အခန်း ၂၄၆
Vol. 24 Ch. 246
Chapter 246
~
အခန်း ၂၄၆ : လျှိုကွမ်ချီ ထွက်ပြေးပြီ...
~
နောက်နေ့ မနက်ခင်းတွင် ...
မိုးလင်းသည်နှင့် တစ်ပြိုင်နက် ဒုတိယအဒေါ်က အစောကြီး ထလာခဲ့သည် ။
ယနေ့က လျှိုမိသားစုထဲသို့ ချွေးမသစ် ရောက်လာသည့် ပထမဆုံးနေ့ဖြစ်၍ သူမ၏ ရင်ထဲတွင် မျှော်လင့်ချက်များနှင့်အတူ ပျော်ရွှင်မှုများ အပြည့်ဖြစ်နေ၏ ။
သူမက ချွေးမဖြစ်သူအား မျက်နှာမငယ်စေရန် တွေးကာ ကြက်ဥနှစ်လုံးကို တမင် ပိုပြုတ်ထားလိုက်ပြီး သူမ၏ ချွေးမကို အားဖြည့်ပေးရန် ပြင်ဆင်ထားသည် ။ ထိုမှသာ နောက်နှစ်တွင် မြေးတစ်ယောက် ရနိုင်ပေလိမ့်မည် ။
လွန်ခဲ့သော အချိန်အတန်ကြာက တတိယအဒေါ် ရှီတိုးလေးကို ချီကာ နေရာတကာ လိုက်ကြွားနေသဖြင့် ဒုတိယအဒေါ် အလွန် မနာလို ဖြစ်ခဲ့ရသည် ။
ယခုမူ သူမ၏ သားအကြီးဆုံးမှာလည်း အိမ်ထောင်ကျသွားပြီဖြစ်ရာ မထင်မှတ်ထားသည်များသာ ဖြစ်မလာခဲ့ပါက သူမသည်လည်း နောက်နှစ်တွင် အဘွားတစ်ယောက် ဖြစ်လာတော့မည်ပင် ။
ထိုအကြောင်းကို တွေးမိသည်နှင့် သူမက ပါးစပ်ပင် စိမရလောက်အောင် ပြုံးနေချေတော့သည် ။
မနက်စာ ပြင်ဆင်ပြီးသွားသောအခါ ဒုတိယအဒေါ်က ဘေးခန်းရှိ လျှိုကွမ်ချီ၏ မင်္ဂလာအခန်းဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားလိုက်ပြီး တံခါးကို ညင်သာစွာ ခေါက်ကာ ...
" သားကြီး.. ချွေးမကြီး.. ထကြတော့လေ.. မနက်စာ စားရအောင် .. "
အခန်းထဲတွင် တိတ်ဆိတ်နေပြီး မည်သည့်တုံ့ပြန်မှုမှ မရှိ ။
ဒုတိယအဒေါ် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် ရှုပ်ထွေး သွားသော်လည်း သိပ်တော့ အများကြီး မတွေးမိ ။ ညက လင်မယားနှစ်ယောက် အလွန်ပင်ပန်းသွားကြသဖြင့် အိပ်မောကျနေကြသည်ဟုသာ ယူဆလိုက်သည် ။
သူမက အသံကို အနည်းငယ်မြှင့်ကာ တံခါးကို ထပ်ခေါက်လိုက်သည် ။
" သားကြီး.. ချွေးမကြီး.. ထကြတော့.. မနက်စာ အဆင်သင့် ဖြစ်နေပြီ .. "
အခန်းထဲတွင် လှုပ်ရှားသံ မရှိသေးချေ ။
ဒုတိယအဒေါ် အနည်းငယ် စိုးရိမ်လာသည် ။ သူမက ခဏတာ တွန့်ဆုတ်နေပြီးနောက် တံခါးကို တွန်းဖွင့်ရန် လက်လှမ်းလိုက်၏ ။
သို့သော် တံခါးက သော့ခတ်မထားပေ ။ ညင်သာစွာ တွန်းလိုက်သည်နှင့် ပွင့်သွားသည် ။
ဤသည်ကို မြင်သောအခါ သူမ ရင်ထဲရှိ စိုးရိမ်ပူပန်မှုက ပို၍ ကြီးထွားလာခဲ့သည် ။
သူမက အခန်းထဲသို့ စိုးရိမ်တကြီး ဝင်သွားပြီး ကြည့်လိုက်ရာ ချက်ချင်းပင် အော်ဟစ်လိုက်မိသည် ။
" အား .. "
အခန်းက ဟာလာဟင်းလင်း ဖြစ်နေ၏ ။ ကုတင်နှင့် စောင်မှလွဲ၍ ကျန်သည့်အရာအားလုံးမှာ သူခိုး ဝင်မွှေထားသကဲ့သို့ ဗလာကျင်းနေသည် ။
အဝတ်ဗီဒိုက ပွင့်နေပြီး အထဲရှိ အဝတ်အစားများမှာလည်း ပျောက်ဆုံးနေကာ နေ့စဉ်သုံး ပစ္စည်းအချို့ပင် မတွေ့ရတော့ချေ ။
ဒုတိယအဒေါ်၏ နှလုံးသားက အောက်ခြေအထိ ထိုးကျသွားပြီး အလန့်တကြား အော်ခေါ်လိုက်သည် ။
" အဘိုးကြီးလျှို.. အဘိုးကြီး.. ဒီကို မြန်မြန်လာကြည့်စမ်းပါဦးတော့် .. "
လျှိုဟိုင်ကျုံးက ဇနီးဖြစ်သူ၏ အလန့်တကြား အော်ဟစ်သံကို ကြားသောအခါ အိမ်ထဲမှ ပြေးထွက်လာပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည် ။
" ဘာဖြစ်တာလဲ.. မနက်စောစောစီးစီး ဘာတွေ အော်နေတာလဲ .. "
ဒုတိယအဒေါ်၏ မျက်နှာက ဖြူရော်နေပြီး အသံများပင် တုန်ရီနေ၏ ။
" ရှင့် သားကြီးနဲ့ ချွေးမကြီးတို့ မရှိကြတော့ဘူး .. "
လျှိုဟိုင်ကျုံးက ပေါ့ပေါ့ဆဆပင် ...
" သူတို့ အိမ်သာသွားဖို့ စောစော ထသွားတာ နေမှာပေါ့ .. "
ဒုတိယအဒေါ်က စိုးရိမ်တကြီးဖြင်...
" ဒါပေမဲ့ အိမ်ထဲက ပစ္စည်းတွေအကုန်လုံး ပျောက်နေတာလေ .. "
ထိုစကားကို ကြားသောအခါ လျှိုဟိုင်ကျုံး၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး စစ်ဆေးရန် အခန်းထဲသို့ အပြေးဝင်သွားသည် ။
သို့သော်လည်း သူ ကြက်သေသေသွားသည် ။ အခန်းတစ်ခုလုံးက သူခိုး ဝင်မွှေထားသကဲ့သို့ ဗလာကျင်းနေလေ၏ ။
သူက မယုံနိုင်သေးဘဲ သားနှင့် ချွေးမဖြစ်သူတို့ ဒီတိုင်း ထွက်သွားကြသည် ဆိုသည်ကို လက်မခံနိုင်သေးချေ ။
သို့သော် ကံဆိုးစွာဖြင့်ပင် စားပွဲပေါ်၌ စာရွက်တစ်ရွက်ကို သူ တွေ့လိုက်ရသည် ။
သူက အနီးသို့ လျှောက်သွားကာ စာရွက်ကို ကောက်ယူလိုက်သည် ။ ထိုအရာက စာတစ်စောင် ဖြစ်နေ၏ ။
သေချာ ကြည့်လိုက်သောအခါ လျှိုဟိုင်ကျုံး အံ့အားသင့်သွားသည် ။
ဤသည်က လျှိုကွမ်ချီ ချန်ထားရစ်ခဲ့သော စာဖြစ်ပြီး ဤသို့ ရေးသားထားသည် ။
" အဖေ နဲ့ အမေ ..
သားကို ခွင့်လွှတ်ပါ.. သားတို့ လင်မယားနှစ်ယောက် အနောက်မြောက်ဒေသကြီးရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို သွားကူညီဖို့ ဆုံးဖြတ်လိုက်ကြပြီ.. အဖေတို့ သားအတွက် အများကြီး စိတ်ပူပေးခဲ့တယ်ဆိုတာ သားသိပါတယ်.. ဒါပေမဲ့ သားက တစ်သက်လုံး ဒီခြံဝန်းလေးထဲမှာပဲ ပိတ်လှောင်မနေချင်ဘူး.. အနောက်မြောက်ဒေသကြီးက သားတို့ကို လိုအပ်နေတယ်.. အပြင်ထွက်ပြီး နာမည်တစ်ခု ရလာအောင် ကြိုးစားချင်တယ်.. အသိမပေးဘဲ ထွက်သွားတဲ့အတွက် သားတို့ကို ခွင့်လွှတ်ပေးပါ.. အဲ့ဒီမှာ အခြေကျသွားတာနဲ့ သားတို့ စာရေးလိုက်ပါ့မယ် ..
သားမိုက် .. ရှောင်ချီ.. "
စာကို ဖတ်ပြီးနောက် လျှိုဟိုင်ကျုံး၏ လက်များက တဆက်ဆက် တုန်လာပြီး မျက်နှာကလည်း ပြာနှမ်းသွားလေသည် ။
သူက သားဖြစ်သူ၏ မင်္ဂလာဆောင်အတွက် မိသားစု စုဆောင်းထားသမျှကို ပုံအောခဲ့ပြီး မင်္ဂလာပွဲ စီစဉ်ရန် သူ၏ အချိန်နှင့် ခွန်အားများကို အကုန်အစင် ပေးဆပ်ခဲ့ရသည် ။ သို့ပါလျက် သားနှင့် ချွေးမတို့က မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှာပင် လူကိုယ်တိုင် နှုတ်ဆက်စကား တစ်ခွန်းပင် မဆိုဘဲ ထွက်သွားခဲ့ကြသည်လော ။
ထို့အပြင် အနောက်မြောက်ဒေသကြီးသို့ ဆောက်လုပ်ရေး ကူညီရန် သွားသည်ဆိုသည်မှာ ကြိုတင် စာရင်းပေးသွင်းရန် လိုအပ်သော ကိစ္စဖြစ်သည်။
အခြားတစ်နည်းဖြင့် ဆိုရလျှင် လျှိုကွမ်ချီက မင်္ဂလာမဆောင်မီကတည်းက စာရင်းပေးသွင်းထားခဲ့ပြီး သူတို့ကွယ်ရာတွင် လုပ်ဆောင်ခဲ့ခြင်းပင် ။
သူတို့က မင်္ဂလာမဆောင်မီကတည်းက ဤသို့ ပြုလုပ်ရန် စီစဉ်ထားခဲ့ကြခြင်း ဖြစ်သည် ။
ထို့ပြင် လျှိုကွမ်ချီ၏ ယောက္ခမက ခေါင်းဆောင်အငယ်စား တစ်ယောက်ဖြစ်၍ ဤကိစ္စကို ပြီးမြောက်အောင် လုပ်ရန်က လွယ်ကူလှသည် ။
သို့သော် လျှိုကွမ်ချီ ထွက်သွားသည်နှင့် လျှိုဟိုင်ကျုံးက ရယ်စရာလူရွှင်တော်ကြီး တစ်ယောက် ဖြစ်သွားတော့သည် ။
သူက သူ၏ ဂုဏ်သိက္ခာကို အမြဲတမ်း အလေးထားခဲ့သဖြင့် ဤကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက အခြားသူများ၏ လှောင်ပြောင်ရယ်မောခြင်းကို ခံရတော့မည် မဟုတ်ပါလော ။
ဤအကြောင်းကို တွေးမိသောအခါ လျှိုဟိုင်ကျုံး၏ ဒေါသများ ပေါက်ကွဲလာကာ မျက်လုံးထဲတွင် အမည်းရောင်များ ဖုံးလွှမ်းသွားပြီး ချက်ချင်းပင် သတိလစ်သွားလေတော့သည် ။
" ယောကျ်ား ... ယောကျ်ား .. "
ဤသည်ကို မြင်သောအခါ ဒုတိယအဒေါ်က အလန့်တကြား အော်ဟစ်လိုက်ပြီး သူမ၏ အသံတွင် ငိုသံများ စွက်ဖက်နေ၏ ။
ခြံဝန်းထဲရှိ အိမ်နီးချင်းများက ဆူညံသံကို ကြားသောအခါ အပြေးအလွှား ရောက်လာကြသည် ။
ယီကျုံးဟိုင်၊ ရှာကျူးနှင့် အခြားသူများလည်း အသံကြားသည်နှင့် ပြေးလာကြသည် ။ မြေပြင်ပေါ်တွင် လဲကျနေသော လျှိုဟိုင်ကျုံးနှင့် ငိုကြွေးနေသော ဒုတိယအဒေါ်ကို မြင်သောအခါ လူတိုင်း အလန့်တကြား ဖြစ်သွားကြသည် ။
ယီကျုံးဟိုင်က အမြန်ရှေ့တိုးလာပြီး လျှိုဟိုင်ကျုံးကို တွဲထူကာ သူ၏ နှာခေါင်းအောက် နှုတ်ခမ်းအထက် နေရာကို ဖိပေးလိုက်ရင်း...
" ဘာတွေဖြစ်ကုန်တာလဲ.. လောင်လျှို ဘာဖြစ်သွားတာလဲ .. "
ဒုတိယအဒေါ်က မျက်ရည်များဖြင့် ပြန်ဖြေသည် ။
" သားကြီးနဲ့ ချွေးမကြီးတို့ ထွက်သွားကြပြီ.. အနောက်မြောက်ဒေသကြီးကို သွားကြတာတဲ့.. အဲ့ဒီစာကို မြင်ပြီး သူ ဒေါသထွက်လွန်းလို့ သတိလစ်သွားတာ .. "
ယီကျုံးဟိုင် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် အံ့သြသွားသော်လည်း ယခုအချိန်တွင် သူ့ကို ကယ်တင်ရန်က ပိုအရေးကြီးသည် ။ သူက ရှာကျူးဘက်သို့ လှည့်ကာ ပြောလိုက်သည် ။
" ရှာကျူး.. ယန်ကျီဝမ်ဆီက သုံးဘီးစက်ဘီး မြန်မြန်သွားငှားပြီး ဒုတိယဦးလေးကို ဆေးရုံပို့ရအောင် .. "
ရှာကျူးက ခေါင်းညိတ်လိုက်ပြီး လှည့်ကာ ရှေ့ဘက်ခြံဝန်းရှိ အိမ်ဆီသို့ ပြေးသွားပြီး ယန်ကျီဝမ်ကို သွားရှာလေသည် ။
" ယန်လောင်အာ... ဒုတိယဦးလေး သတိလစ်သွားလို့.. သူ့ကို ဆေးရုံပို့ဖို့ မင်းရဲ့ သုံးဘီးစက်ဘီး ငှားပါဦး .. "
" ဘာဖြစ်လို့လဲ .. "
ယန်ကျီဝမ်က သုံးဘီးစက်ဘီးကို သော့ဖွင့်ပေးရင်း မေးလိုက်သည် ။ ဤကဲ့သို့သော ကိစ္စမျိုးဆိုလျှင်တော့ သေချာပေါက် ကူညီရမည်ပင် ။
သူ မေးလိုက်သော်လည်း ရင်ထဲတွင်တော့ တစ်ခုခုကို ခန့်မှန်းမိနေပြီ ။
" လျှိုကွမ်ချီတို့ လင်မယား ထွက်ပြေးသွားကြလို့.. အဲ့ဒါကို သိလိုက်ရတော့ ဒုတိယဦးလေး ချက်ချင်း သတိလစ်သွားတာပဲ.. စကားတွေ ပြောမနေနဲ့တော့.. အသက်အန္တရာယ် ရှိတဲ့ ကိစ္စမို့လို့ .. "
ရှာကျူးက ပြောပြီးသည်နှင့် သုံးဘီးစက်ဘီးကို အနောက်ဘက် ခြံဝန်းဆီသို့ တွန်းသွားသည် ။
' မူရင်းဇာတ်လမ်းထဲကလို လျှိုကွမ်ချီတို့ လင်မယား ထွက်ပြေးသွားကြပြီပေါ့ .. '
ယန်ဖူကွေ့က ယန်ကျီဝမ်တို့ လင်မယားကို ထမင်းစားရန် ခေါ်မလို့ ပြင်နေစဉ် ရှာကျူး၏ စကားကို ကြားလိုက်သည် ။
ထို့ကြောင့် သူက ယန်ကျီဝမ်အား ပြောလိုက်သည် ။
" ကျီဝမ်.. မင်းလည်း သွားကူညီလိုက်ဦး .. "
" ဟုတ်ကဲ့ .. "
ယန်ကျီဝမ်က ပြန်ဖြေလိုက်ပြီး အနောက်ဘက် ခြံဝန်းဆီသို့ ပြေးလာခဲ့၏ ။
အနောက်ဘက် ခြံဝန်းသို့ ရောက်သောအခါ ရှာကျူးနှင့် လျှိုကွမ်ထျန်း၊ လျှိုကွမ်ဖူ ညီအစ်ကိုတို့က လျှိုဟိုင်ကျုံးကို သုံးဘီးစက်ဘီးပေါ်သို့ တင်ပြီးနေပြီ ။
" ဒုတိယအဒေါ်.... မစိုးရိမ်ပါနဲ့.. ဒုတိယဦးလေးကို ဆေးရုံ အခုပဲ ပို့ပေးပါ့မယ် .. "
ရှာကျူးက ပြောပြီးနောက် သူနှင့် လျှိုကွမ်ထျန်း ညီအစ်ကိုတို့က လျှိုဟိုင်ကျုံးကို ဆေးရုံသို့ ခေါ်သွားကြသည် ။
ယန်ကျီဝမ်လည်း ကူညီရန် နောက်မှ လိုက်သွားခဲ့သည် ။
ဒုတိယအဒေါ် ၊ ယီကျုံးဟိုင်၊ ယန်ဖူကွေ့နှင့် အခြားသူများဆေးရုံသို့ လိုက်သွားကြပြီး ကျန်သည့်သူများကတော့ ပုံမှန်အတိုင်း အလုပ်သို့ သွားကြလေသည် ။
လူအုပ်ကြီးက လျှိုဟိုင်ကျုံးကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြသည် ။
ဆေးစစ်ပြီးနောက် ဒေါသလွန်ကဲမှုကြောင့် ဖြစ်ရသည်ဟု ဆရာဝန်က ပြောသည် ။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမား ထိခိုက်မှု မရှိဘဲ ရက်အနည်းငယ် အနားယူရန်သာ လိုအပ်ကြောင်း သိရသည် ။
ဒုတိယအဒေါ်လည်း နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားပြီး ကုတင်ဘေးတွင် ထိုင်ကာ လျှိုဟိုင်ကျုံး၏ လက်ကို ကိုင်ထားရင်း မျက်ရည်များ ထိန်းမရအောင် စီးကျလာခဲ့သည် ။
လျှိုဟိုင်ကျုံးက မိသားစု၏ ကျောထောက်နောက်ခံပင် ။ အကယ်၍ လျှိုဟိုင်ကျုံးသာ တစ်ခုခု ဖြစ်သွားပါက သူမ မည်သို့ ဆက်လက်ရှင်သန် ရပါမည်နည်း ။
အထူးသဖြင့် ယခု လျှိုကွမ်ချီတို့ လင်မယား ထွက်ပြေးသွားကြပြီဖြစ်၍ အားကိုးစရာ မရှိတော့ပေ ။
သူမနှင့် လျှိုဟိုင်ကျုံးတို့က အငယ်နှစ်ယောက်ကို အထင်သေးသဖြင့် အတွေးထဲတွင်ပင် ထည့်မတွေးချေ ။
ဒုတိယသားနှင့် တတိယသားအပေါ် ထားရှိသည့် သူမ ခင်ပွန်း၏ သဘောထားကို ကြည့်ရလျှင် သုံးရက်တစ်ခါ အသေးစား ရိုက်နှက်မှု၊ ငါးရက်တစ်ခါ အကြီးစား ရိုက်နှက်မှုများ ရှိခဲ့ရာ အိမ်ပေါ်မှ မနှင်ချလျှင်ပင် ကံကောင်းဟု ဆိုရမည် ။
ယီကျုံးဟိုင်နှင့် အခြားသူများလည်း လျှိုဟိုင်ကျုံး အဆင်ပြေသွားသည်ကို မြင်သောအခါ ဒုတိယအဒေါ်ကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးပြီးနောက် ဆေးရုံမှ ထွက်ခွာလာခဲ့ကြသည် ။
ခြံဝန်းထဲသို့ ပြန်ရောက်သောအခါ လျှိုကွမ်ချီက ဇနီးသည်ကို ခေါ်ကာ အနောက်မြောက်ဒေသကြီးသို့ သွားပြီဆိုသည့် သတင်းက ပြန့်နှံ့နေပေပြီ ။
အိမ်နီးချင်းများက တက်ကြွစွာ ဆွေးနွေးနေကြ၏ ။ အချို့က လျှိုဟိုင်ကျုံးနှင့် သူ၏ ဇနီးကို သနားကြသလို အချို့ကလည်း မင်္ဂလာဆောင်ပြီး နောက်နေ့တွင် နှုတ်ဆက်စကားပင် မပြောဘဲ ထွက်ပြေးသွားသည့် လျှိုကွမ်ချီကို အလွန် အသိဉာဏ်ကင်းမဲ့သည်ဟု ထင်မြင်ကြသည် ။
" ဒီ လျှိုကွမ်ချီက အရမ်းလွန်လွန်းတယ်.. မင်္ဂလာဆောင်ပြီး နောက်နေ့ကျတော့ သူ့မိဘတွေကိုတောင် ဂရုမစိုက်ဘဲ ထွက်ပြေးသွားတယ်တဲ့လေ .. "
" ဟုတ်တယ်.. လျှိုမိသားစုက သူ့မင်္ဂလာဆောင်အတွက် စုဆောင်းထားသမျှ အကုန်ထုတ်သုံးခဲ့တာ.. အခုတော့ သူက ဒီတိုင်း ထွက်သွားတယ်လေ.. ကျေးဇူးကန်းတဲ့ကောင်ပဲ .. "
" သူတို့က ဆောက်လုပ်ရေး ကူညီဖို့ အနောက်မြောက်ဒေသကြီးကို သွားတာလို့ ကြားတယ်.. အဲ့ဒီက အခြေအနေတွေ ဘယ်လိုနေမလဲ.. သူတို့ ကောင်းကောင်း နေနိုင်ပါ့မလား မသိဘူး .. "
ယန်ကျီဝမ်က အိမ်နီးချင်းများ၏ ဆွေးနွေးသံများကို နားထောင်ရင်း သူကိုယ်တိုင်လည်း ခံစားချက် အနည်းငယ် ဖြစ်ပေါ်လာသည် ။
'နောက်ဆုံးတော့ လျှိုကွမ်ချီက ထွက်ပြေးဖို့ပဲ ရွေးချယ်ခဲ့တာပေါ့ ...'
ဤထွက်ပြေးမှုက လျှိုမိသားစု၏ နှစ်ပေါင်းများစွာ စုဆောင်းထားမှုများကို ကုန်ခမ်းစေခဲ့ပြီး လျှိုဟိုင်ကျုံးကိုလည်း သေမင်းတံခါးဝသို့ ပို့လုနီးပါး ဖြစ်စေခဲ့သည် ။
မူရင်းဇာတ်လမ်းထဲတွင်တော့ လျှိုကွမ်ချီက ထွက်ပြေးသွားပြီးနောက် မည်သည့်အခါမျှ ပြန်ပေါ်မလာခဲ့တော့ချေ ။
သူက စာတစ်စောင်မျှပင် ပြန်မရေးခဲ့ဘူးဟု ဆိုကြသည် ။
ဤသည်က အမှန်တကယ်ပင် လွန်လွန်းလှသည် ။
လျှိုဟိုင်ကျုံးက မည်သို့သော လူမျိုးဖြစ်သည်ကို ဘေးဖယ်ထားလိုက်လျှင် သူသည် သူ၏ သားကြီးအပေါ်တွင် အလွန် တန်ဖိုးထားခဲ့သည် ။ သူ လိုချင်သမျှကို ပေးခဲ့သည် ။ မည်သည့်အခါမျှ မျက်နှာမငယ်စေခဲ့သလို ရိုက်နှက်ရန်ပင် တွန့်ဆုတ်ခဲ့သူ ဖြစ်သည် ။
လျှိုကွမ်ထျန်း၊ လျှိုကွမ်ဖူတို့နှင့် ယှဉ်လိုက်လျှင် သူက မရေမတွက်နိုင်အောင် ပို၍ ကောင်းမွန်သည့် အခြေအနေတွင် ရှိနေခဲ့၏ ။
သို့ပေသိ သူက ထွက်ပြေးဖို့ကိုသာ ရွေးချယ်ခဲ့သည် ။ ဤအချက်နှင့် ပတ်သက်၍တော့ ယန်ကျီဝမ်လည်း မည်သို့ မှတ်ချက်ပေးရမည်ကိုပင် မသိတော့ချေ ။
သို့သော်လည်း ဤသည်က တခြားသူများ၏ မိသားစု ကိစ္စသာ ဖြစ်ရာ သူ နှင့် ဘာမှ မဆိုင် ။