အခန်း ၂၃၉
Vol. 24 Ch. 239
Chapter 239
~
အခန်း ၂၃၉ : ယန်ကျီဖန့် အလုပ်ဝင်ခြင်း
~
" ဟ..ကောင်စုတ်လေး.. မင်းက အခု ငါ့ကို လာစမ်းသပ်နေတာပေါ့လေ.. "
လီဟွိုက်တဲက ယန်ကျီဝမ်ကို လက်ညိုးထိုးကာ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့်...
" မင်း ဘယ်သူ့ကို အထင်လာသေးနေတာလဲ.. အလုပ်ရုံက နေရာတစ်ခုလေးကိုများ.. ပြောစမ်း.. သူ ဘယ်အလုပ်ရုံကို ဝင်ချင်တာလဲ.. "
ယန်ကျီဝမ်က ခဏစဥ်းစားပြီးနောက်...
" ဖစ်တာအလုပ်ရုံဆိုရင် ရပါပြီ.. "
ယန်ကျီဖန့်က ဖစ်တာအလုပ်သမား ဖြစ်ချင်သည်ဟု ပြောထားခဲ့သည် ။
အထူးသဖြင့် ယီကျုံးဟိုင်၏ လစဥ်လစာ ယွမ် ၉၉ ကို ကြားပြီးကတည်းက ထိုကောင်လေးက အလွန် အားကျနေလေ၏ ။
ထို့အပြင် ဖစ်တာအလုပ်က တူသမားအလုပ်ထက်တော့ ပိုကောင်းသည် ။ လစာချင်း အတူတူပင် ဖြစ်သော်လည်း တူလုပ်ငန်းက လူပိုပင်ပန်း၏ ။
လျှိုဟိုင်ကျုံးဆိုလျှင် ထမင်းစားတိုင်း ကြက်ဥ စားနေရသည် မဟုတ်ပါလော ။
သူသာ မစားလျှင် အလုပ်လုပ်ရန် မည်သို့ ခွန်အား ရှိပါမည်နည်း ။
သို့သော် ထိုကောင်လေးက တော်တော်လေး ရည်မှန်းချက် ကြီးလှသည် ။
အဆင့် ၈ အလုပ်သမားတစ်ယောက် ဖြစ်လာရန် လွယ်ကူသည်ဟု သူ ထင်နေ၏ ။
ယီကျုံးဟိုင် အချိန်မည်မျှ ပေးခဲ့ရသည်ကို သူ ထည့်မစဥ်းစားခဲ့ပေ ။
သို့သော် ဤအရာများက သူ့ကိစ္စ မဟုတ် ။ ထိုကောင်လေး ဆန္ဒရှိနေသရွေ့ အဆင်ပြေပေသည် ။
နောက်ပိုင်းတွင် သူ ကြိုးကြိုးစားစား မလုပ်ခဲ့လျှင် ယန်ဖူကွေ့က သူ့ကို ကောင်းကောင်း ပညာပေး ပေလိမ့်မည် ။
" ဖစ်တာအလုပ်သမားပေါ့လေ.. "
လီဟွိုက်တဲ ခဏ စဥ်းစားပြီးနောက် ခေါင်းညိတ်ကာ...
" ကောင်းပြီ.. မင်း ပြန်ပြီး စောင့်နေလိုက်.. သတင်းထူးရင် ငါ အကြောင်းကြားလိုက်မယ်.. "
" ဒါဆိုရင်တော့ ဦးလေးကို ဒုက္ခပေးရတော့မယ်.. ဦးလေး.. ကျွန်တော် အလုပ်ပြန်လုပ်လိုက်ပါအုံးမယ်.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သည် ။
လီဟွိုက်တဲက လက်ဝေ့ယမ်းလိုက်ပြီး...
" သွားတော့.. "
" ဟုတ်ကဲ့.. "
...
လီဟွိုက်တဲ၏ အလုပ်လုပ်ပုံက တကယ့်ကို ယုံကြည်စိတ်ချရပေသည် ။
မနက်ပိုင်းကမှ အကူအညီ တောင်းထားခဲ့သော်လည်း နေ့လယ်ပိုင်းတွင် သတင်းထူး ထွက်လာခဲ့သည် ။
မွန်းလွဲပိုင်း အလုပ်ဆင်းခါနီးတွင် အတွင်းရေးမှူးကျိုးက အလုပ်ခန့်အပ်လွှာ တစ်ခုကို ယူဆောင်၍ ထောက်ပံ့ရေးဌာနသို့ ရောက်လာခဲ့သည် ။
" ယန်လေး.. ဒါက စက်ရုံမှူး မင်းကို ပေးခိုင်းလိုက်တာ.. အဲ့ဒီမှာ နာမည်ရေးလိုက်ရုံနဲ့ အလုပ်တန်းဝင်လို့ ရပြီ.. "
" အစ်ကိုကျိုး ဒုက္ခများသွားပြီ.. နောက်နေ့ကျမှ အချိန်တစ်ခု သတ်မှတ်ပြီး ကျွန်တော် အစ်ကိုကျိုးနဲ့ အစ်ကိုလီတို့ကို အရက်တိုက်ပါ့မယ်.. "
ယန်ကျီဝမ်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည် ။
" ဒါဆိုရင်တော့ ငါ မှတ်ထားလိုက်မယ်နော်.. "
အတွင်းရေးမှူးကျိုးက ပြုံး၍ သဘောတူလိုက်ပြီးနောက် အစီရင်ခံရန် ပြန်သွား၏ ။
အလုပ်ဆင်းပြီးနောက် ယန်ကျီဝမ် အိမ်သို့ ပြန်လာခဲ့သည် ။
ခြံဝင်းတံခါးဝသို့ ရောက်ရောက်ချင်းပင် ယန်ကျီဖန့်က ထိုနေရာ၌ ရပ်စောင့်နေသည်ကို သူ မြင်လိုက်ရသည် ။
ယန်ကျီဝမ် စက်ဘီးပေါ်မှ ဆင်းဆင်းချင်းပင် ယန်ကျီဖန့်က အားတက်သရော ပြေးလာပြီး....
" အစ်ကိုနှစ်.. ကျွန်တော် ကူတွန်းပေးမယ်.. "
ယန်ကျီဝမ်က သူ့ညီကို ဆွံ့အစွာ ကြည့်လိုက်သည် ။
သူ ဘာမှမပြောဘဲ ခြံဝင်းထဲသို့သာ ဝင်လာခဲ့သည် ။
ဤကောင်လေး အချိန်မည်မျှ တောင့်ခံနိုင်မည်ကို သူ ကြည့်ချင်သေးသည် ။
စက်ဘီးရပ်ပြီးနောက် ယန်ကျီဝမ်က ဘာစကားမှ မပြောသေးသည်ကို မြင်သောအခါ ယန်ကျီဖန့်က ဆက်၍ မအောင့်ထားနိုင်တော့ပဲ....
" အစ်ကိုနှစ်.. အလုပ်ကိစ္စလေး.. သတင်းထူးများ ရှိလားဟင်.. "
" ညစာစားတဲ့ အချိန်ကျမှပဲ ပြောကြတာပေါ့.. "
ယန်ကျီဝမ်က ထိုစကားတစ်ခွန်းသာ ချန်ထားခဲ့ပြီး သူ၏ ဇနီးနှင့် သားကို သွားကြည့်ရန် အခန်းထဲသို့ ဝင်သွားတော့သည် ။
နောက်ပိုင်းကျမှ သူ အကြိမ်ကြိမ် ထပ်မရှင်းပြချင်တော့ပေ ။
ထိုစကားကို ကြားသောအခါ ယန်ကျီဖန့်က စိုးရိမ်ပူပန်သွားသော်လည်း တတ်နိုင်သည်ကတော့ မရှိ ။
နောက်ဆုံးတွင် ညစာစားချိန် ရောက်လာသောအခါ ယန်ကျီဖန့်က ထမင်းပင် မစားနိုင်ဘဲ ယန်ကျီဝမ်ကို မျှော်လင့်တကြီး ကြည့်နေလေသည် ။
ယန်ဖူကွေ့က ဆူလိုက်သည် ။
" တတိယသား.. မင်းရဲ့ အစ်ကိုကို ဘာလို့ စိုက်ကြည့်နေတာလဲ.. မင်း ထမင်းမစားဘူးဆိုရင်လည်း ထွက်သွား.. "
ယန်ကျီဝမ်က ရယ်မောလိုက်ပြီး...
" အဖေ.. သူ့ကို မဆူပါနဲ့.. ဒီကောင်လေးက အဖြေမသိရသရွေ့ အေးအေးဆေးဆေး ထမင်းစားနိုင်မှာ မဟုတ်ဘူး.. "
ထိုသို့ပြောပြီးနောက် ယန်ကျီဝမ်က စာရွက်စာတမ်းတစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည် ။
ယန်ဖူကွေ့က စာရွက်ပေါ်ရှိ အလုပ်ခန့်အပ်လွှာ ဟူသော စာသားများကို ချက်ချင်းပင် မြင်လိုက်ရသည် ။
သူက ကောက်ယူကြည့်လိုက်ပြီး...
" ဒါ တတိယအတွက်လား.. ဒီလောက်တောင် မြန်တာလား.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး...
" အဲ့ဒီမှာ နာမည် လက်မှတ်ထိုးလိုက်တာနဲ့ အလုပ်တန်းဝင်လို့ ရပါပြီ.. "
ယန်ဖူကွေ့က ခေါင်းအသာ ညိတ်လိုက်ပြီး အလုပ်ခန့်အပ်လွှာကို ယန်ကျီဖန့်ထံသို့ ကမ်းပေးလိုက်သည် ။
" တတိယသား.. မင်း အခု စက်ရုံထဲကို ရောက်ပြီဆိုတော့ ကြိုးကြိုးစားစား အလုပ်လုပ်ရမယ်.. မင်းအစ်ကိုရဲ့ ကျေးဇူးကိုလည်း မမေ့နဲ့.. သူ ကောင်းခဲ့တာကို အမြဲ မှတ်ထားပါ.. "
ယန်ကျီဖန့်က အလုပ်ခန့်အပ်လွှာကို စိတ်လှုပ်ရှားစွာ ယူလိုက်ပြီး အကြိမ်ကြိမ် ကတိပေးလိုက်သည် ။
" အဖေ.. စိတ်ချပါ.. ကျွန်တော် သေချာ ကြိုးစားလေ့လာပြီး အမြန်ဆုံး အဆင့် ၈ အလုပ်သမား ဖြစ်လာစေရမယ်.. "
" ဖူး..."
ထိုစကားကြောင့် ယန်ကျီဝမ် စားရင်း သီးသွား၏ ။
သူက ယန်ကျီဖန့်ကို လက်မထောင်ပြလိုက်ပြီး အားကျဟန်ဖြင့်...
" တတိယညီ..... မင်းက တကယ့်ကို ရဲရဲဝံ့ဝံ့ ပြောရဲတာပဲ.. "
ယန်ဖူကွေ့က ရယ်၍ ...
" ကောင်စုတ်လေး.. အဆင့် ၈ အလုပ်သမားဆိုတာ ဈေးထဲက ဂေါ်ဖီထုပ်တွေလို မှတ်နေတာလား.. အလယ်ခြံဝင်းက ကျားဒုံရွှီကို မင်း မတွေ့ဘူးလား.. ဒီလောက်နှစ်တွေ အများကြီး လုပ်လာတာတောင် အဆင့် ၃ အလုပ်သမားပဲ ရှိသေးတာ.. "
" ဒါကို ရည်မှန်းချက် ကြီးတယ်လို့ ခေါ်တာပေါ့.. "
ယန်ကျီဖန့်က ခေါင်းမော့ကာ အလွန်ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပြီးနောက် ညည်းညူလိုက်သည် ။
" ကျားဒုံရွှီ နဲ့ ကျွန်တော်နဲ့ ဘာလို့ လာယှဥ်နေရမှာလဲ.. သူ့ဆရာက ပညာတွေ ဝှက်ထားတာကိုး.. တိုးတက်လာတယ်ဆိုရင်မှ ထူးဆန်းနေဦးမယ်.. "
ယန်ဖူကွေ့နှင့် ယန်ကျီဝမ်တို့က အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် မေးလိုက်သည် ။
" တတိယသား.. မင်းကို ဘယ်သူက အဲ့လိုပြောတာလဲ.. "
ယန်ကျီဖန့်က ....
" ကျားဒုံရွှီနဲ့ ချင်ဟွိုင်ရုတို့ နှစ်ယောက် တိုးတိုးတိတ်တိတ် ပြောနေကြတာကို ကျွန်တော် မတော်တဆ ကြားသွားတာ.. "
' ဒါက စိတ်ဝင်စားစရာပဲ ...'
ယန်ကျီဝမ်၏ နှုတ်ခမ်းများက အပေါ်သို့ အနည်းငယ် ကွေးညွတ်သွား၏ ။
သူ၏ သတိပေးမှုကြောင့် ကျားဒုံရွှီ နောက်ဆုံးတွင် အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း မြင်သွားခဲ့ပြီဟု ထင်ရသည် ။
သို့သော် သူ ရှင်းရှင်းလင်းလင်း သိမြင်သွားလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ ။
သူက ယီကျုံးဟိုင်၏ ထိန်းချုပ်မှုအောက်တွင် အလုံးစုံ ရှိနေဆဲ ။
ယီကျုံးဟိုင်က သူ့ဆရာ ဖြစ်နေရုံသာမက စက်ရုံမှ အဆင့် ၈ အလုပ်သမားလည်း ဖြစ်နေသည် မဟုတ်ပါလော ။
ယန်ဖူကွေ့က...
" တတိယသား.. နောက်ဆိုရင် အဲ့လိုစကားမျိုး ထပ်မပြောနဲ့.. တခြားလူတွေ ကြားသွားရင် မကောင်းဘူး.. "
" ဟုတ်.. "
ရန်ရွေ့ဟွားကလည်း ဆုံးမလိုက်သည် ။
" တတိယသား.. အခု နင့်မှာ အလုပ်ရပြီဆိုတော့ သေသေချာချာ ကြိုးကြိုးစားစား လေ့လာ.. နောက် နှစ်နည်းနည်းကြာရင် အမေ နင့်အတွက် မိန်းမတစ်ယောက် ရှာပေးမယ်.. နင့်ရဲ့ အဖေနဲ့ အမေက နင့်ကို ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရဖို့ မတောင်းဆိုပါဘူး..ဘဝကိုကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရင်ကို လုံလောက်ပါပြီ.. "
ယန်ကျီဖန့်က အကြိမ်ကြိမ် ကတိပေးလိုက်သည် ။
" အမေ စိတ်ချပါ.. ကျွန်တော် သေချာ ကြိုးစားလေ့လာပါ့မယ်.. နောင်ကျရင် အစ်ကိုနှစ်လိုပဲ အမေတို့ကို ကျေးဇူးဆပ်ပါ့မယ်.. "
ယန်ဖူကွေ့က ပြုံး၍...
" မင်းမှာ အဲ့လိုစိတ်ကူး ရှိတာ ကောင်းပါတယ်.. ဒါပေမဲ့ မင်းအမေ ပြောသလိုပဲ ကိုယ့်ကိုယ်ကိုယ်သာ သေချာ ဂရုစိုက်ပါ.. မင်းအမေနဲ့ ငါက မင်း စိတ်ပူပေးစရာ မလိုပါဘူး.. "
ယန်ကျီဝမ်က ဤမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည် ။
ယန်ကျီဖန့်၏ အပြောင်းအလဲကို သူ မြင်တွေ့ခဲ့ရသောကြောင့်သာ သူ့ကို ကူညီပေးခဲ့ခြင်း ဖြစ်သည် ။
သို့သော် သူက ဟန်ဆောင်နေခြင်း ဟုတ်မဟုတ်ကိုတော့ သူ မသိ ။
သို့သော် အရေးမကြီးပေ ။ အချိန်တွေ အများကြီး ကျန်သေးသည် ။
အကယ်၍ ဤကောင်လေးသာ ဟန်ဆောင်နေခြင်း ဖြစ်ပါက နောင်တွင် သူ့ကို လုံးဝ ဂရုစိုက်တော့မည် မဟုတ်ချေ ။
ယန်ကျီချန်း ကဲ့သို့ပင် ဖြစ်သွားပေလိမ့်မည် ။
ဆိုရလျှင် ယန်ကျီချန်း အိမ်ခွဲထွက်သွားခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပေပြီ ။
ထိုအချိန်များအတွင်း သူ တစ်ကြိမ်တစ်ခါမှပင် ပြန်မလာခဲ့သလို သတင်းအစအနပင် မကြားရ ။
အိမ်တွင် ထိုသို့သောသူ တစ်ယောက်ရှိနေသည်ကိုပင် သူ မေ့လုနီးပါး ဖြစ်နေလေပြီ ။
သို့သော် သူ ပြန်မလာသည်ကလည်း ကောင်းသည် ။ အားလုံး အနေရခက်မည့် အခြေအနေမှ ကင်းဝေးသွားစေသည် ။
...
နောက်တစ်နေ့ မနက်ခင်း...
ယန်ကျီဖန့်က စောစောစီးစီးပင် သေသပ်စွာ ပြင်ဆင်ထားပြီး အလွန် တက်ကြွနေကာ သူ၏ မျက်နှာတွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည် ။
ယနေ့မှစ၍ သူသည် ဂုဏ်ယူဖွယ်ရာ အလုပ်သမား ရဲဘော်တစ်ဦး ဖြစ်လာတော့မည် ။
ထမင်းစားပြီးနောက် ...
သူက ယန်ကျီဝမ်၏ သုံးဘီးစက်ဘီးပေါ်သို့ ခုန်တက်လိုက်ပြီး သံမဏိစက်ရုံသို့ ယန်ကျီဝမ်နှင့်အတူ လိုက်လာခဲ့သည် ။
ယန်ကျီဝမ်၏ လမ်းညွှန်မှုအောက်တွင် ယန်ကျီဖန့်က အလုပ်ဝင်ရန် လုပ်ထုံးလုပ်နည်းများကို လျင်မြန်စွာ ပြီးစီးသွားခဲ့သည် ။
ထို့နောက် ယန်ကျီဝမ်က သူ့ကို အလုပ်ရုံ ( ၁) သို့ ခေါ်ဆောင်လာခဲ့၏ ။
သူက ကောတာဖျဲ့ဇီ၏ ရုံးခန်းသို့ တန်းတန်းမတ်မတ် ဝင်လိုက်ပြီး...
" အစ်ကိုကော.. ခင်ဗျားရဲ့ အလုပ်ရုံအတွက် အရည်အချင်းရှိသူ တစ်ယောက်ကို ကျွန်တော် ခေါ်လာခဲ့တယ်ဗျ.. "
ကောတာဖျဲ့ဇီက ထိုစကားကို ကြားသောအခါ လန့်သွားပြီး သူ၏ အနောက်ဘက်ရှိ ယန်ကျီဖန့်ကို မြင်သွားကာ...
" ဒုစက်ရုံမှူးလီက ငါ့ကို ပြောပြထားပါတယ်.. ဒီလူငယ်လေးက မင်းရဲ့ ညီလား.. "
" ကျွန်တော့်ရဲ့ တတိယညီ ယန်ကျီဖန့်ပါ.. "
ယန်ကျီဝမ်က ယန်ကျီဖန့်၏ ပခုံးကို ပုတ်ကာ အချက်ပြလိုက်သည် ။
" ဘာလို့ ငိုင်ရပ်နေတာလဲ.. နှုတ်ဆက်လေ.. "
" မင်္ဂလာပါ ခေါင်းဆောင်.. "
ယန်ကျီဖန့်က အရိုအသေပေး၍ နှုတ်ဆက်လိုက်သည် ။
ကောတာဖျဲ့ဇီက လက်ဝေ့ယမ်းလိုက်ပြီး...
" မင်းရဲ့ အစ်ကိုနဲ့ ငါက လူရင်းတွေပါ.. ဒီလောက်ထိ ယဥ်ကျေးနေစရာ မလိုဘူး.. "
ထိုသို့ပြောပြီးနောက် သူက ယန်ကျီဝမ်ကို ထပ်မေးလိုက်သည် ။
" ယန်လေး.. မင်း သူ့ကို သင်ပေးဖို့ ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးစေချင်တာလား.. ဒါမှမဟုတ်... "
" အဲ့လောက် ဒုက္ခခံစရာ မလိုပါဘူး.. "
ယန်ကျီဝမ်က လက်ဝှေ့ယမ်းလိုက်ပြီး...
" ဆရာကျန်းက မကြာသေးခင်ကမှ အဆင့် ၅ အလုပ်သမား စာမေးပွဲကို အောင်ထားတယ် မဟုတ်လား.. ကျီဖန့်ကို သူ့ဆီမှာပဲ တပည့်ခံခိုင်းလိုက်ပါ.. "
" ပြဿနာ မရှိပါဘူး.. "
ကောတာဖျဲ့ဇီက ပြုံး၍...
" ငါက သူ့ကို အဆင့်ခြောက် ဒါမှမဟုတ် အဆင့်ခုနစ် အလုပ်သမား တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမလို့ စဥ်းစားနေတာ.. "
" ရပါတယ် .... ဆရာကျန်းက အသင်ကောင်းတဲ့ ဆရာ တစ်ယောက်ပါ .. "
ယန်ကျီဝမ်က ခေါင်းခါ၍ ငြင်းလိုက်သည် ။
ကျန်းတာ့လီက ရိုးသားဖြောင့်မတ်ပြီး ဘာကိုမျှ ဖုံးကွယ်မထားတတ်ချေ ။ သူက တကယ့် ပညာအစစ်အမှန်များကို သင်ပေးလိမ့်မည် ။
ထို့အပြင် သူ၏ လက်အောက်တွင် တပည့်များ မရှိသေးသလို ယန်ကျီဝမ်ကလည်း သူနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသည် ။
သူက အကောင်းဆုံး ကိုယ်စားလှယ်တစ်ဦးဟု သတ်မှတ်၍ ရပေသည် ။
ကောတာဖျဲ့ဇီကလည်း ဤကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်စရာ မရှိပေ ။
" ဒါဆိုလည်း ကောင်းပြီလေ.. မင်း ဆရာကျန်းနဲ့ ရင်းနှီးနေတာပဲဆိုတော့ သူ့ကို မင်းကိုယ်တိုင်ပဲ သွားအပ်လိုက်တော့.. "