အခန်း ၂၄၁
Vol. 24 Ch. 241
Chapter 241
~
အခန်း ၂၄၁ : ရွှီတာမော့ ချိန်းတွေ့မယ်..
~
လိုရှောင်အဲက ဒေါသတကြီးဖြင့် အိမ်ပြန်ရောက်လာပြီး လိုပန်ချန်ကို ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည် ။
" အဖေ.. ကျွန်မ ယန်ကျီဝမ်ဆီ ပို့လိုက်တဲ့ စာတွေကို ကြားဖြတ်ယူထားတာ အဖေ မလား.. "
လိုပန်ချန်က သတင်းစာကို ချထားလိုက်ပြီး မော့ကြည့်လိုက်ရာ မျက်ရည်များ စီးကျနေသော သမီးဖြစ်သူ၏ မျက်နှာကို မြင်လိုက်ရသည် ။
သူမက ယန်ကျီဝမ် သူမကို စောင့်နေဆဲဖြစ်မည်ဟု ထင်ထားခဲ့ခြင်းပင် ။
လိုရှောင်အဲသည် ပေကျင်းသို့ ပြန်ရောက်ရောက်ချင်းပင် ယန်ကျီဝမ်ကို တွေ့ရန် အမှတ် ၉၅ ခြံဝင်းသို့ မနားတမ်း ပြေးသွားခဲ့သည် ။
သူမ သူ့ကို တွေ့ခဲ့ရသော်လည်း သူက အိမ်ထောင်ကျနေပြီဖြစ်ကာ ကလေးပင် ရနေလေပြီ ။
ဤအမှန်တရားကို လက်ခံရန် သူမအတွက် အလွန် ခက်ခဲနေသည် ။
ထိုစကားကို ကြားသောအခါ သမီးဖြစ်သူက အရာအားလုံးကို အတည်ပြုပြီးသွားပြီမှန်း လိုပန်ချန် သိလိုက်သဖြင့် ရှင်းပြရုံမှတစ်ပါး အခြားမရှိတော့ပေ ။
" အဖေက သမီး ကောင်းဖို့အတွက် လုပ်ခဲ့တာပါ.. သမီးလည်း သိတဲ့အတိုင်း အဖေတို့မိသားစုရဲ့ နောက်ခံက သိပ်မကောင်းဘူးလေ.. ယန်ကျီဝမ်ရဲ့ မိသားစုနောက်ခံက သင့်တင့်တယ်ဆိုပေမဲ့ အလုပ်အကိုင်မရှိဘူး.. ပြီးတော့ သူ့မိသားစုက သူ့အဖေ တစ်ယောက်တည်းကိုပဲ မှီခိုနေရတာ.. သမီးသာ သူ့ကို လက်ထပ်လိုက်ရင် ဆင်းရဲဒုက္ခ ရောက်လိမ့်မယ်.. "
သူ အရင်က လူလွှတ်၍ စုံစမ်းခိုင်းခဲ့ဖူးရာ ယန်မိသားစုက အလွန် ကပ်စေးနဲပြီး ဟင်းသီးဟင်းရွက်ချဥ်များကိုပင် အပိုင်းလေးများပိုင်း၍ စားကြသည်ဟု ဆိုကြသည် ။
သူ၏ သမီးက ငယ်စဥ်ကတည်းက အလိုလိုက်ခံထားရသူ ဖြစ်ရာ ဤမျှ ဆင်းရဲဒုက္ခကို မည်သို့ ခံနိုင်ပါမည်နည်း ။
မည်သို့ပင် ဆိုစေကာမူ အချစ်ဆိုသည်က စား၍ ရသည့် အရာမဟုတ် ။
ထိုစကားကို ကြားသောအခါ လိုရှောင်အဲက မကျေမနပ်ဖြင့် ....
" ဒါပေမဲ့ ယန်ကျီဝမ်က ငါးဖမ်း အရမ်းတော်တယ်.. သူ တစ်နေ့ကို ယွမ်နှစ်ဆယ်တောင် ရှာနိုင်တာ.. "
" သူ့ နေ့တိုင်း ဒီလို ကံကောင်းနေမှာမှ မဟုတ်တာ.. ဒါ့အပြင် မြစ်ထဲက ငါးတွေအကုန်လုံး ဖမ်းမိသွားမယ့် နေ့တစ်နေ့ဆိုတာ ရှိလာမှာပဲ.. "
လိုပန်ချန်က အလျှော့ပေးမည့် အရိပ်အယောင် လုံးဝ မပြသေးပေ ။
ယန်မိသားစု၏ အခြေအနေနှင့် ပတ်သက်၍ သူ၏ နားလည်ထားမှုများက သူတို့မိသားစု ပေကျင်းမှ ထွက်မသွားခင် အချိန်ကတည်းက ရပ်တန့်နေခဲ့ခြင်း ဖြစ်သည် ။
ယခုအခါ ယန်မိသားစု၏ ဘဝက ပေကျင်းတွင် အကောင်းဆုံး အခြေအနေ၌ ရှိနေပြီဆိုသည်ကို သူလုံးဝ မသိခဲ့ချေ ။
မိသားစုထဲတွင် အလုပ်သမား သုံးယောက် ရှိနေသည်ကို မဆိုထားနှင့် ယန်ကျီဝမ် ကိုယ်တိုင်ကလည်း ငွေရှာရာတွင် အလွန် တော်သည် ။
အကယ်၍ ယန်ကျီချန်းကိုပါ ထည့်တွက်မည်ဆိုလျှင် သူတို့မိသားစုတွင် အလုပ်သမား လေးယောက်ပင် ရှိနေပေပြီ ။
" အဖေ.. အဖေ့ကို မုန်းတယ်.. "
ထိုသို့ အော်ပြောပြီးနောက် လိုရှောင်အဲက အပေါ်ထပ်သို့ ပြေးတက်သွားကာ သူမ၏ အခန်းထဲတွင် တံခါးပိတ်၍ နေလေတော့သည် ။
ထိုစဥ် တန်ရှောင်လီက အခန်းရှင်းလင်းရေး လုပ်ပြီးနောက် ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည် ။
" အဘိုးကြီး.. ရှောင်အဲ ပြန်ရောက်နေပြီလား.. "
လိုပန်ချန်က အကူအညီမဲ့ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည် ။
" အင်း.. သူ ပြန်ရောက်ရောက်ချင်းပဲ ငါ့ကို စိတ်ဆိုးနေတာ.. အရင်က သူ့ စာတွေကို ငါ ကြားဖြတ်ယူထားလို့တဲ့လေ.. "
တန်ရှောင်လီက ညည်းညူလိုက်သည် ။
" ရှင်က တကယ့်ကိုပဲ.. ကလေးနှစ်ယောက်က အဆင်ပြေနေကြတာကို ရှင်က ဘာလို့ ဝင်ပါရတာလဲ.. "
လိုပန်ချန်က မကျေမနပ်ဖြင့် ..
" ငါက သူ့ ကောင်းဖို့ လုပ်ပေးခဲ့တာ မဟုတ်ဘူးလား.. ယန်မိသားစုရဲ့ အခြေအနေနဲ့ဆိုရင် သူ အဲ့ဒီကို ရောက်သွားရင် ဆင်းရဲဒုက္ခ ခံရဖို့ပဲ ရှိမှာပေါ့.. "
" အဲ့ဒါက ဘာဖြစ်လဲ.. ကလေးတွေ အချင်းချင်း သဘောကျနေရင် ရပြီပေါ့.. "
တန်ရှောင်လီက ဆက်ပြောလိုက်သည် ။
" ပြီးတော့ ကျွန်မတို့ လိုမိသားစုက အဲ့ဒီလို အရာတွေ လိုအပ်နေတာမှ မဟုတ်တာ.. "
လိုပန်ချန်၏ အိုမင်းနေသော မျက်နှာက မည်းမှောင်သွားသည် ။
" မင်းစကားက သူတို့ နေထိုင်ဖို့ ငါတို့ကပဲ ထောက်ပံ့ပေးရမယ်လို့ ပြောချင်တာလား.. "
တန်ရှောင်လီက မှန်ကန်သည်ဟူသော သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည် ။
လိုမိသားစုတွင် အခြားအရာများ သိပ်မရှိသော်လည်း ငွေကြေးကတော့ အပေါများဆုံးပင် ။
မင်္ဂလာ လက်ဖွဲ့ငွေ အနည်းငယ် ပိုပေးလိုက်ရခြင်းက ဘာမှမဟုတ်ချေ ။
" မင်း... ထားလိုက်တော့.. ငါ ဂရုမစိုက်တော့ဘူး.. မင်းတို့ သဘောပဲ.. "
လိုပန်ချန် ဒေါသထွက်သွားပြီး ဝင်မပါတော့ဟု ဆုံးဖြတ်လိုက်သည် ။
ထိုသည်ကို မြင်သောအခါ တန်ရှောင်လီက ပြုံးလိုက်ပြီး လိုရှောင်အဲကို ရှာရန် အပေါ်ထပ်သို့ တက်သွားသည် ။
" ရှောင်အဲ.. တံခါးဖွင့်ပါအုံး.. "
အတန်ကြာ တံခါးခေါက်ပြီးနောက် နောက်ဆုံးတွင် လိုရှောင်အဲက တံခါးဖွင့်ပေးလိုက်သည် ။
တန်ရှောင်လီက အထဲသို့ ဝင်လာပြီး ...
" ရှောင်အဲ.. သမီးအဖေကို စိတ်မဆိုးပါနဲ့.. သူက သမီးကောင်းဖို့အတွက် လုပ်ခဲ့တာပါ.. ဒါပေမဲ့ အဆင်ပြေပါတယ်.. အမေ သူ့ကို ပြောပြပြီးပြီ.. သမီးနဲ့ ယန်ကျီဝမ် ကိစ္စကိုလည်း သူ သဘောတူလိုက်ပြီ.. "
လိုရှောင်အဲက စိတ်အားငယ်စွာဖြင့် ခေါင်းယမ်းလိုက်သည် ။
" နောက်ကျသွားပြီ အမေ.. "
" ဘာကို ဆိုလိုတာလဲ.. "
တန်ရှောင်လီက အနည်းငယ် ရှုပ်ထွေးသွား၏ ။
လိုရှောင်အဲက ဝမ်းနည်းပက်လက်ဖြင့် ...
" သူက အိမ်ထောင်ကျနေပြီ အမေ.. ကလေးတောင် ရနေပြီ.. "
" ...... "
တန်ရှောင်လီ ဆွံ့အသွားတော့သည် ။
ယခုအချိန်တွင် သမီးဖြစ်သူကိုမည်သို့ နှစ်သိမ့်ပေးရမှန်း သူမ မသိတော့ပေ ။
သူမ၏ ခင်ပွန်းဖြစ်သူအပေါ် စိတ်ထဲ၌ အနည်းငယ် အပြစ်တင်မိသွားသည် ။
' ဘာလို့များ အကြောင်းပြချက် မရှိဘဲ သူတို့ရဲ့ စာတွေကို ကြားဖြတ်ယူထားရတာလဲ.. အခုတော့ ကြည့်စမ်း.. ငါ့သမီးလေးရဲ့ ချစ်သူ ပါသွားပြီ.. '
အချိန်အတန်ကြာပြီးနောက် တန်ရှောင်လီက လိုရှောင်အဲကို ဝမ်းမနည်းစေချင်သောကြောင့် နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့သည် ။
" မငိုနဲ့တော့နော်.. ဒီကမ္ဘာပေါ်မှာ ကောင်းတဲ့ ယောကျ်ားတွေ အများကြီး ရှိပါသေးတယ်.. သမီးလို မိန်းကလေးကို လက်လွှတ်လိုက်ရတာ သူ့အတွက် နစ်နာတာပါ.. "
လိုရှောင်အဲက ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ပြီး ဘာမှမပြောတော့ပေ ။
တန်ရှောင်လီ အခန်းထဲမှ ထွက်သွားပေးရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ ။
ဤကိစ္စနှင့် ပတ်သက်၍ သူမ အကြံဉာဏ် မပေးနိုင်တော့ ။ ကောင်းမွန်သော ဖူးစာလေးအား အဘိုးကြီးလို ဖျက်ဆီးပစ်လိုက်လေပြီ ။
" ဟူး.."
သမီးဖြစ်သူ ကိုယ်တိုင် လက်ခံနိုင်လာမည့် အချိန်ကိုသာ သူမ စောင့်ဆိုင်းနိုင်တော့သည် ။
...
ယန်ဖူကွေ့ သည် ကျောင်းပြန်ဖွင့်သည့် အချိန်ကတည်းက နေ့စဥ် အလုပ်ဆင်းပြီးနောက် ခြံစောင့်အဖြစ် သူ၏ အလုပ်ဟောင်းကို ပြန်လုပ်နေခဲ့သည် ။
တစ်နေ့တွင် သူ စိုက်ပျိုးထားသော ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူများကို ရေလောင်းနေစဥ် ရွှီတာမော့ တစ်ယောက် အိတ်ကြီးအိတ်ငယ်များကို ဆွဲကာ အပြင်မှ ပြန်လာသည်ကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရသည် ။
သူ၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွားပြီး ရယ်မော၍ နှုတ်ဆက်လိုက်သည် ။
" ဟားဟားဟား.. တာမော့.. မင်း တောကနေ အခုပဲ ပြန်လာတာလား.. ဒီည ငါတို့အိမ်မှာ လာစားလှည့်လေ.. ယန်ကျီဝမ်ကို ဟင်းချက်ခိုင်းလိုက်မယ်.. "
သူ၏ အကျင့်ဟောင်းများ မပြောင်းလဲသေးသော်လည်း ယန်ဖူကွေ့က အရင်ကလောက်တော့ ကပ်စေးမနဲတော့ပေ ။
ရွှီတာမော့ကို ညစာစားရန် သူ၏ ဖိတ်ခေါ်မှုက သူတို့၏ မိသားစု ထမင်းဝိုင်းတွင် ဟင်းတစ်ခွက် တိုးလာစေရန် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည် ။
သို့သော် ဝိုင်ကောင်းကောင်းနှင့် အစားအသောက် ကောင်းကောင်းများကို အသေအချာ ပြင်ဆင်ထားမည်ဖြစ်၍ ကုန်းဆင်းသည်ဟု မဆိုနိုင်တော့ ။
ရွှီတာမော့က ပြုံး၍ ခေါင်းယမ်းလိုက်သည် ။
" မစားတော့ဘူး တတိယဦးလေး.. ဒီပစ္စည်းတွေက မနက်ဖြန် ကျွန်တော့်ရဲ့ ချိန်းတွေ့ပွဲအတွက် ဝယ်လာတာ.. နောက်တစ်ခါမှပဲ လာစားတော့မယ်.. "
ယန်ဖူကွေ့ အနည်းငယ် စိတ်ပျက်သွားသော်လည်း ရွှီတာမော့က ချိန်းတွေ့မည့်အကြောင်း ပြောသည်ကို ကြားသောအခါ သူက ချက်ချင်းပင် ထပ်၍ စိတ်ဝင်စားသွားခဲ့သည် ။
" မင်းက ငါ့ရဲ့ ယန်ကျီဝမ်ထက် နှစ်နှစ်တောင် ပိုကြီးနေပြီလေ.. မင်းအတွက် အိမ်ထောင်ဖက် ရှာရမယ့်အချိန် ရောက်နေပြီပေါ့.. ဘယ်က မိန်းကလေးလဲဆိုတာ သိခွင့်ရမလား.. "
" ဟီးဟီး.. လျှို့ဝှက်ချက်ပါ.. မနက်ဖြန်ကျရင် ဦးလေးသိရမှာပါ.. "
ထိုသို့ပြောပြီးနောက် ရွှီတာမော့က လက်ကို ဝေ့ယမ်းပြကာ သူ၏ စက်ဘီးကို တွန်း၍ အိမ်သို့ ပြန်သွားသည် ။
" ဟားဟား.. ဒီကောင်လေးက လျှို့ဝှက်ချက်တွေတောင် ထားနေပါလား.. "
ယန်ဖူကွေ့က တိုးတိုးလေး ရယ်လိုက်ပြီး သိပ်ဂရုမစိုက်တော့ချေ ။
ညစာစားချိန်တွင် ....
ယန်ဖူကွေ့က ထိုအကြောင်းကို ယန်ကျီဝမ်အား ပြောပြလေသည် ။
" ရွှီတာမော့က မနက်ဖြန် ချိန်းတွေ့ဖို့ ရှိတယ်တဲ့ ဒုတိယသား.. မင်း ဒီအကြောင်းကို သိလား.. "
ယန်ကျီဝမ် အံ့သြသွားသည် ။
' ရွှီတာမော့က ချိန်းတွေ့ဖို့ ရှိတယ် ဟုတ်လား.. ဘယ်သူနဲ့များလဲ.. '
' လိုရှောင်အဲများ ဖြစ်နေမလား.. '
လိုရှောင်အဲ သူ့ကို လာတွေ့ပြီးကတည်းက တစ်လကျော် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည် ။
' ငါ အိမ်ထောင်ကျနေသည်ကို မြင်ပြီး သူ လက်လျှော့လိုက်ပြီလား.. တခြားတစ်နည်းနဲ့ ပြောရရင် လိုရှောင်အဲက ရွှီတာမော့ကို လက်ထပ်လိုက်တာများလား.. '
ယန်ကျီဝမ်က အသေးစိတ်အချက်အလက်များကို သိပ်ပြီး ဂရုမစိုက် ။
ဤသည်က သူတို့၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်သည် ။
သူက ခေါင်းခါလိုက်သည် ။
" ကျွန်တော် မသိဘူး.. သူ ကျွန်တော့်ကို မပြောပြဘူး.. "
ပြောရင်းဆိုရင်းနှင့်ပင် ရွှီတာမော့ ဝင်လာသည် ။
" အို.. ထမင်းစားနေကြတာကိုး.. "
ယန်ဖူကွေ့က ဖိတ်ခေါ်လိုက်သည် ။
" တာမော့.. မင်း ရောက်လာတာကိုး.. ထမင်းစားပြီးပြီလား.. ငါတို့နဲ့ ဝင်စားအုံးမလား.. "
ရွှီတာမော့က လက်ကို ဝှေ့ယမ်းလိုက်ပြီး...
" စားပြီးပြီ.. ကျီဝမ်ကို အကူအညီလေး တောင်းစရာရှိလို့ လာခဲ့တာပါ.. "
ထို့နောက် သူက ယန်ကျီဝမ်ကို ပြောလိုက်သည် ။
" ကျီဝမ်.. မနက်ဖြန် မင်း အားလား.. ငါ့အတွက် ဟင်းတစ်နပ်လောက် လာချက်ပေးပါလား.. "
" ချိန်းတွေ့မယ့် ကိစ္စအတွက်လား.. "
" အို.. မင်းတောင် သိနေပြီပဲ.. "
ရွှီတာမော့ အံ့သြမသွားပေ ။ အစောပိုင်းက သူ ပြန်လာစဥ် ယန်ဖူကွေ့ကို ပြောပြခဲ့သဖြင့် ယန်ကျီဝမ် သိနေခြင်းက မဆန်းတော့ချေ ။
သူက ခေါင်းညိတ်လိုက်သည် ။
" ဟုတ်တယ်.. အဲ့ဒါကြောင့်ပဲ.. ညီလေး.. မင်း ကူညီနိုင်မလား.. "
" ရတာပေါ့.. ပြဿနာ မရှိပါဘူး.. "
ယန်ကျီဝမ်က ချက်ချင်းပင် သဘောတူလိုက်သည် ။
အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင်ပင် သူနှင့် ရွှီတာမော့က အလွန် အဆင်ပြေ၏ ။
ထို့အပြင် အရင်တုန်းကလည်း ရွှီတာမော့က သူ့ကို အများကြီး ကူညီပေးခဲ့သည် ။
ဤမျှ အကူအညီလေးကိုတော့ သူ သေချာပေါက် ကူညီပေးရမည် ဖြစ်သည် ။
" မွန်းလွဲပိုင်းလောက်ဆိုရင် ရမလား.. "
" သေချာပေါက် ရတာပေါ့.. "
" ဟီးဟီး.. ကောင်းပြီလေ.. ဒါဆို ငါ အရင် ပြန်လိုက်အုံးမယ်.. မင်းတို့ ထမင်း ဆက်စားကြပါအုံး.. "
ကျေနပ်စရာ အဖြေတစ်ခု ရရှိပြီးနောက် ရွှီတာမော့ ပြန်သွားသည် ။
ရန်ရွေ့ဟွားက ရှီတိုးကို ချီကာ ထမင်းကျွေးနေရင်း ....
" ရွှီတာမော့ သွားတွေ့မယ့် မိန်းကလေးက ဘယ်သူများလဲ မသိဘူးနော်.. အဘိုးကြီးယန်.. ရှင်ရော သိလား.. "
" သူ ပြောမသွားဘူး.. "
ယန်ဖူကွေ့က ခေါင်းခါလိုက်ပြီးနောက်...
" မနက်ဖြန်ဆိုရင် သိရမှာပါ.. "
တိုက်ဆိုင်စွာပင် မနက်ဖြန်က စနေတနင်္ဂနွေ ပိတ်ရက်ဖြစ်သဖြင့် သူ အလုပ်သွားစရာ မလိုပေ ။