← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း (၁၁၇) အလကားသက်သက် မဟုတ်ခြင်း။

"ဝါးစိမ်းလေး၊ မင်းက ရှေ့ကလူတွေကို တာဝန်ယူပေးပါ" ကျူးမင်လန်က နတ်ဘုရား သူတော်စင်နဂါးစိမ်းကို နောက်တစ်ကြိမ် ထပ်မံ ဆင့်ခေါ်လိုက်သည်။

နတ်ဘုရား သူတော်စင်နဂါးစိမ်းသည် တောက်ပသော မြစိမ်းရောင် အလင်းတန်းများနှင့် အတူ ထွက်ပေါ်လာသည်။ ငွေနှင်းသူတော်စင်ရည်ကို သောက်သုံးထားပြီး ဖြစ်သဖြင့် သူ၏ အမွှေးအတောင်များမှာ ပိုမိုတောက်ပလာပြီး ဒေါင်လိုက်မျက်ဆန်များမှာ ပိုမိုနက်ရှိုင်း၍ ဝိညာဉ်ပါ ကိန်းအောင်းလာခဲ့သည်။

ဤသစ်တောအုပ်အတွင်းသို့ ရောက်ရှိလာသောအခါ သူ၏အကြည့်များက ကြွေကျနေ သော အရွက်များပေါ်သို့ ဖြတ်သန်းသွားသည်။ သဘာဝတရား၏ ဝိညာဉ်များက ထိုအပင် များကို အသက်ဝင်သွားစေသကဲ့သို့ပင်။

မကြာမီပင် မြင့်မားသော သစ်ပင်ကြီးများသည် အသက်ဝင်လာကြသည်။

သစ်ပင်တို့သည် လူသားတစ်ယောက်၏ ခါးကဲ့သို့ ထူထဲသော ပင်စည်များကို လိမ်ယှက် လှုပ်ရှားလာစေသည်။

၎င်းတို့သည် သွက်လက်သော လက်မောင်းများကဲ့သို့ ပါးလွှာသော အကိုင်းအခက်များကို ဝှေ့ယမ်းနေကြ၏။

၎င်းတို့၏ အမြစ်များက မြေဆီလွှာထဲမှ ထွက်ပေါ်လာပြီး ဧရာမခြေဖဝါးကြီးများအဖြစ် ပြောင်းလဲသွားကာ လူယုတ်မာတို့၏ နဂါးသားရဲများထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွား ကြသည်။

သစ်တောဝိညာဉ်များ……

နတ်ဘုရား သူတော်စင်နဂါးစိမ်းသည် ဤသစ်တောထဲရှိ သစ်ပင်များကို သစ်တောဝိညာဉ် အစောင့်အရှောက်များအဖြစ် ပြောင်းလဲလိုက်သည်။ သစ်ပင်များသည် ၎င်းတို့၏ အကိုင်း အခက်လက်တံများကို ဝှေ့ယမ်းကာ ထိုကြံ့ခိုင်သော နဂါးသားရဲများကို လွင့်စဉ်အောင် ရိုက်ထုတ်ပြီး သွေးအလိမ်းလိမ်း ဖြစ်ပေါ်စေခဲ့သည်။

ထိပ်ပြောင်ညီအစ်ကိုတို့ ဆင့်ခေါ်ထားသော နဂါးသားရဲများမှာ မြေအောက်လမ်းကြောင်း များကို ကျွမ်းကျင်စွာ တူးဖော်နိုင်သည့် မြေတွင်းနဂါးများ ဖြစ်ကြသည်။ သို့သော် သစ်တော ဝိညာဉ် အစောင့်အရှောက်များက ၎င်းတို့ကို မြေကြီးထဲမှ ဆွဲထုတ်လိုက်ပြီး ဘောလုံးများ ကဲ့သို့ ကစားကာ လွှင့်ပစ်လိုက်ကြသည်။

အခြားနဂါးသားရဲများမှာ ထိတ်လန့်တကြားဖြစ်ကာ ထွက်ပြေးရန် ကြိုးစားကြသော်လည်း သစ်တောဝိညာဉ် အစောင့်အရှောက်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လုံးဝလှုပ်ရှား၍ မရတော့ပေ။

သံကြိုးများကဲ့သို့ ပြောင်းလဲပြုပြင်နိုင်စွမ်းရှိသည့် အကိုင်းအခက်များသည် နဂါးသားရဲများ ၏ အရေပြားပေါ်သို့ သနားညှာတာမဲ့စွာ ရိုက်နှက်နေသည်။ မျှော်စင်များပမာ အမြင့်ပေ များစွဦမြင့်မားသည့် သစ်တောဝိညာဉ် အစောင့်အရှောက် တစ်ဒါဇင်ကျော်တို့က ၎င်းတို့ကို အရေပြားများကွဲအက်ကာ သွေးအသားများ အလိမ့်လိမ့်ထွက်သည်အထိ ရိုက်နှက်လိုက် ကြသည်။

ကုန်သည်ဟန်ဆောင်ထားသော ထိုလူယုတ်မာများမှာ ကြောက်ရွံ့မှုကြောင့် မျက်နှာပျက် ကာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေကြသည်။ အဆုံးတွင် သူတို့အဖွဲ့မှာ တစ်ဒါဇင်ကျော် အယောက်နှစ်ဆယ်ခန့်ရှိပြီး တစ်ယောက်စီတိုင်းက အနည်းဆုံး နဂါးတစ်ကောင်ကို ဆင့်ခေါ်နိုင်ကြကာ သူတို့၏ ခေါင်းဆောင်မှာပင် နဂါးစစ်သူကြီးအဆင့် ရှိသူ ဖြစ်သည်...

သို့သော် တစ်ဖက်လူ၏ မိုးပြာနဂါးနက်နှင့် နတ်ဘုရား သူတော်စင် နဂါးစိမ်းတို့၏ ရှေ့မှောက်တွင်မူ သူတို့မှာ ဆရာတစ်ယောက်၏ ကြိမ်လုံးဖြင့် အဆုံးအမခံနေရသည့် ကလေးငယ်များအတိုင်း ဖြစ်နေပြီး ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိကြပေ။

"သူတပါး ပစ္စည်းဥစ္စာကို တပ်မက်ပြီး လူ့အသက်တွေကိုပါ နှုတ်ယူခဲ့ကြတဲ့ မင်းတို့ရဲ့ လက်တွေမှာ သွေးစက်တွေ စွန်းထင်းနေပြီ မဟုတ်လား။ မင်းတို့အားလုံးကို အတူတူ လျှောက်ရမယ့် လမ်းခရီး ပို့ပေးလိုက်မယ်၊ ငရဲလမ်းခရီးမှာ သေသေချာချာလေး ပြန်ပြီး ဆင်ခြင်မိဖို့ ငါ မျှော်လင့်ပါတယ်။ မင်းတို့ရဲ့ ဦးနှောက်တွေနဲ့ဆိုရင် နောက်ဘဝမှာတော့ ရိုးသားတဲ့ စီးပွားရေးသမားပဲ လုပ်ဖို့ ကြိုးစားပါ၊" ကျူးမင်လန်က ထိုလူယုတ်မာအုပ်စုကို ပြောလိုက်သည်။

သူ့စိတ်ထဲတွင် သနားညှာလိုစိတ် လုံးဝမရှိပေ။ ဤလူများသည် မည်မျှ အောက်တန်းကျ သည့် လူစားများ ဖြစ်သည်ကို ကျူးမင်လန် ကောင်းစွာ သိရှိထားသည်။ သူသည် သတ်ဖြတ် ရန် အမိန့်ပေးလိုက်သည်နှင့် မကြာမီပင် သွားမည်းကြီးနှင့် ဝါးစိမ်းလေးတို့သည် သူတို့၏ နဂါးစွမ်းအားဖြင့် လူယုတ်မာများကို စတင်ရှင်းလင်းတော့သည်...

ကုန်သည်ဟန်ဆောင်ထားသော လူယုတ်မာများသည် စွမ်းအားကွာခြားချက် ကြီးမားလွန်း သည်ကို သိလိုက်ရသဖြင့် ထွက်ပြေးရန် ကြိုးစားကြသော်လည်း သစ်တောဝိညာဉ် အစောင့်အရှောက်များက အားလုံးကို ပြန်လည် တွန်းထုတ်လိုက်ကြသည်။ မကြာမီပင် သူတို့ထဲမှ အချို့မှာ အစွမ်းထက်လှသော သစ်တောဝိညာဉ် အစောင့်အရှောက်များ၏ လက်ချက်ဖြင့် ခန္ဓာကိုယ်များ ပြတ်တောက်ကာ အပိုင်းပိုင်းအစစ ဖြစ်သွားကြတော့သည်။

သူတို့၏ အပိုင်းပိုင်း ပြတ်တောက်နေသော ခန္ဓာကိုယ်များကို သစ်တောဝိညာဉ် အစောင့် အရှောက်တို့၏ ဧရာမခြေဖဝါးကြီးများက မြေပြင်အတွင်းသို့ နင်းချေမြှုပ်နှံလိုက်ကြသည်။ နဂါးသားရဲများ၏ အလောင်းများမှာလည်း အမြစ်များ၏ လိမ်ရစ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ထဲသို့ ရောက်ရှိသွားကာ မကြာမီပင် သစ်ပင်များအတွက် အာဟာရဖြစ်စေမည့် မြေဆီလွှာ၏ အမြုတေအဖြစ် ပြောင်းလဲသွားတော့မည် ဖြစ်သည်။

"ချမ်းသာပေါး... အသက်ချမ်းသာပေးကြပါ... ကျွန်တော်တို့ကို အသက်ချမ်းသာပေးကြပါ" ထိပ်ပြောင်ညီအစ်ကိုနှစ်ယောက်မှာ မျက်ရည်၊ နှပ်ရည်များဖြင့် ရှိုက်ကြီးတငင် ငိုကြွေးကာ တောင်းပန်နေကြသည်။

နန်လင်းရှာ ပြသခဲ့သော နတ်ဘုရားနွယ်ဝင် လူသားတို့၏ စွမ်းအားမှာ အလွန်အကျွံ ထူးခြားဆန်းပြားသည်တော့ မဟုတ်ပေ။ ထိုသူနှစ်ယောက်ကလည်း သူတို့၏ ပြိုင်ဘက်မှာ နတ်ဘုရားနွယ်ဝင် လူသားတစ်ဦးသာ ဖြစ်လိမ့်မည်ဟု တွက်ဆခဲ့ကြသည်။ ထို့ကြောင့် လည်း ကြယ်အပိုင်းအစ သလင်းကျောက်များကို ပြန်လည်ရယူရန်နှင့် ထိုမုန်းတီးဖွယ် ကောင်းသော မိန်းမပျိုအား ဖမ်းဆီးရန်အတွက် ညီအစ်ကိုများစွာကို စုစည်းခဲ့ကြခြင်း ဖြစ်သည်။

သို့သော် သူမတို့နှင့်အတူလိုက်ပါလာသည့် နဂါးထိန်းမှာမူ အံ့အားသင့်စရာကောင်း လောက်အောင်ပင် စွမ်းအားကြီးမားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ခဲ့ကြပေ။ နဂါး နှစ်ကောင်တည်းဖြင့်ပင် သူတို့တစ်ဖွဲ့လုံးကို လှည်းပတ် ရှင်းလင်းသွားခဲ့သည်။

တောင်းပန်နေသည့် လေသံမှာမူ အရင်အတိုင်းပင် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့အတွက် အခွင့်အရေးဟူ၍ လုံးဝ ရှိတော့မည် မဟုတ်ပေ။ သစ်တောဝိညာဉ် အစောင့် အရှောက် နှစ်ခုသည် သူတို့၏ နောက်ကွယ်တွင် မားမားမတ်မတ် တည်နေကြပြီး တစ်ခုမှာ ထိပ်ပြောင်ညီအစ်ကိုတို့၏ မြေတွင်းနဂါးကို အမြစ်များဖြင့် လည်ပင်းညှစ် သတ်ဖြတ်နေ လေသည်။ ၎င်းတို့သည် အရေးပါမှုမရှိသော ထိုလူသားနှစ်ယောက်၏ နောက်ကွယ်တွင် သေဒဏ်ပေးမည့် တရားစီရင်သူများကဲ့သို့ မားမားမတ်မတ် ရပ်တည်နေကြ၏။

"ဘုန်း….."

"ဘုန်း….."

သစ်တောဝိညာဉ် အစောင့်အရှောက်တို့က ၎င်းတို့၏ အမြစ်ကဲ့သို့သော ခြေဖဝါးကြီးများကို မြှောက်လိုက်ပြီး ထိုညီအစ်ကိုနှစ်ယောက်ကို ပိုးကောင်ကလေးနှစ်ကောင်အား နင်းချေ လိုက်သကဲ့သို့ ပြင်းထန်စွာ နင်းချေလိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များကို မြေပြင်ထဲသို့ ပိပြားသွားအောင် နင်းချေလိုက်သဖြင့် အရိုးများကြေမွကာ မျက်နှာသွင်ပြင်များပင် မှတ်မိ နိုင်စရာ မရှိတော့ပေ။

"အသက်ချမ်းသာပေးပါ... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ၊ တန်ဖိုးရှိတာမှန်သမျှ အကုန်ပေးပါ့မယ်၊" ဝိညာဉ်ပုလဲကို ရောင်းချခဲ့သူက နောင်တတရားများဖြင့် အော်ဟစ် တောင်းပန်လိုက်၏။ ထိုဝိညာဉ်ပုလဲကို သူအဘယ်ကြောင့်များ လောဘတက်ခဲ့မိပါသ နည်း။ ၎င်းကိုသာ ရိုးရိုးရှင်းရှင်း ရောင်းချခဲ့လိုက်ပါက ကိစ္စပြီးလောက်ပြီ ဖြစ်သော်လည်း ယခုမူကား သူ၏ အသက်ပင် စတေးရမည့်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မကြာမီပင် ဝိညာဉ်ပုလဲ ရောင်းချသူကဲ့သို့ပင် သူတို့၏ တန်ဖိုးအရှိဆုံး ပစ္စည်းများကို ထုတ်ပေးကာ အသက်ကို တောင်းပန်နေကြသူများ ရှိလာခဲ့သည်။

သို့သော် ကျူးမင်လန်မှာမူ ထိုမျှလောက် သဘောကောင်းသူ မဟုတ်ပေ။ သူသည် အရာ အားလုံးကို လိုချင်သလို၊ တစ်စုံတစ်ယောက်ကိုမျှ အသက်ရှင်ခွင့်ပေးရန်လည်း ရည်ရွယ် ချက် မရှိပေ။

ဤကဲ့သို့သော လူ့အောက်တန်းစားများကို ဤလောကတွင် နောက်ထပ် တစ်ရက်လေးမျှ အသက်ရှင်ခွင့်ပေးလိုက်ခြင်းက အပြစ်မဲ့ လူသားများစွာ၏ အသက်ကို ထပ်မံ ဆုံးရှုံးစေမည့် အန္တရာယ်ရှိနေသည်ကို သူ ကောင်းစွာသိရှိထား၏။

"သူတို့အားလုံးကို သတ်ပစ်လိုက်။" ကျူးမင်လန်က အမိန့်ပေးလိုက်သည်။

သစ်တောဝိညာဉ် အစောင့်အရှောက်တို့သည် သတ်ဖြတ်ခြင်းကို စတင်လိုက်ကြပြီး မိုးပြာ နဂါးနက်ကလည်း သူ၏ မိုးကြိုးလက်သည်းကို အသုံးပြုကာ နဂါးစစ်သူကြီးအဆင့် ရှိသော သွေးစွန်းတံစဉ်နဂါး တစ်ကောင်ကို နှစ်ပိုင်းဖြစ်သွားအောင် ဆွဲဖြဲလိုက်သည်။ ကျူးမင်လန် မှာမူ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာပင် ဝိညာဉ်စွမ်းအနှစ် ပုလဲသန့်စင်ခြင်းနည်းလမ်းကို စတင်လိုက်တော့သည်။

ကံဆိုးသည်မှာ ဤနဂါးထိန်းများနှင့် နဂါးသားရဲတို့၏ ဝိညာဉ်ပုလဲများမှာ အရည်အသွေး အကောင်းဆုံး မဟုတ်ကြပေ။ ၎င်းတို့ကို စုစည်း၍ လက်ကားရောင်းချမည်ဆိုလျှင် ရွှေဒင်္ဂါး အနည်းငယ် ရရှိနိုင်သော်လည်း များများစားစားတော့ မဟုတ်ပေ။

သို့သော်လည်း ဤလူယုတ်မာတို့သည် တစ်နေကုန်တာဝန်ယူခဲ့သော သူတို့၏ ကိုယ်ပိုင် အရောင်းအဝယ်ထက် ပိုမိုတန်ဖိုးရှိသော ပစ္စည်းများကို သူတို့နှင့်အတူ သယ်ဆောင်လာကြ သည်မှာ သေချာပါသည်။

ကျူးမင်လန်သည် မကြာသေးမီက ငွေကြေးအနည်းငယ် ခက်ခဲနေခဲ့ပြီး တစ်နေ့တာ အတွင်း လိုအပ်သည့် ပစ္စည်းများအတွက် ငွေအများအပြား သုံးစွဲခဲ့ရသည်။ ယခုမူကား အပြစ်သားမြို့တော်မှ ဤစိတ်အားထက်သန်လှသော မြို့သူမြို့သားများက သူ၏ငွေများ ကို အကုန်ပြန်ပေးရုံသာမက သူတို့သယ်ဆောင်လာသော ရတနာသိုက်များကိုလည်း အကုန်အစင် ထုတ်ပေးကြသည်။

တစ်ပြားတစ်ချပ်မျှ အကုန်အကျမခံရဘဲ သူသည် ကြီးမားသော အမြတ်အစွန်းကို ရရှိသွားခဲ့ပြီ။

အလောင်းအုပ်စိုးရှင်နဂါး၏ ဝိညာဉ်ပုလဲ တစ်လုံးတည်းပင် ရွှေဒင်္ဂါးတစ်ထောင်နှင့် ရောင်းချနိုင်သည်။

ကံကောင်းထောက်မစွာပင် သစ်တောဝိညာဉ် အစောင့်အရှောက်များ၏ အကူအညီဖြင့် သူတို့သည် မြေကြီးအောက်မှ တန်ဖိုးရှိသော ပစ္စည်းအားလုံးကို အမြန်ပင် တူးဖော်ပေး လိုက်ကြသဖြင့် ကျူးမင်လန်မှာ ကိုယ်တိုင်လိုက်လံရှာဖွေရမည့် အလုပ်ရှုပ်မည့်အရေးကို သက်သာသွားစေခဲ့သည်။

တန်ဖိုးရှိသော ရတနာအားလုံးကို အဖြူလေး၏ စကြဝဠာမှော်အိတ်ထဲတွင် လုံခြုံစွာ သိမ်းဆည်းထားလိုက်သည်။ တိုက်ပွဲကြောင့် ရှုပ်ထွေးနေသော စစ်မြေပြင်ကိုလည်း သစ်တောဝိညာဉ် အစောင့်အရှောက်များက ရှင်းလင်းပေးခဲ့ပြီး နတ်ဘုရားသူတော်စင် နဂါးစိမ်း၏ မှော်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် သူတော်စင်နှင်းရည် များစွာရှိနေသ ဖြင့် သူတို့တွင် အချိန်အလုံအလောက် ရှိနေသေးသည်။

"ဟွန်း၊ မြေခွေးလို ကောက်ကျစ်တဲ့ လူယုတ်မာတွေ၊ ငွေကြေးအနည်းငယ်အတွက်နဲ့ လူအသက်ပေါင်းများစွာကို စတေးခဲ့ကြတယ်ပေါ့" လ၏အလင်းရောင်အောက်တွင်၊ မည်သည့်အချိန်က ရောက်ရှိလာမှန်း မသိလိုက်ရသော ခန့်ညားထည်ဝါသည့် ပုဂ္ဂိုလ် အချို့သည် ရှေ့ဘက်ရှိ တောင်ကုန်းငယ်တစ်ခုပေါ်တွင် ပေါ်ထွက်လာကြသည်။

ထိုပုဂ္ဂိုလ်များသည် ရှည်လျားသော ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဆံပင်များကို ခပ်မြင့်မြင့် စည်းနှောင်ထားကြ၏။ လရောင်တောက်ပမှုက သူတို့၏ မတ်မတ်ရပ်နေသော ပုံရိပ်များပေါ်သို့ ကျရောက်နေပြီး သူတို့၏ လက်ထဲမှ တလက်လက် တောက်ပနေသော ဓားများကို ပိုမိုထင်ရှားစေသည်။

ဓားကိုင်ဆောင်ထားသူများ…

သူတို့အားလုံးမှာ ဓားကိုင်ဆောင်သူများ ဖြစ်ကြပေသည်။

စစ်မြေပြင်ရှိ စစ်သည်တော် အများစုမှာလည်း ဓားများကို ကိုင်ဆောင်ထားကြသော်လည်း၊ ယခုရောက်ရှိလာသူ အနည်းငယ်မှာမူ သာမန်လက်ရုံးရည်ရှိသူများနှင့် လုံးဝ မတူညီကြ ပေ။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ သာမန်လူသားများ၏ အမြင်ကို ကျော်လွန်နေသည့် ကျင့်ကြံသူများ၏ အငွေ့အသက် ဖြစ်ကြောင်း သိသာလှ သည်။

"ယောင်ရှန်းဓားဂိုဏ်းက တပည့်တွေလား" ကျူးမင်လန်မှာ သူတို့၏ ဝတ်စုံကို အလွန်ပင် ရင်းနှီးနေသည်။

"သူတို့ရဲ့ဝတ်စုံတွေက ဘိုးဘေးနဂါး မြို့တော်မှာ ပေါ်လာတဲ့ လေပေါ်လမ်းလျှောက်နိုင်တဲ့ အမျိုးသမီးရဲ့ ဝတ်စုံနဲ့ အတော်လေး ဆင်တူတယ်" ဖန်နန်နန်က တိုးတိုးလေး ရေရွတ် လိုက်သည်။

နန်လင်းရှာက ဘေးတွင် ရပ်နေရင်း ဤနတ်ဘုရားနွယ်ဝင်လူသား ကျင့်ကြံသူများ အဖွဲ့ကို စပ်စုသော အကြည့်များဖြင့် ကြည့်ရှုနေသည်။

မည်သို့ပင်ဆိုစေကာမူ လီချွမ်းတိုက်ကြီး ပေါ်တွင် နတ်ဘုရားနွယ်ဝင် လူသား ကျင့်ကြံသူ များမှာ အလွန်ရှားပါးလှသော်လည်း၊ ဤရှန်ကုန်းတရားစီရင်ရေး တိုက်ကြီးပေါ်တွင်မူ သူတို့မှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။ မြို့တော်ကြီးများ၊ မြို့ငယ်များနှင့် နိုင်ငံတော် ၏ မြို့တော်တိုင်းတွင် ၎င်းတို့ကို တွေ့မြင်နိုင်သည်။

"ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် တပည့်တွေ..." ကျူးမင်လန်က စကားစမြည် စတင် ပြောဆိုရန် ပြင်ဆင်လိုက်စဉ်မှာပင် တစ်ဖက်လူ၏ ကြားဖြတ်ပြောဆိုခြင်းကို ခံလိုက်ရသည်။

"လူ့အောက်တန်းစား လူယုတ်မာတို့၊ ငါတို့ အကြံပေးချက်ကို နားထောင်ပြီး အညံ့ခံကြ တော့။ အပြစ်သားမြို့တော်က မင်းတို့လို လူယုတ်မာတွေက လောကကြီးကို ဒုက္ခပေးနေ တာကို ငါတို့ လုံးဝ သည်းမခံနိုင်ဘူး" ဆံပင်ကို မြင့်မြင့်စည်းနှောင်ထားသော ထိုလူက ထိုအချိန်တွင် အသံကျယ်စွာဖြင့် ပြောလိုက်၏။

All Chapters