← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း (၁၁၈) ယောင်ရှန်းဓားဂိုဏ်း။

"ရှင်တို့ ဓားသွေးနေရင်းနဲ့ မျက်စိတွေပါ ကန်းသွားကြတာလား။ အဲဒီလူအုပ်စုက တောအုပ် ထဲမှာ ငါတို့ကို ချောင်းမြောင်းပြီး ပိုက်ဆံလု၊ အသက်ကိုပါ နှုတ်ယူဖို့ ကြိုးစားနေတာကို မျက်စိနဲ့ မြင်နေလျက်နဲ့ ငါတို့ကိုမှ လူယုတ်မာတွေလို့ ခေါ်ရဲရလား" ဖန်နန်နန်က ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။

သူမ အတော်လေးကို ပေါက်ကွဲသွားသည်။

ကျူးမင်လန်လည်း အလားတူစကားမျိုးကို ပြောရန် ပြင်ဆင်နေသည်။

အကယ်၍ သူတို့မျက်စိကန်းနေသည် ဆိုလျှင်တောင် သူတို့၏ ဦးနှောက်တွေကပါ အလုပ် မလုပ်တော့လို့လား။

ဒီလောက် ရုပ်ရည်ချောမော၊ ခန့်ညားပြီး ကျက်သရေရှိတဲ့ လူယုတ်မာမျိုးကိုရော မင်းတို့ မြင်ဖူးကြလို့လား... အော်၊ ဟုတ်သားပဲ၊ သူတို့က မျက်စိကန်းနေကြတာကိုး။

"ရယ်စရာကောင်းလိုက်တာ၊ မင်းတို့က အလောင်းတွေကို မြေမြှုပ် ဖျောက်ဖျက်နေပါ လျက်နဲ့ ဒီကုန်သည်တွေက မင်းတို့ကို ချောင်းမြောင်းလုပ်ကြံခဲ့တာလို့ ပြောနေတာလား။ တကယ်လို့ သူတို့သာ မင်းတို့ရဲ့ စည်စိမ်းဥစ္စာနဲ့ အသက်ကို လိုချင်ခဲ့တာဆိုရင် မင်းတို့က ဘာလို့ အခုထိ အသက်ရှင်နေသေးတာလဲ" နဖူးပြင်ကျယ်ပြီး ဆံပင်ကို နောက်သို့ စည်းနှောင်ထားသော ထိုလူက လှောင်ပြောင်လိုက်သည်။

ကျူးမင်လန်နှင့် ဖန်နန်နန်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။

ဒါ ဘယ်လို ယုတ္တိဗေဒမျိုးလဲ….။

သူ့အယူအဆအရဆိုရင် တစ်ဖက်လူကို သတ်နိုင်သူကသာ ပစ္စည်းဥစ္စာအတွက် ကြံစည်ပြီး လူသတ်မှုကျူးလွန်သူလို့ သတ်မှတ်ပုံရသည်။

"ရှန်ကုန်း တရားစီရင်ရာ တိုက်ကြီးရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေတောင် ရှင်တို့ကြောင့် ကျဆင်းကုန်ပြီ၊ သူတို့က လူယုတ်မာတွေဆိုတာ အထင်အရှားပဲလေ၊" ဖန်နန်နန်က မကျေဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"အာ... ဒီလောက် ဦးနှောက်မဲ့တဲ့ ယောင်ရှန်းဓားဂိုဏ်း တပည့်တွေနဲ့ တွေ့နေရတယ်၊ သူတို့တွေနဲ့တော့ စကားပြောအချိန်ဖြုန်းဖို့ မတန်ဘူး၊" ကျူးမင်လန်က ပြောလိုက်သည်။

ဤဓားဂိုဏ်းက တပည့်အနည်းငယ်သည် အပြစ်သားမြို့တော် အပြင်ဘက်တွင် တလှုပ်လှုပ်ဖြင့် လှည့်လည်နေကြသည်။ သူတို့သည် အပြစ်သားမြို့တော် တစ်ခုလုံးကို ရှင်းလင်းပစ်ရန် လိုအပ်သည့်အဆင့်နှင့် စွမ်းအားမျိုး မရှိကြသည့်အပြင် လူအင်အားလည်း နည်းပါးလှသဖြင့် မြို့ထဲသို့ ဝင်ရောက်ရန်ပင် မဝံ့ရဲကြပေ။

သို့သော်လည်း သူတို့သည် မြို့အပြင်ဘက်တွင် စွန့်စားခန်းများ ပြုလုပ်နေရင်းဖြင့် ဂုဏ်သတင်းအချို့ကို ရယူလိုပြီး အာဏာစက်ကို တည်ဆောက်လိုကြဟန်တူသည်။

ထို့ကြောင့် သူတို့သည် အပြစ်သားမြို့တော် အနီးအနားတွင် စောင့်ဆိုင်းနေကြပြီး မြို့ထဲမှ ထွက်လာသမျှ အလိုရှိသော လူယုတ်မာများကို ဖမ်းဆီးအရေးယူရန် ကြံစည်နေကြခြင်း ဖြစ်ပေသည်။

"အပြစ်သားမြို့တော်ထဲ ဝင်ရောက်လာသူတိုင်း လုံးဝအပြစ်ကင်းစင်တယ်ဆိုတာ မရှိဘူး။ ငါတို့က ကောင်းကင်ဘုံကိုယ်စား တရားစီရင်ပေးနေတာ… ဟေ့၊ ထွက်သွားမနဲ့ဦး၊ မင်းတို့ရဲ့ အပြစ်တွေကို ဝန်ခံလိုက်စမ်း၊ ဒါဆိုရင် ဒဏ်ရာအနာတရ မဖြစ်ဘဲ အသက်ချမ်း သာရာ ရလိမ့်မယ်" နဖူးပြင်ကျယ်ပြီး ဆံပင်ကို နောက်သို့ စည်းနှောင်ထားသော ထိုလူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

လရောင်က သန့်စင်ဖြူစင်စွာဖြင့် တောအုပ်ငယ်လေးပေါ်သို့ နှင်းခဲများပမာ ဖြန့်ကျက်ကျ ရောက်နေသည်။

လေတိုက်ခတ်၍ သစ်ရွက်များ တရှပ်ရှပ် မြည်လာချိန်တွင်၊ ထိုဓားဂိုဏ်းမှ အမျိုးသား တပည့်တစ်ဦးသည် တောင်ပံဖြန့်ထားသော လင်းယုန်ကြီးပမာ ခုန်ချလိုက်သည်။

ကျန်ရှိနေသော အမျိုးသား၊ အမျိုးသမီး သုံးဦးမှာလည်း တောင်ကုန်းငယ်ပေါ်မှ တစ်ပြိုင် နက်တည်း ခုန်ချလိုက်ပြီး ကျူးမင်လန်၊ နန်လင်းရှာနှင့် ဖန်းနန်နန်တို့၏ လမ်းကြောင်းရှေ့ မှာ ပိတ်ဆို့လိုက်ကြသည်။

"မိစ္ဆာမ၊ မင်း လွတ်မြောက်နိုင်မယ်လို့ မထင်နဲ့" ဆံပင်ကို နောက်သို့ စည်းနှောင်ထားသော အမျိုးသမီး ဓားသခင်တစ်ဦးက ပြောလိုက်ပြီး မျက်နှာကို ပဝါဖြင့် ဖုံးအုပ်ထားသည့် နန်လင်းရှာထံသို့ တောက်ပနေသော ဓားဖျားဖြင့် ချိန်ရွယ်လိုက်သည်။

"နောက်တစ်လှမ်း ထပ်လှမ်းကြည့်စမ်း၊ မင်းရဲ့ နဂါးသားရဲကို ငသတ်ပစ်မယ်" နဖူးပြင် ကျယ်ကျယ် အမျိုးသားက ခြိမ်းခြောက်လိုက်ပြီး သူ၏ဓားကို အရွယ်အစားကြီးမားကာ ကြမ်းတမ်းခက်ထန်သည့် မိုးပြာနဂါးနက်ဆီသို့ ချိန်ရွယ်လိုက်သည်။

သွားမည်းကြီးသည် ခေါင်းကို ဘယ်ညာခါယမ်းလိုက်ရင်း ထိုဓားကိုင်ဆောင်ထားသူကို အပြစ်ကင်းစင်သော အကြည့်များဖြင့် ငေးကြည့်နေလေသည်။

တကယ်ဆို ဒီနေရာမှာ နဂါးက နှစ်ကောင် ရှိနေတာလေ၊ ဘာလို့ သူသွားမည်းကြီးကိုပဲ သတ်မယ်လို့ ခြိမ်းခြောက်ရတာလဲ။

အော်... မဟုတ်သေးဘူး၊ နဂါးက သုံးကောင် ရှိနေတာပဲ။

နောက်ထပ် နဂါးတစ်ကောင်ကတော့ သူ့သခင်ရဲ့ ပခုံးပေါ်မှာ အခုလေးတင် နိုးထလာ ဟန်ရှိသည်။

ထိုလူ၏ အသံကျယ်ကျယ်ကြီးကြောင့် အနှောင့်အယှက်ဖြစ်ကာ နိုးထလာရသည့်အတွက် ထိုခေါင်းဆောင်နဂါးမှာ ကျေနပ်ပုံမရပေ။

"အားလုံးပဲ၊ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ စဉ်းစားဖို့အတွက် တစ်ညလုံး အချိန်ရှိပါတယ်၊ ကျွန်တော်တို့ကတော့ အဖော်ပြုပေးမှာ မဟုတ်ဘူး" ကျူးမင်လန်က ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။ ထိုသူတို့ လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားရှည်များကို သူ အနည်းငယ်မျှပင် ကြောက်ရွံ့ပုံမရပေ။

"မင်း…." နဖူးပြင်ကျယ်ကျယ် ထိုလူမှာ ပို၍ပင် ဒေါသထွက်လာ၏။ သူသည် ယောင်ရှန်း ဓားဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက် ဖြစ်ပါလျက်နှင့် ဤကဲ့သို့ နဂါးထိန်းငယ်လေး တစ်ဦး၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသည်တဲ့လား….။

ထိုလူက ဓားကို လျင်မြန်စွာ မြှောက်လိုက်၏။ နဖူးပြင်ကျယ်ကျယ် ထိုလူသည် ဓားပညာ ကို အလွန်ပင် ကျွမ်းကျင်လိမ့်မည်ဖြစ်ရာ သူ၏ လှုပ်ရှားမှုများမှာ မည်သို့မျှ မှန်းဆ၍မရဘဲ စွမ်းအားစုစည်းနေသည့် အရိပ်အယောင်ပင် မတွေ့ရပေ…။

ဖျစ်… ဖျစ်… ဖျစ်….

ထိုလူက ဓားအားကို အသုံးပြုရန် ပြင်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ မည်သည့်အချိန်က တည်းက ရောက်ရှိနေမှန်းမသိသော ရေခဲနှောင်ကြိုး စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ် အဆစ်အမြစ်တိုင်းကို ရစ်ပတ်ထားလိုက်သည်။ သူဓားကို မြှောက်လိုက်သည့်အချိန်တွင် သူ၏ အဆစ်အမြစ်များမှာ လွန်စွာ တောင့်တင်းသွားတော့သည်…။

ပခုံးမှစတင်ကာ တံတောင်ဆစ်၊ ထို့နောက် လက်ကောက်ဝတ်များသို့ ဆက်လက်ပျံ့နှံ့သွား သည့် ထိုပြင်းထန်သော ရေခဲနှောင်ကြိုးသည် နောက်ဆုံးတွင် သူ၏ လက်ချောင်းဆစ်များ အထိ အေးခဲသွားတော့သည်။

ဓားသည် သူ၏လက်ဝါးတွင် ကပ်ငြိသွားပြီး ဓားသွားရော ဓားရိုးပါမကျန် ရေခဲနှင်းခဲများ ဖုံးလွှမ်းသွားခဲ့သည်။ ထိုမောက်မာလှသော ယောင်ရှန်းဓားဂိုဏ်း တပည့်သည် ထိုနေရာမှာ ပင် တောင့်တောင့်ကြီး ရပ်နေမိပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပါးလွှာသော ရေခဲသလင်း များ ဖုံးလွှမ်းသွားသည်ကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေရရှာသည်။

ကျန်ရှိနေသော ယောင်ရှန်းဓားဂိုဏ်း တပည့်သုံးဦးမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ကုန် ကြသည်။ ဓားကို မြှောက်ထားသည့် အနေအထားအတိုင်းပင် ရပ်တန့်နေသည့် ထိုအမျိုး သမီး ဓားသခင်မှာ လမင်းကြီး၏ အလင်းရောင်အောက်တွင် အေးခဲသွားပြီး ရေခဲရုပ်တုကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူမ၏ မျက်ဝန်းအစုံမှာလည်း ကြောက်ရွံ့ ထိတ်လန့်မှု တို့ဖြင့် ပြည့်နှက်နေ၏…။

သူမသည် ထိုနဂါးထိန်း အမျိုးသားဆီသို့ အကြည့်ရောက်သွားပြီး သူ၏ပခုံးပေါ်တွင် ရှိနေ သည့် သပ်ရပ်လှပပြီး အဖြူရောင်စင်ကြယ်သော နဂါးငယ်လေးကို စူးစိုက်ကြည့်ရှုလိုက် သည်။

"ငွေနှင်းအရုဏ်ဦး... ငွေနှင်းအရုဏ်ဦး..."

ထိုအမျိုးသမီး ဓားသခင်မှာ မျက်စိအမြင်စူးရှသူ ဖြစ်သည်။ သူမသည် ဤနဂါးငယ်မှာ ငွေနှင်းအရုဏ်ဦးနဂါးဖြူ ဖြစ်ကြောင်းကို ယခုအခါတွင် ရိပ်မိသွားဟန်တူ၏။ အကယ်၍ သာ သူမအနေဖြင့် ဤအကြောင်းကို စောစီးစွာ သိရှိခဲ့ပါလျှင်၊ ယခုကဲ့သို့သော အခြေအနေ ဆိုးမျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။

လရောင်သည် ကြည်လင်သော နှင်းခဲများပမာ တောက်ပနေပြီး တိတ်ဆိတ်နေသော တောအုပ်အတွင်းရှိ သစ်ရွက်များ၊ သစ်ပင်များနှင့်အတူ ယောင်ရှန်းဓားဂိုဏ်းမှ တပည့်လေး ဦး၏ ခန္ဓာကိုယ်များပေါ်သို့ ဖြာကျနေသည်။ သူတို့၏ ကိုယ်ခန္ဓာမှာ မျက်စိရှေ့တွင်ပင် အေးခဲကာ ရေခဲအလွှာများဖြင့် လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။

"ဝါး….."

ငွေနှင်းအရုဏ်ဦးနဂါးဖြူက သမ်းဝေလိုက်ရင်း ကိုယ်ဟန်အနေအထားကို ပြောင်းလဲလိုက် သည်။ ရှည်လျားသော သူ၏အမြီးကို ကျူးမင်လန်၏ပခုံးပေါ်မှ ချိတ်ဆွဲထားလိုက်ပြီး၊ လည်ပင်းရှိ အဖြူရောင် အမွေးနုများဖြင့် ကျူးမင်လန်၏ ပခုံးရိုးကို ပွတ်သပ်လိုက်ကာ တဖန်ပြန်၍ ငိုက်မျဉ်းအိပ်စက်သွားပြန်သည်။

ကျူးမင်လန်၊ နန်လင်းရှာနှင့် ဖန်နန်နန်တို့သည် ထိုလေးဦးကို ကျော်ဖြတ်၍ လျှောက်လှမ်း သွားကြသည်။ ထိုသူတို့၏ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို လုံးဝ ဂရုမစိုက်ကြပေ။

ထိုအချိန်တွင် သူတို့ လှုပ်ရှားနိုင်သည်မှာ မျက်လုံးများသာ ရှိတော့သည်။

"ကမ္ဘာကြီးကို လှည့်လည်တဲ့အခါ ဓားကိုပဲ ဆောင်မသွားနဲ့၊ ဦးနှောက်လေးဘာလေး အသုံးပြုဖို့လဲ သတိရကြဦး၊" ဖန်နန်နန်က ယောင်ရှန်းဓားဂိုဏ်းမှ ထိုတပည့်အနည်းငယ်ကို ကြည့်၍ မျက်စိစွေကာ ဩဝါဒချွေလိုက်၏။

ယောင်ရှန်းဓားဂိုဏ်းမှ ထိုတပည့်များသည် အဆုံးစွန်သော အရှက်ခွဲမူကို ခံစားနေရကာ ရေခဲအလွှာထဲမှ ရုန်းထွက်လိုစိတ်ဖြင့် ပေါက်ကွဲထွက်မတတ် ဖြစ်နေကြသည်။ သို့သော် လည်း ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ ရေခဲနှောင်ကြိုး စွမ်းအားမှ လွတ်မြောက်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ငွေနှင်းသူတော်စင်ရည်ဖြင့် တစ်လကျော်ကြာ အိပ်စက်ကာ ကျင့်ကြံခဲ့ရပြီး နောက်၊ ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ စွမ်းအားမှာ ပိုမိုခိုင်မာလာခဲ့သည်။

မည်သည့် အနှောင့်အယှက်မှ မရှိပါက၊ သူ၏ ကြီးထွားမှုအဆင့်တွင် နဂါးသခင်အဆင့်၏ အဆင့်မြင့်အဆင့်ထိ ရောက်ရှိနိုင်မည် ဖြစ်သည်။

ပြီးပြည့်စုံသောအဆင့်သို့ ဝင်ရောက်နိုင်ရန်မှာ အချိန်သာ လိုတော့သည်။ အဖြူလေး၏ သဘာဝစွမ်းရည်နှင့် ကိုက်ညီသည့် ဝိညာဉ်ပစ္စည်းတစ်ခုကိုသာ ရှာဖွေတွေ့ရှိပါက၊ နှစ်ပတ် လည် အခမ်းအနားမတိုင်မီတွင် ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် နဂါးဘုရင်အဆင့် (Dragon King Level) သို့ တိုက်ရိုက် တိုးမြှင့်သွားနိုင်မည် ဖြစ်သည်။ (ပါသည့်အတိုင်း ပြန်ဆိုလိုက်ပါ သည်။)

ဟုတ်ပါသည်၊ သူ့အတွက် အရည်အသွေးမြင့် ပျားပန်းဝတ်ရည်များနှင့် ကြယ်အပိုင်းအစ သလင်းကျောက်များကို အဆက်မပြတ် ထောက်ပံ့ပေးရန် လိုအပ်ပေလိမ့်မည်။

"ကျူးမင်လန်၊ ယောင်ရှန်းဓားဂိုဏ်းဆိုတာ ဘာလဲ" နန်လင်းရှာက မေးမြန်းလိုက်သည်။

"ဒီဂိုဏ်းက ရှန်ကုန်းတရားစီရင်ရေး တိုက်ကြီးရဲ့ ဂိုဏ်းကြီး လေးခုထဲက တစ်ဂိုဏ်းပဲ။ ယောင်ရှန်းဓားဂိုဏ်းနဲ့ မြောင်ရှန်းဓားဂိုဏ်းတို့ဟာ ဓားသခင်တွေအတွက်တော့ အကြီးမား ဆုံး အဖွဲ့အစည်းတွေပဲ။ သူတို့က ရှန်ကုန်းတရားစီရင်ရေး တိုက်ကြီးရဲ့ အရှေ့ဘက် အစွန်ဆုံးနဲ့ အနောက်ဘက်အစွန်ဆုံးမှာ အသီးသီး တည်ရှိကြပြီး နိုင်ငံကြီးအချို့ရဲ့ ထောက်ပံ့မှုကို ရယူထားကြတယ်" ကျူးမင်လန်က ရှင်းပြလိုက်သည်။

"ရှင်ရော သူတို့နဲ့ ပတ်သက်မှု တစ်စုံတစ်ရာ ရှိသေးလား" နန်လင်းရှာက ဆက်လက် မေးမြန်းလိုက်သည်။

"အဲဒါတော့ ပြောရရင် အရှည်ကြီးပဲ..."

"စကားရှည်မနေနဲ့၊ အကျဉ်းချုပ်ပဲ ပြောစမ်းပါ" နန်လင်းရှာက ပြောလိုက်သည်။

ကျူးမင်လန်က ယခင်က သူပြသနေသည့် ဝမ်းနည်းပူဆွေးပြီး အမူအရာ ပျက်နေသော ဟန်ကို စွန့်လွှတ်လိုက်ကာ နန်လင်းရှာကို ခိုးကြည့်လိုက်သည်။

သူ စိတ်ကူးယဉ်နေခြင်း ဟုတ်မဟုတ်တော့ သူ မသေချာပေ။ နန်လင်းရှာ၏ လေသံမှာ ယခင်က သူမ၏ အေးစက်ပြီး တည်ငြိမ်သော အမူအရာနှင့် ကွဲပြားနေသည်။ သူမ၏ ပုံပန်း သဏ္ဍာန်မှာ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း သူမ၏ မျက်ဝန်းများထဲတွင်တော့ သူမ၏ အတွေးအမြင်များ လျှို့ဝှက်စွာ ကိန်းအောင်းနေသည်ကို တွေ့ရ၏။

"ကျွန်မက လီယွင်ဇီ မဟုတ်ဘူး။ ကျွန်မဆီမှာ သူမရဲ့ အရိပ်အယောင်ကို လိုက်မရှာပါနဲ့" နန်လင်းရှာက ကျူးမင်လန်၏ သတိထားမိလောက်သည့် အကြည့်ကို ရိပ်မိသွားပြီး အေးစက်စက် အသံဖြင့် သတိပေးလိုက်သည်။

"မင်း နားလည်မှုလွဲနေပြီ၊ ဒီတစ်ခါ ငါ မင်းကို အကဲဖြတ်နေတာပါ။ မင်းရဲ့ စရိုက်က လီယွင်ဇီနဲ့ လုံးဝကို ကွဲပြားတယ်ဆိုတာကို ငါ သဘောပေါက်သွားပြီ။ တစ်ခါတစ်ရံမှာ မင်းအနေနဲ့ လုံးဝကို အဆက်အစပ်ကင်းမဲ့ပြီး ဘယ်အရာကိုမှ ဂရုမစိုက်သလို နေတတ်ပေ မဲ့၊ တစ်ခါတစ်ရံကျတော့လဲ ဒီကမ္ဘာလောကထဲကို အခုမှ စတင်ဝင်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်လို အရာအားလုံးကို သိချင်စိတ် ပြင်းပြနေတတ်ပြန်တယ်..." ကျူးမင်လန်က ပြောလိုက်သည်။

ထိုအချိန်တွင် ဖန်နန်နန်ကမူ သူပြောသည့် စကားကို အားတက်သရော ခေါင်းညိတ်၍ ထောက်ခံနေလေသည်။

သူမသည်လည်း ကျူးမင်လန်နှင့် အမြင်ချင်း တူညီနေသည်။

ဖန်နန်နန်သည် နန်လင်းရှာကို သိကျွမ်းခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း၊ သူတို့နှစ်ဦး ၏ ဆက်ဆံရေးမှာ သစ်သီးရောင်းသော မိန်းကလေးတစ်ယောက်နှင့် မွန်မြတ်သော အမျိုးသမီးငယ်တစ်ဦးကြားရှိ ယဉ်ကျေးပျူငှာသည့် ဆက်ဆံရေးမျိုးသာ ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ သူတို့နှစ်ဦး အတူတကွ ခရီးသွားလာခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီ ဖြစ်ရာ၊ နန်လင်းရှားသည် ဖန်နန်နန်နှင့် စိတ်သဘောထားချင်း ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုကာ ညီအစ်မများပမာ ချစ်ခင်နှစ်လိုဖွယ် အမူအရာများ ပြသတတ်သလို၊ တစ်ခါတစ်ရံတွင်မူ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကအတိုင်းပင် အလွန်အမင်း ယဉ်ကျေးသည့် တုံ့ပြန်မှုမျိုးဖြင့်သာ ဆက်ဆံပြန်သည်။

All Chapters