← Chapters

အခန်း ၂၄၄

Vol. 24 Ch. 244

အခန်း ၂၄၄

Vol. 24 Ch. 244

Chapter 244

~

အခန်း ၂၄၄ : ကြီးမားသည့် အဖြစ်အပျက်

~

​လျှိုဟိုင်ကျုံး၏ စကားကို ကြားလျှင် ယန်ဖူကွေ့တို့သားအဖ အကြည့်ချင်း ဖလှယ်လိုက်ကြ၏ ။

​' ထင်တဲ့အတိုင်းပဲ...'

​ယန်ဖူကွေ့က အရင်ဆုံး စကားစလိုက်သည် ။

​" လောင်လျှို.. ခင်ဗျား ဘယ်လို ပွဲမျိုးကို စီစဥ်ထားတာလဲ.. "

​လျှိုဟိုင်ကျုံးက အသေအချာ တွေးထားပြီးဖြစ်၍ ပြန်ပြောလိုက်၏ ။

​" တစ်ဝိုင်းကို ဟင်း ခြောက်မျိုးပဲလေ.. ခြောက် ဆိုတဲ့ ဂဏန်းက ကံကောင်းစေပြီး အဓိပ္ပါယ်လည်း ကောင်းတယ်.. အသားဟင်း နှစ်မျိုးနဲ့ သက်သတ်လွတ်ဟင်း လေးမျိုးပေါ့.. "

​ထိုစကားကို ကြားလျှင် ယန်ဖူကွေ့ တုန်လှုပ်သွားသည် ။

​တကယ့်ကို ကြီးမားလှသော ပွဲပင် ။

​တစ်ဝိုင်းလျှင် ဟင်းခြောက်မျိုး ။ ခြံဝင်းတစ်ခုလုံးတွင် လူပေါင်း တစ်ရာထက်မနည်း ရှိသည် ။ တစ်ဝိုင်းလျှင် လူဆယ်ယောက်နှုန်း တွက်လျှင်ပင် ကလေးများကို ထည့်မတွက်ဘဲ အနည်းဆုံး စားပွဲဆယ်ဝိုင်းခန့် ရှိမည် ဖြစ်သည် ။

​လက်ရှိ အခြေအနေမျိုးတွင် မဆိုထားနှင့် ။ သာမန်အချိန်၌ပင် တစ်ဝိုင်းအတွက် ငွေများစွာ ကုန်ကျပေလိမ့်မည် ။

​ဤ အဘိုးကြီးလျှိုက ချွေချွေတာတာ နေထိုင်ဖို့ မစဥ်းစားတော့ ပေဘူးလော ။

​မျက်နှာရရေးအတွက် ဤပွဲက သူ့အိမ်ရှိ ပိုင်ဆိုင်မှု အကုန်လုံးကို ပြောင်တလင်းခါသွားစေနိုင်သည် ။

​ယန်ကျီဝမ်က မျက်မှောင်ကြုတ်၍ ....

​" ဒုတိယဦးလေး.. ကျွန်တော်က ဝယ်ယူရေး ဌာနမှာအလုပ်လုပ်တယ် ဆိုပေမဲ့ အခု လက်ရှိ အခြေအနေကို ဦးလေးလည်း သိသားပဲ.. စက်ရုံက ပေးတဲ့ တာဝန်တွေကို ပြီးဖို့တောင် ကျွန်တော် အစွမ်းကုန် ကြိုးစားနေရတာ.. ဒါကြောင့် ကူညီပေးနိုင်မယ် မထင်ဘူး.. "

​လျှိုဟိုင်ကျုံးက မည်သို့ သဘောတူနိုင်မည်နည်း ။ သူက ဆက်ပြောလေသည် ။

​" အများကြီး မလိုပါဘူး.. အသား အကျင်း နှစ်ဆယ်လောက်ဆို ရပါပြီ.. အဲ့ဒါမှ မရရင်လည်း ကြက်ဆယ်ကောင်လောက်ဆို ရပါတယ်.. "

​ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...

​" ပြဿနာက အဲ့ဒါ မဟုတ်ဘူး.. အဓိက အချက်က ကျွန်တော် တကယ်ကို ဝယ်လို့ မရတာ.. "

​အချက်ကတော့ အတူတူပင် ။ ဤကဲ့သို့ ထုံးစံမျိုးကို အစပြု၍ မရပေ ။

​ဤအရာများက သူ့အတွက် အရေးမပါသလို စနစ် စတိုးဆိုင်မှ အချိန်မရွေး လဲလှယ်နိုင်သည် မှန်သော်လည်း သူ မလုပ်နိုင် ။

​ထိုစကားကို ကြားလျှင် လျှိုဟိုင်ကျုံး၏ မျက်နှာက အေးစက်သွားပြီး မပျော်မရွှင်ဖြင့် ....

​" ဒီကလေးကတော့.. ငါ မင်း ဆီက အလကား တောင်းနေတာမှ မဟုတ်တာ.. ငါ ပိုက်ဆံပေးပြီး ဝယ်မယ်ဆိုရင်ရော မရဘူးလား.. "

​" ငါတို့တွေ ခြံဝင်းတစ်ခုတည်းမှာ အိမ်နီးချင်းတွေ ဖြစ်လာတာ နှစ်တွေတောင် အတော်ကြာနေပြီလေ.. တစ်ယောက် ဒုက္ခရောက်ရင် အားလုံး ဝိုင်းကူကြရမှာပေါ့.. ပြီးတော့ ဒါက မင်္ဂလာကိစ္စလေ.. မင်း ဘယ်လိုလုပ် ငြင်းနိုင်ရတာလဲ.. "

​" လောင်လျှို.. ဒါက ကျုပ်သား တမင် ငြင်းနေတာ မဟုတ်ဘူးလေ.. အခုချိန်မှာ လူတိုင်း ရုန်းကန်နေကြရတာပဲကို.. "

​ယန်ဖူကွေ့က ယန်ကျီဝမ် အခက်တွေ့မည်ကို စိုးရိမ်သဖြင့် အခြေအနေကို ပြေလည်စေရန် ဝင်ပြောလိုက်သည် ။

​ထိုစကားကို ကြားပြီးနောက်တွင်လည်း လျှိုဟိုင်ကျုံး၏ မျက်နှာအမူအရာက ကောင်းမလာသေးချေ ။

​သူ့အမြင်တွင် သူသည် ခြံဝင်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သည် ။ ထို့အပြင် သူ့သားကလည်း အရာရှိတစ်ယောက်၏ ဒုတိယသမီးနှင့် လက်ထပ်တော့မည် ဖြစ်၍ ယန်ကျီဝမ်ကို အကူအညီ တောင်းခြင်းက သူ့ကို မျက်နှာသာပေးခြင်းပင် ။

​ခြံဝင်းတစ်ခုတည်းတွင် နေထိုင်သူများ ဖြစ်ကြသဖြင့် ယန်ဖူကွေ့သည်လည်း ဤကိစ္စကို ပို၍ ကြီးကျယ်မသွားစေချင်ပေ ။

​ထို့ကြောင့် သူက ဆက်ပြောလိုက်သည် ။

​" ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ .. ဝက်သားနဲ့ ကြက်သားကတော့ ရဖို့ မဖြစ်နိုင်ဘူး.. ဒါပေမဲ့ ငါးကတော့ ရနိုင်ပါတယ်.. ခင်ဗျား ဘယ်နှကျင်းလောက် လိုချင်တာလဲ.. ကျုပ် ရှာပေးပါ့မယ်.. "

​ငါး အကျင်းတစ်ရာဆိုလျှင် နှစ်ရက်အတွင်း ရှာ၍ ရနိုင်သည် ။

​အဆိုးဆုံး အခြေအနေဆိုလျှင်ပင် ယန်ကျီဝမ်နှင့် သူတို့ သားအဖနှစ်ယောက် အတူတူ ငါးသွားမျှားလို့ ရသည် ။

​ထိုစကားကို ကြားမှ လျှိုဟိုင်ကျုံး၏ မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွား၏ ။

​" ကျုပ် ငါးလည်း လိုချင်ပါတယ်.. ကျင်း နှစ်ဆယ်လောက်ဆို ရပြီ.. "

​တစ်ဝိုင်းကို ငါး နှစ်ကျင်းဆိုလျှင် လုံလောက်လောက်ပေပြီ ။

​ယန်ဖူကွေ့က ခေါင်းညိတ် သဘောတူလိုက်သည် ။

​" ကောင်းပါပြီ.. သန်ဘက်ခါ မတိုင်ခင် ကျုပ် ရှာထားပေးပါ့မယ်.. "

​" ဒါဆို ဝက်သားကရော.. "

​လျှိုဟိုင်ကျုံးက ယန်ကျီဝမ်ကို ထပ်ကြည့်လိုက်ပြန်သည် ။ သူ လက်မလျှော့သေးသည်မှာ သိသာလှ၏ ။

​ယန်ကျီဝမ်က စိတ်ပျက်သွားဟန်ဖြင့်...

​" ဒုတိယဦးလေး.. ဒီကိစ္စအတွက်တော့ ကျွန်တော် တကယ် ဘာမှ မတတ်နိုင်ဘူး.. မှောင်ခိုစျေးကို သွားကြည့်ရင်ရော ဘယ်လိုလဲ.. စျေးနည်းနည်း ကြီးပေမဲ့ ဆယ်ကျင်း ကျင်းနှစ်ဆယ်လောက်တော့ ရနိုင်မှာပါ.. "

​" ထားလိုက်ပါတော့.. ငါ့ဘာသာငါပဲ နည်းလမ်း ရှာကြည့်လိုက်ပါ့မယ်.. "

​လျှိုဟိုင်ကျုံး၏ မျက်နှာအိုကြီးက ချက်ချင်း မည်းမှောင်သွား၏ ။

​မှောင်ခိုစျေး ရှိသည်ကို သူ မည်သို့ မသိဘဲ နေပါမည်နည်း ။

​သို့သော် မှောင်ခိုစျေးမှ အသားများက ယုံနိုင်စရာမရှိလောက်အောင် စျေးကြီးလှသည် ။ ထို့အပြင် သူ ငွေအများကြီး မကုန်လို၍ ယန်ကျီဝမ်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည် ။

​ခဏနားပြီးနောက် သူက ထပ်၍ ....

​" အော်.. ပွဲကိစ္စနဲ့ ပတ်သက်လို့ ငါ ရှာကျူးကို ခေါင်းဆောင် စားဖိုမှူး လုပ်ပေးဖို့ ပြောထားတယ်.. အဲ့ဒီတော့ မင်း သူ့ကို ဝိုင်းကူပေးလိုက်ပါလား.. အဆင်ပြေတယ် မလား.. "

​ထိုစကား ထွက်လာသည်နှင့် ယန်ကျီဝမ် စကားမပြောရသေးခင်မှာပင် ယန်ကျီဖန့်က မကျေမနပ် ဖြစ်ပြီး...

​" ရှာကျူး က ဘယ်သူမို့လို့လဲ.. သူ့ရဲ့ ဟင်းချက်လက်ရာက ကျွန်တော့် အစ်ကိုနှစ်နဲ့ ယှဥ်လို့ ရနိုင်ပါ့မလား.. ကျွန်တော့် အစ်ကိုနှစ်က ခေါင်းဆောင် စားဖိုမှူး လုပ်သင့်တာ.. "

​" ထမင်းသာ စားစမ်းပါ.. မင်း ဘာတွေ လျှောက်ပြောနေတာလဲ.. "

​ယန်ကျီဝမ်က ယန်ကျီဖန့်ကို မျက်စောင်းထိုးလိုက်ပြီးနောက် လျှိုဟိုင်ကျုံးကို ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည် ။

​" ပြဿနာ မရှိပါဘူး.. ကျွန်တော် အရောက် လာခဲ့ပါ့မယ်.. "

​" ဒါဆိုလည်း သဘောတူတယ်ပေါ့.. "

​လျှိုဟိုင်ကျုံးက လက်နောက်ပစ်၍ ထွက်သွားသည် ။

​သူ ထွက်သွားပြီးနောက် ယန်ဖူကွေ့က ခေါင်းခါလိုက်ပြီး အကူအညီမဲ့ဟန်ဖြင့် ...

​" ဒီ လောင်လျှိုကတော့လေ.. ငါးသာ လိုချင်တယ် ပြောသွားတယ်.. ပိုက်ဆံကျတော့ ကြိုမပေးသွားဘူး.. တကယ်ပါပဲ.. "

​အစက သူသည် စျေးနှုန်းနှင့် ပတ်သက်၍ ဆွေးနွေးလိုခဲ့သော်လည်း တစ်ဖက်လူက သူ့ကို အခွင့်အရေးပေးရန် ရည်ရွယ်ချက် မရှိသည်မှာ သိသာလှသည် ။

​'ထားလိုက်ပါတော့ ...သမဝါယမ စျေးနှုန်းအတိုင်းပဲ တွက်လိုက်ပါတော့မယ်...'

​" ဟုတ်ပါ့.. သူ့လေသံကို နားထောင်ကြည့်ရတာ.. တို့ရဲ့ ဒုတိယသားကို အကူအညီ တောင်းချင်နေတာ.. ဒါပေမဲ့ အလုပ်လုပ်ပေးရတဲ့ လုပ်အားခကိုကျတော့ ပေးမယ့်ပုံ မပေါ်ဘူး.. "

​ရန်ရွေ့ဟွားကလည်း မကျေမနပ်ဖြင့် ညည်းညူလိုက်သည် ။

​ယန်ကျီဖန့်ကလည်း ဝင်ပြောသည် ။

​" ကျွန်တော့်ကိုသာ မေးရင် အစ်ကိုနှစ်ကို ခေါင်းဆောင် စားဖိုမှူး အနေနဲ့ ဖိတ်သင့်တာ.. ဒါဆိုရင် အနည်းဆုံးတော့ အခကြေးငွေ ရမှာပဲ.. "

​ပြောပြီးနောက် သူက ယန်ကျီဝမ်ကို ကြည့်လိုက်၏ ။

​" အစ်ကိုနှစ်.. စောစောက အစ်ကို ဘာလို့ ဘာမှ မပြောလိုက်တာလဲ.. "

​" ဘာပြောရမှာလဲ.. "

​ယန်ကျီဝမ်က မပျော်မရွှင်ဖြင့်....

​" လူတစ်ယောက်တည်း ဟင်းဆယ်ဝိုင်းစာ ချက်ရမယ်ဆိုရင် ငါ ပင်ပန်းပြီး သေသွားမှာကို မင်း မြင်ချင်လို့လား.. "

​ထို ရှစ်ယွမ် ဆယ်ယွမ်လောက်ဖြင့်တော့ မတန်ချေ ။

​ထို့အပြင် လျှိုဟိုင်ကျုံးက ရှာကျူးနှင့် သေချာပေါက် တိုင်ပင်ပြီးဖြစ်မည်မှာ အသေအချာပင် ။

​အကယ်၍ သူ ဝင်ပါရန် အတင်းအကြပ် လုပ်မည်ဆိုလျှင် ရှာကျူးက ပြဿနာရှာမည် ဖြစ်သလို လျှိုဟိုင်ကျုံးကလည်း စျေးနှိမ်ရန် ကြိုးစားလာနိုင်သည် ။

​ထို့ကြောင့် ဝင်ပါရန် မလိုအပ် ။

​" လုပ်အားခအတွက်ကတော့ ထားလိုက်ပါတော့.. ငါတို့အားလုံးက ခြံဝင်းတစ်ခုတည်းကပဲလေ.. ကူညီပေးတာက မှန်ကန်တဲ့ ကိစ္စပဲ.. "

​ဤစကားများက ရန်ရွေ့ဟွားကို ကြားစေရန် ရည်ရွယ်ပြောလိုက်ခြင်း ဖြစ်သည် ။

​သို့သော် ရန်ရွေ့ဟွားက မကျေနပ်ဟန်ဖြင့် ...

​" ဘာက မှန်တာလဲ.. ငါတို့က လက်ဖွဲ့မပေးဘဲ နေမှာကျနေတာပဲ.. ငါတို့က ငွေပေးပြီး ပွဲသွားစားကြမှာလေ.. အဲ့ဒါ သဘာဝကျတာပဲ မဟုတ်လား.. "

​ယွီလီက ရယ်ကာ နောက်ပြောင်လိုက်သည် ။

​" ဟိဟိ..အမေကလည်း.. ကျွန်မတို့ မိသားစုထဲမှာ အဖေနဲ့ ယန်ကျီဝမ်က တစ်ယောက်ကို ပြားငါးဆယ်စီပဲ ထည့်တာလေ.. ကျွန်မတို့ တစ်မိသားစုလုံး သွားစားရင် အဲ့ဒါတွေ ပြန်ရပြီပေါ့.. "

​" မရီး ပြောတာ မှန်တယ်.. ကျွန်တော်က အများကြီး စားနိုင်တယ်.. ကျွန်တော်တို့ ထည့်ထားတဲ့ ငွေတွေနဲ့ တန်အောင် အကုန်စားပစ်မှာ.. "

​ယန်ကျီခွမ်းက သဘောတူကြောင်း ပြသရန် သူ၏ ရင်ဘတ်ကို ပုတ်လိုက်သည် ။

​ယန်ကျီတိကလည်း ထပ်ခါတလဲလဲ ထောက်ခံလိုက်သည် ။

​" ဟုတ်တယ်.. စတုတ္ထအစ်ကိုနဲ့ သမီးက တကယ်ကို စားနိုင်တာ.. "

​"ဟားဟားဟား..."

​ထိုစကားများကြောင့် မိသားစု တစ်ခုလုံး ရယ်လိုက်ကြသည် ။

​....

​မင်္ဂလာပွဲက စနေ တနင်္ဂနွေ ပိတ်ရက်တွင် ကျရောက်နေသဖြင့် ခြံဝင်းတစ်ခုလုံး လှုပ်ရှားသွားလာမှုများဖြင့် စည်ကားနေ၏ ။

​ပွဲကို နောက်ဘက်ခြံဝင်းတွင် ကျင်းပမည်ဖြစ်ပြီး မနက်စောစောကတည်းက ခြံဝင်းထဲမှ အမျိုးသမီးများက ဟင်းသီးဟင်းရွက်များ ဆေးကြော လှီးဖြတ်ခြင်းများ စတင် လုပ်ဆောင်နေကြသည် ။

​ယန်မိသားစု သားအဖနှစ်ယောက် ယူလာပေးသော ငါး ကျင်းနှစ်ဆယ် အပြင် လျှိုဟိုင်ကျုံးက နောက်ထပ် အသား ဆယ်ကျင်းကို ဘယ်ကနေ ရလာမှန်း မသိချေ ။

​မှောင်ခိုစျေးက ဖြစ်နိုင်ပြီး အလွန် စျေးကြီးသောကြောင့် ဆယ်ကျင်းသာ ဝယ်လာခြင်း ဖြစ်ဟန်တူသည် ။

​မွန်းတည့်ချိန်တွင် လူငယ်တစ်စုက လျှိုကွမ်ချီနှင့် အတူလိုက်သွားကာ သတို့သမီးကို ခေါ်ဆောင်လာခဲ့ကြသည် ။

​ယန်ကျီဝမ်က လျှိုကွမ်ချီ၏ ဇနီးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ။

​သူမ၏ ရုပ်ဆင်းသဏ္ဍာန်က သာမန်မျှသာ ဖြစ်ပြီး ရုပ်ဆိုးခြင်းလည်း မရှိသလို အလွန် လှပနေခြင်းလည်း မရှိပေ ။ သာမန် ရိုးရိုးလေးသာ ဖြစ်သည် ။

​သို့သော် အနည်းဆုံးတော့ သူမ၏ မိသားစု နောက်ခံက ကောင်းမွန်လေသည် ။

​လျှိုမိသားစုက အဆင့်အတန်း မြင့်သူကို လက်ထပ်နိုင်ခဲ့သည်ဟု သတ်မှတ်၍ ရ၏ ။

​အနည်းဆုံးတော့ လျှိုဟိုင်ကျုံးက အလွန် ကျေနပ်နေပုံရပြီး ပွဲနေ့ တစ်နေ့လုံး သူ၏ အပြုံးများက တောက်ပနေခဲ့သည် ။

​ယန်မိသားစုနှင့် အတူ ရွှီတာမော့ နှင့် ဘေးအိမ်မှ အဘိုးကြီးဝမ်တို့ ဇနီးမောင်နှံပါ ပေါင်းလိုက်လျှင် စားပွဲတစ်ဝိုင်းစာ အတိအကျပင် ။

​စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ရင်း ရွှီတာမော့က သက်ပြင်းချကာ ပြောလိုက်သည် ။

​" ဒုတိယဦးလေးက တကယ်ကို လက်ဖွာတာပဲ.. ဒီလို ကုန်ကျစရိတ် ဆိုရင် လျှိုကွမ်ချီ လက်ထပ်ပြီးသွားတာနဲ့ ဒုတိယဦးလေးရဲ့ မိသားစုက ကြက်ဥတောင် ဝယ်စားနိုင်တော့မှာ မဟုတ်ဘူး.. "

​လျှိုဟိုင်ကျုံးက အဆင့်ခြောက် အလုပ်သမား တစ်ယောက်ဖြစ်ပြီး သူ၏ လစာက မနည်းသော်လည်း နေ့စဥ် ကုန်ကျစရိတ်များက များပြားလှသည် ။ စားတိုင်း ကြက်ဥ ပါရသည့်အပြင် လျှိုကွမ်ချီအတွက်လည်း သုံးစွဲနေရသဖြင့် ကျန်မည့်ငွေက သိပ်မရှိလှချေ ။

​ယခု လျှိုကွမ်ချီကို လက်ထပ်ပေးလိုက်ရသဖြင့် သူ၏ မိသားစု စုဆောင်းငွေများ အကုန်လုံး ပြောင်တလင်းခါသွားလောက်လေပြီ ။

​သို့တိုင် သူက ဂုဏ်ယူနေဆဲပင် ။

ရွှီတာမော့ ၏ အမြင်အရ ဤသည်က မထိုက်တန်ပေ ။

​သို့သော် ကြက်ဥ စားနိုင်ခြင်း မစားနိုင်ခြင်းက ကိစ္စသေးလေးသာ ဖြစ်သည် ။ ယနေ့ည အပြီးတွင် လျှိုကွမ်ချီက သူ၏ ဇနီးသည်နှင့် အတူ ထွက်ပြေးသွားမည်ကို လျှိုဟိုင်ကျုံး သိသွားပါက ဒေါသထွက်ပြီး သတိလစ်သွားလောက်သည် ။

​သားဖြစ်သူအတွက် ပွဲကျင်းပပေးရန် မိသားစု၏ စုဆောင်းငွေများကို အကုန် သုံးပစ်ခဲ့သော်လည်း နောက်တစ်နေ့တွင် သားနှင့် ချွေးမဖြစ်သူတို့က ထွက်ပြေးသွားကြပေလိမ့်မည် ။

​သူတို့က အနောက်မြောက် ဒေသကြီးဆီသို့ ထွက်သွားကြခြင်း ဖြစ်၏ ။

​ဤသည်က တကယ့်ကို ရယ်စရာကောင်းသော ကံကြမ္မာပင် ။

All Chapters