အခန်း ၁၅၅
Vol. 16 Ch. 155
🍄 Chapter 155
သူတို့ အသုံးမကျလျှင်ပင်၊ လုကျင်းယွီ၏ကလေးများ နောင်တစ်ချိန်တွင် လူကြီးလူကောင်းများ ဖြစ်လာနိုင်လျှင်ပင် သူမသည် လုကျင်းယွီ၏ကလေးများကို တစ်ပြားတစ်ချပ်မျှ ပေးမည်မဟုတ်ပေ။
သို့သော် ဤသည်မှာ သေမင်းနှင့် ရင်ဆိုင်ရချိန်တွင် တွေးမိသော အတွေးတစ်ခုမျှသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမသည် မိန်းမတစ်ယောက်ဖြစ်ပြီး ရှောင်ဝမ်နှင့် ရှောင်လန်တို့မှာ သူမ၏၀မ်းဗိုက်အတွင်းမှ မွေးထုတ်ထားရသော သူမ၏ သွေးသားအရင်းချာများ ဖြစ်ကြသည်။
သို့သော် သူမ အခြေအနေကောင်းမွန်သွားပြီဟု ကြားသိရသောအခါ သူမ၏ အတွေးများ ပြောင်းလဲသွားလေသည်။
အဆုံးစွန်ပြောရလျှင် သူမမှလွဲ၍ ရှောင်ဝမ်သည် လုံးဝအသုံးမကျသူတစ်ဦး မဟုတ်ကြောင်းကို မည်သူမျှမသိကြပေ။
ငယ်စဉ်က ပညာများများစားစား မသင်ခဲ့ရသော်လည်း အရွယ်ရောက်လာချိန်တွင် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် စတော့ရှယ်ယာကစားခြင်းတို့ဖြင့် ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။
သူသည် ရှောင်လန်ကို ပြုစုစောင့်ရှောက်ရန် ဆေးရုံတွင် အမြဲရှိနေပုံရပြီး သူ့ဖခင်ဖြစ်သူက သူ့ကို ကြီးမားသော ဥပဒေချိုးဖောက်မှုများ မကျူးလွန်စေရန် ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။
သို့သော် သူသည် ဦးလေးဖြစ်သူ၏ခြေထောက်များကို ရိုက်ချိုးရန် လူမိုက်ငှားမည်ဖြစ်ပြီး ဦးလေးဖြစ်သူ၏ ကလေးများကိုလည်း အလုပ်အကိုင်ရှာမရအောင် ဖန်တီးပေလိမ့်မည်။
သူမ၏ ယခင်သူငယ်ချင်းများစွာမှာလည်း သူ့လုပ်ရပ်ကြောင့် ဒေဝါလီခံရသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့ကြသည်။
ရှောင်ဝမ်သည် အခြားသူများကို ဒုက္ခပေးရန်သာသိသော မျက်လုံးဖြူဝံပုလွေတစ်ကောင် ဖြစ်သည်။
သူမက ရုတ်တရက် လုကျင်းယွီကို လှမ်းဆွဲကာ ပြောလိုက်သည်။
“ဆရာဝန်ကြီးဝမ်၊ ကျွန်မ တကယ်အဆင်ပြေရဲ့လား၊ ကလေးတွေကို ဒီကိုခေါ်လိုက်ပါ၊ တာ့ပေါင်ကော ဘယ်မှာလဲ၊ သူ့ကြောင့် ကျွန်မ ဒီလိုအခြေအနေရောက်သွားရတာ”
သူမ ယခုကြုံတွေ့နေရသော အခြေအနေကို လုတာ့ပေါင်အား မြင်တွေ့စေချင်သည်။
သို့မှသာ သူ ကြီးပြင်းလာပြီး လူကြီးလူကောင်းတစ်ဦး ဖြစ်လာချိန်တွင် သူမ၏ကျေးဇူးအား သတိရပြီး သူမကို ကျေးဇူးဆပ်မည် ဖြစ်သည်။
ရှောင်ဝမ်မှာ တိတ်ဆိတ်စွာ ချဉ်းကပ်လာပြီး စင်္ကြံလမ်းတွင် မိခင်ဖြစ်သူ ဤသို့ ပြောဆိုနေသည်ကို ကြားလိုက်ရသည်။ သူ၏ခြေလှမ်းများ ရပ်တန့်သွားလေသည်။
ထိုနေရာတွင်ရပ်နေစဉ် စင်္ကြံလမ်း၏ အဝါရောင် မီးရောင်က ကလေးငယ်၏ နဖူးပေါ်သို့ ဖြာကျနေသည်။
သူသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ပွဲလာကြည့်လိုသော သိချင်စိတ်ပြင်းပြနေသည့် ယွမ်ယွမ်နှင့် ရှောင်လန်တို့ကို နောက်သို့ဆွဲခေါ်ပြီး လှေကားထစ် ထောင့်တစ်နေရာသို့ ဆုတ်ခွာသွားလေသည်။
လှည်းကိုတွန်းထုတ်လာသော လုကျင်းယွီသည် ကျယ်ပြန့်သော ရင်အုပ်ကြီးတစ်ခုကို အရင်ဆုံး တွေ့မြင်လိုက်ရပြီးနောက် မော့ကြည့်လိုက်ရာ အနည်းငယ် မည်းနက်ပြီး တင်းမာနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
သူသည် ယန်ကျောက်ကို သေချာပေါက်မှတ်မိလေသည်။
မေ့လန် မြို့ထဲသို့ ဝင်လာသောနေ့က သူသည် ဆိုင်ကယ်ဖြင့် သူမနောက်သို့ ဘူတာရုံအထိလိုက်ပါသွားခဲ့ပြီး သူမနှင့် ကျောင်းတိတို့ ယန်ကျောက်နှင့်အတူ ထွက်ခွာသွားသည်ကို ကိုယ်တိုင်တွေ့ရှိခဲ့၏။
ကျိုးရွှယ်ချင်းကလည်း ချန်မေ့လန်နှင့် ယန်ကျောက်တို့ကို တစ်ပြိုင်နက်တည်း တွေ့သွားသည်။
လုကျင်းယွီက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“ယန်… တပ်ကြပ်ကြီးယန်၊ ဒီလိုအခြေအနေမျိုးမှာ ဆုံရမယ်လို့ ကျွန်တော် တစ်ခါမှ မထင်ထားခဲ့ဘူး”
သူသည် မေ့လန်နှင့် လက်ဆွဲနှုတ်ဆက်လိုသော်လည်း ကျိုးရွှယ်ချင်းက သတိထားနေဟန်ဖြင့် သူ၏အခြားလက်တစ်ဖက်ကို နောက်သို့ ဆွဲယူသွားလေသည်။
သူမသည် အဝေးမှနေ၍ မျက်စောင်းထိုးလိုက်သည်။
အကယ်၍သာ အကြည့်များဖြင့် လူတစ်ယောက်၏အရေခွံကို ဆုတ်ခွာနိုင်မည်ဆိုပါက ယန်ကျောက်၏အရေခွံတစ်ခုလုံး ဆုတ်ခွာခံရပြီး ဖြစ်ပေလိမ့်မည်။
သို့သော် ချန်မေ့လန်ကို မြင်သောအခါတွင်မူ သူမသည်အပြုံးတစ်ခုကို မနည်းညှစ်ထုတ်ကာ ပြုံးပြလိုက်သည်။
ပုံမှန်အားဖြင့် ဗိုလ်ကျလွှမ်းမိုးတတ်သော ကျိုးရွှယ်ချင်းသည် မေ့လန်အရှေ့တွင် အာဏာမပြဝံ့ချေ။ သူမသည် မည်သည့်အခြေအနေမျိုးတွင်မဆို စော်ကား၍မရနိုင်သောသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် ယခုအခါ သူမသည် သူမ၏ ကျွေးမွေးပြုစုမှုကို အားထားနေရသော မျက်လုံးဖြူဝံပုလွေနှစ်ကောင်ဖြစ်သည့် ရှောင်ဝမ်နှင့် ရှောင်လန်တို့၏မိခင် ဖြစ်နေသောကြောင့်ဖြစ်သည်။
ကျိုးရွှယ်ချင်းက ဖွင့်ဟလိုက်၏။
“မေ့လန်၊ နင် ရှောင်ဝမ်နဲ့ ရှောင်လန်ကို မခေါ်လာဘူးမဟုတ်လား၊ ငါ အဆင်ပြေပါတယ်၊ ကျင်းယွီ၊
ရှင် တကယ် အဲဒီလိုမလုပ်သင့်ဘူး၊ ကျွန်မ လုံးဝ အဆင်ပြေနေတာကို ဘာလို့ မေ့လန်ကို ဖုန်းဆက်ခေါ်ရတာလဲ”
လုကျင်းယွီမှာ အနည်းငယ် မှင်တက်သွားသည်။
သူမ၏ ကလေးနှစ်ယောက်ကို မြန်မြန်ဖုန်းဆက်ခေါ်ပါဟု သူ့ကို ပြောခဲ့သူမှာ သူမကိုယ်တိုင်မဟုတ်လော။
ကျိုးရွှယ်ချင်းက သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။
“တာ့ပေါင်ကို မြန်မြန်သွားခေါ်ချေ၊ သူ့ကို ကျွန်အကိုလာကြည့်ခိုင်းလိုက်၊ အို... ကျွန်မ တာ့ပေါင်ကို အရမ်းလွမ်းတာပဲ”
ကျိုးရွှယ်ချင်း အဆင်ပြေနေသည်ကို မြင်သောအခါ ချန်မေ့လန်သည် သူမ၏မျက်နှာပေါ်ရှိ ဖားယားသော အပြုံးကို အသိအမှတ်ပြုရန်ပင် စိတ်မဝင်စားတော့ဘဲ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ညသန်းခေါင်ယံအချိန်တွင် ကလေးများအား သူတို့၏ နွေးထွေးသောအိပ်ရာများထဲမှ အတင်းဆွဲခေါ်လာခဲ့ရပြီး နောက်ဆုံးတွင် အလကား အထိတ်တလန့်ဖြစ်ရခြင်းသက်သက်သာ ဖြစ်နေသည်။
သို့သော် ဤအချိန်တွင် ယန်ကျောက်က ချန်မေ့လန်ကို တားဆီးကာ ပြောဆိုလိုက်သည်။
“ကျိုးရွှယ်ချင်း၊ မင်း အဆင်ပြေနေပြီဆိုတော့ ငါတို့ သေချာ စကားပြောသင့်တယ်မဟုတ်လား”
ကလေးနှစ်ယောက် အနိုင်ကျင့်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ယန်ကျောက်သည် သေချာပေါက် ရှင်းလင်းလိုနေသည်။
သို့သော် ယန်ကျောက်၏လေသံမှာ အလွန်တည်ငြိမ်နေပြီး ကျိုးရွှယ်ချင်းမှာမူ အလွန်စိတ်လှုပ်ရှားနေပုံရသည်။
မည်သို့ပင်ဆိုစေ ကွာရှင်းပြီးကတည်းက ခင်ပွန်းဟောင်းနှင့် ဇနီးဟောင်းတို့ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ခြင်းဖြစ်သည်။
မေ့ဆေး အပြည့်အဝမပြယ်သေးသော ကျိုးရွှယ်ချင်းသည် ရုတ်တရက် လက်လှမ်းကာ သူမ၏စောင်ကို လှန်တင်လိုက်ပြီး ပတ်တီးစည်းထားသော ခါးကို ဖော်ပြလိုက်သည်။
“ယန်ကျောက်၊ ငါ မသေလို့ နင် စိတ်ပျက်သွားတာလား
အိမ်ထောင်သက် ရှစ်နှစ်၊ သားနှစ်ယောက်တောင် ရခဲ့တာကို လေးစားရတဲ့ရဲအရာရှိ နင်က ဇနီးဟောင်းသေမယ့်အချိန်ကိုတောင် မစောင့်နိုင်တော့ဘူးလား”
ဤစကားများကြောင့် ဆေးရုံစင်္ကြံလမ်းရှိ လူအများအပြားမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပွတ်သပ်ကြည့်မိကြသည်။
လုကျင်းယွီက ကျိုးရွှယ်ချင်း၏လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။
“ဒေါသမထွက်နဲ့၊ စိတ်မလှုပ်ရှားနဲ့၊ ဒဏ်ရာပွင့်သွားရင် ပြဿနာ တက်လိမ့်မယ်၊”
အခြေအနေမှာ အနည်းငယ် နေရခက်နေသဖြင့် ယန်ကျောက်က ချန်မေ့လန်အား လှမ်းပြောလိုက်သည်။
“မင်း ကလေးတွေကို အရင်ခေါ်သွားပြီး ငါ့ကိုစောင့်နေ၊ အမှုနဲ့ပတ်သက်ပြီး မေးခွန်းနည်းနည်း ထပ်မေးပြီးရင် ငါဆင်းလာခဲ့မယ်”
ကျိုးရွှယ်ချင်းသည် လုကျင်းယွီ၏လက်ကို ဆုပ်ကိုင်ကာ သူ့လက်ဖမိုးပေါ်တွင် ခေါင်းမှီထားပြီး ဝမ်းနည်းပူဆွေးမှုကြောင့် သေဆုံးတော့မည့်ပုံ ပေါက်နေလေ၏။
လုကျင်းယွီနှင့် ကျိုးရွှယ်ချင်းတို့၏လက်များမှာ ယှက်နွယ်နေပြီး လုကျင်းယွီ မျက်နှာလိုမျက်နှာရ လုပ်နိုင်စွမ်းမှာလည်း ပြိုင်ဘက်ကင်းလှသည်။
တစ်ခဏတွင် သူက ကျိုးရွှယ်ချင်းအား ‘နာနေသေးလား၊ ဘယ်နေရာက နာတာလဲ’ ဟု မေးလိုက်၊ နောက်တစ်ခဏတွင် ‘တစ်နေရာရာက မသက်မသာ ဖြစ်နေသလား’ ဟု မေးလိုက်၊ ထို့နောက် ‘ရေဆာသလား’ ဟု မေးလိုက်ဖြင့် ဂရုစိုက်ပြနေလေသည်။
သူမ အအေးမမိစေရန် စောင်ကိုလည်း အဆက်မပြတ် ဖုံးအုပ်ပေးနေသည်။
“အနောက်သို့ ခရီးသွားခြင်း” ဇာတ်လမ်းထဲမှ ထန်ဆန်းကဲ့သို့ အဆက်မပြတ် စကားများနေမှုမျိုးသည် စကားနည်းသောယန်ကျောက်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။
ကျိုးရွှယ်ချင်းသည် လုကျင်းယွီအား စိုက်ကြည့်ရင်း ‘ကျေးဇူးတင်ပါတယ်၊ ရှင် အရမ်း ကောင်းတာပဲ’ ဟု ဆက်တိုက် ပြောဆိုနေပြီး သူမ၏ခေါင်းကို သူ့ရင်ခွင်တွင် မှီထားကာ ချန်မေ့လန်ကိုလည်း ရံဖန်ရံခါ သတိထား၍ လှမ်းကြည့်နေလေသည်။
မည်သို့ပင်ဆိုစေ ဤအရည်အသွေးမြင့် ခင်ပွန်းကို ချန်မေ့လန်ထံမှ လုယူခဲ့ခြင်းမဟုတ်လော။
ချန်မေ့လန်မှာ အလွန်ရယ်ချင်နေမိသည်။
ကျိုးရွှယ်ချင်းသည် သူမက လုကျင်းယွီကို ပြန်လုယူသွားမည်ကို ကြောက်ရွံ့နေခြင်းများလော။