← Chapters

အခန်း ၂၄၂

Vol. 24 Ch. 242

အခန်း ၂၄၂

Vol. 24 Ch. 242

Chapter 242

~

အခန်း ၂၄၂ : ချိန်းတွေ့မယ့် သူက လိုရှောင်အဲ...

~

​နောက်တစ်နေ့ မနက်ခင်း ..

​ယန်ကျီဝမ် စောစောထကာ ရွှီတာမော့အတွက် ဟင်းချက်ပေးရန် အနောက်ဘက်ခြံဝန်းသို့ သွားရန် ပြင်ဆင်နေသည် ။ ယနေ့ ရွှီတာမော့ ချိန်းတွေ့မည့် နေ့ကြီးရက်ကြီးဖြစ်ပြီး သူငယ်ချင်းတစ်ယောက်အနေဖြင့် ကတိပေးထားပြီးဖြစ်၍ ယန်ကျီဝမ်က အလေးအနက်ထားသည် ။

​သူ အင်္ကျီဝတ်နေရင်း ယွီလီ ကို ပြောလိုက်သည် ။

​" လီလီ.. ကိုယ် ရွှီတာမော့ အတွက် ဟင်းသွားချက်ပေးလိုက်ဦးမယ် .. "

​ယွီလီ က ရှီတိုးကို ချီထားရင်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည် ။

​" ကောင်းပါပြီ.. သွားလေ.. စောစောပြန်လာဖို့တော့ မမေ့နဲ့နော် .. "

​ယန်ကျီဝမ်က ရှီတိုးလေး၏ နဖူးလေးကို နမ်းလိုက်ပြီးနောက် ယွီလီကိုပါ နမ်းလိုက်သဖြင့် ယွီလီ၏ စိုက်ကြည့်မှုအောက်တွင် လှည့်၍ အိမ်ထဲမှ ထွက်လာခဲ့သည် ။

​အနောက်ဘက်ခြံဝန်းရှိ ရွှီတာမော့ အိမ်သို့ ရောက်သည်နှင့် ယန်ကျီဝမ် ချက်ချင်း အလုပ်များတော့သည် ။

​သူက ဟင်းသီးဟင်းရွက်များကို ကျွမ်းကျင်စွာ လှီးဖြတ် ကြော်လှော်နေပြီး မကြာမီပင် မီးဖိုချောင်တစ်ခုလုံး မွှေးပျံ့သော ရနံ့များဖြင့် ပြည့်နှက်သွား၏ ။

​ရွှီတာမော့က ဘေးမှ ကြည့်နေရင်း မချီးကျူးဘဲ မနေနိုင်တော့ချေ ။

​" ညီလေး.. မင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကို ထူးခြားတာပဲ .. ဒီဟင်းတွေက ဒီနေ့ ငါ့ကို သေချာပေါက် မျက်နှာပန်း လှစေမှာပဲ .. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး ဒယ်အိုးထဲမှ ဟင်းများကို မွှေရင်း ပြောလိုက်သည် ။

​" အကိုတာမော့.. ဒီနေ့ သေချာ ကြိုးစားရမယ်နော်.. ကျုပ်သေချာ ပြင်ပေးထားတဲ့ ဒီဟင်းကောင်းတွေကိုတော့ အလဟဿ မဖြစ်စေနဲ့ .. "

​ရွှီတာမော့က ရင်ဘတ်ကို ပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ..

​" စိတ်မပူပါနဲ့.. ငါ ရွှီတာမော့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး .. "

​မွန်းတည့်ချိန် နီးကပ်လာသည်နှင့် ရွှီတာမော့က သူ့အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီး သူချိန်းတွေ့မည့်သူကို သွားကြိုရန် စိတ်လှုပ်ရှားစွာဖြင့် ထွက်သွားလေသည် ။

​ယန်ကျီဝမ်က မီးဖိုချောင်ထဲတွင် ဆက်၍ အလုပ်လုပ်နေပြီး နောက်ဆုံး ဟင်းအနည်းငယ်ကို ပြင်ဆင်နေ၏ ။

​အတန်ကြာပြီးနောက် ရွှီတာမော့သည် သပ်ရပ်စွာ ဝတ်ဆင်ထားသော ကြော့ရှင်းလှပသည့် အမျိုးသမီးငယ် တစ်ဦးနှင့်အတူ ပြန်ရောက်လာသည် ။

​ထိုအမျိုးသမီးငယ်က တခြားသူ မဟုတ် ။ ယန်ကျီဝမ် ခန့်မှန်းထားသည့်အတိုင်း လိုရှောင်အဲ ပင် ဖြစ်နေချေသည် ။

​ယန်မိသားစု၏ အိမ်ရှေ့တွင် ..

​ရန်ရွေ့ဟွားက ရှီတိုးလေးကို ချီထားပြီး သူမနှင့် ယန်ဖူကွေ့ တို့က မြေးလေးကို စနေကြသည် ။

​ယွီလီ က ဘေးမှ ကြည့်နေ၏ ။

​သူမသည် ရွှီတာမော့နှင့်အတူ ဝင်လာသော လိုရှောင်အဲကို အမှတ်မထင် မြင်တွေ့လိုက်ရသည် ။

​ရန်ရွေ့ဟွား က မော့ကြည့်လိုက်ပြီး မှင်သက်သွားတော့သည် ။

​သူမက ယန်ဖူကွေ့ကို လှည့်ကြည့်လိုက်ရာ ယန်ဖူကွေ့ကလည်း ခေါင်းညိတ်ပြလိုက်သဖြင့် သူမ မြင်လိုက်သည်မှာ မမှားကြောင်း သေချာသွား၏ ။

​လိုရှောင်အဲ ကလည်း သူတို့ကို သတိထားမိသွားပြီး သူတို့ဘက်သို့ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည် ။

​ထို့နောက် လိုရှောင်အဲ သည် သူတို့နှစ်ဦး၏ ဘေးတွင် ရပ်နေသော ယွီလီ ကို ကြည့်လိုက်၏ ။

​သူမ၏ မျက်လုံးများက တလက်လက် တောက်ပသွားပြီး ..

​' ဒါက ယန်ကျီဝမ် ရဲ့ မိန်းမလား .. သူက တကယ်ကို လှတာပဲ .. ငါ့ထက်တောင် သိပ်မနိမ့်ဘူး.. ခန္ဓာကိုယ် အချိုးအစားကလည်း ကောင်းတယ် .. '

​ရွှီတာမော့က သူတို့ သုံးဦးကို ခေါင်းညိတ်ပြလိုက်ပြီး လိုရှောင်အဲကို အနောက်ဘက် ခြံဝန်းသို့ ခေါ်သွားသည် ။

..

​သူတို့ ထွက်သွားပြီးနောက် ..

​ယွီလီ က မနေနိုင်တော့ဘဲ မေးလိုက်သည် .။

​" အဖေ.. အမေ .. အဲ့ဒီ ကောင်မလေးကို သိကြလို့လား .. "

​အစောက ရန်ရွေ့ဟွား နှင့် ယန်ဖူကွေ့ တို့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် သူမ မသိသော တစ်စုံတစ်ရာ ရှိနေရမည်ဟု ခံစားလိုက်ရသည် ။

​ယန်ဖူကွေ့ က ခေါင်းကို အခက်တွေ့စွာ ကုတ်လိုက်ပြီး ရန်ရွေ့ဟွား ကို ကြည့်လိုက်၏ ။

​ရန်ရွေ့ဟွား က မျက်လုံးလှန်ပြလိုက်ပြီး အမှန်အတိုင်း ပြောပြရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ ။

​" တကယ်တော့ ဘာမှ မဟုတ်ပါဘူး .. အဲ့ဒီ ကောင်မလေးက လိုရှောင်အဲ လေ .. ဟိုးအရင်တုန်းက .. "

​...

​အနောက်ဘက် ခြံဝန်း ..

​ယန်ကျီဝမ် သည် နောက်ဆုံး ဟင်းပွဲကို မီးဖိုချောင်ထဲမှ သယ်လာပြီး စားပွဲပေါ်သို့ ချလိုက်ကာ ထွက်သွားရန် ပြင်လိုက်သည် ။

​သူ ထမင်းစားရန် နေရစ်လောက်အောင်အထိ အကင်းမပါသူ မဟုတ်ချေ ။

​တံခါးပေါက်သို့ ရောက်သောအခါ လိုရှောင်အဲကို မြင်လိုက်ရသဖြင့် အနည်းငယ် မှင်သက်သွားသည် ။

​မနေ့ညက သူ ခန့်မှန်းထားသည့်အတိုင်း ရွှီတာမော့ ချိန်းတွေ့မည့်သူမှာ လိုရှောင်အဲ ပင် ဖြစ်နေချေသည် ။

​လိုရှောင်အဲ သည်လည်း ယန်ကျီဝမ်ကို မြင်လိုက်ရ၍ အံ့အားသင့်သွားပြီးနောက် အနည်းငယ် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည် ။

​ယန်ကျီဝမ် ကလည်း ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ရွှီတာမော့ကို ပြောလိုက်၏ ။

​" အကိုတာမော့.. ဟင်းတွေ အကုန် အဆင်သင့် ဖြစ်ပြီ .. ကျုပ် ပြန်တော့မယ် .. "

​" ကောင်းပြီလေ.. နောက်ရက်ကျမှ မင်းကို အရက် တိုက်ပါ့မယ် .. "

​ရွှီတာမော့က ခေါင်းညိတ်လိုက်သည် ။ ယနေ့ သူ ချိန်းတွေ့နေချိန်တွင် ယန်ကျီဝမ် ရှိနေသည်က မသင့်တော်ပေ ။

​ယန်ကျီဝမ် က အသိအမှတ်ပြုလိုက်ပြီးနောက် ထွက်သွားသည် ။

​" ရှောင်အဲ.. မြန်မြန် ဝင်လာပြီး ထိုင်ပါဦး .. မင်းကို ပြောရဦးမယ်.. ငါ့ညီရဲ့ ဟင်းချက်စွမ်းရည်က ထိပ်တန်းပဲ .. အပြင်က နာမည်ကြီး စားဖိုမှူးတွေတောင် မမီဘူး .. ဒီနေ့ မင်းတော့ စားကောင်းပြီသာ မှတ် .. "

​လိုရှောင်အဲ က ပြုံးလိုက်ပြီး ..

​" တကယ်လား .. ဒါဆိုရင် သေချာ အရသာခံကြည့်ရမှာပေါ့ .. "

​ယန်ကျီဝမ်၏ ဟင်းချက်စွမ်းရည်ကို သူမ မည်သို့ မသိဘဲ နေမည်နည်း ။

​ဟိုးအရင်က သူမ ကိုယ်တိုင် မြည်းစမ်းဖူးခဲ့သည် ။

​ယခုတော့ အရာအားလုံးက အတိတ်တွင်သာ ကျန်ရစ်ခဲ့လေပြီ ။

​ယန်ကျီဝမ် အိမ်ထောင်ကျသွားပြီ ဖြစ်ကြောင်း သိလိုက်ရပြီးနောက် လိုရှောင်အဲ သည် အချိန်အတော်ကြာ ဝမ်းနည်းနေခဲ့သည် ။

​နောက်ပိုင်းတွင် ရွှီတာမော့၏ မိခင်က လိုပန်ချန် သည် လိုရှောင်အဲ အတွက် အိမ်ထောင်ဖက် ရှာပေးချင်နေကြောင်း ကြားသိရသဖြင့် သူမ၏ သားဖြစ်သူ ရွှီတာမော့ ကို တန်ရှောင်လီ ထံသို့ ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ပေးခဲ့၏ ။

​အစောပိုင်းတွင် လိုရှောင်အဲ က ဆန္ဒမရှိခဲ့သော်လည်း နောက်ဆုံးတွင် လိုပန်ချန်၏ ဖျောင်းဖျမှုကို လက်ခံလိုက်ရသည် ။

​အဘယ်ကြောင့်ဆိုသော် သူမတို့ မိသားစု၏ လက်ရှိ အခြေအနေမှာ သိပ်မကောင်းဘဲ အချိန်မရွေး စုံစမ်းစစ်ဆေး ခံရနိုင်သောကြောင့်ပင် ။

​သူ၏ သမီးဖြစ်သူ ပါဝင်ပတ်သက်ခြင်းမှ ကာကွယ်နိုင်ရန် နောက်ခံကောင်းသော အိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေပေးခဲ့ခြင်း ဖြစ်သည် ။

​ထို့ကြောင့် လိုရှောင်အဲ သည် ရွှီတာမော့နှင့် ချိန်းတွေ့ရန် သဘောတူလိုက်ရ၏ ။

​ရွှီတာမော့ သည်လည်း ဤခြံဝန်းအိမ်မှ ဖြစ်နေမည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ ။ တိုက်ဆိုင်လွန်းလှပေသည် ။

​ရွှီတာမော့ က ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည် ။

​" သေချာတာပေါ့.. မင်း သဘောကျစေရမယ်လို့ ငါ အာမခံတယ် .. "

​...

​တခြားတစ်ဖက်တွင်တော့ ..

​ယန်ကျီဝမ် အိမ်သို့ ပြန်ရောက်သောအခါ အိမ်ထဲ ဝင်ဝင်ချင်းပင် အိမ်၏ အငွေ့အသက်က အနည်းငယ် ထူးဆန်းနေကြောင်း သတိထားမိလိုက်သည် ။

​ယွီလီ သည် ခွေးခြေခုံပေါ်တွင် ထိုင်နေပြီး သူမ၏ မျက်နှာက အနည်းငယ် မကျေမနပ် ဖြစ်နေပုံရ၏ ။

​ယန်ဖူကွေ့ နှင့် ရန်ရွေ့ဟွား တို့က အုတ်ခုတင်ဘေးတွင် ထိုင်နေကြပြီး ရန်ရွေ့ဟွားက ကလေးကို ချီထားဆဲဖြစ်ကာ သူမ၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည် ။

​ယန်ကျီဝမ်က အနည်းငယ် ရှုပ်ထွေး သွားပြီး ....

​" ဘာဖြစ်လို့လဲ .. "

​ယွီလီ က မော့ကြည့်လိုက်ပြီး မကျေနပ်သည့် လေသံဖြင့် ..

​" ဝမ်ကျီ.. ရှင်နဲ့ လိုရှောင်အဲ တို့အကြောင်း ဘာလို့ ကျွန်မကို တစ်ခါမှ မပြောပြခဲ့ရတာလဲ .. "

​ယန်ကျီဝမ် လန့်သွားပြီး ယန်ဖူကွေ့ နှင့် ရန်ရွေ့ဟွား တို့ကို ကြည့်လိုက်သည် ။

​သူတို့နှစ်ဦးက ချက်ချင်းပင် အခက်တွေ့ဟန်ဖြင့် ခေါင်းငုံ့သွားကြ၏ ။

​သူတို့ဘာမှ မတတ်နိုင်ခဲ့ချေ ။ ချွေးမဖြစ်သူက မေးလာသဖြင့် သူတို့ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ ။

​ယန်ဖူကွေ့ က ယန်ကျီဝမ်ကို သတိထားရန် အကြည့်ဖြင့်သာ သတိပေးလိုက်နိုင်သည် ။

​ယန်ကျီဝမ် က အကူအညီမဲ့သလို ခံစားလိုက်ရပြီး ...

​" အဲ့ဒါက ဟိုးအရင်တုန်းကပါကွာ .. လိုရှောင်အဲ နဲ့ ကိုယ်က ဘာမှ မဟုတ်ခဲ့ပါဘူး .. "

​ဤသည်က အမှန်တရားပင် ။

​သူနှင့် လိုရှောင်အဲ နှစ်ခါ သုံးခါလောက်သာ ဆုံဖူးခဲ့ပြီး သူငယ်ချင်းဟုပင် မသတ်မှတ်နိုင်ချေ ။

​သို့သော်လည်း ယွီလီ က နှာခေါင်းရှုံ့ကာ..

​" ဟမ့်..ဘာမှ မဟုတ်ဘူး ဟုတ်လား .. အမေ ပြောတာတော့ သူတို့ မိသားစု နောက်ခံသာ မဆိုးခဲ့ရင် ရှင်တို့နှစ်ယောက် လက်ထပ်စာချုပ်တောင် ရနေလောက်ပြီတဲ့ .. အဲ့ဒီလောက် ကိစ္စအကြီးကြီးကို ဘာလို့ ကျွန်မကို တစ်ခါမှ မပြောပြခဲ့တာလဲ .. "

​ယန်ကျီဝမ် က ရန်ရွေ့ဟွား ကို ဆွံ့အစွာဖြင့် ကြည့်လိုက်မိသည် ။

​ရန်ရွေ့ဟွား ပို၍ပင် အနေရခက်လာ၏ ။

​ယန်ကျီဝမ် က အမှန်အတိုင်း ရှင်းပြရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ ။

​" အမေ လျှောက်ပြောတဲ့ စကားတွေကို နားမထောင်ပါနဲ့ .. သူနဲ့ ကိုယ်က နှစ်ခါ သုံးခါလောက်ပဲ တွေ့ဖူးတာပါ.. ကိုယ်တို့က သူငယ်ချင်းတွေတောင် မဟုတ်ဘူး .. "

​" ဒါတော့ အမှန်ပဲ .. ဒုတိယသားက အဲ့ဒီတုန်းက လိုရှောင်အဲရဲ့ နောက်ခံက မကောင်းဘူးလို့ ပြောပြတော့ ငါက သူ့ကို ဖြတ်ပစ်ဖို့ အကြံပေးခဲ့တာ .. "

​ယန်ဖူကွေ့ က သူ၏ သားဖြစ်သူ၏ အကြည့်ကို သတိထားမိသွားပြီး ကြားဝင် ဖြန်ဖြေပေးရန် အမြန်ပြောလိုက်သည် ။

​ယွီလီ ၏ မျက်နှာအမူအရာက သက်သာလာခြင်း မရှိချေ ။

​ယန်ကျီဝမ် မှာ အကူအညီမဲ့သလို ခံစားနေရသော်လည်း စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည် ။

​" လီလီ.. အဲ့ဒါတွေက အတိတ်က ကိစ္စတွေပါ .. အခု မင်းက ကိုယ့်ရဲ့ မိန်းမလေ .. ပြီးတော့ ကိုယ်တို့မှာ သားလေးတစ်ယောက်တောင် ရှိနေပြီ မဟုတ်လား .. "

​ဤစကားကို ကြားသောအခါမှ ယွီလီ ၏ မျက်နှာအမူအရာက နောက်ဆုံးတွင် အနည်းငယ် ပျော့ပျောင်းလာသည် ။

​ယန်ကျီဝမ် ၏ လေးနက်သော သဘောထားကို မြင်လျှင် သူမက နောက်ဆုံးတွင် အလျှော့ပေးလိုက်ပြီး ...

​" ဒါဆိုရင် အခုကစပြီး ဘာပဲဖြစ်ဖြစ် ကျွန်မကို ပြောပြရမယ်.. ဖုံးကွယ်မထားရဘူးနော် .. "

​သူမ အလျှော့ပေးသွားသည်ကို မြင်သောအခါ ယန်ကျီဝမ် က သက်ပြင်းချလိုက်ပြီး အမြန် ကတိပေးလိုက်သည် ..

​" စိတ်မပူပါနဲ့.. နောင်ဆိုရင် ကိုယ် မင်းကို ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး .. "

​ယန်ကျီဝမ် ၏ လေးနက်သော ကတိစကားကို ကြားလျှင် ယွီလီ ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည် ။

​ထိုသည်ကို မြင်သောအခါ ယန်ကျီဝမ်က စနောက်လိုက်သည် ။

​" မိန်းမ.. တကယ်တော့ မင်း လုံးဝ စိတ်ပူနေစရာ မလိုပါဘူး .. လိုရှောင်အဲ နဲ့ ကိုယ်က ဘာမှ မဟုတ်ခဲ့ဘူး ဆိုတာထားလိုက်ပါဦး.. အခုချိန်မှာ မင်းက ကိုယ့်မိန်းမ ဖြစ်နေပြီလေ .. ဒါကြောင့် မင်းက နောက်ဆုံး အနိုင်ရရှိသူပဲ .. "

​ယွီလီ ၏ လှပသော မျက်နှာလေးက နီရဲသွားပြီး သူ့ကို မျက်လုံးလှန်ပြကာ ....

​" ဘာတွေ လျှောက်ပြောနေတာလဲ .. အဖေနဲ့ အမေ ရှိသေးတယ်လေ .. "

" ဟားဟားဟားး...."

​ယန်ဖူကွေ့ နှင့် ရန်ရွေ့ဟွား တို့ ချက်ချင်းပင် ရယ်မောလိုက်ကြတော့သည် ။

All Chapters