမေးမြန်းခြင်း မပြုတော့ပေ။
ဟောကိန်းထုတ်နိုင်သော နတ်ဘုရားနွယ်ဝင်လူသားဆိုသည်မှာ အမှန်တကယ်ပင် မကြားဖူးသော အရာဖြစ်သည်။ နတ်ဘုရားနွယ်ဝင်လူသား အကယ်ဒမီတွင်ဖြစ်စေ၊ ထိုနယ်ပယ်မှ ကျော်ကြားသော နတ်ဘုရားနွယ်ဝင်လူသား မိသားစုများတွင်ဖြစ်စေ၊ ဤသို့ သော စွမ်းရည်မျိုးရှိသူ တစ်ဦးမျှမရှိပေ။
ဖြစ်နိုင်သည်မှာ သူကိုယ်တိုင်က ဗဟုသုတ နည်းပါးနေခဲ့ခြင်းပင် ဖြစ်ပေမည်။
သို့မဟုတ်ပါက ဤလောကသည် ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးနှင့် လီချွမ်းတိုက်ကြီး တို့ဖြင့်သာ အကန့်အသတ်ရှိနေခြင်း မဟုတ်ပေ။ ကျယ်ပြောလှသော ကြယ်တာရာ စကြဝဠာထဲတွင် အခြားသော တိုက်ကြီးများစွာသည်လည်း သံလိုက်ကျောက်တုံးများကဲ့သို့ ဤကမ္ဘာ့အပိုင်းအခြားဆီသို့ တစ်စစချင်း ကျဆင်းလာနေခြင်းများ ရှိနေနိုင်ပါသလား။
မိုးကုပ်စက်ဝိုင်း၏ အစွန်းတစ်ဖက်ကို ဝိုင်းရံထားသော လေဟာနယ်ပင်လယ်ကရော အခြားတစ်ဖက်ကမ်းသို့ ရောက်ရှိနိုင်ပါဦးမည်လော...။
"နောက်ရက်အနည်းငယ်မှာပဲ ကျွန်မတို့ ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးကို စတင် ချီတက်ကြမယ်" နန်လင်းရှာက ဆိုသည်။
အာဏာလုပွဲကို ကိုင်တွယ် ဖြေရှင်းခြင်းသည် လီယွန်ဇီအတွက် အကြီးမားဆုံး အထောက်အပံ့ ဖြစ်စေလိမ့်မည် ဖြစ်သော်လည်း၊ စစ်ပွဲ၏ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးနိုင်သည့် ထိုအင်အားကြီးမားသော တပ်ဖွဲ့များအား စစ်မြေပြင်ပေါ်သို့ ပေါ်ထွက်လာခွင့် ကိုမူ သူတို့ ခွင့်မပြုနိုင်ပေ။
အင်ပါယာမင်းဆက် အနေဖြင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။
ထို့ကြောင့် လီချွမ်းတိုက်ကြီးထဲသို့ ပထမဆုံး စတင်ခြေချလာမည့် စစ်တပ်များမှာ ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီး အတွင်းရှိ နိုင်ငံများမှသာ ဖြစ်ပေလိမ့်မည်။
အနောက်ဘက်ချောက်ကမ်းပါးနှင့် လင်ရှောင်မြို့တော်တို့မှ ရရှိသော သတင်းအချက် အလက်များအရ အနောက်ဘက်ချောက်ကမ်းပါး၏ တစ်ဖက်ကမ်းတွင် ရွီဟုခေါ်သော နိုင်ငံငယ်လေးတစ်ခု ရှိနေသည်။
ရွီနိုင်ငံငယ်တွင် မြို့တော်ပေါင်း (၁၃) ခုရှိပြီး မြို့တော်တစ်ခုချင်းစီ၏ အရွယ်အစားမှာ လီချွမ်းတိုက်ကြီးရှိ မြို့တော်များနှင့် အရွယ်အစားချင်း နီးပါးတူညီကာ မြို့ရွာပေါင်း ဒါဇင်နှင့်ချီ၍ ပါဝင်ဖွဲ့စည်းထားသည်။
အနောက်ဘက်ချောက်ကမ်းပါး တစ်လျှောက်လုံးတွင် ချော်ရည်ပူများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်ရာ စစ်တပ်များအနေဖြင့် ချောက်ကမ်းပါးတစ်လျှောက် ရှည်လျားသော တန်းစီပုံစံဖြင့် သာ ချီတက်ကြရမည်ဖြစ်ပြီး မြင်းများအတွက်မှာလည်း သွားလာရန် ခက်ခဲသောကြောင့် စစ်ရေးရွေ့လျားမှု အရှိန်အဟုန်မှာ နှေးကွေးနေရသည်။
ထို့ကြောင့် သူတို့သည် လင်ရှောင်မြို့တော်နှင့် အနီးအနားရှိ မြို့ငယ်များကို ဦးစွာ သိမ်းပိုက် ပြီးနောက် ထိုနေရာများတွင် တပ်စွဲကာ အနားယူကြလိမ့်မည်ဟု ခန့်မှန်းရသည်။
ဘိုးဘေးနဂါး မြို့တော်၏ အနောက်ဘက်တွင် နဂါးချောက်ကမ်းပါးနှင့် တောင်တန်းများ ဆက်စပ်တည်ရှိနေပြီး ထိုနေရာတို့မှာ စစ်ရေးအရ အလွန်ပင် အားသာချက်ရှိသော မြေအနေအထားများ ဖြစ်ကြသည်။ လင်ရှောင်မြို့တော်နှင့် အစဉ်အမြဲ စစ်မက်ဖြစ်ပွားနေခဲ့ သည်ဖြစ်ရာ ခံတပ်များ၊ ရဲတိုက်များနှင့် မြို့ရိုးများကိုလည်း အများအပြား တည်ဆောက် ထားပြီး ဖြစ်သည်။ ရွီနိုင်ငံအနေဖြင့် ဘိုးဘေးနဂါး မြို့တော်ကို သိမ်းပိုက်ရန်ဆိုပါက အနည်းဆုံး (၆) လထက် မနည်းသည့်အချိန် ပေးရပေလိမ့်မည်။
သို့သော်လည်း သူတို့သာ အာဏာလုပွဲတွင် ရှုံးနိမ့်သွားပါက...
နဂါးထိန်းများနှင့် နတ်ဘုရားနွယ်ဝင်လူသားတို့ စစ်ပွဲထဲသို့ အလောတကြီး ဝင်ရောက်လာ ကြလိမ့်မည် ဖြစ်ရာ၊ အရာအားလုံးမှာ မည်သို့မျှ ခန့်မှန်း၍ မရနိုင်တော့သည့် အခြေအနေ သို့ ရောက်ရှိသွားပေလိမ့်မည်။