← Chapters

အခန်း ၃၅၃

Vol. 36 Ch. 353

အခန်း ၃၅၃

Vol. 36 Ch. 353

အခန်း (၃၅၃) အရုပ်စစ်ပွဲ - ၆

ထို့နောက် အော့တီးမတ်စ် ပရိုင်းက ဂျက်ဇ်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒီကိစ္စက မင်းတာဝန်ပဲ ဂျက်ဇ်၊ အစည်းအဝေးပြီးတာနဲ့ မင်း ချက်ချင်းထွက်ခွာရမယ်”

သူသည် နိုက်ပက်ထရိုးဘက်သို့လည်း လှည့်ပြောလိုက်သည်။

“မင်းနဲ့ ဂျက်ဇ် အတူတူ သွားကြ၊ အချင်းချင်း စောင့်ရှောက်လို့ရတာပေါ့”

သူ ခဏရပ်ပြီးနောက် ဆက်ပြောသည်။

“ငါတို့ နောက်ထပ်ဆွေးနွေးမယ့် အကြောင်းအရာကို မသွားခင်... အရင်ဆုံး ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ထင်တဲ့ အရေးပေါ် အခြေအနေတစ်ခု ရှိနေတယ်”

အော့တီးမတ်စ် ပရိုင်းသည် မာရီယိုနှင့် ကစားသမားနှစ်ဦးရှိရာဘက်သို့ လှမ်းကြည့်ပြီး ပြောလိုက်သည်။

“လူကြီးမင်းတို့၊ ကျေးဇူးပြုပြီး ငါတို့ကြားထဲမှာ လာရပ်ပေးပါ”

အစ်ကိုကြွယ်နှင့် ရှောင်တန်တို့မှာလည်း ရွေးချယ်စရာမရှိသဖြင့် အချင်းချင်း တစ်ချက်ကြည့်ကာ ရှေ့သို့ လှမ်းထွက်လိုက်ကြလေသည်။

သူတို့နေရာတွင် အခြေကျသွားသည်နှင့် အော့တီးမတ်စ် ပရိုင်းက မေးလိုက်သည်။

“မင်းတို့ရဲ့ နာမည်တွေကို မေးလို့ရမလား”

“ဖုန်းပုကြွယ်”

“ဝမ်တန်ကျိ”

သူတို့သည် ဂိမ်းတွင်းရှိ သူတို့၏ အမည်ဝှက်များကို အသီးသီး ပြောပြလိုက်ကြသည်။

အရုပ်များသည် ထိုနာမည်များကို ကြားကြသော်လည်း ထူးထူးခြားခြား တုံ့ပြန်ခြင်းမရှိကြဘဲ သာမန် အရပ်ခေါ် နာမည်များကို သုံးလိုက်သည့်အလားသာ ရှိသည်။ ယင်းမှာ စနစ်၏ ထင်ရှားလှသော ပြင်ဆင်ချက်ဖြစ်ပြီး လုံးဝ ပုံမှန်ပင် ဖြစ်သည်။ ယေဘုယျအားဖြင့် မည်သည့် အွန်လိုင်းဂိမ်းတွင်မဆို ကစားသမား၏ ဂိမ်းတွင်းအမည်သည် NPC များနှင့် ဆက်ဆံရေးအပေါ် မည်သည့်အခါမျှ သက်ရောက်မှု မရှိပေ။ ဥပမာအားဖြင့် ဂြိုဟ်သားနိုင်ငံတစ်ခုမှ ကိုရီးယားစတိုင်ဂိမ်းအချို့တွင် သင်က သင်၏ အမည်ဝှက်ကို “ချေး” ဟု ရွေးချယ်ထားလျှင်ပင် ဂိမ်းထဲသို့ စတင်ဝင်ရောက်ပြီးနောက် အစပြုရွာရှိ NPC များသည် သင့်အား ပြုံးပြုံးလေးဖြင့် ဤသို့ဆိုကြပေလိမ့်မည်။

“မင်းနာမည်က ‘ချေး’ လား၊ အင်း... နာမည်ကောင်းလေးပဲ”

“လူကြီးမင်းတို့... မာရီယိုရဲ့ အစီရင်ခံစာအပေါ် အခြေခံပြီး မင်းတို့ဟာ နိုဗယ်က လွှတ်လိုက်တဲ့ သူလျှိုတွေ မဟုတ်ဘူးဆိုတာကို အခြေခံအားဖြင့် ငါဖယ်ထုတ်ထားပြီးပါပြီ”

အော့တီးမတ်စ် ပရိုင်းက ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒါက မင်းတို့ အစောပိုင်းက ပြောခဲ့တဲ့ အဆိုပြုချက်တွေကို ငါယုံကြည်တယ်လို့ မဆိုလိုသေးဘူး၊ အဲဒီ ‘အင်အားကြီးပြီး ဆိုးသွမ်းတဲ့ ခြိမ်းခြောက်မှုနှစ်ခု’ တကယ်ရှိကြောင်း သက်သေပြဖို့ ပိုခိုင်မာတဲ့ သက်သေအထောက်အထားတွေ မပြနိုင်မချင်းပေါ့”

“ဒါက မခက်ပါဘူး”

ဖုန်းပုကြွယ်က လေးနက်စွာ ပြန်ဖြေလိုက်သည်။

“မကြာခင် သူတို့ကို စစ်မြေပြင်မှာ မင်းတို့ တွေ့ရလိမ့်မယ်လို့ ငါ သေချာပေါက် ပြောရဲတယ်”

သူ ဆက်ပြောသည်။

“သူတို့ရဲ့ အရွယ်အစားက ငါတို့နဲ့တူပြီး လူသားပုံစံရှိလိမ့်မယ်၊ သူတို့ရဲ့ ခန္ဓာကိုယ်ထဲကနေ လက်နက်မျိုးစုံနဲ့ ပစ္စည်းကိရိယာတွေကိုလည်း ထုတ်ယူနိုင်ကြတယ်၊ အရေးအကြီးဆုံးကတော့... ငါ ရဲရဲဝံ့ဝံ့ပြောရရင် သူတို့ရဲ့ အသိဉာဏ်က ထူးထူးခြားခြား မြင့်တယ်၊ မင်းတို့ အရင်က တွေ့ဖူးသမျှ နိုဗယ်တပ်မှူးတွေထဲမှာ သူတို့လောက် ကောက်ကျစ်တဲ့သူ ရှိမှာမဟုတ်ဘူး”

“အဲလိုလား... ဒါဆို... မင်းတို့နှစ်ယောက်ကျတော့ကော”

အော့တီးမတ်စ် ပရိုင်းက မေးလိုက်သည်။

“မင်းတို့က ဘယ်သူတွေလဲ၊ ဘာလို့ CLS နဲ့ လာပူးပေါင်းရတာလဲ”

“ဒါကတော့ ရှင်းပါတယ်၊ မင်းအပေါ် ငါ့ရဲ့ ကြည်ညိုလေးစားမှုက လျှံကျနေတဲ့ မြစ်ရေလိုပဲ၊ တားဆီးလို့မရဘူး၊ တဝေါဝေါစီးဆင်းနေတဲ့ မြစ်ဝါမြစ်ကြီး လျှံတက်လာသလိုပါပဲ”

ဖုန်းပုကြွယ်သည် မျက်နှာတစ်ချက်မပျက်ဘဲ အရှက်မရှိ ပြောချလိုက်လေသည်။(TL note - စတီဗင်ချောင်ဇာတ်ကားထဲမှာ သူ့နောက်လိုက်ပြောခဲ့တာက ‘အရှင့်အပေါ် ကျွန်တော့်ရဲ့ ရိုသေလေးစားမှုက တသွင်သွင်စီးဆင်းနေတဲ့ မြစ်ဝါမြစ်ကြီးလိုပါပဲ’ တဲ့၊ အတွေးပေါ်လို့ ပြောလိုက်တာပါ ဟဲ)

ဘန်ဘယ်ဘီး (Bumblebee) က သူ့ဘေးတွင် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“ဒီအဖြေက ငါတို့ရဲ့ အသိဉာဏ်ကို စော်ကားဖို့ ရည်ရွယ်တာလား၊ ဒါမှမဟုတ် မင်းရဲ့ အရှက်မရှိမှုကို ပြသဖို့ ရည်ရွယ်တာလား”

“ကောင်းပြီ... ကောင်းပြီ... အမှန်အတိုင်း ပြောရရင် ငါတို့နဲ့ သူတို့ဟာ တခြားစကြာဝဠာတစ်ခုက လာတဲ့ ခရီးသွားတွေပါ၊ အကြောင်းပြချက်အချို့ကြောင့် ငါတို့ အသက်လုပြီး တိုက်ခိုက်နေကြတာပေါ့”

ဖုန်းပုကြွယ် ရှင်းပြလိုက်သည်။

“ဒါကြောင့်... သူတို့က နိုဗယ်နဲ့ ပူးပေါင်းသွားတဲ့အတွက် ငါ့ရန်သူရဲ့ ရန်သူဟာ သဘာဝကျကျပဲ ငါ့ရဲ့ မိတ်ဆွေ ဖြစ်လာတာပေါ့”

သူ့စကားများသည် မှန်တစ်ဝက်မှားတစ်ဝက် ဖြစ်သော်လည်း ဤအချက်ကပင် စကားကို ပို၍ ယုံကြည်စိတ်ချရစေသည်။

“ဟမ့်...”

ဂယ်လ်ဗာထရွန်က နှာခေါင်းရှုံ့ကာ သွားကြားကလေသံဖြင့် စကားတစ်ခွန်း ပြောလိုက်သည်။

“တစ်နည်းပြောရရင် မင်းက မင်းရဲ့ ရန်သူကို သတ်ဖို့ ငါတို့ကို အသုံးချချင်တာပေါ့”

“မင်း အဲဒီလို နားလည်ရင်လည်း ရပါတယ်”

ဖုန်းပုကြွယ်က မငြင်းပေ။

“ဒါပေမဲ့... ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိမယ့် အခြေအနေဆိုတာတော့ မင်းတို့ ဝန်ခံရမယ်”

“မဟုတ်ဘူး၊ တကယ်လို့ မင်းတို့နှစ်ယောက်က CLS အတွက် တကယ်အသုံးဝင်မှသာ win-win ဖြစ်မှာပါ”

စတားစခရင်မ်းက အုံ့မှိုင်းသောလေသံဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ မင်းတို့နှစ်ယောက် အသုံးမကျရင်တော့... ဟဲဟဲ... ငါကိုယ်တိုင်ကတော့ မင်းတို့ကို လောင်းကြေးချပ်စ်ပြားတွေအဖြစ် လွှဲပြောင်းပေးသင့်တယ်လို့ ထင်တယ်၊ အဲဒီလိုဆိုရင် အဲဒီ ‘အင်အားကြီးပြီး ဆိုးသွမ်းတဲ့ကောင် နှစ်ယောက်’ က သူတို့ လိုချင်တာရသွားပြီး ဒီစစ်ပွဲထဲကို ဝင်ရှုပ်တော့မှာ မဟုတ်ဘူးလေ”

သူ စကားပြောပြီးသည်နှင့် ရှောင်တန်က အစ်ကိုကြွယ်အား တီးတိုးကပ်ပြောလိုက်သည်။

“ဒီကောင်က တကယ့် ပါရမီရှင်ပဲ...”

“ဟားဟားဟားဟား...”

ဖုန်းပုကြွယ် ရုတ်တရက် အော်ဟစ် ရယ်မောလိုက်လေသည်။

အရုပ်များအားလုံး ကြောင်အမ်းသွားကြပြီး ထိုလူ ဘာလုပ်နေမှန်း နားမလည်ကြပေ။ ရှောင်တန် တစ်ဦးတည်းသာ အမှန်တရားကို သိသည်။ယင်းမှာ သိသာထင်ရှားလှသော ခြိမ်းခြောက်ဟန်ပြင်ခြင်းသာ ဖြစ်သည်။ အစ်ကိုကြွယ်သည် သူ၏ ရယ်မောခြင်းကို အကြောင်းပြချက်တစ်ခုအနေဖြင့် အသုံးချကာ အကြံဉာဏ်တစ်မျိုးကို ကြံစည်နေခြင်း ဖြစ်သည်။

ဖုန်းပုကြွယ် ငါးစက္ကန့် သို့မဟုတ် ခြောက်စက္ကန့်ခန့် ရယ်မောပြီးနောက် သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခု ထွက်ပေါ်လာလေသည်။ သူသည် အလွန်မောက်မာသော မျက်နှာအမူအရာတစ်ခု ဖန်တီးကာ ပြောလိုက်သည်။

“ကောင်းပြီ... မင်းတို့ရဲ့ အသိဉာဏ်ကင်းမဲ့မှုနဲ့ ရိုင်းစိုင်းမှုကို ငါ ခွင့်လွှတ်ပေးလိုက်မယ်”

သူ ခဏရပ်လိုက်သည်။

“ဒါက ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းသလို ဖြစ်နေပေမဲ့ ငါအခုပဲ ပြောလိုက်မယ်၊ ငါတို့ စကြာဝဠာမှာ ငါဟာ နာမည်ကျော် စစ်ဗျူဟာမြှောက်ပုဂ္ဂိုလ်ကြီး မစ္စတာ အာရွန်စမစ် (Mr. Aaron Smith) ရဲ့ နောက်ဆုံး တပည့်ရင်းပဲကွ” (အာရွန်စမစ် ဆိုသည်မှာ ၁၉၆၈ မှ ၂၀၀၀ ခုနှစ်အထိ အမေရိကန် ဒါရိုက်တာများအဖွဲ့က ၎င်းတို့၏ ရုပ်ရှင်လက်ရာကို အသိအမှတ်မပြုလိုသော ဒါရိုက်တာများအတွက် အသုံးပြုသည့် နာမည်ဝှက်တစ်ခု ဖြစ်သည်။)

“ဟေး... ငါ ဒီလိုအကြောင်းအရာမျိုး တစ်ခါမှ မကြားဖူးပါဘူး...”

ရှောင်တန်က စိတ်ထဲတွင် တွေးလိုက်သည်။

“ဒီ NPC တွေက မတုံးတာ ရှင်းလင်းနေတာပဲလေ၊ ကြုံရာဆက်တင်တွေ လျှောက်ထည့်နေတာက အကျိုးယုတ်သွားနိုင်တယ်...”

“ငါဟာ ကင်းထောက်၊ သူလျှို၊ စစ်သားနဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အကြီးစား စစ်ဆင်ရေးတွေကိုလည်း ပါဝင်ဆင်နွှဲခဲ့ဖူးတယ်၊ ကွပ်ကဲခဲ့ဖူးတယ်...”

ဖုန်းပုကြွယ်က ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြော၏။

“ဒါပေမဲ့... ငါက ဒီနေရာကို ရောက်ခါစဖြစ်ပြီး မင်းတို့ စကြာဝဠာရဲ့ စစ်မြေပြင် အခြေအနေကို မကျွမ်းကျင်သေးဘူး၊ ပြီးတော့ မင်းတို့က ငါ့ကို အမြှောက်စာအဖြစ် သုံးခဲ့ကြလို့ ငါ့ကိုယ်ငါ သက်သေပြဖို့ အခွင့်အရေး မရသေးတာပဲ”

“အင်း...”

အော့တီးမတ်စ် ပရိုင်းက ထိုစကား၏ အဓိပ္ပာယ်ကို နားလည်သွားသည်။

“ငါ့အတွက်တော့ ဒါက ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေသလို ကြားရပေမဲ့... ငါတို့က အစပိုင်းမှာ မင်းတို့ကို တကယ် အထင်လွဲခဲ့ကြတာပါ၊ ငါလည်း အမှားလုပ်မိခဲ့တယ်”

သူ စက္ကန့်အနည်းငယ်ခန့် စဉ်းစားလိုက်သည်။

“မင်းက ဒီလောက်အထိ ပြောလာပြီဆိုတော့... ဒီလိုလုပ်ကြတာပေါ့...”

ဂျက်ဇ်နှင့် နိုက်ဘိထ်တို့ကို သူလှည့်ကြည့်လိုက်သည်။

“ဂျက်ဇ်၊ နိုက်ပက်ထရိုး၊ မင်းတို့ ခဏနေရင် လီဂိုအိမ်ကို သွားတဲ့အခါ တခြားကမ္ဘာက လာတဲ့ ဒီခရီးသွားနှစ်ယောက်ကိုပါ တစ်ခါတည်းခေါ်သွားပြီး သူတို့ကူညီနိုင်မလားဆိုတာ ကြည့်လိုက်ပါ”

“ဟုတ်ကဲ့ပါ ဆရာ”

ဂျက်ဇ်က သူ့ခေါင်းဆောင်၏ အမိန့်ကို မေးခွန်းမထုတ်ဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

ထို့နောက် အော့တီးမတ်စ် ပရိုင်းက ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့ကို လှည့်ကြည့်လိုက်သည်။

“ဂျက်ဇ်နဲ့ နိုက်ပက်ထရိုးတို့ဟာ အရမ်းထူးချွန်တဲ့ ကင်းထောက်တွေပဲ၊ မင်းတို့နှစ်ယောက်က မင်းတို့ပြောသလိုပဲ ဉာဏ်ရှိပြီး တိုက်ခိုက်ရေးမှာ ကျွမ်းကျင်သူတွေ ဖြစ်ဖို့နဲ့ သူတို့ရဲ့ လမ်းခရီးမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ငါ မျှော်လင့်တယ်”

ဤစကားဝိုင်းအဆုံးတွင် ကစားသမားနှစ်ဦး၏ နားထဲတွင် စနစ်၏ အကြောင်းကြားချက်တစ်ခု ချက်ချင်းမြည်ဟီးလာလေသည်။

“ဘေးထွက်တာဝန် စတင်ပါပြီ”

သူတို့ မီနူးကို ဖွင့်ကြည့်လိုက်သောအခါ မူလ ဘေးထွက်တာဝန်အောက်တွင် တာဝန်ခွဲအသစ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

“‘လီဂိုအိမ်’ အား ကင်းထောက်ရာတွင် ဂျက်ဇ်နှင့် နိုက်ပက်ထရိုးတို့ကို ကူညီပါ”

“အခွင့်အရေးကို မင်းတို့ဆီ ပေးလိုက်ပြီ၊ ဒီစုံစမ်းစစ်ဆေးမှုရဲ့ အောင်မြင်မှုအပေါ် မူတည်ပြီး မင်းတို့ကို သင့်တော်တဲ့ ရာထူးတွေ ငါ သတ်မှတ်ပေးမယ်”

အော့တီးမတ်စ် ပရိုင်းက ဆိုသည်။

စတားစခရင်မ်းက မကောင်းသော အကြံဖြင့် ဝင်ပြောလိုက်သည်။

“တကယ်လို့ မင်းတို့ ဒါကို ဖျက်ဆီးလိုက်ရင်တော့ အဲဒီရာထူးရဲ့ အမည်က သေချာပေါက် ‘အပေးအယူလုပ်မယ့် ကုန်ပစ္စည်း’ ဖြစ်သွားလိမ့်မယ်၊ ဟီးဟီးဟီး...”

“မင်း ခေါင်းဆောင် စကားပြောပြီးတိုင်း အဲဒီလို မကောင်းတဲ့ ခြိမ်းခြောက်မှုတွေ ထည့်ပြောပြီး ကောက်ကျစ်တဲ့ရယ်သံနဲ့ အဆုံးသတ်တာကို ရပ်လို့မရဘူးလား”

မက်ဂါထရွန်က မမျှော်လင့်ဘဲ ခနဲ့တဲ့တဲ့ စကားတစ်ခွန်း ဝင်ပြောလိုက်လေသည်။

...

တစ်ချိန်တည်းမှာပင်၊ ကြားနေဇုန်ရှိ “လီဂိုအိမ်”၏ တံခါးအပြင်ဘက် ငါးမီတာအကွာ မှောင်ရိပ်ထဲသို့ နိုဗယ်မှ အဖွဲ့ဝင်လေးဦး ရောက်ရှိနေကြပြီ ဖြစ်သည်။

ဤပုံရိပ်လေးခုလုံးမှာ ဓားသမားများ ဖြစ်ကြသည်။

ပထမတစ်ဦးမှာ ကြက်သွေးရောင် ကီမိုနိုဝတ်စုံကို ဝတ်ဆင်ထားပြီး လိမ္မော်နီရောင် ဆံပင်အရှည်ရှိကာ ဘယ်ဘက်ပါးပြင်တွင် ကြက်ခြေခတ်ပုံစံ အမာရွတ်ရှိပြီး ခါးတွင် ပြောင်းပြန်ဓားသွားကို သယ်ဆောင်ထား၏။

ဒုတိယတစ်ဦးမှာ အစိမ်းရင့်ရောင် ကီမိုနိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အစိမ်းရောင် ရှိကာ အနက်ရောင်ခေါင်းပေါင်း ပေါင်းထားပြီး ဘယ်ဘက်မျက်လုံးကို ဖြတ်နေသော ဒေါင်လိုက်အမာရွတ်တစ်ခု ရှိကာ ခါးတွင် ဓားရှည်သုံးလက်ကို သယ်ဆောင်ထားသည်။

တတိယတစ်ဦးမှာ ဥရောပစတိုင် အနက်ရောင်စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အညိုရောင်ရှိကာ ချောမောသောမျက်နှာတစ်ခု ရှိသည်။ သူသည် ဓားအပြင် ဒုံးပစ်လောင်ချာ တစ်ခုကိုလည်း သယ်ဆောင်ထားသည်။

စတုတ္ထတစ်ဦးမှာ နက်ပြာရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ရွှေရောင်ဆံပင်အရှည် ရှိကာ ချောမောခန့်ညားပြီး အရပ်ရှည်ပေသည်။ သူသည် တောက်လောင်နေသော ဓားတစ်လက်ကို ကိုင်ဆောင်ထားခြင်းဖြစ်သည်။

ဗျူဟာသမားများဖြစ်ကြသည့်အတိုင်း နိုဗယ်စခန်းအတွင်းရှိ ရီရူယွီ၏ သတင်းအချက်အလက် ရယူနိုင်စွမ်းမှာ အစ်ကိုကြွယ်နှင့် လုံးဝ ကွာခြားလှသည်။ ရီရူယွီသည် တိုက်ခိုက်သူများနှင့် ကြားနေအင်အားစုများအကြား ရှုပ်ထွေးလှသော ဆက်ဆံရေးများ အပါအဝင် စစ်ပွဲတစ်ခုလုံး၏ အခြေအနေကို အလုံးစုံ နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ယနေ့ည ထိပ်တိုက်တွေ့ဆုံမှု၏ ရလဒ်က မည်သို့ပင်ဖြစ်စေ လီဂိုရဟတ်ယာဉ် ပါဝင်ပတ်သက်နေသည့် သတင်းအချက်အလက်များကြောင့် CLS သီးသန့်ကလပ်သည် လှုပ်ရှားမှုတစ်ခုခု ပြုလုပ်လာလိမ့်မည်ဟု သူမ တွက်ဆထားသည်။

ထို့ကြောင့် ရီရူယွီသည် Lich King က သူမနှင့် ရီရူလီတို့ထံ တာဝန်ပေးအပ်ထားသော ကိုယ်ရံတော်တပ်ဖွဲ့ကို လီဂိုအိမ်တွင် အခွင့်အရေးကို စောင့်ဆိုင်းရန် ပြတ်ပြတ်သားသား စေလွှတ်လိုက်ခြင်း ဖြစ်သည်။

သူမ၏ ဆုံးဖြတ်ချက်အရ ကင်းထောက်ရန်ဖြစ်စေ၊ ညှိနှိုင်းရန်ဖြစ်စေ CLS သီးသန့်ကလပ်သည် လီဂိုအိမ်သို့ အောက်ခြေအဆင့် အမြှောက်စာများကို စေလွှတ်လိမ့်မည်မဟုတ်ဘဲ တပ်မှူးအဆင့်ရှိသူတစ်ဦးကိုသာ စေလွှတ်ရန် အလားအလာရှိသည်ဟု ယူဆထားသည်။ သူမ၏ လေးယောက်တွဲ ကိုယ်ရံတော်တပ်ဖွဲ့၏ အင်အားဖြင့်ဆိုလျှင် တစ်စုံတစ်ဦးကို အသက်ရှင်လျက် ဖမ်းဆီးရန်မှာ မခက်ခဲပေ။ သူမတို့အနေဖြင့် ရှောင်တန်တို့၏ လှုပ်ရှားမှု သတင်းအချက်အလက်များကို တိုက်ရိုက်မထုတ်ယူနိုင်လျှင်ပင် အနည်းဆုံးတော့ ဆန့်ကျင်ဘက်စခန်းအတွင်းရှိ သူတို့၏ အခြေအနေကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်မည် ဖြစ်သည်။

မှန်ပေသည် ရီရူယွီသည် အစ်ကိုကြွယ်နှင့် ရှောင်တန်တို့ကိုယ်တိုင် လီဂိုအိမ်သို့ လာရောက်နိုင်ခြေရှိသည်ကိုလည်း ထည့်သွင်းစဉ်းစားထား၏။ ထို့ကြောင့် အစောင့်များအတွက် နောက်ထပ် အမိန့်တစ်ခုမှာ အကယ်၍ ရန်သူ့စခန်းတွင် ထိုလူသားပုံစံရှိသော ပုံရိပ်နှစ်ခုကို တွေ့ရှိပါက သူတို့ကို ထိုနေရာတင် ချက်ချင်းသတ်ပစ်ရန် ဖြစ်သည်...။

All Chapters