အခန်း ၁၅၉
Vol. 16 Ch. 159
🍄 Chapter 159
ယနေ့ခေတ်တွင် လေအေးပေးစက်များဝယ်ယူရန် မလွယ်ကူလှသလို ဤမော်ဒယ်များမှာ ကြိမ်နှုန်းနှစ်မျိုးပါဝင်သော အမျိုးအစားများပင်ဖြစ်သည်။
‘ယန်ကျောက်က အိမ်မှာ လေအေးပေးစက်တွေ တပ်နေတာလား'
‘သူ ဘယ်က ငွေတွေရလာတာလဲ၊ ကျိုးရွှယ်ချင်းကများ ကလေးနှစ်ယောက်အတွက် နေထိုင်စရိတ် ပေးလိုက်တာလား'
ဓားထိုးခံရပြီးနောက်တွင်ပင် သူမသည် လုတာ့ပေါင်ကို ဂရုစိုက်နေသေး၏။ ကျိုးရွှယ်ချင်းသည် ချန်မေ့လန်ထက် များစွာပို၍ တာဝန်ကျေသော မိထွေးတစ်ဦးဖြစ်သည်။
ချန်မေ့လန် အတော်လေး စိတ်လှုပ်ရှားသွားမိပြီး သူမကိုယ်သူမ တွေးလိုက်မိသည်။ အနည်းဆုံးတော့ ကျိုးရွှယ်ချင်းသည် ဤဘဝတွင် ရှောင်လန်ကို ဆေးသုတ်ရန်မခိုင်းစေခဲ့ပေ။
သူမသည် လုကျင်းယွီနှင့်အတူ ဆင်းရဲဒုက္ခများကို အတူတကွ ဖြတ်သန်းခဲ့ပြီး ငွေရှာနေချိန်တွင်ပင် သူမ၏ သွေးသားရင်းချာ သားနှစ်ယောက်ကို မမေ့လျော့ခဲ့ချေ။ ထိုအချက်က လုံးဝမဆိုးလှပေ။
သို့သော် တံခါးဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ယန်ကျောက်၏အသံကို သူမ ကြားလိုက်ရသည်။
“ငါ့ရဲ့ ဒုတိယအဆင့် ဂုဏ်ပြုဆုနှစ်ခုအတွက် ဆုကြေးငွေတွေရလာပြီ၊ လေအေးပေးစက်နှစ်လုံး ဝယ်လိုက်တယ်၊ အဲဒီဝက်အူလှည့်လေး ကမ်းပေးပါဦး”
သူသည် လေအေးပေးစက်များ တပ်ဆင်ရန် နံရံတွင် အပေါက်များဖောက်နေလေသည်။
ထိုလေအေးပေးစက်များမှာ ကျိုးရွှယ်ချင်းနှင့် မည်သို့မျှမသက်ဆိုင်ဘဲ ယန်ကျောက်ကိုယ်တိုင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ချန်မေ့လန်က မေးမြန်းလိုက်သည်။
“ကျိုးရွှယ်ချင်းကိစ္စက ဘယ်လိုတွေဖြစ်သွားတာလဲ”
သူမ မသေဆုံးသေးသလို ငွေအမြောက်အမြားပင် ရှာဖွေနိုင်ခဲ့ပြီဖြစ်ရာ ချန်မေ့လန်အနေဖြင့် သူမနှင့်ပတ်သက်၍ အမှန်တကယ် ဘာတွေဖြစ်ပျက်နေသည်ကို သေချာပေါက်သိရှိလိုပေသည်။
ယန်ကျောက်သည် လေအေးပေးစက်ကို ပခုံးတစ်ဖက်ဖြင့် ထမ်းထားကာ ဝက်အူကျပ်ရင်း ပြောပြလေသည်။
“သူပြောတာက သူတို့ လူတစ်စုနဲ့ပူးပေါင်းပြီး အစိုးရငွေတိုက်စာချုပ်တွေကို ဝယ်ရောင်းလုပ်ကြတယ်တဲ့၊
လူတိုင်းက သူပြောတဲ့အတိုင်း လိုက်ဝယ်ကြတယ်၊ ဒါပေမယ့် သူက အမြတ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို ဖြတ်ယူတယ်၊
အဲဒါကြောင့် နှစ်ကုန်ပိုင်း စာရင်းရှင်းတဲ့အခါ အမြတ် ယွမ် ၅ သိန်းထဲကနေ သူက ယွမ် ၅ သောင်း ယူလိုက်တယ်၊
သူတို့နှစ်ယောက်က အဲဒီငွေကို သေချာပေါက်ရပြီလို့ ထင်ထားခဲ့ကြတာ၊ ဒါပေမဲ့ အဲဒီလူတွေက ပထမတပ်ဖွဲ့ အပြင်ဘက်မှာ လူတစ်ယောက်ကို တိတ်တဆိတ် စောင့်ခိုင်းထားတယ်၊
ကျိုးရွှယ်ချင်း တစ်ယောက်တည်းရှိနေချိန် လမ်းမှာ တိုက်ခိုက်ပြီး အဲဒီ ယွမ် ၅ သောင်းကို တောင်းတယ်၊
ကျိုးရွှယ်ချင်းက မပေးတော့ နောက်ဆုံးမှာ ဓားတစ်ချက်အထိုးခံရပြီး ငွေတွေအလုခံလိုက်ရတယ်၊
အဲဒီအပြင် သူတို့က ကျိုးရွှယ်ချင်းကို နောက်တစ်ခါ အစိုးရငွေတိုက်စာချုပ်တွေနဲ့ ပတ်သက်ပြီး တခြားသူတွေကို ထပ်ပြီးအကြံပေးရဲရင် သူ့အသက်ကိုယူမယ်လို့ပါ သတိပေးသွားသေးတယ်”
ချန်မေ့လန်က ထပ်မံ မေးခွန်းထုတ်လိုက်သည်။
“ဒါဆို ဘာလို့ အဲဒီအချိန်က ရဲကိုမတိုင်ခဲ့တာလဲ၊ ပိုက်ဆံကကော ဘယ်လိုလုပ်မလဲ၊ ရှင် သူ့ကို ပြန်ရအောင် ကူညီပေးခဲ့လား”
ယန်ကျောက်သည် ဝက်အူများ ကျပ်ပြီးသွားကာ လေအေးပေးစက် ခိုင်မြဲမှု ရှိမရှိ စမ်းသပ်ကြည့်လိုက်သည်။
ထို့နောက် သူက ဆက်ပြောပြလာ၏။
“ကျိုးရွှယ်ချင်းက အစိုးရ ငွေတိုက်စာချုပ်တွေကို ထပ်မလုပ်ရဲတော့ဘူး၊ သူ ကျောက်မီးသွေးဘက်ကို ပြောင်းသွားပြီ၊
သူက ကျောက်မီးသွေး သူဌေးတစ်စုနဲ့ ဆက်သွယ်ထားပြီးပြီဖြစ်သလို ကျောက်မီးသွေးအရောင်းအဝယ်လုပ်ဖို့ တောင်ပိုင်းကို သွားတော့မယ်လို့ ပြောတယ်၊
သူက အခုနအစိုးရစာချုပ်လုပ်ငန်းတွေနဲ့ ပတ်သက်နေတာကို ကျောက်မီးသွေးသူဌေးတွေ သိသွားရင် သူ့ကို မခေါ်သွားမှာကို စိုးရိမ်နေတာ၊ အဲဒါကြောင့် ဒီကိစ္စကို တိတ်တိတ်လေးပဲ ထားချင်နေတာ”
ဤသည်မှာ ရာဇဝတ်ကောင်များအချင်းချင်း လုယက်ကြသည့် အမှုတစ်ခုပင်ဖြစ်သည်။
တစ်ဖက်လူက သူမ၏ အခြေစိုက်စခန်း ဘယ်မှာရှိသည်ကို သိရှိထားရာ သူမ အသက်ကို ကယ်တင်ရန်အတွက် သူမသည် ရဲသို့တိုင်ကြားရန် မ၀ံ့ရဲတော့သလို အစိုးရငွေတိုက်စာချုပ်များကိုလည်း ထပ်မံမလုပ်ရဲတော့ချေ။
သို့သော် သူမသည် ကျောက်မီးသွေး အရောင်းအဝယ်ကို ဆက်လက် လုပ်ကိုင်နိုင်သေးသည်။ မည်သို့ပင်ဆိုစေ ဤခေတ်တွင် ကျောက်မီးသွေးမှာ ပို၍ အမြတ်အစွန်းရရှိနိုင်သည်မဟုတ်လော။
ချန်မေ့လန်က ဆက်လက် စုံစမ်းလိုက်သည်။
“သူ့ခန္ဓာကိုယ် တကယ်အဆင်ပြေရဲ့လား၊ သူ့ဒဏ်ရာက တော်တော်ဆိုးတာ ကျွန်မမြင်လိုက်တယ်၊ သူ ဒီနေ့ပဲ ဆေးရုံကဆင်းလာတာတော့ မဟုတ်ဘူးမလား”
ယန်ကျောက်က ပြန်ဖြေလိုက်၏။
“သူ အဆင်ပြေပါတယ်၊ လုကျင်းယွီပြောတာကတော့ သူမ ခံနိုင်ရည်ရှိအောင် ဟန်ဆောင်နေတာကို သူ သဘောကျတယ်တဲ့၊
သူမက ဆေးရုံခုတင်ပေါ်ကနေဆင်းပြီး ကိုယ်တိုင်လမ်းလျှောက်ထွက်သွားတာ၊”
မှန်ပေသည်၊ လုကျင်းယွီသည် ငွေလည်း ရှာနိုင်၊ ဆင်းရဲဒုက္ခများကိုလည်း ခံနိုင်ရည်ရှိသည့် စိတ်ဓာတ်ခိုင်မာပြီး အောင်မြင်ကြီးပွားသောအမျိုးသမီးများကို သဘာဝအလျောက်ပင် နှစ်သက်လေသည်။
သူ၏ သေဆုံးသွားသောဇနီးဟောင်းမှာ မီးဖွားပြီးစအချိန်တွင် လယ်ယာလုပ်ငန်းခွင်၌ အလုပ်လုပ်ခဲ့ရသဖြင့် ဖျားနာခဲ့ပြီး အလုပ်လုပ်ရင်းဖြင့်ပင် သေဆုံးသွားခဲ့ရသည်။
ချန်မေ့လန် စကားပြောရန်ပြင်လိုက်စဉ် ပြတင်းပေါက်အပြင်ဘက်မှ သီချင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ကုန်းရှမီး၊ ဝေါ့အိုက်ဝ၊ ကောကျာ့ အိုက်ရှဲရှင်း” (ဟော့ကီးယန်း သီချင်းတစ်ပုဒ်၏ အသံထွက်)
၎င်းမှာ ရှောင်ဝမ်၏အသံပင်။
‘သူက ဘာလို့ ဒီသီချင်းကို ဆိုနေရတာလဲ'
စနေနေ့တွင် အတန်းများ စောစောပြီးသဖြင့် ရှောင်ဝမ်နှင့် ယွမ်ယွမ်တို့သည် ယခုလေးတင် ပြတင်းပေါက်အပြင်ဘက်တွင် ရှိနေခဲ့ကြ၏။
သူ၏မိခင်အရင်း အဆင်ပြေကြောင်း ကြားသိရသောအခါ ရှောင်ဝမ်သည် အသံထွက်၍ပင် သီချင်းဆိုနိုင်လာလေပြီ။
သူ အထဲသို့ ဝင်ဝင်ချင်း အမှိုက်သွန်ရန် ပြေးသွားပြီး သူ့တင်ပါးကို လှုပ်ယမ်းကာ သီချင်းဆို ကခုန်နေလေသည်။
အမှိုက်ပုံးမှာ ပြည့်လွန်းနေသဖြင့် အနည်းငယ်ဖိတ်စင်သွားရာ ယွမ်ယွမ်က သူ့နောက်တွင် အမှိုက်များကို ကူညီလှည်းကျင်းပေးရင်း သံပြိုင်သီဆိုနေလေသည်။
“ကုန်းရှမီး၊ ဝေါ့ချင်ချီ၊ ချန်းချန်း မန်းမန်းလီ”
ယန်ကျောက်က ချန်မေ့လန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“ဒီကလေးတွေက ပုစွန်ခြောက် စားချင်နေကြတာလား”
ယွမ်ယွမ်၏ သံစဉ်မှာ မှန်ကန်နေသဖြင့် ချန်မေ့လန် ရုတ်တရက် သတိရသွားသည်။
ဤသီချင်းသည် “Love’s Deceiver” ဟုခေါ်သော ဟော့ကီးယန်းသီချင်းတစ်ပုဒ် ဖြစ်နေလေ၏။
သူမ မရယ်ဘဲ မနေနိုင်တော့ချေ။
“အဲဒီလို ထင်တာပဲ၊ ဒီည ပင်လယ်ရေညှိဟင်းချိုချက်ပြီး သူတို့အတွက် ပုစွန်ခြောက်တွေအများကြီး ထည့်ပေးလိုက်ရအောင်”
ရှောင်ဝမ်ဝင်လာသည်ကို မြင်သောအခါ သူမက လှည့်၍ မေးလိုက်သည်။
“ဒီည ပင်လယ်ရေညှိဟင်းချို စားချင်လား”
ရှောင်ဝမ်က မေးခွန်းထုတ်လိုက်သည်။ “ဘာလို့ ပင်လယ်ရေညှိဟင်းချို စားရမှာလဲ၊ အဲဒီထဲမှာ အသားမှမပါတာ”
ချန်မေ့လန်က ပြန်လည်မေးခွန်းထုတ်လိုက်၏။
“ဒါပေမယ့် ပုစွန်ခြောက်တွေ ပါတယ်မဟုတ်လား၊ ပုစွန်ခြောက်တွေစားကြမယ်လေ၊ ပြီးတော့ မင်းတို့တွေလည်း ပုစွန်အကြောင်း သီချင်းဆိုတာ ရပ်လိုက်ကြတော့၊ ဟုတ်ပြီလား”
ကလေးများ “အချစ်၏ လှည့်စားသူ” ကဲ့သို့သော သီချင်းများဆိုနေသည်ကို သူမ တကယ်ကို နားမထောင်နိုင်ချေ။
ကြက်သီးမွေးညင်းများပင် ထလာရသည်။
သို့သော် ယွမ်ယွမ်က အကြံပြုလာသည်။
“မေမေ၊ ခေါက်ဆွဲဟင်းရည်ချက်ပြီး ကြက်ဥနှစ်လုံး ကြော်ပေးပါလား၊ ကြက်သွန်မြိတ်လေးလည်း ထည့်ပေးနော်၊
မကြာခင် အဆုံးအဖြတ် စာမေးပွဲတွေ လာတော့မှာ၊ သမီး အမှတ် ၁၀၀ နှစ်ခါ ရချင်လို့”
လူတိုင်းသည် ယွမ်ယွမ်ကဲ့သို့ ပညာကိုလည်း ကြိုးစားသင်ယူပြီး ကြီးမားသောအိပ်မက်များကိုလည်း မက်သင့်ပေသည်။
ချန်မေ့လန်က ငွေအနည်းငယ်ထုတ်ယူကာ ပြောလိုက်သည်။
“ကြက်သွန်မြိတ်ကို ထားလိုက်ပြီး အီကြာကွေး နည်းနည်း သွားဝယ်ကြရအောင်၊ အီကြာကွေးကြွပ်ကြွပ်လေးတွေနဲ့ ကြက်ဥကြော်နှစ်လုံးပါတဲ့ ခေါက်ဆွဲဟင်းရည်လေး၊
သားတို့နှစ်ယောက် မေမေတို့အတွက် အီကြာကွေး သွားဝယ်ပေးပါလား”
အီကြာကွေး ကြွပ်ကြွပ်လေးများနှင့် ခေါက်ဆွဲဟင်းရည်မှာ ပြည့်စုံကောင်းမွန်သော တွဲဖက်မှုတစ်ခုပင် ဖြစ်သည်။
ကလေးငယ်နှစ်ဦးသည် ငွေကိုယူကာ အီကြာကွေးဝယ်ရန် အပြေးအလွှား ထွက်သွားကြလေသည်။
ယန်ကျောက်သည် လေအေးပေးစက်တစ်လုံးကို မေ့လန်၏အခန်းတွင် တပ်ဆင်ပြီး အခြားတစ်လုံးကို ရှောင်ဝမ်၏အခန်းတွင် တပ်ဆင်ပေးခဲ့သည်။
ယခုအချိန်မှစ၍ သူတို့သည် ကျောက်မီးသွေးထည့်ရန် ညတိုင်းထစရာမလိုတော့ချေ။