← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃) လီရှင်းဟွာ။

ခရီးမထွက်မီ ရက်အနည်းငယ်အလိုတွင် ကျူးမင်လန်သည် ငွေရောင်ထင်းရှူး သူတော်စင် တောအုပ်တွင်ပင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ အဓိကအားဖြင့် မိုးပြာနဂါး နက်နှင့် နတ်ဘုရား သူတော်စင်နဂါးစိမ်းတို့ကို လေ့ကျင့်ပေးရန်အတွက် ဖြစ်သည်။

သွားမည်းကြီးသည် နဂါးသခင်အဆင့်ရှိ မိုးပြာနဂါးဝိညာဉ်ပုလဲကို စားသုံးခဲ့ပြီး ဖြစ်သည်။ တစ်လနီးပါးခန့် အစာခြေဖျက်ပြီးနောက် ယခုအခါတွင် သူသည် နဂါးစစ်သူကြီးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပြီး အနက်ရောင်လျှပ်စီးအကြေးခွံ များပင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

အနက်ရောင် လျှပ်စီးအကြေးခွံများမှာ ထူးခြားလှပေသည်။ အဘယ်ကြောင့်ဆိုသော် မိုးပြာနဂါးနက်၏ ခန္ဓာကိုယ်ကို ရန်သူက တိုက်ခိုက်လာသည့်အခါ ထိုအကြေးခွံများက စွမ်းအင်အများစုကို စုပ်ယူလိုက်သည်။ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုများ အပါအဝင် ထိုစုပ်ယူလိုက်သော စွမ်းအင်များက မိုးပြာနဂါးနက်၏ ဦးချို၊ လက်သည်း၊ အမြီး၊ ကျောရိုးနှင့် အခြားအစိတ်အပိုင်းများဆီသို့ လျှပ်စီးမုန်တိုင်းစွမ်းအင်များအဖြစ် ကူးပြောင်း ရောက်ရှိသွားတော့သည်။

ဤအချက်ကြောင့် မိုးပြာနဂါးနက်၏ မည်သည့်အစိတ်အပိုင်းဖြင့် တိုက်ခိုက်သည်ဖြစ်စေ လျှပ်စီးမုန်တိုင်းများကို ဖန်တီးပေးနိုင်စွမ်းရှိသဖြင့် သဘာဝအလျောက်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထို့အပြင် သွားမည်းကြီးသည် ရှေးဟောင်းနဂါး တိုက်ခိုက်ရေးပညာရပ်တစ်ခုဖြစ်သည့် ရဲရင့်သွေးကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည်။

ဤစွမ်းရည်မှာ ရှေးဟောင်း နဂါးတစ်ကောင်အား တိုက်ပွဲအတွင်းတွင် ပိုမိုပြင်းထန် ရက်စက်လာစေနိုင်သည့် အစွမ်းထက် စွမ်းရည်တစ်ခုပင် ဖြစ်သည်။

အုပ်စိုးရှင်နဂါးများသည် အထွတ်အထိပ် သားရဲများ ဖြစ်ကြသည်။ သူတို့သည် အသင့် အနေအထားဖြင့် တိုက်ခိုက်နေစဉ်အတွင်း သွေးလည်ပတ်မှု ပိုမိုမြန်ဆန်လာကာ ဆူပွက် လာတတ်ပြီး ၎င်းတို့၏ ရှေးဟောင်းတိုက်ခိုက်ရေးဝိညာဉ်များ တဖြည်းဖြည်း နိုးကြားလာ ကာ ပြင်းထန်သော တိုက်ပွဲအလယ်တွင် မိမိတို့၏ အလားအလာအားလုံးကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်းရှိသည်။

ရန်သူအား ဒဏ်ရာတစ်ခု ရစေတိုင်း၊ သွေးနံ့ကို ရလိုက်တိုင်းတွင် အုပ်စိုးရှင်နဂါးများသည် တစ်စထက်တစ်စ ပိုမိုအားကောင်းလာကြသည်။

မိမိတို့ကိုယ်တိုင် ဒဏ်ရာရရှိခြင်းနှင့် သွေးထွက်ခြင်းကပင်လျှင် အုပ်စိုးရှင်နဂါးများကို ယခင်ကထက် ပိုမိုသန်မာစေသည်။

တိုက်ပွဲများကို စဉ်ဆက်မပြတ် တိုက်ခိုက်ခြင်း၊ အဆက်မပြတ် သတ်ဖြတ်ခြင်း၊ မိမိ ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံးကို လက်အောက်ခံဖြစ်အောင် ဖိနှိပ်ခြင်းနှင့် အထွတ်အထိပ် သားရဲများ၏ အရှိန်အဝါနှင့် နဂါးဂုဏ်ဒြပ်ကို ထိန်းသိမ်းထားခြင်းတို့က အုပ်စိုးရှင်နဂါးများ ၏ ကိုယ်တွင်းရှိ ရဲရင့်သွေးကို ဆူပွက်လာစေသည်။ ၎င်းကပင် စွမ်းအား၊ ကာကွယ်ရေး၊ အမြန်နှုန်း၊ တုံ့ပြန်မှု၊ ကိုယ်တိုင်ကုသနိုင်စွမ်း၊ တိုက်ခိုက်ရေး ပညာရပ်နှင့် အလုံးစုံသော စွမ်းရည်များကို ပေါက်ကွဲထွက်စေသည်အထိ ဖြစ်ပေါ်စေတော့သည်။

သေဆုံးမသွားသရွေ့ သူသည် ပိုမိုသန်မာလာလိမ့်မည်။

သွားမည်းကြီးသည် အုပ်စိုးရှင်နဂါးနှင့် မိုးပြာနဂါးတို့၏ မျိုးစပ်ဖြစ်သည့်အတွက် ရဲရင့်သွေး နိုးထလာခြင်းမှာ သူ၏ ကိုယ်ပိုင်စစ်မှန်သော ရှေးဟောင်းနဂါးဝိညာဉ်ကို အမှန်တကယ် ပိုင်ဆိုင်သွားပြီဟု ဆိုနိုင်ပေသည်။

ထို့ကြောင့် ကျူးမင်လန်သည် သွားမည်းကြီးအတွက် စစ်မှန်သော တိုက်ပွဲ အတွေ့အကြုံ များ ရရှိစေရန် ရည်ရွယ်၍ သူတော်စင်တောအုပ်အတွင်း၌ ပြိုင်ဘက်အချို့ကို ရှာဖွေရန် စီစဉ်လိုက်သည်။

တစ်ခုသတိပြုရမည်မှာ ရဲရင့်သွေးသည် တိုက်ပွဲအတွင်း ခေတ္တသာရရှိသည့် အကျိုးအမြတ် မျိုး မဟုတ်ပေ။ တိုက်ပွဲပြီးဆုံးသွားသည့်တိုင်အောင် ရှေးဟောင်းနဂါး၏ ခန္ဓာကိုယ်အတွင်း ၌ စွမ်းရည်အလားအလာများ၏ အစိတ်အပိုင်းတစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်ပေ သည်။

ဆိုလိုသည်မှာ တိုက်ပွဲတစ်ခုတွင် အောင်ပွဲခံတိုင်း အုပ်စိုးရှင်နဂါး၏ စွမ်းအားကို အမြဲတမ်း တိုးမြှင့်ပေးသွားလိမ့်မည် ဖြစ်သည်။

ရှေးဟောင်းနဂါး နတ်ဘုရားပညာဟု ခေါ်ဆိုထိုက်သည့် ဤတိုက်ခိုက်ရေး ပညာရပ်သည် ကျူးမင်လန်၏ ကြိုးပမ်းအားထုတ်မှုကြောင့်သာ သွားမည်းကြီးအား အကောင်းဆုံးသော အရင်းအမြစ်များဖြင့် ကျွေးမွေးအားဖြည့်ပေးနိုင်ခဲ့၍ နိုးထလာခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ် ပါက ဤစွမ်းရည်မျိုး နိုးထလာမည့် အခွင့်အရေးကို လက်လွတ်သွားနိုင်ခြေ ရှိနေပေသည်။

ရဲရင့်သွေးကို ရရှိထားပြီးဖြစ်သည့်အတွက် သွားမည်းကြီးအနေဖြင့် မွေးရာပါ ပါရမီရှင်ဖြစ် သော အဖြူလေးနှင့် သူတော်စင်နဂါး သွေးမျိုးဆက်ပါရှိသည့် ဝါးစိမ်းလေးတို့၏ နောက် တွင် ကျန်ရစ်ခဲ့မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

သို့သော်လည်း သွားမည်းကြီးသည် အစာခြေကာလအတွင်း၌သာ ရှိနေဆဲဖြစ်သည်။

နဂါးသခင်အဆင့် ဝိညာဉ်ပုလဲသည် သွားမည်းကြီးအတွက် အလွန်ပင် ကြီးမားလှသဖြင့် အစာခြေရန်အတွက် အချိန်အတော်ကြာယူရမည် ဖြစ်ပြီး၊ ၎င်းက သွားမည်းကြီးအား ဆက်လက်၍ ပိုမိုသန်မာလာနိုင်သည့် အလားအလာကို ဖော်ဆောင်ပေးနေသည်။

တိုက်ပွဲများမှာ အစာခြေချိန်ကို တိုတောင်းစေနိုင်ရုံသာမက စွမ်းရည်အသစ်များ နိုးထလာ မည့် အခွင့်အရေးကိုလည်း ပိုမိုမြင့်တက်စေသည်။

ကျွေးမွေးပြုစုခြင်း၊ ဝိညာဉ်ရေးရာ အားဖြည့်ပေးခြင်း၊ တိုက်ခိုက်ခြင်းနှင့် သန်မာလာအောင် လေ့ကျင့်ပေးခြင်းတို့က နဂါးတိုင်း၏ ကြီးထွားမှုဖြစ်စဉ်တွင် မရှိမဖြစ် လိုအပ်သည့် အရာများဖြစ်ပြီး ၎င်းတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်ဆည်းပေးနိုင်ပါက အကောင်းဆုံးပင် ဖြစ်သည်။ ...အင်း၊ အဖြူလေးကလွဲရင်ပေါ့။

အဖြူလေးသည် သူ၏အတိတ်ဘဝကပင် တိုက်ခိုက်ရေးဆိုင်ရာ စွမ်းရည်များကို အမြင့်ဆုံး အထိ ဖြည့်ဆည်းပြီးခဲ့ပြီ ဖြစ်ဟန်တူသည်။ ဤဘဝတွင်တော့ အစာကျွေးခြင်း၊ ဝိညာဉ် ရေးရာ အားဖြည့်ပေးခြင်းနှင့် အိပ်စက်ခြင်းတို့ကိုသာ လိုအပ်တော့သည်။ သူတိုက်ခိုက်မ လား၊ မတိုက်ခိုက်ဘူးလားဆိုသည်မှာ သူ၏ စိတ်ခံစားချက်အပေါ်တွင်သာ မူတည်ပြီး ရန်သူက သူနှင့် တိုက်ခိုက်ရန် ထိုက်တန်မှု ရှိ၊ မရှိအပေါ်တွင်လည်း မူတည်နေသည်။

"ငါ အဖြူလေးကို တကယ်တမ်း နားမလည်သေးဘူးလို့ ခံစားရတယ်။ အိမ်ပြန်ရောက်ရင် ဆရာငိုက်ဆီမှာ အကြံဉာဏ်တောင်းရဦးမယ်..." ကျူးမင်လန်က 'ဆရာငိုက်' ၏ ပုံစံကို မြင်ယောင်ရင်း တွေးလိုက်မိသည့်အခါ အလိုအလျောက်ပင် ရယ်ချင်စိတ်ကို မထိန်းနိုင် တော့ဘဲ ပြုံးမိတော့သည်။

ငယ်စဉ်ကလေးဘဝက ဆရာငိုက်သည် သူ့အား နဂါးထိန်းတစ်ဦး ဖြစ်လာစေရန် အသည်း အသန် တိုက်တွန်းခဲ့ဖူးသည်ကို မှတ်မိနေသေးသည်။ သို့သော်လည်း ထိုစဉ်က သူသည် နတ်ဘုရားနွယ်ဝင်လူသား လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့မိသည်။

“ယခုအချိန်မှာတော့ ငါ နဂါးထိန်းတစ်ယောက် ဖြစ်လာခဲ့ပြီ။ ငါ့အဒေါ်လိုပဲ ဆရာငိုက်ကလဲ ငါ့အပေါ် မျှော်လင့်ချက်ကုန်ဆုံးမသွားဖို့ ဆုတောင်းရမှာပဲ။”

"အဖြူလေးရဲ့ အဆင့်ကျသွားတဲ့ အခြေအနေကို ဆရာငိုက်ဆိုရင် ရှင်းပြနိုင်မှာပဲ" ကျူးမင်လန်က သူကိုယ်သူ့ ရေရွတ်လိုက်မိသည်။

ကျူးမျိုးနွယ်စု……

“ငါ ပြန်ရောက်လာခြင်းက သူတို့အတွက် ဝမ်းမြောက်စရာ ကိစ္စတစ်ခု ဖြစ်လာမလား၊ ဒါမှမဟုတ် ခေါင်းခဲစရာ ဖြစ်လာမလား။ တချို့က ဝမ်းသာကြပြီး၊ တချို့ကတော့ ဝမ်းနည်းကြလိမ့်မယ်လို့ ငါ ထင်မိတယ်။”

ယနေ့ နဂါးလေ့ကျင့်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် ငွေရောင်ထင်းရှူး သူတော်စင် တောအုပ်အတွင်း လမ်းလျှောက်နေရင်း ကျူးမင်လန်သည် နန်အိမ်တော်သို့ ပြန်ရန်စီစဉ် ထားခဲ့သော်လည်း သူ၏ခြေလှမ်းများမှာ ဥယျာဉ်၏ တစ်ဖက်စွန်းသို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာတွင် တောအုပ်၏ နက်ရှိုင်းသောနေရာတွင် ဝှက်ထားသည့် ဘုရားကျောင်းငယ် တစ်ခု ရှိနေသည်။ ညအချိန်ရောက်နေပြီ ဖြစ်သော်လည်း ဘုရားကျောင်းအတွင်းတွင် ဖယောင်းတိုင်မီးရောင်များ လင်းထိန်နေသည်။ သိလိုစိတ်ဖြင့် ကျူးမင်လန်သည် ထိုဘုရားကျောင်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဤကဲ့သို့သော ဘုရားကျောင်းများတွင် မိသားစုဝင်တစ်ဦးဦး၏ နှစ်ပတ်လည်နေ့များ၌သာ ဖယောင်းတိုင်များ ထွန်းညှိလေ့ရှိကြသည်။

ကျူးမင်လန် တံခါးဝသို့ ရောက်သည်နှင့် မြက်ဖျာပေါ်တွင် ထိုင်နေသော လူတစ်ယောက် ကို တွေ့လိုက်ရ၏။ သူက လက်ထဲတွင် အရက်ဘူးကို ကိုင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်မွှေး များမှာ အနည်းငယ် ရှုပ်ပွပြီး ဖရိုဖရဲနေသည်။

ဖယောင်းတိုင် မီးရောင်အောက်တွင် ကျူးမင်လန်သည် ထိုလူမှာ လီမိသားစု၏ အကြီး အကဲ လီရင်း ဖြစ်ကြောင်း မှတ်မိသွားသည်။

သူသည် ကျူးမင်လန် ယခင်က မြင်ဖူးခဲ့စဉ်ကထက် ပိုမိုပင်ပန်းနွမ်းနယ်နေပြီး အိုမင်း ရင့်ရော်နေဟန်ရှိသည်။ သူ၏မျက်လုံးများမှာ ယခင်ကကဲ့သို့ ထက်မြက်ခြင်း မရှိတော့ဘဲ စောင့်ကြပ်နေသည့် အလယ်အလတ်အရွယ် လူတစ်ယောက်နှင့် ပို၍တူနေတော့သည်။

သူက အရက်တစ်ငုံ သောက်လိုက်ပြီးနောက် ကျူးမင်လန်ကို မြင်လိုက်ရသော်လည်း အံ့ဩ သွားဟန်မရှိဘဲ လေသံအေးအေးဖြင့် "သောက်မလား" ဟုသာ မေးလိုက်သည်။

ကျူးမင်လန်သည် စိတ်ဓာတ်ကျဆင်းနေဟန်ရှိသော လီရင်းကို ကြည့်လိုက်ပြီး သူ၏ ရင်ထဲတွင် သနားဂရုဏာသက်မှု အနည်းငယ်ဝင်လာသည်။

ဤလူသည် သူကိုယ်တိုင်ပင် အိပ်ရာပြင်ဆင်ခဲ့သလိုမျိုး၊ သူကိုယ်တိုင်ပင် အကျိုးဆက်ကို ခံစားနေရခြင်း ဖြစ်သည်။

ဤနေရာတွင် စောင့်ကြပ်နေနိုင်ပြီး အေးချမ်းမှုကို ခံစားနေနိုင်ခြင်းမှာ လီယွန်ဇီနှင့် နန်လင်းရှာတို့က သူသည် သူမတို့၏ ဖခင်ဖြစ်ကြောင်းကို အမှတ်ရနေကြပြီး ကိုယ်အဖေ ကို ပြန်သတ်ဖြတ်သူများ မဖြစ်လိုကြ၍သာ ဖြစ်ပေလိမ့်မည်။

"ဘယ်သူ့အတွက် ဝမ်းနည်းပူဆွေးနေတာလဲ" ကျူးမင်လန်က မေးလိုက်သည်။

"ငါ့ဇနီးအတွက်ပါကွာ" လီရင်းက ပြန်ဖြေသည်။

"သူမ ဘယ်လိုသေဆုံးသွားတာလဲ" ကျူးမင်လန်က ကမ္ဗည်းပြားတစ်ခု တင်ထားသည့် ဘုရားစင်စားပွဲပေါ်သို့ အကြည့်ရောက်သွားသည်။

ထိုအရာမှာ ခုန်ထုန် မဟုတ်ဘဲ လီရင်း၏ ပထမဇနီး၊ လီယွင်ဇီနှင့် နန်လင်းရှာတို့၏ အမိအရင်းဖြစ်သူ၏ ကမ္ဗည်းပြား ဖြစ်နေသည်။

"ငါနဲ့ ငါ့ဇနီးမှာ သမီးလေးယောက်ရှိခဲ့တယ်၊ အငယ်ဆုံးသမီးနှစ်ယောက်က မွေးကတည်း က ကျန်းမာရေးချို့တဲ့ပြီး နှစ်နှစ်၊ သုံးနှစ်အရွယ်မှာပဲ ဆုံးပါးသွားခဲ့ကြတယ်။ ငါ့ဇနီးက အဲဒီအတွက် အရမ်းကို ဝမ်းနည်းကြေကွဲပြီး အဲဒီနေ့မှာပဲ သူပါ ဆုံးပါးသွားခဲ့တာပါ" လီရင်း က ပြောပြသည်။

အဆုံးတွင် လီရင်းမှာ စုစုပေါင်း သမီးလေးယောက်ရှိခဲ့သည်။

သူသည် သားယောက်ျားလေးကိုသာ အစဉ်တစိုက် တောင့်တခဲ့သော်လည်း ကံကြမ္မာ၏ ပြစ်ဒဏ်အဖြစ် သမီးများသာ ရရှိခဲ့သည့်အတွက် သူ့စိတ်ထဲတွင် မကျေနပ်မှုများ ကိန်းအောင်းနေခဲ့ခြင်းလော။

"ဒါက ဒီနေ့လိုနေ့မျိုးမှာ ဖြစ်တာလား" ကျူးမင်လန်က မေးမြန်းလိုက်သည်။

"ဟုတ်တယ်"

"အသက်ရှင်စဉ်က တန်ဖိုးမထားဘဲ၊ သေဆုံးသွားမှ ဝမ်းနည်းပူဆွေးနေတာ၊ ခင်ဗျားက တကယ်ကို ဟာသတစ်ခုပဲ" ကျူးမင်လန်က ဆိုလိုက်သည်။

ကျူးမင်လန်သည် လီရင်း၏စကားကို ကြားပြီးနောက် ခဏမျှ တိတ်ဆိတ်သွားမိသည်။

"ငါ သူတို့ကို ထောင်ချထားချင်ခဲ့ရုံ သက်သက်ပါ... ငါ သူတို့ကို ထောင်ချထားချင်ခဲ့ရုံပါ..." ဤစကားကို ထပ်ခါတလဲလဲ ရေရွတ်ရင်း လီရင်းသည် ပြင်းရှသောအရက်ကို အငမ်းမရ ထပ်သောက်လိုက်ပြီး တတွတ်တွတ် မြည်တမ်းနေပြန်သည်။

လီရင်း၏ အခြေအနေကို ကြည့်ရသည်မှာ အရက်အလွန်အကျွံ သောက်ထားသဖြင့် စကား များပင် ရှုပ်ထွေးနေဟန်ရှိသည်။ သို့သော် သူ၏ရင်ထဲ အနက်ရှိုင်းဆုံးနေရာတွင် ကိန်းအောင်းနေသည့် နောင်တတရားနှင့် နာကျင်မှုတို့ကိုလည်း ထင်ထင်ရှားရှားပင် မြင်တွေ့နေရလေသည်။

ကျူးမင်လန်သည် ဤမျှလောက်ထိ ဖြစ်သင့်ဖြစ်ထိုက်သော ကံကြမ္မာကို ကြုံတွေ့နေရ သည့် ယောက္ခထီးဖြစ်သူအား နှစ်သိမ့်ပေးရန် စိတ်မကူးတော့ပေ။ ဘုရားကျောင်းမှ ထွက်ခွာရန် လှည့်အထွက်တွင်မူ ကမ္ဗည်းပြားများကြားမှ သူနှင့် ရင်းနှီးနေသယောင်ရှိသော နာမည်တစ်ခုကို သတိပြုမိလိုက်သည်။

လီရှင်းဟွာ…..။

"ရှင်းဟွာလား"

"သူမက နန်လင်းရှာ ပြောပြဖူးတဲ့ နိမိတ်ဖတ်သူ (ကြယ်ပန်းချီ) မဟုတ်ဘူးလား"

ကျူးမင်လန်သည် ထိုနေရာသို့ အထူးတလည် လျှောက်သွားလိုက်သည်။ ကမ္ဗည်းပြား ပေါ်တွင် ထိုအမည်ကို အမှန်တကယ်ပင် ရေးထိုးထားသည်ကို တွေ့လိုက်ရပြီး၊ ၎င်းပေါ်ရှိ မွေးနေ့နှင့် သေဆုံးနေ့ရက်များမှာ ငယ်ရွယ်စဉ်ပင် ကွယ်လွန်ခဲ့ကြောင်း အတိအကျ ဖော်ပြ နေသည်။

နန်လင်းရှာက သူ့အား နိမိတ်ဖတ်တစ်ဦးဖြစ်သည့် 'လီရှင်းဟွာ' (ကြယ်ပန်းချီ) ဟု အတိ အလင်း ပြောပြခဲ့ဖူးသည်။

လီယွင်ဇီသည်လည်း ဤနိမိတ်ဖတ်ထံမှပင် ဝူထူနယ်မြေနှင့်ဆင်တူသော တိုက်ကြီးသစ် တစ်ခု လီချွမ်းတိုက်ကြီးတွင် ပေါ်ထွက်လာနိုင်သည့် အချိန်ကာလကို သိရှိခဲ့ခြင်း ဖြစ်သည်။

ပြဿနာမှာ သူမ၏ ကမ္ဗည်းပြားက ဤနေရာတွင် ရှိနေခြင်းပင်။ ထို့ပြင် သူမသေဆုံးခဲ့ သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

လီယွင်ဇီမှာ တစ်စုံတစ်ရာ သေသူကို ပြန်လည်နှိုးထစေသည့် မှော်ပညာကို ပိုင်ဆိုင်ထား လေသလော။

"ဟေ့... ခင်ဗျားရဲ့ သမီးငယ်လေးတောင် ဆုံးသွားတာ ကြာလှပြီ... အခုလို အရက်မူးပြီး အိပ်ပျော်နေတာက ခင်ဗျားရဲ့ ဇနီးနဲ့ သမီးတွေကို ဝမ်းနည်းပူဆွေးပြနေတာတဲ့လား" ကျူးမင်လန်က လီရင်းကို လှည့်ကြည့်ရင်း စိတ်ပျက်စွာဖြင့် မျက်စိများကို လှည့်ပတ် ကစားလိုက်သည်။

ဒီကမ္ဗည်းပြားကများ အတုများ ဖြစ်နေလေမလား။

တစ်စုံတစ်ရာသော အကြောင်းကြောင့် ရှင်းဟွာဟု အမည်ရသည့် ထိုနိမိတ်ဖတ်မှာ မသေဆုံးဘဲ တစ်နေရာရာတွင် ပုန်းအောင်းနေခြင်းများ ဖြစ်နေမလား။

လီရင်းကရော သူ့သမီး အသက်ရှင်နေသေးသည်ကို သိရှိထားပါသလား။

“နန်ယိုဆို…”

လီရှင်းဟွာ၏ ကမ္ဗည်းပြားဘေးနားတွင် ကပ်လျက်ရှိနေသည့် နောက်ထပ် ကမ္ဗည်းပြား တစ်ခုကို ကျူးမင်လန် သတိပြုမိသွားသည်။ လီရင်း အခုလေးတင် ပြောသွားခဲ့သည့် ငယ်ရွယ်စဉ်ကတည်းက ဆုံးပါးသွားသော သမီးနှစ်ယောက်မှာ သူတို့နှစ်ဦးပင် ဖြစ်ရမည်။

လီရှင်းဟွာနှင့် နန်ယိုဆိုတို့၏ သေဆုံးမှုမှာ ဖျားနာခြင်းကြောင့် မဟုတ်ဘဲ တစ်စုံ တစ်ယောက်၏ လက်ချက်ကြောင့်များ ဖြစ်နေမလား။

ပြီးတော့ လီယွင်ဇီနှင့် နန်လင်းရှာတို့၏ အမအရင်းမှာလည်း ထိုနေ့က ဝမ်းနည်းပူဆွေးမှု လွန်ကဲပြီး သေဆုံးခဲ့ရသည်ဆိုတော့၊ သူမမှာလည်း သွယ်ဝိုက်သောနည်းဖြင့် အသတ်ခံ လိုက်ရသည်နှင့် အတူတူပင် ဖြစ်နေသည်။

ဒါတွေအားလုံးက ခုန်ထုန်ရဲ့ လက်ချက်များ ဖြစ်နေမလား။

လီရင်းမှာ ဘာမှမသိခဲ့သော်လည်း လီယွင်ဇီကမူ တစ်စုံတစ်ခုကို ရိပ်မိနေခဲ့ပုံရသည်။ ထို့ကြောင့်ပင် ဖခင်ဖြစ်သူနှင့် သူမ၏ ဆက်ဆံရေးမှာ အမြဲတစေ အေးစက် တင်းမာနေခဲ့ ခြင်း ဖြစ်ပေမည်။

သို့မဟုတ် လီယွင်ဇီသည် သူမ၏ညီမ ရှင်းဟွာကို အသက်ကယ်တင်နိုင်ခဲ့သော်လည်း၊ သူမ၏မိခင်နှင့် နန်ယိုဆိုတို့မှာမူ လူဆိုးများ၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရခြင်းလော။ အသက်အရွယ် ငယ်ရွယ်မှုနှင့် ရန်သူ၏စွမ်းအားကြီးမားမှုကို သိမြင်ထားသဖြင့် လီယွင်ဇီ အနေဖြင့် ရှင်းဟွာကို လျှို့ဝှက်စွာ ဖွက်ထားခဲ့ရခြင်း ဖြစ်မည်လော။

ခုန်ထုန်အပြင် အကြီးအကဲနန်ပါ ပါဝင်ပတ်သက်နေခဲ့ခြင်း ဖြစ်နိုင်မလား။

မဟုတ်ပါက အကြီးအကဲနန်သည် လီယွင်ဇီကို အပြစ်ပေးရန် အဘယ်ကြောင့် အသည်း အသန် ကြိုးပမ်းနေရသနည်း။ သူတော်စင် နှင်းရည်ကို နှစ်ပေါင်းတစ်ရာကြာ တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုရုံ သက်သက်ဖြင့်ဆိုလျှင်ပင် ဤမျှ သတ်ဖြတ်ချင်သည်အထိ ရန်ငြိုး ကြီးထားစရာ မလိုပေ။

နှစ်ပေါင်းများစွာအတွင်း လီယွင်ဇီနှင့် နန်လင်းရှာတို့သည် တိတ်ဆိတ်စွာပင် အောင့်အီး သည်းခံလာခဲ့ကြသည်။ ထိုအတိတ်က ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့သူ အားလုံးကို အမြစ်ပြတ်ချေမှုန်းရန် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေခဲ့ကြသည်။

နောက်ဆုံးတွင် လီရင်းဆိုသူမှာ မိမိ၏ဇနီးနှင့် သမီးများကို သတ်ဖြတ်ခဲ့သူတို့မှာ လီမျိုးနွယ် နှင့် နန်မျိုးနွယ်ထဲမှာပင် အစအဆုံး ရှိနေခဲ့သည်ကို မသိရှိဘဲ အလွန်တရာ အသုံးမကျ၊ အပြစ်ကင်းလွန်းနေခဲ့ခြင်းလော။

သို့တည်းမဟုတ် သူကိုယ်တိုင်ပင် ပါဝင်ပတ်သက်နေပြီး၊ သူ၏သမီးနှင့် ပထမဆုံးဇနီးကို သေဆုံးစေခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်နေမလား။

“ဟူး... တစ်အိမ်ထဲမှာတင် ဒီလောက်အထိ အဆိပ်သင့်သလို ရက်စက်ကြမ်းကြုတ်သူတွေ ရှိနေနိုင်ပါပေါ့လား။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ လီယွင်ဇီနဲ့ နန်လင်းရှာတို့ ရှင်သန်ကြီးထွားဖို့ ဘယ်လောက်တောင် ခက်ခဲခဲ့မလဲဆိုတာ တွေးကြည့်လို့ရတယ်။”

“ကံကောင်းစွာနဲ့ပဲ နောက်ဆုံးမှာတော့ အရာအားလုံး အဆင်ပြေသွားခဲ့ပြီး ညီအစ်မ နှစ်ယောက်လုံးဟာ အတိတ်က ကျူးလွန်ခဲ့သူအားလုံးကို အမြစ်ပြတ် ရှင်းထုတ်နိုင်ခဲ့ကြ တယ်။”

အဖြစ်အပျက် အားလုံးကို နားလည်သွားသောအခါ ကျူးမင်လန်သည် အရက်မူးပြီး မြေကြီး ပေါ်တွင် လဲကျနေသည့် လီရင်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ပျက်စွာ ခေါင်းခါလိုက်မိ သည်။ ထို့နောက် ဖယောင်းတိုင်နှစ်တိုင်ကို ထွန်းညှိပြီး ကွယ်လွန်သွားသော နန်ယိုဆိုနှင့် လီယွင်ဇီ၏ အမိအရင်းတို့၏ ကမ္ဗည်းပြားများရှေ့တွင် သီးခြားစီ ချထားပေးလိုက်လေ သည်။

ကမ္ဗည်းပြားများရှေ့တွင် ပူဇော်ကန်တော့ပြီးနောက် ကျူးမင်လန်သည် လီရင်းအား ထပ်မံ ဂရုစိုက်မနေတော့ဘဲ ဘုရားကျောင်းထဲမှ ထွက်ခွာခဲ့လိုက်သည်။

ညနေခင်းရောက်ပြီ ဖြစ်၍ ခရီးဆက်ရန် ပြင်ဆင်ရမည့်အချိန် တန်ပြီဖြစ်သည်။

ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးဆီသို့၊ သူ၏ ကျူးမျိုးနွယ်စုဆီသို့ ပြန်ရမည့် အချိန်တန် လေပြီ။

ကမ္ဗည်းပြား အသီးသီးအောက်ရှိ ဖယောင်းတိုင်၏ ဖယောင်းများမှာ ကျောက်ပြားကဲ့သို့ မာကျောခဲယဉ်းသွားပြီလား၊ သို့မဟုတ် အခြားတစ်ခုခု ဖြစ်နေပြီလားဆိုသည်ကို မည်သူက သိနိုင်ပါ့မလဲ။

"ဟူး... ငါ အိမ်ပြန်ရောက်ရင် အရင်ဆုံးလုပ်ရမယ့် အလုပ်က ကျူးမျိုးနွယ်စုရဲ့ ဘုရား ကျောင်းကိုသွားပြီး ငါ့ရဲ့ကမ္ဗည်းပြားကို ဖယ်ရှားပစ်ဖို့ပဲ။ ငါ ကျူးမင်လန်က မသေသေးဘူး ကွ။ ငါ့ကို ပူဇော်တာ ရပ်လိုက်ကြစမ်း"

နွေရာသီအလယ်သို့ ချဉ်းကပ်လာသည်နှင့်အမျှ တောင်တန်းများမှာလည်း အလှပဆုံး ပွင့်လန်းနေကြသည်။ လီချွမ်းလွင်ပြင်ကို ဖြတ်သန်းပျံသန်းစဉ် မြင်ကွင်းမှာ မျက်စိတစ်ဆုံး ပွင့်လန်းနေသည့် ပန်းခင်းများက စိတ်ကို ဆွဲဆောင်လျက်ရှိရာ ခရီးသွားများပင် ခေတ္တ ရပ်နားကာ ငေးမောချင်စရာကောင်းလှသည်။

ရွှက်လွှင့်နဂါးပေါ်တွင် စီးနင်းလာရင်း ကျယ်ပြောလှသော မြေပြင်နှင့် မြစ်စဉ်များမှာ တဖြည်းဖြည်းနှင့် မိုးကုပ်စက်ဝိုင်းအောက်သို့ နစ်မြုပ်သွားပြီး၊ ထိုနေရာတွင် တန်းစီ၍ လှိမ့်ဝင်နေသည့် တောင်တန်းကြီးများက အစားထိုးနေရာယူလိုက်ကြသည်။

လုံကျော့တောင်တန်းဟု လူသိများသော ဤတောင်တန်းကြီးမှာ ရှေးဟောင်းနဂါး မြို့တော်နှင့် လင်ရှောင်မြို့တော်တို့၏ နယ်နိမိတ်မျဉ်း ဖြစ်သည်။ စစ်မက်များ နှစ်စဉ်လိုလို ဖြစ်ပွားနေသည့် နေရာဖြစ်သည့်အတွက် ချိုင့်ဝှမ်းများ၊ လမ်းကြောင်းများနှင့် တောင်စွယ် များတွင် ကျောက်ဖြင့် ပြုလုပ်ထားသည့် ကင်းစခန်းများနှင့် တောင်လေတွင် လွင့်ခါနေ သော အလံများကို မြင်တွေ့နိုင်ပေသည်။

ဤအဖွဲ့သည် ဤနေရာတွင် အချိန်ကြာမြင့်စွာ မရပ်နားခဲ့ပေ။ အကြောင်းမှာ စစ်ပွဲများတွင် သူတို့ဝင်ရောက်စွက်ဖက်၍ မရသောကြောင့် ဖြစ်သည်။ ကျူးရွှဲ့ဟန်နှင့် ပူရှီမင်တို့မှာ တရားစီအရင်သူများ ဖြစ်ကြသည်။ သူတို့သည် ထိုတပ်ဖွဲ့များရှိ နတ်ဘုရားနွယ်ဝင် လူသား များ၊ နဂါးထိန်းများနှင့် လီချွမ်းတိုက်ကြီးရှိ လူထုကို ကြီးကြပ်စောင့်ကြည့်ရုံသာမက၊ ဆန့်ကျင်သူ သို့မဟုတ် ပုန်ကန်သူများအား ဗိမာန်ဂိုဏ်းကဲ့သို့သော ကံကြမ္မာမျိုး ကြုံတွေ့ စေရန်လည်း တာဝန်ယူထားသူများ ဖြစ်ကြသည်။

ဤရွက်လွှင့်နဂါးမှာ ကျောင်းအုပ်ကြီး တွန်ချန်းချင်း ပိုင်ဆိုင်သော နဂါးတစ်ကောင် ဖြစ်သည်။ ယခုတစ်ကြိမ် ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးသို့ သွားရောက်ကြမည့် အဖွဲ့သားဦးရေမှာ မနည်းလှပေ။ ကျောင်းအုပ်ကြီး တွန်ချန်းချင်း၏ နဂါးထိန်းအဖွဲ့ဝင်များ မှာပင် ရှစ်ဦးအထိ ရှိနေသည်။

ကျူးမင်လန်၏ အဖွဲ့မှာမူ အနည်းငယ် နည်းပါးသည်။ နတ်ဘုရားနွယ်ဝင်လူသား နန်လင်းရှာသာ မပါဝင်ခဲ့ပါက သူနှင့်အတူ ပါလာမည့်သူမှာ နဂါးအစားအစာ ထိန်းသိမ်းသူ ကောင်မလေး ဖန်နန်နန်တစ်ဦးသာ ရှိပေမည်။

All Chapters