အခန်း ၃၅၄
Vol. 36 Ch. 354
အခန်း (၃၅၄) အရုပ်စစ်ပွဲ - ၇
ပထမတပ်မဟာ၏ ဆွေးနွေးပွဲအပြီးတွင် ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့သည် ထရန်စဖော်မာနှစ်ကောင်နှင့်အတူ စတင်ထွက်ခွာခဲ့ကြသည်။
ပုံပြောင်းလို့မရတဲ့ ထရန်စဖော်မာဟာ ထရန်စဖော်မာကောင်းတစ်ယောက်မဟုတ်ဘူးလို့ ဆိုရိုးစကားရှိသည့်အတိုင်း ဂျက်ဇ်နှင့် နိုက်ပက်ထရိုးတို့သည် ရုပ်တုများမဟုတ်ဘဲ ရိုးရာကစားစရာအရုပ်များဖြစ်ကြသဖြင့် ၎င်းတို့၌ ပုံပြောင်းနိုင်စွမ်း (နှစ်ကောင်လုံး ကားအဖြစ် ပြောင်းလဲနိုင်သည်) ရှိကြသည်မှာ ထင်ရှားသည်။ ၎င်းတို့၏ တည်ဆောက်ပုံများမှာ ကစားသမားများ အထဲသို့ အမှန်တကယ်ဝင်စီးနိုင်လောက်အောင် ခေတ်မမှီသော်လည်း လူကို ကားခေါင်မိုးပေါ်တင်၍ သယ်ဆောင်ရန်အတွက်မူ ဘာပြဿနာမှမရှိပေ။
ထို့ကြောင့် ဂျက်ဇ်က ခရီးသွားချိန်သက်သာစေရန်အတွက် ကစားသမားနှစ်ဦးကို သူနှင့် နိုက်ပက်ထရိုးတို့၏ ကားခေါင်မိုးပေါ်တွင် ထိုင်စီးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့သည်လည်း သဘာဝအတိုင်း ငြင်းဆန်မည်မဟုတ်ပေ။ အရုပ်အရွယ်အစားအထိ ကျုံ့ဝင်နေရသဖြင့် မီတာအနည်းငယ်မျှသော အကွာအဝေးသည်ပင် သူတို့အတွက် ကီလိုမီတာပေါင်းများစွာကဲ့သို့ ခံစားရသည်။ သူတို့သည် လမ်းခရီးအတွက် မိမိတို့၏စွမ်းအင်ကို တတ်နိုင်သမျှ ချွေတာလိုကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
သို့ဖြစ်၍ ဆယ်မိနစ်ခန့်အကြာတွင် ကားများကို "စီးနင်း" လာကြသော ကစားသမားနှစ်ဦးသည် မီတာရာဂဏန်းအကွာအဝေးကို လျင်မြန်စွာဖြတ်ကျော်လာပြီး လီဂိုအိမ်သို့ ရောက်ရှိလာကြတော့သည်။
အမှန်တကယ်တွင် လီဂိုအိမ်ဟုခေါ်ဝေါ်သောအရာမှာ လီဂိုအရုပ်ဌာန၏ ဗဟိုတည့်တည့်တွင် တည်ရှိသော "ပြခန်းဧရိယာ" သာဖြစ်သည်။ ပြခန်းဧရိယာအပြင်ဘက်ရှိ စင်ပေါ်တွင် ပါကင်မဖောက်ရသေးသော လီဂိုတုံးမျိုးစုံကို ပုံထားပြီး ပြခန်းဧရိယာကိုယ်တိုင်ကမူ လေးဘက်လေးတန်လုံးကို ဖန်နံရံများဖြင့် ကာရံထားသော စတုရန်းပုံစံ အခန်းတစ်ခန်းဖြစ်သည်။ အခန်းတွင်း၌ လီဂိုတုံးများဖြင့်သာ သီးသန့်တည်ဆောက်ထားသော မြို့တစ်မြို့ရှိပြီး ၎င်း၏ အဆောက်အအုံများ၊ လမ်းမများ၊ ယာဉ်များ၊ အလှဆင်ပစ္စည်းများနှင့် အရုပ်လေးများအားလုံးသည် ထူးခြားသော ပုံသဏ္ဍာန်များနှင့် တောက်ပသော အရောင်အသွေးများ ရှိကြသည်။ ဤကဲ့သို့သော လက်တွေ့ပြသမှုသည် အမှန်တကယ်ဆွဲဆောင်မှုရှိပေရာ ကလေးများသာမက လူကြီးများကိုပင် ဝယ်ချင်စိတ် ဖြစ်ပေါ်လာစေမည်ဖြစ်သည်။
"ဒီကနေစပြီး လမ်းလျှောက်ရအောင်"
ဂျက်ဇ်က လီဂိုဆိုင်အပြင်ဘက်တွင် အရှိန်ကို တဖြည်းဖြည်းလျှော့ချရင်း ကားစပီကာမှတစ်ဆင့် ပြောလိုက်သည်။
နောက်က လိုက်ပါလာသော နိုက်ပတ်ထရိုးသည်လည်း ရပ်တန့်လိုက်သည်။
ဖုန်းပုကြွယ်က ဘာမေးခွန်းမျှမမေးဘဲ ရှောင်တန်ကို မျက်စိတစ်ချက်ပြလိုက်ရာ နှစ်ဦးသား ကားခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်ကြသည်။
စက္ကန့်အနည်းငယ်အကြာတွင် ဂျက်ဇ်နှင့် နိုက်ပတ်ထရိုးတို့သည် စက်ရုပ်ပုံသဏ္ဍာန်သို့ ပြန်လည်ပြောင်းလဲလိုက်ကြသည်။ ၎င်းတို့၏ လူသားပုံစံမှာ အော့တီးမတ်စ် ပရိုင်းလောက် မမြင့်သော်လည်း ကစားသမားများထက်မူ မြင့်နေဆဲဖြစ်သည်။ ပုံပြောင်းပြီးနောက် ဂျက်ဇ်က ဆက်ပြောသည်။
"ငါတို့ အခြေအနေကိုကြည့်လုပ်ရလိမ့်မယ်၊ တကယ်လို့ လီဂိုက နိုဗယ်နဲ့ မဟာမိတ်ဖွဲ့ထားတာ အမှန်ဆိုရင် ငါတို့ တံခါးဝကို ရောက်တာနဲ့ ချက်ချင်း ခြုံခိုတိုက်ခိုက်ခံရနိုင်တယ်"
"ဒါက အဆိုးဆုံးအခြေအနေတော့ မဟုတ်သေးဘူး"
နိုက်ပတ်ထရိုးက ဖြည့်စွက်ပြောလာသည်။
"တကယ်လို့ သူတို့က သူတို့ရဲ့ ရပ်တည်ချက်ကို တိုက်ရိုက်ထုတ်ဖော်ပြီး တိုက်ခိုက်လာရင် ငါတို့ဆုတ်ခွာရတာ ပိုလွယ်လိမ့်မယ်၊ ငါကြောက်တာက..."
"သူတို့က ငါတို့ကို ဘာသံမှမထွက်ဘဲ သူတို့ဂူထဲထိ မျှားခေါ်ပြီးမှ အိုးထဲကလိပ်လို ပိတ်ဖမ်းမှာကို ကြောက်တာမလား"
ရှောင်တန်က ကြားဖြတ်ပြောလိုက်သည်။
"မင်းရဲ့ အဲဒီပုံခိုင်းနှိုင်းချက်က ငါတို့ကို လိပ်ဖြစ်အောင် လုပ်နေတာပဲ..."
ဖုန်းပုကြွယ်က ဆိုသည်။
"အိုး...ကောင်းပြီ... တံခါးတွေပိတ်ပြီး ခွေးရိုက်သလိုပေါ့"
ရှောင်တန်က ထပ်မံဖြည့်စွက်သည်။
"မင်းရဲ့ ဖော်ပြချက်က တဖြည်းဖြည်းနဲ့ ပိုသင့်တော်လာပေမဲ့ နောက်နောင်ကျရင် စကားပုံတွေကို မသုံးဖို့ ငါကိုယ်တိုင် အကြံပြုချင်တယ်"
ဖုန်းပုကြွယ်က သူ့နဖူးကို လက်တစ်ဖက်ဖြင့် ထိန်းရင်း ခေါင်းခါလျက် ပြောလိုက်သည်။
ထိုခဏတွင် ဓားအရှိန်အဝါတစ်ခုက လေထုကို လျှပ်တစ်ပြက် ဖောက်ထွင်းသွားသည်။
ဤတိုက်ကွက်သည် ကျားတစ်ကောင်ကဲ့သို့ ပြင်းထန်လှပြီး ၎င်း၏ စွမ်းအားမှာ ကောင်းကင်ယံအထိ ထိုးတက်သွား၏။
အကြောင်းပြချက်တချို့ကြောင့် ဖုန်းပုကြွယ်သည် ဤအကွက်အပေါ် ရင်းနှီးနေသလို ခံစားလိုက်ရလေသည်...။
ဂျက်ဇ်နှင့် နိုက်ပတ်ထရိုးတို့သည် လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး ရှောင်တိမ်းရန်အတွက် အခြားကစားသမားနှစ်ဦးကိုပင် လှမ်းဆွဲနိုင်ခဲ့ကြသည်။
တိုက်ခိုက်မှုအပြီးတွင်... ရှောင်တန်မှာ တုန်လှုပ်နေဆဲဖြစ်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ရှိသည်။ သူ့အဖော်ဖြစ်သူ နိုက်ပတ်ထရိုးက လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"သတိထားစမ်း လူသစ်လေး၊ ရန်သူက အရမ်းသန်မာတဲ့ ပြိုင်ဘက်တစ်ယောက်ကို လွှတ်လိုက်တဲ့ပုံပဲ..."
"ဓားတစ်လက်စတိုင် - ငှက်အက (One-Sword Style: Bird Dance) ..."
စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းပုကြွယ်သည် ထိုစကေး၏ အမည်နှင့် ၎င်းကို ဘယ်နေရာတွင် မြင်ဖူးခဲ့သည်ကို နောက်ဆုံး၌ မှတ်မိသွားတော့သည်။
သို့သော် ဤဓားချက်သည် ရူးသွပ်သောအရိပ်ဓား (Mad Shadow Sword) ၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်လျှင် စွမ်းအား၊ အရှိန်နှင့် အင်အားပိုင်းတွင် ပိုမိုသာလွန်ပေသည်။
"ဟမ့်... ရှောင်သွားနိုင်တာပဲ..."
ဇိုရို (Zoro) သည် သူ၏ "အနက်ရောင် ဆောင်းဦးရေဓား" ကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး မီတာဝက်ခန့်အကွာရှိ မှောင်ရိပ်ထဲမှ ထွက်လာခဲ့သည်။(TL note - ဒီ Black Sword Autumn Waterက Enma ကိုပြောတာလား Sandai Kitesuကို ပြောတာလား ကျွန်တော်လည်း သေချာမသဲကွဲပါ)
"ဂျက်ဇ်နဲ့ နိုက်ပတ်ထရိုးဆိုတဲ့အတိုင်းပဲ၊ ဒါကို နှုတ်ဆက်တာလို့ပဲ သဘောထားလိုက်ပါ"
"ဟေး... စူပါကြောက်စရာကောင်းတဲ့ကောင် ပေါ်လာပြီ"
ရှောင်တန်က အော်ဟစ်လိုက်သည်။
"သူက ငါတို့အရွယ်အစားလောက်ပဲရှိတဲ့ ရုပ်တုတစ်ခု ဖြစ်နေတာတောင် ‘တစ်ခါသုံးစကေး’ အဆင့်ရှိတဲ့ တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါး ထုတ်သုံးနိုင်တယ်..."
ဖုန်းပုကြွယ်ပင်လျှင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။
"ပြီးတော့... သူက ဘာလို့ ဒီနေရာကို ရုတ်တရက်ကြီး ပေါ်လာရတာလဲ၊ ဒါက..."
"မင်းက အရူး(ဖုန်း)ပုကြွယ်ဆိုတဲ့ကောင်မလား"
ဇိုရိုက အစ်ကိုကြွယ်ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။ သူ၏ ညာဘက်လက်က ဓားရိုးပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားပြီး အေးအေးလူလူ လမ်းလျှောက်နေပုံရသော်လည်း သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် အသတ်အဖြတ်ဆန္ဒများ ပါဝင်နေလေသည်။
"မင်းက မာစတာတစ်ယောက်လို့ ငါ ကြားထားတယ်"
"ဟဲ...မာစတာတစ်ယောက် ဟုတ်လား..."
ဖုန်းပုကြွယ် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
"ငါ နောက်လှည့်ပြီး ထွက်ပြေးတဲ့အခါကျရင် ဒီအထင်လွဲမှုက သေချာပေါက် ရှင်းလင်းသွားမှာပါ..."
"ထွက်ပြေးမယ်..."
ဇိုရိုက ခေါင်းကို အနည်းငယ်ခါလိုက်သည်။
"ကျောပြင်က အမာရွတ်ဟာ ဓားသမားတစ်ယောက်အတွက် ရှက်စရာပဲ"
"ငါက ဓားသမားမဟုတ်ဘူး၊ လူကြီးလူကောင်းကွ"
ဖုန်းပုကြွယ်က မျက်လုံးများမှေးလျက် ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် နိုက်ပတ်ထရိုးက သူတို့၏ စကားဝိုင်းကို ကြားဖြတ်ကာ ဇိုရိုကို ပြောလိုက်သည်။
"မင်းက တကယ့်ကို အရူးတစ်ယောက် ဆိုပေမဲ့... ငါနဲ့ ဂျက်ဇ် ရှိနေတာကို မြင်တာတောင် ကိုယ့်ကိုယ်ကိုယ် ထုတ်ပြရဲတယ်ဆိုရင် အဲဒါရဲ့ အဓိပ္ပာယ်က..."
နိုက်ပတ်ထရိုးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
"...မင်း တစ်ယောက်တည်း ဒီမှာ ရှိနေတာ မဟုတ်ဘူး၊ ဟုတ်တယ်မလား"
သူ့ခန့်မှန်းချက်က မှန်ကန်သွားလေသည်။ သူ စကားပြောပြီးသည်နှင့် အခြားတစ်ဖက်ရှိ စင်တစ်ခုနောက်မှ ကြက်သွေးရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ငါ လူမသတ်ချင်ဘူး၊ ဒါပေမဲ့ မစ်ရှင်ကြောင့် ဒီကို လာကူညီပေးဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိဘူး"
ကန်ရှင်း၏ မျက်နှာတွင်မူ မည်သည့်လူသတ်လိုစိတ်မျှ မရှိဘဲ အပြစ်ကင်းစင်သော မျက်နှာအမူအရာကို ပြသထားလေသည်။
"ဒါကြောင့်... ငါ့ရှေ့က စည်းကို မကျော်ကြဖို့ ငါ တောင်းပန်ချင်ပါတယ်"
"အာ၊ ငါလည်း အကြမ်းဖက်မှုကို သိပ်မသုံးချင်ပါဘူး၊ ဒါပေမဲ့ မစ်ရှင်က မစ်ရှင်ပဲလေ၊ တခြားကမ္ဘာက လာတဲ့ အဲဒီလူနှစ်ယောက်ကို ရှင်းပစ်လိုက်ရင် ရပြီမလား"
တတိယမြောက် အသံတစ်ခု ထွက်ပေါ်လာပြီး အလင်းဓားကို ကိုင်ဆောင်ထားသော ဂိုရီ (Gori) သည် ကန်ရှင်း၏ ဆန့်ကျင်ဘက်အရပ်တွင် ပေါ်လာခဲ့သည်။
"ဟဲ... ဟီးဟီး... ဒါဆိုရင်တော့ ဘာမှပြောနေစရာ မလိုတော့ပါဘူး..."
ဖုန်းပုကြွယ်၏ နှုတ်ခမ်းများ တွန့်သွားပြီး စတုတ္ထမြောက် အရပ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ငါတို့က ဝိုင်းရံခံလိုက်ရပြီပေါ့ ဟုတ်လား..."
အမှန်ပင်၊ စတုတ္ထမြောက် ဓားသမားသည်လည်း ပေါ်လာခဲ့ပြီဖြစ်သည်။
"တကယ်တော့ ငါသတ်ချင်တဲ့ တစ်ဦးတည်းသောလူက ဟီဂျီကာတာဆန်ပါပဲနော်"
ဆိုဂို (Sougo) က အားပျော့စွာ ရေရွတ်လိုက်သည်။
ဤလူစာရင်းကို မြင်လိုက်ရသောအခါ ရှောင်တန်က ဖုန်းပုကြွယ်၏ ဘေးနားသို့ ခြေလှမ်းအနည်းငယ် တိုးကပ်လိုက်ပြီး လေသံလျှော့ကာ ပြောလိုက်သည်။
"ဒါက ဘာကြီးလဲ... ACG ရဲ့ မဟာဓားသမား လေးယောက်လား..."
"အင်း... လေးယောက်ချင်းအတူတူမှာ ငါတို့ဘက်က အလေးမသာတာတော့ ထင်ရှားနေပြီ..."
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
"လေထဲကနေ ထွက်ပြေးရင်ကော ဘယ်လိုလဲ"
ရှောင်တန်က တီးတိုး မေးသည်။
"မင်းရဲ့ မွန်းဝေါ့ခ်က လူတစ်ယောက်ကို တွဲခေါ်သွားနိုင်တယ် မဟုတ်လား"
"ငါ လူတစ်ယောက်ကို ခေါ်သွားနိုင်တယ်၊ ဒါပေမဲ့ လေထဲကနေ သွားဖို့ကျတော့..."
ဖုန်းပုကြွယ် ထိုအကြံကို ပယ်ချလိုက်သည်။
"ငါတို့ရဲ့ ခုန်နိုင်စွမ်းက ဇိုရိုရဲ့ ဓားချက်တွေနဲ့ ဆိုဂိုရဲ့ ဒုံးကျည်ပစ်လောင်ချာကို ရှောင်နိုင်ရင်တောင်မှ..."
သူ့အကြည့်က ဂိုရီပေါ်သို့ ကျရောက်သွား၏။
"အလင်းဓားက တကယ့်ကို ဒုက္ခပေးမယ့်အရာပဲ..."
သူ ခဏရပ်လိုက်သည်။
"အမှန်အတိုင်း ပြောရရင် ဒီလေးယောက်ထဲမှာ ငါ အကြောက်ဆုံးနဲ့ အန္တရာယ်အရှိဆုံးလို့ ခံစားရတာက ဂိုရီပဲ...
ဖျက်ဆီးနိုင်စွမ်းသီးသန့် ရှုထောင့်ကကြည့်ရင် ကန်ရှင်းနဲ့ ဆိုဂိုတို့က လူတစ်ရာကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်ပြီး အတုံးအရုံး သတ်ဖြတ်နိုင်စွမ်း ရှိတယ်၊ ဇိုရိုက လက်ဗလာနဲ့ စက်ပစ္စည်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အဆင့်မှာ ရှိနေတယ်၊ ဒါပေမယ့် ဂိုရီကတော့... မှော်ပညာကို လုံးဝ မသုံးနိုင်ဘူး၊ အသိဉာဏ်က ဂျယ်လီငါးလောက်ပဲရှိတဲ့ လူတစ်ယောက်ဟာ မဟာသူတော်စင်တွေ၊ အဆင့်မြင့် မိစ္ဆာတွေ၊ နောက်ပြီး မိစ္ဆာဘုရင်တွေနဲ့ပါ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးတယ်၊ အဲဒီဓားက ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံနဲ့ တုန်ခါမှုလှိုင်းတွေကို ဖန်တီးနိုင်ပြီး စိတ်ဝိဉာဉ်ဖြစ်တည်မှုတွေကိုတောင် ဖျက်ဆီးနိုင်စွမ်း ရှိတယ်"
"မင်း အဲဒီလို ပြောလိုက်တော့ ငါတို့ သေရုံပဲ ရှိတော့တာပေါ့..."
ရှောင်တန်က ပြန်ပြောလိုက်သည်။
ဖုန်းပုကြွယ် တခဏမျှ စဉ်းစားပြီးနောက် ဆိုသည်။
"အင်း... မတိုက်ရသေးခင်ကတည်းက အရှုံးပေးဖို့ မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်က ရုပ်တုတစ်ခုအနေနဲ့ပဲ ရှိနေတာဆိုတော့ မူရင်းဇာတ်လမ်းထဲကလောက် သန်မာချင်မှ သန်မာမှာပါ၊ ဒါ့အပြင်... အဖွဲ့တွင်း လေ့ကျင့်ရေးတိုက်ပွဲတွေရဲ့ ရည်ရွယ်ချက်က မင်းကို လူသားပုံစံပြိုင်ဘက်တွေနဲ့ ပွဲများများ ယှဉ်ပြိုင်စေချင်တာလေ၊ အခု အခြေအနေက အခွင့်အရေးကောင်းတစ်ခုပဲ"
"ဒါလည်း ဟုတ်တာပဲ..."
ရှောင်တန်က လေးနက်တည်ကြည်သော အမူအရာဖြင့် ပြောလိုက်ပြီး သူ့အိတ်ထဲမှ ‘အားသွင်းသုံးမြှောင့်ဓားမြောင်’ ကို ထုတ်ယူလိုက်တော့သည် (ဇာတ်လမ်းတွင်း မလေ့ကျင့်မီ ဖုန်းပုကြွယ် အသစ်ရထားသော ဓားမြှောင်ကို သူ့ထံ ပေးထားခြင်းဖြစ်သည်)။
"ဒါဆိုရင်တော့ တစ်ချက်လောက် စမ်းကြည့်ကြတာပေါ့"