← Chapters

အခန်း ၂၄၈

Vol. 24 Ch. 248

အခန်း ၂၄၈

Vol. 24 Ch. 248

Chapter 248

~

အခန်း ၂၄၈ : ကြက်သားစားရသော ကျားမိသားစု

~

​၁၉၆၁ ခုနှစ်၊ ဇွန်လ ။

​လျှိုကွမ်ချီ ထွက်ပြေးသွားခဲ့သည်မှာ နှစ်ဝက်ကျော်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ်၍ ခြံဝင်းကြီးအတွင်းရှိ နေ့စဉ်ဘဝများမှာ တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်လည် အေးချမ်းသွားခဲ့လေပြီ ။

​လျှိုဟိုင်ကျုံး နှင့် သူ၏ဇနီးတို့သည် သားဖြစ်သူ ထွက်သွားခြင်းအပေါ် မကျေမချမ်း ဖြစ်နေကြဆဲ ဆိုသော်ငြား ဘဝဟူသည်မှာ ဆက်လက် ရှင်သန်ရမည် ဖြစ်ရကား ဤလက်တွေ့ဘဝကို တဖြည်းဖြည်းချင်း လက်ခံလာနိုင်ခဲ့ကြသည် ။

​ယနေ့တွင် ယန်ကျီဝမ် သည် ဟောက်ဟိုင် ရေကန်မှ ငါးမျှားပြီးနောက် သုံးဘီးစက်ဘီးကို နင်းကာ ပြန်လာခဲ့သည် ။ စက်ဘီးပေါ်ရှိ ရေပုံးထဲတွင်မူ နှစ်ကျင်း ၊ သုံးကျင်းခန့် အလေးချိန်ရှိသော ငါးကြီးနှစ်ကောင် ပါလာခဲ့၏ ။

​သူ ခြံဝင်းပေါက်ဝသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ယန်ဖူကွေ့က မြေးဖြစ်သူ ရှီတိုး နှင့်အတူ ခြံဝင်းပေါက်ဝတွင် ကစားနေသည်ကို မြင်လိုက်ရသည် ။

​" ဖေဖေ ... "

​ရှီတိုးလေး မှာ ယခုအခါတွင် အသက်တစ်နှစ်ကျော် အရွယ်သို့ ရောက်ရှိနေလေပြီ ။ ပါးမို့မို့ဖောင်းဖောင်းနှင့် မျက်လုံးဝိုင်းဝိုင်းလေးများ ရှိပြီး လူများကိုလည်း ကောင်းစွာ ခေါ်တတ်နေပြီ ။

​ကလေးငယ်၏ မျက်စိက ရှင်လှရာ ယန်ကျီဝမ် ကို မြင်သည်နှင့် တစ်ပြိုင်နက် ဝမ်းသာအားရ လှမ်းခေါ်လိုက်သည် ။ ထို့နောက် သူက ယန်ဖူကွေ့ ၏ ရင်ခွင်ထဲမှ ဆင်းကာ ယန်ကျီဝမ် ထံသို့ တယိမ်းတယိုင်နှင့် လျှောက်လာလေတော့သည် ။

​ယန်ကျီဝမ် သည် ကလေး ချော်လဲသွားမည်ကို စိုးရိမ်သဖြင့် သုံးဘီးစက်ဘီးကို အမြန်ရပ်ကာ ဆင်းလိုက်ပြီး သားဖြစ်သူကို ပွေ့ချီရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည် ။ ထို့နောက် သူက သားဖြစ်သူ၏ ပါးလေးကို အသာအယာ ဆွဲညှစ်ရင်း ပြုံးကာ ...

​" ရှီတိုး .. ဒီနေ့ ဘိုးဘိုးနဲ့ ဘွားဘွား စကားကို သေချာနားထောင်ရဲ့လား .. "

​ရှီတိုး က တခစ်ခစ် ရယ်မောလိုက်ပြီး ယန်ကျီဝမ် ၏ လည်ပင်းကို ဖက်ကာ...

​" တားက ရိမ်မာရယ် .. "

ကလေးသံ ဝဲဝဲလေးဖြင့် ဖြေလေသည် ။

​" လိမ္မာလိုက်တဲ့ သားလေး ... "

​ယန်ကျီဝမ် က ကလေး၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည် ။

​ယန်ဖူကွေ့ လျှောက်လာပြီး ရေပုံးထဲရှိ ငါးများကို တစ်ချက်ကြည့်ကာ အနည်းငယ် အထင်သေးသည့် လေသံဖြင့် ...

​" မင်း ဒီနေ့ ဘာလို့ ငါးနှစ်ကောင်ပဲ ရလာတာလဲ .. "

​သူသည် ယခုအခါတွင် အတော်လေး မာနကြီးနေလေပြီ ။ အဘယ်ကြောင့်ဆိုသော် ယန်ကျီဝမ် ပေးထားသော အထူးငါးစာကြောင့် သူ ငါးသွားမျှားတိုင်း အနည်းဆုံး ငါး ရှစ်ကောင် ၊ ဆယ်ကောင်ခန့် အမြဲ ရလာလေ့ ရှိသည် ။

​ယခုတော့ သူက ငါးနှစ်ကောင်ကိုပင် အထင်မကြီးတော့ပေ ။

​အရင်တုန်းက သူ လက်ဗလာဖြင့် ပြန်လာတတ်သည် ဆိုသည်ကိုတော့ သူ မေ့နေပုံရလေသည် ။

​ယန်ကျီဝမ် က ပြုံးလိုက်ပြီး...

​" ကျန်တာတွေကို စက်ရုံဆီ ပို့လိုက်ပြီ အဖေရဲ့ .. အိမ်မှာ စားဖို့ နှစ်ကောင်ပဲ ချန်ထားခဲ့တာ .. "

​ယန်ဖူကွေ့ ထိုစကားကို ကြားသောအခါ ဘာမှ ထပ်မပြောတော့ပေ ။ သူက လှည့်ကာ ရှီတိုး ၏ ခေါင်းလေးကို ပွတ်သပ်ရင်း ...

​" မြေးလိမ္မာလေး .. ဒီည မင်းအတွက် ငါးဟင်းချက်ပေးဖို့ ဘွားဘွားကို ပြောရမယ် နော် .. ဟုတ်ပြီလား .. "

​" ဝေး .. ငါးငါး ချားရမယ် .. "

​ရှီတိုး က ချက်ချင်းပင် ဝမ်းသာအားရ ကခုန်နေသဖြင့် ယန်ကျီဝမ် နှင့် ယန်ဖူကွေ့ တို့ ရယ်လိုက်ကြသည် ။

​သူတို့ သုံးယောက် အိမ်ပြန်ရန် ပြင်လိုက်စဉ်မှာပင် အပြင်မှ ပြန်လာသော ကျားဒုံရွှီ နှင့် အမှတ်မထင် ဆုံမိကြလေသည် ။

​ယခုအချိန်မှာ အလုပ်ဆင်းချိန် ဖြစ်သောကြောင့် သူ ပြန်လာသည်မှာ မဆန်းသော်လည်း ထူးဆန်းနေသည်က ကျားဒုံရွှီ ၏ လက်ထဲတွင် ကြက်တစ်ကောင် ပါလာသည် ။

​ဤသည်က ယန်ကျီဝမ် နှင့် ယန်ဖူကွေ့ တို့ကို အံ့သြသွားစေခဲ့သည် ။

​ကျားမိသားစု ၏ အခြေအနေကို ခြံဝင်းထဲရှိ လူတိုင်း သိကြသည် ။ အိမ်တွင် ကျားဒုံရွှီ တစ်ယောက်တည်းသာ ရိက္ခာခွဲတမ်း ရရှိပြီး သူ၏ လစာမှာလည်း သာမန်မျှသာ ဖြစ်သည် ။ ဤကဲ့သို့ အစာရေစာ ရှားပါးနေသော နှစ်မျိုးတွင် ကြက်သားစားရန် နေနေသာသာ မိသားစု ဝမ်းရေးအတွက်ပင် လောက်ငှအောင် မနည်း ရုန်းကန်နေရသည် မဟုတ်ပါလော ။

​သို့သော် ယနေ့တွင် ကျားဒုံရွှီ တစ်ယောက် ကြက်တစ်ကောင် ဆွဲကာ ပြန်လာသည်က တကယ့်ကို မထင်မှတ် ထားစရာ ဖြစ်နေလေသည် ။

​ကျားဒုံရွှီ သည် ယန်မိသားစု သားအဖ နှစ်ယောက် အနီးမှ ဖြတ်သွားသောအခါ ယန်ကျီဝမ် ကို ကြည့်ကာ မေးချီ၍ ကြွားဝါချင်နေသည့် ဟန်ပန်မျိုးပင် လုပ်သွားသေးသည် ။

​ယန်ကျီဝမ် ချက်ချင်းပင် ဆွံ့အသွားပြီး ...

​' ကျားဒုံရွှီ က ကလေးကျနေတာပဲ .. ကြက်တစ်ကောင် ဆွဲလာရုံနဲ့ ဒီလောက်တောင် ဂုဏ်ယူနေရလား .. အခြားဘယ်သူမှ ကြက်သား မဝယ်နိုင်တဲ့ အတိုင်းပဲ .. '

​ယွီလီ မီးတွင်းထဲတွင် ရှိနေစဉ်က ယန်မိသားစု သည် နှစ်ရက်တစ်ခါ ကြက်သား စားခဲ့ကြသည် ဆိုသည်ကို လူတိုင်း အသိပင် ။ ယန်ဖူကွေ့ က မလိုအပ်ဘဲ သွားမပြရန် ပြောထား၍သာ ဖြစ်သည် ။ သို့မဟုတ်ပါက သူတို့ မိသားစု အနေဖြင့် နေ့တိုင်း အသားစားရန် ဆိုသည်မှာ ပြဿနာ တစ်ရပ် မဟုတ်ပေ ။

​ယန်ဖူကွေ့ သည် ကျားဒုံရွှီ ၏ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချလိုက်ပြီး...

​" ဒီနေ့ ဘယ်လို နေ့မျိုးပါလိမ့် .. ကျားမိသားစု တောင် ကြက်သား စားနေပါလား .. "

​ယန်ကျီဝမ် က ပြုံး၍ ...

​" အဖေ .. သူများကိစ္စ ဘာလို့ ဒီလောက် စိတ်ဝင်စားနေရတာလဲ .. သူတို့ ပိုက်ဆံ ကောက်ရတာလည်း ဖြစ်နိုင်တာပဲလေ .. "

​ယန်ဖူကွေ့ က သူ့ကို ချက်ချင်း မျက်စောင်းထိုးလိုက်သည် ။

​ဤကဲသို့ ခေတ်ကာလမျိုးတွင် လမ်းပေါ်ရှိ အမှိုက်များကိုပင် ပြောင်စင်အောင် လှဲကျင်းနေကြရာ ပိုက်ဆံ ကောက်ရရန် ဆိုသည်မှာ ဝေလာဝေး ။

​ယန်ကျီဝမ် နောက်ပြောင်နေမှန်းကို သူ သိသဖြင့် ခေါင်းခါလိုက်ပြီး အသံတိုးတိုးဖြင့် ...

​" ငါက သိချင်ရုံ သက်သက်ပါကွာ .. ကျားမိသားစု ရဲ့ အခြေအနေကို မင်းလည်း သိတာပဲ .. သူတို့ ဒီလို ကြီးကြီးမားမား မသုံးနိုင်တာ အတော်လေး ကြာနေပြီလေ .. ပြီးခဲ့တဲ့ နှစ်သစ်ကူးတုန်းကတောင် ယီကျုံးဟိုင် က ဝက်သားကျင်းတစ်ဝက် မပေးရင် သူတို့ အသားစားရမှာ မဟုတ်ဘူး .. "

​ယန်ကျီဝမ် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး ...

​" ယီကျုံးဟိုင် ပေးတာလည်း ဖြစ်နိုင်တာပဲ .. သူက ကျားမိသားစု ကို မကြာခဏ ကူညီတတ်တာပဲဟာ .. "

​" ဖြစ်နိုင်တယ် .. "

​ယန်ဖူကွေ့ က ခေါင်းကို အသာညိတ်လိုက်သည် ။

​ယီကျုံးဟိုင် ၏ အကူအညီ အပြင် ကျားဒုံရွှီ သည်လည်း သုံးရက်တစ်ခါ ယီကျုံးဟိုင် ထံတွင် ပိုက်ဆံ သွားချေးလေ့ရှိသည် ။ ဤကိစ္စကို ခြံဝင်းထဲရှိ လူတိုင်း သိကြသည် ။ ချေးသည်ဟုသာ နာမည်တပ်ထားသော်ငြား ကျားဒုံရွှီ သည် ယီကျုံးဟိုင် က သူ၏ အိုစာမင်းစာ အတွက် အားကိုးရမည့်သူ အဖြစ် အသိအမှတ်ပြုထားသူ ဖြစ်၍ ပြန်ဆပ်သည် ဖြစ်စေ ၊ မဆပ်သည် ဖြစ်စေ အရေးမကြီးပေ ။

​မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတစ်ပါး၏ ပုဂ္ဂိုလ်ရေး ကိစ္စများသာ ဖြစ်ပြီး သူတို့ အများကြီး ဝင်ပြော၍ မရနိုင်ပေ ။

​သူတို့ သုံးယောက် အိမ်ပြန်ရောက်သောအခါ ရန်ရွေ့ဟွား သည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေလေသည် ။ ယန်ကျီဝမ် ငါးနှစ်ကောင်နှင့် ပြန်လာသည်ကို မြင်သောအခါ သူမက ပြုံးလိုက်ပြီး ...

​" အို ... ဒီနေ့တော့ .. ရှီတိုး လေး အာဟာရဖြစ်အောင် ငါးဟင်း ချက်ပေးရမယ်.. "

​ယန်ဖူကွေ့ က ပြုံးကာ ...

​" ခုနလေးတင် အပြင်မှာ ငါလည်း အဲဒီလိုပဲ ပြောလာတာ .. "

​ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ ရှီတိုးကို အလွန် ချစ်ခင်ကြသည် ။ ပုံမှန်အားဖြင့် အလွန် စည်းကမ်းကြီးပြီး ချွေတာတတ်သော ရန်ရွေ့ဟွား ပင်လျှင် မြေးလေးအတွက် ဆီရွှဲရွှဲ ဟင်းလျာများကို ချက်ပြုတ်ပေးရန် ဝန်မလေးချေ ။

​ရှီတိုး ထိုစကားကို ကြားလျှင် ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ...

​" ဘွားဘွား.. သားသား.. ငါးငါး ချားချင်တယ် .. ငါးငါး က အရသာရှိတယ် .. "

​ရန်ရွေ့ဟွား က မြေးဖြစ်သူ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ရင်း ...

​" ကောင်းပါပြီ ကောင်းပါပြီ .. ဘွားဘွား အခု ချက်ပေးမယ်နော် .. "

​ယန်ကျီဝမ် သည် ငါးများကို ရန်ရွေ့ဟွား ထံသို့ ကမ်းပေးလိုက်ပြီးနောက် ခြံဝင်းထဲတွင် ထိုင်ကာ ရှီတိုး နှင့် ကစားနေလေသည် ။ ယန်ဖူကွေ့က ခပ်လှမ်းလှမ်းတွင် ထိုင်ကာ ဆေးလိပ်သောက်ရင်း မြေးဖြစ်သူ ပျော်ရွှင်စွာ ကစားနေသည်ကို ကျေနပ်စွာ ပြုံး၍ ကြည့်နေလေ၏ ။

​တစ်ဖက်တွင်တော့ ကျားဒုံရွှီ သည်လည်း အိမ်ပြန်ရောက်သွားလေပြီ ။

​" အမေ .. သား ပြန်ရောက်ပြီ .. "

​ကျားဒုံရွှီ သည် အိမ်ပေါက်ဝတွင် ဖိနပ်အောက်ခံ ချုပ်နေသော ကျားကျန်းရှီ ကို ရည်ရွယ်ချက်ရှိရှိ အသံကျယ်ကျယ် လှမ်းခေါ်လိုက်သည် ။

​"ဒုံရွှီ ပြန်လာပြီလား .. "

​ကျားကျန်းရှီ မော့ကြည့်လိုက်ရာ သူ၏ လက်ထဲမှ ကြက်ကို ကွက်တိ မြင်လိုက်ရလေသည် ။ သူမ၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားပြီး တံတွေးမြိုချကာ အံ့သြတကြီးဖြင့် ...

​" ဒုံရွှီ .. ဒီကြက် ဘယ်က ရလာတာလဲ .. "

​သူမ သုံးရက်တစ်ခါခန့် စားသောက်ဆိုင်များသို့ ခိုး၍ သွားတတ်သော်ငြား အရသာရှိသော အသီးအရွက်ဟင်းများကိုသာ ရွေးချယ် စားသုံးလေ့ရှိသည် ။ ကြက်သား မစားရသည်မှာ အတော်လေး ကြာပြီဖြစ်၍ သူမ တကယ်ကို စားချင်နေပေသည် ။

​ကျားဒုံရွှီ က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ...

​" ဘယ်က ရရမှာလဲ .. သား ဝယ်လာတာပေါ့ .. "

​ထိုအချိန်တွင် ချင်ဟွိုင်ရု သည်လည်း ဆူညံသံများကို ကြားသဖြင့် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည် ။ သူမသည် ကျားဒုံရွှီ ၏ စကားကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် သံသယဖြစ်စွာဖြင့် ...

​" ဒုံရွှီ .. ရှင် ပိုက်ဆံ ဘယ်ကရတာလဲ .. "

​ကျားဒုံရွှီ ၏ လစဉ်လစာမှာ ရိက္ခာဝယ်ရန်ပင် မလောက် ။ ကြက်တစ်ကောင် ဝယ်ရန် ပိုက်ဆံ ဘယ်က ရမည်နည်း ။

​" မင်း အဲဒါတွေ စိတ်ပူမနေနဲ့ .. အရမ်းလည်း လိုက်မမေးနဲ့ .. အတိုချုပ် ပြောရရင် ငါ မဟုတ်တာ ဘာမှ လုပ်မထားဘူး.. "

​ကျားဒုံရွှီ က အများကြီး ဆက်မပြောလိုသဖြင့် ကြက်ကို ကမ်းပေးလိုက်ပြီး ...

​" သွား .. ကြက်သား သွားစွပ်ပြုတ်လုပ်ချေ .. အမေ နဲ့ ပန့်ကန့် အာဟာရဖြစ်အောင်လို့ .. "

​ချင်ဟွိုင်ရု သည် စကားနားထောင်စွာဖြင့် ကြက်ကို သတ်ရန် သွားလေတော့သည် ။

​ကျားကျန်းရှီက ဝမ်းသာအားရဖြင့် ...

​" အား .. ငါ့ရဲ့ ဒုံရွှီ က အသိတတ်ဆုံးပဲ .. "

​ကျားဒုံရွှီ က ပြုံးကာ ...

​" အမေက သားရဲ့ အမေပဲလေ .. အမေ့ကိုမှ မသိတတ်ရင် သားက တခြားဘယ်သူ့ကို သိတတ်ရဦးမှာလဲ .. "

​အိမ်ထဲတွင် ဆော့ကစားနေသော ပန့်ကန့် သည် ချင်ဟွိုင်ရု ၏ လက်ထဲမှ ကြက်ကို မြင်သောအခါ ချက်ချင်းပင် ပျော်ရွှင်စွာ ခုန်ပေါက်၍ ...

​" ဝေး .. ဒီည ကြက်သား စားရတော့မယ် .. "

​ကျားဒုံရွှီ သည် ဤမြင်ကွင်းကို မြင်သောအခါ အရာအားလုံးက တန်သည်ဟု ခံစားလိုက်ရလေသည် ။

​ညစာစားချိန် ရောက်သောအခါ ...

​ချင်ဟွိုင်ရု က ကြက်သားစွပ်ပြုတ်ကို စားပွဲပေါ်သို့ ယူလာခဲ့သည် ။ မိသားစုဝင် အားလုံးအတွက် တစ်ယောက် တစ်ပန်းကန်စီ ခပ်ပေးပြီးနောက် သူမက ကျားဒုံရွှီ အား ...

​" ဒုံရွှီ .. မျက်နှာချင်းဆိုင် အိမ်ကို တစ်ပန်းကန်လောက် သွားပို့ပေးရမလား .. "

​သူမ ဆိုလိုသည်မှာ ယီကျုံးဟိုင် ၏ အိမ်ကို ဖြစ်သည် ။

​ထိုစကားကို ကြားသောအခါ ကျားဒုံရွှီ ၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး ...

​" ကိုယ့်ဘာသာကိုယ်တောင် စားဖို့ မလောက်တာ .. တခြားလူတွေကို ပေးဖို့ အပို ဘယ်က ရှိမှာလဲ .. "

​" ဟုတ်ပါ့ .. ငါတို့ မိသားစု ကြက်သား မစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ .. ဒါက ငါနဲ့ ပန့်ကန့်စားဖို့တောင် မလောက်ဘူး .. "

​ကျားကျန်းရှီ ကပါ ဝင်ထောက်ခံလိုက်ပြီး ပန့်ကန့်၏ ပန်းကန်ထဲသို့ ကြက်သား တစ်တုံး ထည့်ပေးကာ ...

​" မြေးလေး .. မြန်မြန်စား .. "

​" ဟုတ်ကဲ့ .. "

All Chapters