အခန်း ၁၆၀
Vol. 16 Ch. 160
🍄 Chapter 160
သူသည် မီးလင်းဖိုတစ်ခုကို မီးဖိုချောင်သို့ရွှေ့လိုက်ပြီး အခြားတစ်ခုကို သူ၏ကိုယ်ပိုင်အခန်းသို့ ရွှေ့လိုက်၏။
ညစာစားပြီးနောက် အိပ်ရာဝင်ချိန်ရောက်သောအခါ ချန်မေ့လန်သည် ကလေးများအား လက်ဆောင်များဖွင့်ရန် ခေါ်ယူတော့မည့်အချိန်တွင် ယန်ကျောက်က ရုတ်တရက်လှမ်းခေါ်လိုက်သည်။
“...လန်”
‘သူ ဒီနေ့ ဘာလို့ ရုတ်တရက် ငါ့ကို ‘လန်’ လို့ ခေါ်ရတာလဲ။ သူ အဲဒီလို ခေါ်တာကို ကလေးတွေကြားပြီး စိတ်မသက်မသာ ဖြစ်သွားမှာကို သူ မကြောက်ဘူးလား'
ချန်မေ့လန် အနီးသို့ လျှောက်သွားလိုက်သည်။
သပ်ရပ်နေသော အခန်းအတွင်းတွင် ယန်ကျောက်က မော့ကြည့်လိုက်ပြီး လေအေးပေးစက်မှထွက်လာသော လေနွေးနွေးများကို ခံစားရန် လက်ဆန့်တန်းလိုက်၏။
“အခု ငါတို့အိမ်မှာ အရေးကြီးတဲ့ အသုံးအဆောင်ပစ္စည်းတွေ ဘာမှ မလိုတော့ဘူးမဟုတ်လား”
အရေးကြီး အသုံးအဆောင်ပစ္စည်းတွေအကြောင်း ပြောရမည်ဆိုလျှင် သူတို့အိမ်မှာ အစကတည်းက ဘာမှမလိုချေ။ သူတို့မိသားစုမှာ ယန်ကွမ်ရွာတွင် အချမ်းသာဆုံးဖြစ်သည်။
ချန်မေ့လန်က အလွန်ကျေနပ်အားရစွာဖြင့် ဖြေကြားလိုက်သည်။
“ဘာမှ မလိုတော့ပါဘူး၊ ကျွန်မတို့မိသားစုမှာ အခု အရာအားလုံးရှိနေပြီ”
အထူးသဖြင့် လေအေးပေးစက်များမှာ မမျှော်လင့်ထားသော ဝမ်းသာစရာကိစ္စတစ်ခုပင် ဖြစ်သည်။
ယန်ကျောက်က ရုတ်တရက် အဆိုပြုလာသည်။
“ဆောက်လုပ်ရေးအလုပ်တွေ ဆက်မလုပ်ပါနဲ့တော့လား၊ ငါ ခေါင်းဆောင်ပိုင်းကို အစီရင်ခံစာတင်ထားတယ်၊
မင်းက စက်မှုသိပ္ပံကနေ ဘွဲ့ရထားတာဆိုတော့ မင်းရဲ့ ပညာအရည်အချင်းက အတော်လေးကောင်းပါတယ်၊ ရှီးမေ ပရိဘောဂစက်ရုံမှာ မင်းကိုရုံးဝန်ထမ်းအဖြစ် အလုပ်ရအောင် သူတို့စီစဉ်ပေးနိုင်တယ်၊ ဘယ်လိုလဲ”
ရှီးမေ ပရိဘောဂစက်ရုံ၏ ဆီမွန်မွေ့ရာများမှာ မကြာသေးမီက အရောင်းအဝယ်ကောင်းမွန်နေသော်လည်း နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခုဖြစ်ရာ မွေ့ရာများရေပန်းစားလာပြီးနောက်တွင် အရည်အသွေးကို မထိန်းသိမ်းနိုင်တော့ချေ။
ချန်မေ့လန်၏မွေ့ရာ အသံမည်ရုံသာမက လူအတော်များများကလည်း အရည်အသွေးညံ့ဖျင်းမှုအတွက် ညည်းတွားနေကြသည်။
ယခင်ဘဝက ရှီးမေ့သည် နောက်ဆုံးတွင် ဒေဝါလီခံသွားရပြီး အလုပ်သမားများအားလုံး အလုပ်ပြုတ်သွားခဲ့ကြသည်။
အကယ်၍ ချန်မေ့လန် ယခုထိုနေရာသို့ သွားလုပ်ပါက အချိန်အနည်းငယ်အကြာတွင် အလုပ်ပြုတ်ရန် စောင့်ဆိုင်းနေရုံသက်သက်သာ ဖြစ်မည်မဟုတ်လော။
သို့သော် ယန်ကျောက်သည် သူမ၏ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းအကြောင်းကို ယခင်က တစ်ခါမျှမမေးမြန်းဖူးချေ။ ယနေ့ သူ အဘယ်ကြောင့် ရုတ်တရက်မေးရသနည်း။
မေ့လန်၏ခေါင်းထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက်ပေါ်လာပြီး သူမ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
“ကျိုးရွှယ်ချင်း ရှင့်ကို တစ်ခုခုပြောလိုက်လို့လား”
သူမ ဆောက်လုပ်ရေး အလုပ်လုပ်နေကြောင်းကို ရွာထဲတွင်သိသူ သိပ်မများလှချေ။
မည်သို့ပင်ဆိုစေ လူတိုင်းက ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်များနေကြပြီး ချန်မေ့လန်သည်လည်း အခြားကန်ထရိုက်တာများကဲ့သို့ သူမ ငွေမည်မျှရကြောင်းကို လိုက်လံကြွားဝါလေ့မရှိပေ။
သို့သော် ယန်ပင်း၏မိသားစုမှာ ပထမတပ်ဖွဲ့တွင်ရှိပြီး ကျိုးရွှယ်ချင်း၏အိမ်နီးချင်းများ ဖြစ်ကြသည်။
အကယ်၍ ကျိုးရွှယ်ချင်း မေးမြန်းပါက ယန်ပင်းက သေချာပေါက် ပြောပြမည်ဖြစ်ပြီး မေ့လန် ယခု မည်မျှအဆင်ပြေနေကြောင်းကို ချဲ့ကား၍ပင် ပြောဆိုကောင်း ပြောဆိုပေလိမ့်မည်။
ကျိုးရွှယ်ချင်း၏ ဉာဏ်နီဉာဏ်နက်လေးမှာ သူမ၏သားကို ကောင်းကောင်း စောင့်ရှောက်ပေးစေလိုခြင်းပင်ဖြစ်သည်။
သို့သော် ထိုအမျိုးသမီးမှာ အလွန်ယုတ်မာလွန်းလှသည်။ ယန်ကျောက်၏ခြံဝင်းကို သိမ်းပိုက်ကာ ဝက်ခြံတစ်ခုပမာဖြစ်အောင် ပြုလုပ်ခဲ့သည်။
သူမကိုယ်တိုင်က ငွေအမြောက်အမြားရှာဖွေရန် ပြေးလွှားနေပြီး မေ့လန်ကမူ ဆောက်လုပ်ရေး ပရောဂျက် သေးသေးလေးများကိုသာ လုပ်ကိုင်နေသည်။
‘သူမ မနာလို ဖြစ်နေတာများလား'
ယန်ကျောက်က ဤကိစ္စနှင့် ပတ်သက်၍ အတော်လေး ပွင့်ပွင့်လင်းလင ဖြေကြားလေသည်။
“ကျိုးရွှယ်ချင်း မဟုတ်ပါဘူး၊ သူက ဒီနေ့မွန်းလွဲပိုင်းမှာ တောင်ပိုင်းကိုထွက်သွားပြီ၊ လုကျင်းယွီ ပြောသွားတာ၊
မင်းက မင်းအစ်ကိုကြီး၊ ယန်တာ့ဝေတို့နဲ့ ပူးပေါင်းလုပ်ကိုင်နေတာ မဟုတ်ဘဲ ဆောက်လုပ်ရေး ပရောဂျက်တွေကို မင်းဘာသာမင်း ကိုယ်တိုင်ဦးဆောင်ပြီး လုပ်နေတာ၊
ပြီးတော့ မင်းက အဓိက တာဝန်ယူရသူတဲ့... လန်၊ ယောကျ်ားတွေတောင် ဆောက်လုပ်ရေးနယ်ပယ်မှာ ကောင်းကောင်းမလုပ်နိုင်ကြတာ၊ မိန်းမတစ်ယောက်ဆိုရင် ပိုဆိုးတာပေါ့”
မှန်ပေသည်၊ ချန်မေ့လန်သည် ဆောက်လုပ်ရေးပရောဂျက်များတွင် ပါဝင်ပတ်သက်နေကြောင်း ယန်ကျောက် အမြဲတမ်း သိရှိထားသော်လည်း အဓိကလုပ်ကိုင်နေသူများမှာ ယန်တာ့ဝေနှင့် ချန်တကုန်းတို့ ဖြစ်သည်ဟုသာ သူ ထင်မှတ်ထားခဲ့သည်။
ယနေ့ လုကျင်းယွီက ကျိုးရွှယ်ချင်း၏ဓားထိုးခံရမှု အမှုကိုပိတ်သိမ်းရန် ရဲစခန်းသို့ သွားရောက်ကာ သူ့ကို တက်ကြွစွာ စကားစမြည်ပြောဆိုပြီး ‘ကြင်နာစွာဖြင့်’ အကြံပေးမှသာလျှင် သူ၏ဇနီးသည်မှာ ဤမျှ ရည်မှန်းချက်ကြီးမားပြီး ယွမ် ၃၀၀,၀၀၀ တန် ပရောဂျက်များကို ကိုင်တွယ်နေသည့် ကန်ထရိုက်တာငယ်တစ်ဦး ဖြစ်နေကြောင်း သူ သိရှိခဲ့ရခြင်းဖြစ်သည်။
ချန်မေ့လန်က သူမ၏ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်သည်။
“ဒါဆို လုကျင်းယွီက ဘာပြောသွားသေးလဲ”
ယန်ကျောက်က အကျဉ်းချုံး၍ ပြန်ပြောပြသည်။
“သူ ပြောတာက မင်းတို့ ရွာနှစ်ရွာက မြစ်တစ်စင်းပဲခြားတာ၊ ငယ်ငယ်ကတည်းက သိကျွမ်းခဲ့ကြတဲ့ မိတ်ဆွေဟောင်းတွေ၊ ပြီးတော့ တစ်ခါက... သူက မင်းအကြောင်း ကောင်းကောင်း သိပါတယ်တဲ့၊
မိန်းမတစ်ယောက်အနေနဲ့ မင်းက ဆောက်လုပ်ရေးအလုပ်နဲ့ မသင့်တော်ဘူး၊ ပြီးတော့ မင်း အရေးယူခံရမှာကို သူစိုးရိမ်တယ်တဲ့”
ချန်မေ့လန်သည် ဒေါသကြောင့် တုန်ယင်နေသော်လည်း ယန်ကျောက်အပေါ်တွင်မူ မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ယန်ကျောက်သည် အခြားအမျိုးသားများ ပြောလေ့ရှိသကဲ့သို့ “မိန်းမတစ်ယောက်က ဘာသိလို့လဲ၊ အိမ်မှာပဲနေ” ဟု ပါးစပ်ဟ၍ မပြောခဲ့ပေ။
သူသည် သူမအတွက် အလုပ်တစ်ခုရှာပေးရန်ပင် အလေးအနက် စဉ်းစားပေးခဲ့သည်။
သူမနှင့် ယန်ကျောက်မှာ ဇနီးမောင်နှံများ ဖြစ်ကြဆဲဖြစ်သည်။ သူတို့ ဆွေးနွေးတိုင်ပင်နိုင်ပြီး ရန်ဖြစ်လျှင်ပင် ပြန်လည်ပြေလည်နိုင်ကြသည်။
‘အဲဒီ ရုပ်ဆိုးကောင် လုကျင်းယွီက ဝင်ပါစရာ ဘာအကြောင်းရှိလို့လဲ'
…
“သူမက သာမန်ပါပဲ...”
“သူမက ကျွန်တော်နဲ့ တစ်တန်းတည်း မဟုတ်ပေမယ့် အလွန်ကြင်နာတတ်တဲ့ သူတစ်ယောက်ပါ”
ယခုအချိန်အထိ ချန်မေ့လန်သည် ယခင်ဘဝက ထိုစကားများကို မမေ့နိုင်သေးချေ။
အချိန်အတော်ကြာပြီးနောက်မှသာ ယွမ်ယွမ်က ချန်မေ့လန်အား မရေမရာမေးမြန်းခဲ့ဖူးသည်။
“မေမေ၊ ဖေဖေက မေမေ့ကို PUA (Pick-Up Artist - စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်ခြင်း) လုပ်နေတယ်လို့ မထင်ဘူးလား”
ချန်မေ့လန် အင်တာနက်တွင် အချက်အလက်အချို့ ရှာဖွေကြည့်လိုက်မှသာ လုကျင်းယွီသည် တကယ့်ကို စာအုပ်ထဲကအတိုင်း PUA သမားတစ်ဦးဖြစ်ကြောင်း သူမ နားလည်သဘောပေါက်သွားခဲ့သည်။
…
အမှန်တကယ်ဆိုလျှင် ချန်မေ့လန်သည် ယခု ယန်ကျောက်ကို ဖျောင်းဖျရန် ကြိုးစားနေသင့်သည်။
သူ့ကို ဖျောင်းဖျနိုင်မည်ဟုလည်း သူမ ယုံကြည်မှု ရှိလေ၏။
သို့သော် ကျောက်မီးသွေးစက်ပစ္စည်းစက်ရုံမှ လျိုဟောင်သည် ကလေးများအား လက်ဆောင်များ ပေးထားခဲ့သည်။
ချန်မေ့လန်သည် ရုံးဖွင့်ရက်များတွင် ကလေးများ၏အာရုံစူးစိုက်မှုကို ထိခိုက်မည်စိုးသဖြင့် မဖွင့်ရဲခဲ့ချေ။
မနက်ဖြန်မှာ စနေ၊ တနင်္ဂနွေ ပိတ်ရက်ဖြစ်ရာ ယနေ့တွင် သူမသည် ကလေးများအတွက် လက်ဆောင်များကို ဖွင့်ပေးရမည်ဖြစ်သည်။
ထို့နောက်မှ ဆောက်လုပ်ရေး ပရောဂျက်အကြောင်း ယန်ကျောက်နှင့် ဆွေးနွေးရန် သူမ စီစဉ်ထားသည်။ မည်သို့ပင်ဆိုစေ သူမတစ်ယောက်တည်း အလုပ်လုပ်နေခြင်းမဟုတ်ပေ။
သားဆက်ခြားစီမံကိန်းတပ်ဖွဲ့ခေါင်းဆောင်၏ မိသားစုတွင် သူတို့ကိုထောက်ပံ့ပေးရန် သူမ၏ပရောဂျက်ကို မှီခိုနေရသော ကလေးငယ်များစွာ ရှိနေသည်။
ရွှေ့ပြောင်းအလုပ်သမား အားလုံးနီးပါးမှာ ထိုခေါင်းဆောင်၏အခြေအနေမျိုးတွင် ရှိနေကြသည်။
လူတိုင်းသည် လူကောင်းများ မဟုတ်ကြသော်လည်း သူတို့၏ကလေးများအားလုံးမှာမူ အပြစ်ကင်းစင်သဖြင့် စားသောက်ရန် လိုအပ်နေကြလေ၏။
သူမသည် ရှီးဖျင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများအား လုပ်အားခမပေးဘဲနေမည့် ကန်ထရိုက်တာမဟုတ်ကြောင်း ရင်ကော့ကာ ရဲရဲဝံ့ဝံ့ပြောရဲသည်။
အကယ်၍ ထိုသူများက သူမနှင့် အလုပ်မလုပ်ဘဲ အခြားသူများအတွက် အလုပ်လုပ်ပေးမည်ဆိုပါက ဤခေတ်တွင် သူတို့ လုပ်အားခရရှိရန် အခြေခံအားဖြင့် မဖြစ်နိုင်သလောက်ပင်။