အခန်း ၂၄၀
Vol. 24 Ch. 240
Chapter 240
~
အခန်း ၂၄၀ : နှုတ်ဆက်ပါတယ်.. လိုရှောင်အဲ
~
ယန်ကျီဝမ်က ယန်ကျီဖန့်ကို ခေါ်ကာ ကျန်းတာ့လီ၏ အလုပ်ခွင်သို့ သွားလိုက်သည် ။
" အစ်ကိုကျန်း.. တပည့်လိုချင်သေးလား.. "
ကျန်းတာ့လီက အလုပ်လုပ်နေသည်ကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ တက်ကြွနေသော ယန်ကျီဝမ်နှင့် သူ၏အနောက်တွင် အနည်းငယ် ရှက်ရွံ့နေသော ယန်ကျီဖန့်တို့ကို တွေ့လိုက်ရသည် ။
သူက နားမလည်ဟန်ဖြင့် ...
" ဒါက ဘယ်သူလဲ.. "
" ဒါ ကျွန်တော့် ညီလေးလေ.. သူ ဒီနေ့မှ အလုပ်စဝင်တာ.. "
ယန်ကျီဝမ်က ယန်ကျီဖန့်၏ ပခုံးကို ပုတ်ကာ မိတ်ဆက်ပေးလိုက်သည် ။
" ဒါက ဆရာကျန်းတာ့လီပဲ.. သူ့ရဲ့ လက်ရာက တကယ့်ကို ပြောင်မြောက်တယ်.. ဒီနေ့ကစပြီး သူက မင်းရဲ့ဆရာပဲ.. "
" မင်္ဂလာပါ ဆရာ.. "
ယန်ကျီဖန့်က ရိုးသားစွာပင် အရိုအသေပေး၍ နှုတ်ဆက်လိုက်သည် ။
ယန်ကျီဝမ်က ကောတာဖျဲ့ဇီ စီစဥ်ပေးမည့် အဆင့်ခြောက် အလုပ်သမားကို ငြင်းပယ်ပြီး အဆင့်ငါး အလုပ်သမားကို မည်သို့ကြောင့် ရွေးချယ်ခဲ့သည်ကို သူ နားမလည် ။
သို့သော် သူ၏ အစ်ကိုနှစ် စကားကို နားထောင်ရန်သာ လိုအပ်ကြောင်း သူ ကောင်းကောင်း နားလည်ထားသည် ။ သူ၏ အစ်ကိုက သူ့ကို ဘယ်တော့မှ ဒုက္ခပေးမည် မဟုတ်ချေ ။
ထိုစကားကို ကြားသောအခါ ကျန်းတာ့လီက လက်ကို အကြိမ်ကြိမ် ဝေ့ယမ်းကာ ...
" ငါ မသင်ပေးတတ်ဘူး.. လမ်းမှား ရောက်သွားမှာကို စိုးရိမ်လို့ပါ.. ပြီးတော့ မင်းရဲ့ အရည်အချင်းကလည်း ငါ့ထက် နိမ့်တာမှ မဟုတ်တာ.. ဘာလို့ မင်းကိုယ်တိုင် မသင်ပေးရတာလဲ.. "
တခြားသူများ မသိလျှင်ပင် သူ မည်သို့ မသိဘဲ နေမည်နည်း ။
ယန်ကျီဝမ်၏ အရည်အချင်းများက သူ့ကိုပင် ကျော်လွန်နေပြီ ။
သူ အဆင့်ငါး အလုပ်သမား စာမေးပွဲ အောင်မြင်ခဲ့သည်ကလည်း ယန်ကျီဝမ် ကျေးဇူးကြောင့်ပင် ။
ထို့အပြင် သူ အဆင့်ငါး အလုပ်သမား ဖြစ်လာသည်မှာ မကြာသေးသဖြင့် တပည့်လက်ခံရန် ယုံကြည်မှု မရှိသေးပေ ။
ယန်ကျီဝမ်က အကူအညီမဲ့ဟန်ဖြင့် ...
" ကျွန်တော်က ထောက်ပံ့ရေးဌာနမှာဆိုတာ အစ်ကိုလည်း သိသားနဲ့.. ဝယ်ယူရေး အလုပ်တွေနဲ့ အလုပ်များနေရတာ.. သူ့ကို သင်ပေးဖို့ ကျွန်တော့်မှာ ဘယ်လိုလုပ် အချိန်ရှိမှာလဲ.. "
ကျန်းတာ့လီ စကားမပြောနိုင်ခင်မှာပင် ယန်ကျီဝမ်က ဆက်ပြောလိုက်သည် ။
" အစ်ကိုကျန်း.. အစ်ကို့ရဲ့ အရည်အချင်းကို ကျွန်တော် ယုံကြည်ပါတယ်.. ကျွန်တော့်ရဲ့ တတိယညီကို အစ်ကို့ဆီမှာပဲ အပ်ခဲ့ပြီနော်.. ကျွန်တော် လုပ်စရာလေးတွေ ရှိသေးလို့ အရင်သွားလိုက်ပါအုံးမယ်.. နောက်ကျရင် အစ်ကို့ကို ထမင်းဝယ်ကျွေးပါ့မယ်.. "
ထိုသို့ပြောပြီးနောက် ယန်ကျီဝမ်က ချက်ချင်းပင် လှည့်ထွက်သွားသည် ။
ကျန်းတာ့လီနှင့် ယန်ကျီဖန့်တို့ နှစ်ယောက်သား ဆွံအစွာ အချင်းချင်း ကြည့်ကာ ကျန်ရစ်ခဲ့တော့သည် ။
ယန်ကျီဝမ်က တကယ့်ကို အားကိုး၍မရဟု နှစ်ယောက်စလုံး ခံစားလိုက်ရ၏။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ....
ကျန်းတာလီက ယန်ကျီဖန့်ကို ပြောရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ ။
" ကျီဖန့် နော်... မင်းရဲ့ အစ်ကိုက ဒီလိုပြောသွားမှတော့ လောလောဆယ် ငါ့နောက်ကိုသာ လိုက်ခဲ့လိုက်တော့.. "
" ဟုတ်ကဲ့ပါ ဆရာ.. "
ကျန်းတာ့လီ အနေရခက်သွားသည် ။ သို့သော် သူ မငြင်းနိုင်တော့၍ ဘာများ တက်နိုင်ပါတော့မည်နည်း ။
...
ညစာစားချိန်တွင်... ကျားမိသားစုအိမ်၌ ။
ကျားဒုံရွှီက ပြောင်းဖူးပေါင်းတစ်လုံးကို ကိုင်ထားရင်း တစ်စုံတစ်ခုကို တွေးတောကာ ငေးငိုင်နေသည် ။
ချင်ဟွိုင်ရုက ထိုသည်ကို မြင်သောအခါ စိုးရိမ်ဟန်ဖြင့်...
" ဒုံရွှီ.. ရှင် ဘာလို့ မစားတာလဲ.. "
ကျားဒုံရွှီက သတိပြန်ဝင်လာပြီး ခေါင်းအသာ ခါလိုက်သည် ။
" ကိစ္စတချို့ကို တွေးနေလို့ပါ.. "
" အလုပ်ကိစ္စလား.. "
ချင်ဟွိုင်ရုက သူ၏ ပန်းကန်ထဲသို့ ဟင်းသီးဟင်းရွက်ချဥ်အချို့ ထည့်ပေးရင်း မေးလိုက်သည် ။
ယီကျုံးဟိုင်က ပညာဝှက်ထားသည်မှာ အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက်ပိုင်း ကျားဒုံရွှီ ၏ စိတ်အခြေအနေက ပုံမှန် မဟုတ်တော့ပေ ။
သူက နေ့တိုင်းလိုလို မျက်မှောင်ကြုတ်နေတတ်သည် ။
သို့သော် သူ တတ်နိုင်သည်ကလည်း ဘာမှမရှိ ။ သူက မိသားစု၏ ကျောထောက်နောက်ခံ ဖြစ်ပြီး ဖိအားအားလုံးက သူ၏အပေါ်သို့ ကျရောက်နေသည် မဟုတ်ပါလော ။
" အဲ့လိုပြောလို့လည်း ရပါတယ်.. "
ကျားဒုံရွှီက ရေရွတ်၍ ပြန်ဖြေလိုက်သော်လည်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ထပ်ပြောလိုက်သည် ။
" ဒီနေ့ အလုပ်ရုံထဲမှာ ယန်မိသားစုက တတိယကောင်ကို ငါ မြင်ခဲ့တယ်.. "
ချင်ဟွိုင်ရု၏ မျက်လုံးများက တောက်ပသွားသည် ။
" ဖြစ်နိုင်တာက.. "
ကျားဒုံရွှီက ခေါင်းညိတ်လိုက်သည် ။
" ယန်လောင်အာက သူ့အတွက် အလုပ်နေရာ ဝယ်ပေးလိုက်တာ ဖြစ်ရမယ်.. ပြီးတော့ သူက ကျန်းတာ့လီကို ဆရာလုပ်ပေးဖို့တောင် စီစဥ်ပေးလိုက်သေးတယ်.. "
ချင်ဟွိုင်ရု၏ မျက်လုံးများထဲတွင် အားကျမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည် ။
ယခုအချိန်တွင် အလုပ်ရှာရခက်ကြောင်း ယီကျုံးဟိုင်က အရင်က ပြောခဲ့ဖူးပြီး နှစ်ဝက်ကြာသည်အထိ သတင်းအစအနပင် မရှိခဲ့ချေ ။
သို့သော် ယခုတော့ ယန်လောင်အာက သူ၏ တတိယညီအတွက် အလုပ်တစ်ခုကို လွယ်လွယ်ကူကူပင် စီစဥ်ပေးနိုင်ခဲ့သည် ။
ထို့ကြောင့် အလုပ်ရှာရ ခက်ခဲနေခြင်း မဟုတ်ဘဲ ယီကျုံးဟိုင် ကိုယ်တိုင်က ကူညီရန် ဆန္ဒမရှိခြင်းသာ ဖြစ်သည် ။
ဤသည်က ယီကျုံးဟိုင် တစ်ယောက် သူတို့မိသားစုကို ကောင်းကောင်းမွန်မွန် မနေစေချင်ဘူးဆိုသည့် ကျားကျန်းရှီ၏ စကားကိုလည်း အတည်ပြုပေးနေသည် ။
သို့သော် သူတို့ ဘာလုပ်နိုင်မည်နည်း ။
ယီကျုံးဟိုင်က မကူညီလျှင် သူတို့ဘာသာသူတို့ လုပ်နိုင်မည် မဟုတ်သည်ကတော့ အသေအချာပင် ။
ထို့ကြောင့်ပင် ကျားဒုံရွှီက စိုးရိမ်ပူပန်နေခြင်း ဖြစ်သည် ။
သူတို့က လောင်အာကို အကူအညီ သွားတောင်းရန်ကလည်း စဥ်းစားနေစရာပင် မလို ။ ယန်လောင်အာက ကူညီရန် သဘောတူလိမ့်မည် မဟုတ်ချေ ။
' ဟူး..'
လင်မယား နှစ်ယောက်စလုံး စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည် ။
ဤခက်ခဲသော နေ့ရက်များက မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို သူတို့ မသိကြသလို မျှော်လင့်ချက် ရောင်ခြည်လေးကိုပင် သူတို့ မမြင်နိုင်ကြသေးချေ ။
...
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည် ။
မသိလိုက်မသိဘာသာနှင့်ပင် စက်တင်ဘာလသို့ ရောက်ရှိလာသည် ။
ဘဝက အလွန် ခက်ခဲနေဆဲ ဖြစ်သော်လည်း ကျောင်းများ ပြန်ဖွင့်ပြီဖြစ်၍ ယန်ဖူကွေ့က သူ၏ အလုပ်ဟောင်းကို ပြန်လုပ်နေလေပြီ ။
ရန်ရွေ့ဟွားက ကလေးများကို အဓိကထား၍ ပြုစုစောင့်ရှောက်ပေးနေသောကြောင့် ယွီလီက နေ့စဥ် ပျင်းရိလာသဖြင့် ပြီးခဲ့သည့်လက လမ်းရုံးတွင် အလုပ်ပြန်ဝင်ခဲ့သည် ။
အငယ် နှစ်ယောက်ကလည်း ကျောင်းသွားကြသည် ။
သံမဏိစက်ရုံတွင် ဖစ်တာသင်တန်းသား ဖြစ်လာခဲ့သော ယန်ကျီဖန့်မှလွဲ၍ အရာအားလုံးက အရင်တိုင်းပင် ။
ဒီနေ့ မွန်းလွဲပိုင်းတွင် ...
ယန်ကျီဝမ်က ခြံဝင်းထဲသို့ စောစော ပြန်ရောက်လာခဲ့သည် ။
ယွီလီက အလုပ်သွားလုပ်သဖြင့် သူက ကလေးများကို ပြုစုစောင့်ရှောက်ရန် နေ့စဥ် အလုပ်မှ စောစော ဆင်းရသည် ။
အဘယ်ကြောင့်ဆိုသော် ရန်ရွေ့ဟွားက ဟင်းချက်ရမည် ဖြစ်သောကြောင့်ပင် ။
ယန်ကျီဝမ်က ခြံဝင်းတံခါးဝတွင် ရှီတိုးလေးကို ချီထားရင်း အဘိုးအိုများ စစ်တုရင် ကစားနေသည်ကို ကြည့်နေလေသည် ။
" အဘိုးဟွမ်.. မြင်းကို ရွှေ့လေ.. "
" အဘိုးလီ.. အဘိုးရဲ့ ရထားက စားလိုက်လေ.. "
ယန်ကျီဝမ်က ကလေးကို လက်တစ်ဖက်ဖြင့် ချီထားပြီး သူ၏ ပါးစပ်က စစ်တုရင် ကစားနေသော အဘိုးအို နှစ်ဦးကို အဆက်မပြတ် အကြံဉာဏ်များ ပေးနေသည် ။
အဘိုးအို နှစ်ဦး၏ မျက်နှာများက မည်းမှောင်နေလေ၏ ။
" ယန်အိမ်က ကောင်လေး.. စစ်မှန်တဲ့ လူကြီးလူကောင်းဆိုတာ စစ်တုရင် ကြည့်နေရင်း စကားမပြောဘူးဆိုတာ မင်း မသိဘူးလား.. "
" ဟမ့်.. စစ်တုရင် ကစားမကစားတက်တဲ့ လူနှစ်ယောက်.. "
ယန်ကျီဝမ်က အနည်းငယ် အထင်သေးဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည် ။
အဘိုးအို နှစ်ဦး၏ မျက်နှာများက ပို၍ပင် မည်းမှောင်သွားတော့သည် ။
" ယန်ကျီဝမ်လား.. "
ထိုစဥ် အနည်းငယ် မသေချာသော အမျိုးသမီး အသံတစ်ခုက သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည် ။
ယန်ကျီဝမ်က ရှုပ်ထွေးဟန်ဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ ဆံပင်အရှည်နှင့် ခါးပွဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးကို မြင်လိုက်ရသည် ။
" လိုရှောင်အဲလား.. "
ယန်ကျီဝမ်က အနည်းငယ် မသေချာဟန်ဖြင့် ခေါ်လိုက်သည် ။
" ငါပါ.. မတွေ့ရတာ ကြာပြီနော်.. "
လိုရှောင်အဲက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည် ။
ယခင်ကနှင့် နှိုင်းယှဥ်ပါက လက်ရှိ လိုရှောင်အဲက ပို၍ ရင့်ကျက်လာပုံပေါ်၏ ။
သူမ၏ မျက်နှာလေးကလည်း အနည်းငယ် ပိုပြည့်လာသည် ။
" မတွေ့ရတာ ကြာပြီပဲ.. မင်းက... "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး သူမကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်သည် ။
လိုရှောင်အဲက ဆံပင်တစ်စုကို နားနောက်သို့ သပ်တင်လိုက်ပြီး ...
" အဲ့ဒီတုန်းက ငါ့အစ်ကိုရဲ့ စီးပွားရေးမှာ ပြဿနာနည်းနည်း ရှိသွားလို့ အဖေက ငါတို့ကို တခြားမြို့ကို အမြန်ပြောင်းခိုင်းလိုက်တာ.. အချိန်က အရမ်း ကပ်နေတော့ နှုတ်ဆက်ဖို့တောင် အချိန်မရလိုက်ဘူး.. "
ယန်ကျီဝမ်က ချက်ချင်းပင် သဘောပေါက်သွားသည် ။
အဲ့ဒီအချိန်ကတည်းက သူမကို မတွေ့ရတော့သည်မှာ မထူးဆန်းတော့ပေ ။ သူမ ပေကျင်းမှ ထွက်သွားခဲ့ခြင်း ဖြစ်နေသည် ။
ထိုစဥ် လိုရှောင်အဲက ယန်ကျီဝမ်၏ လက်မောင်းထဲမှ ရှီတိုးလေးကို မြင်သွားသည် ။
သူမက ကလေးကို စနောက်လိုက်ပြီး ပြုံး၍ ....
" ယန်ကျီဝမ်.. ဒီကလေးလေးက အရမ်းချစ်ဖို့ ကောင်းတာပဲ.. ဘယ်သူ့ကလေးလေးလဲ.. "
ယန်ကျီဝမ်က ပြုံး၍...
" ဒါ ငါ့သား ရှီတိုးလေ.. ချစ်ဖို့မကောင်းဘူးလား.. "
" နင့် သား ဟုတ်လား.. "
လိုရှောင်အဲက မှင်သက်သွားပြီး သူမ၏ မျက်နှာလေးက အနည်းငယ် ဖြူရော်သွားသည် ။
သူမက အိမ်နီးချင်း၏ ကလေးဟုသာ ထင်ခဲ့ပြီး ထိုဘက်သို့ လုံးဝ တွေးမထားခဲ့မိပေ ။
ယခုတော့ ယန်ကျီဝမ်၏ ကလေးဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် သူမ လက်ခံရန် အနည်းငယ် ခက်ခဲသွားသည် ။
သူမက ရုတ်တရက် မေးလိုက်သည် ။
" နင်.. အိမ်ထောင်ကျသွားပြီလား.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သည် ။
" တစ်နှစ် ကျော်သွားပြီ.. "
ထိုစကားကို ကြားသောအခါ လိုရှောင်အဲ၏ မျက်နှာအမူအရာက အေးခဲသွား၏ ။
အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ...
သူမက ရုတ်တရက် မေးလိုက်သည် ။
" အရင်တုန်းက ငါ နင့်ဆီကို ရေးခဲ့တဲ့ စာတွေ အားလုံးကို နင် ရခဲ့လား.. "
အမှန်တော့ သူမ မေးချင်သည်က နင် ဘာလို့ ငါ့ကို မစောင့်ခဲ့တာလဲ ဆိုသည်ကိုပင် ။
သူမက ယန်ကျီဝမ်ထံသို့ စာများစွာ ရေးခဲ့သည် ။
" စာတွေ ဟုတ်လား.. ဘာစာတွေလဲ.. ငါ တစ်စောင်မှ မရပါဘူး.. "
ယန်ကျီဝမ်က သူမကို အံ့သြစွာ ကြည့်လိုက်သည် ။
လိုရှောင်အဲ ပျောက်သွားပြီးနောက် သူ စာတစ်စောင်မှ မရခဲ့ချေ ။
ထိုနေ့က သူပြောလိုက်သော စကားများကြောင့် လိုရှောင်အဲ စိတ်ဆိုးသွားခဲ့သည်ဟုပင် သူ ထင်နေခဲ့သည် ။
အကယ်၍ ယခု လိုရှောင်အဲသာ ပေါ်မလာခဲ့လျှင် သူမအကြောင်းကိုပင် သူ မေ့လုနီးပါး ဖြစ်နေချေပြီ ။
" မရခဲ့ဘူး ဟုတ်လား.. "
လိုရှောင်အဲက မျက်မှောင်ကြုတ်သွားပြီးနောက် တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် စကားဆက်မပြောတော့ ။
ယန်ကျီဝမ်က အနည်းငယ် ရှုပ်ထွေးသွားသည် ။
နောက်ထပ် စကားနှစ်ခွန်းသုံးခွန်းခန့် ပေါ့ပေါ့ပါးပါး ပြောဆိုပြီးနောက် လိုရှောင်အဲက စိတ်ဓာတ်ကျနေဟန်ဖြင့် ပြန်သွားလေတော့သည် ။